နတ်ဘုရားအဆင့်တွက်ချက်မှု
Vol. 12 Ch. 178
ယဲ့ချန်း စုမိသားစုသို့ ရောက်လာသောအခါ သူညွှန်ကြားထားသည့်အတိုင်း ထိုကျောက်တုံးကို စုမိသားစု၏ နံရံအောက်ခြေတွင် မြှုပ်ထားပြီးလေပြီ။
စုမိသားစုပတ်ဝန်းကျင်ရှိ မိစ္ဆာချီစွမ်းအင်များလည်း ပျောက်ကွယ်သွားပြီး ကြွယ်ဝချမ်းသာမှု၏ အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ယဲ့ချန်း ခြံဝင်းထဲသို့ ဝင်သွားလိုက်သည်နှင့် စုကျန့်က သူ့ကို ထွက်ကြိုသည်။
"ငါတို့ ဒီတစ်ခေါက် မင်းကို ကျေးဇူးကြွေးတင်သွားပြီ။ လောင်ကောင်းမုန့်က ဝေ့မိသားစုနဲ့ချုပ်ထားတဲ့ အဲဒီစာချုပ်ကို ငါတို့ဆီကိုပေးဖို့ အရိပ်ပြလာတယ်"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဦးလေး..ဒါက ကျွန်တော့်တာဝန်ပါ။ ဦးလေး ပြဿနာတက်နေတယ်ဆိုတာက ဘာများဖြစ်တာလဲ"
စုကျန့်လည်း အသက်ပြင်းပြင်းရှူသွင်းလိုက်၏။
"ငါတို့ ပရောဂျက်ကို ရလိုက်ပြီဆိုပေမဲ့ အထစ်အငေါ့လေးတစ်ခုတော့ရှိတယ်"
"ဘယ်လိုပြဿနာမျိုးလဲ"
ယဲ့ချန်း မေးကြည့်လိုက်သည်။
"ပရောဂျက်က ခွင့်ပြုချက်ရမှ တရားဝင်စလို့ရမှာ"
"တခြားလူတွေနဲ့တော့ ကိစ္စတွေအဆင်ချောအောင် လုပ်ပြီးပါပြီ။ ဒါပေမဲ့ ကောင်းပင်းလို့ခေါ်တဲ့လူက ငါတို့ရဲ့လုပ်ငန်းစဉ်ကို ပိတ်ထားတယ်"
"ကောင်းပင်းက ကောင်းမိသားစုကလား"
ယဲ့ချန်း မေးမြန်းကြည့်လိုက်သည်။
"ဟုတ်တယ်။ သူက ကောင်းမိသားစုကမို့လို့ ငါတို့ရဲ့ပရောဂျက်ကို အချိန်ကြန့်ကြာအောင် လုပ်နေတာ။ သူ့ခွင့်ပြုချက်မရရင် ပရောဂျက်ရထားတာတောင် စလုပ်လို့မရဘူး"
စုကျန့် ရှင်းပြလိုက်သည်။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းပါပြီ။ ကျွန်တော် အဲဒီကောင်းပင်းနဲ့ စကားပြောလိုက်ပါ့မယ်"
စုကျန့်က အကြံပြုလာချေသည်။
"မင်းနဲ့အတူ ဝမ်ယိကိုပါ ခေါ်သွားလိုက်လေ"
"ဟုတ်ကဲ့"
ယဲ့ချန်းနှင့် စုဝမ်ယိတို့လည်း ကောင်းပင်း၏အိမ်သို့ ထွက်လာခဲ့လိုက်ကြသည်။ အိမ်ထဲသို့ဝင်လာချိန်မှာပင် ကောင်းပင်းက မတုန်မလှုပ်သာ။
"မစ္စတာကောင်း.. ကျွန်တော်တို့ရဲ့စာရွက်စာတမ်းတွေက အကုန်ပြည့်စုံနေပါပြီ။ ခင်ဗျား ခွင့်ပြုချက်ချမပေးရင် ကျွန်တော်တို့လည်း စလုပ်လို့မရဘူး။ ဆုံးရှုံးမှုတွေကလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေတာ"
စုဝမ်ယိက စိုးရိမ်ပူပန်စွာ ဆိုလိုက်သည်။
ကောင်းပင်းကတော့ အေးတိအေးစက်ပြန်ပြောလေသည်။
"မိန်းကလေးစု.. စကားပြောဆင်ခြင်ပါ။ ဒါက ငါခွင့်ပြုမပေးချင်လို့ ဖြစ်နေတာမို့လို့လား။ အကုန်လုံးက လုပ်ငန်းစဉ်အတိုင်းလိုက်နာရတာ။ ကျုပ်တို့တွေ အခုလောလောဆယ် ပရောဂျက်ရဲ့ဖြစ်နိုင်ခြေကို စစ်ဆေးနေတယ်။ ပရောဂျက်ရဲ့အရည်အသွေးနဲ့ ဆောက်လုပ်ရေးအရည်အသွေးကို သုံးသပ်ဖို့အတွက် အချိန်ယူရတယ်လေ"
စုဝမ်ယိက အလောတကြီးဝင်ပြောလိုက်၏။
"မစ္စတာကောင်း.. ကျွန်မတို့ စာရွက်စာတမ်းတွေ တင်သွင်းထားတာ တစ်ပတ်ရှိသွားပြီ။ အခုလောက်ဆိုရင် စစ်ဆေးလို့ပြီးသင့်နေပြီလေ"
ကောင်းပင်းက တဟားဟားအော်ရယ်လေတော့သည်။
"မိန်းကလေးစု.. မိုတုမြို့ထဲမှာ နေ့တိုင်း ကုမ္ပဏီဘယ်နှခုလောက်က စာရွက်စာတမ်းတွေတင်သွင်းနေလဲဆိုတာ သိလား။ မင်းတို့စုလုပ်ငန်းစုတစ်ခုတည်းရှိတာမဟုတ်ဘူး"
ကောင်းပင်က ဆင်ခြေပေးနေခြင်းဖြစ်ကြောင်း ယဲ့ချန်း သိထားပြီးသားပင်။
တင်သွင်းမှုနှင့် သုံးသပ်မှုများအကြောင်း ပြောနေခြင်းမှာ စုလုပ်ငန်းစုကို အချိန်ဆွဲထားရန်အတွက် ဗျူဟာဆင်နေခြင်းသာ။ ကောင်းမိသားစု၏ဖိအားများကြောင့် ဖြစ်နိုင်သည်။
စုဝမ်ယိ ထပ်ပြောလိုက်ချင်သော်ငြား ယဲ့ချန်းက သူ(မ)၏လက်ကိုပုတ်လိုက်ပြီး သူဖြေရှင်းလိုက်မည်ဖြစ်ကြောင်း အရိပ်အခြည်ပြလိုက်သည်။
"မစ္စတာကောင်း.. ခင်ဗျားတို့ရဲ့ထိပ်တန်းအရာရှိက ဒုတိယအဆင့်ကိုဝင်သွားလို့ ဒါရိုက်တာရာထူးက လစ်လပ်နေတယ်မလား"
"အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ"
ကောင်းပင်က အေးတိအေးစက်ပြောလိုက်လေသည်။
ယဲ့ချန်းကတော့ ခပ်ဖွဖွပြုံး၏။
"တတိယတာဝန်ခံတစ်ယောက်အနေနဲ့ ခင်ဗျား အဲဒီနေရာကိုရဖို့ဆိုတာ တော်တော်ခက်တယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ခင်ဗျားကို အဲဒီရာထူးဆီပို့ပေးနိုင်မဲ့ နည်းလမ်းတစ်ခုရှိတယ်"
"မင်း ဘာတွေပြောနေတာလဲ"
ကောင်းပင်း၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။ အမှန်ပင်။ သူတို့၏ထိပ်တန်းအရာရှိ အကြီးအကဲလီက မကြာခင်ကမှ အနားယူသွားသည်ဖြစ်ရာ ထိုရာထူးမှာ လစ်လပ်နေချေသည်။
သို့သော် အကြီးအကဲလီက အခြားလက်ထောက်တစ်ယောက်ကို ထိုရာထူးပေးမည်ဟု ကတိပေးထားပြီးဖြစ်လေရာ သူ့အတွက် ဘာအခွင့်အရေးမှမရှိတော့ပေ။
ကောင်းပင်းမှာ ထိုရာထူးကို အသည်းအသန်လိုချင်နေသော်ငြား အကြီးအကဲလီကတော့ သူ့ကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ဖူးပေ။
ဤရာထူးအတွက် အကြီးအကဲလီကသာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသဖြင့် သူ့ခွင့်ပြုချက်ရသူက ထိုနေရာကို ရမည်သာ။
ကောင်းပင်းအတွက်တော့ ဤအဆင့်က အရေးကြီးပေသည်။ တစ်ခါလွဲသွားပါက တစ်သက်လုံး ရာထူးတိုးဖို့ မဖြစ်နိုင်တော့ပေ။
သို့သော် သူသာ ထိပ်ဆုံးနေရာကို ရနိုင်မည်ဆိုပါက အရာအားလုံး ပြောင်းလဲသွားလိမ့်မည်။
အစတုန်းကတော့ ဤရာထူးအတွက် သူ မမျှော်လင့်တော့ပေ။ သို့သော် ယခုမူ ယဲ့ချန်းက ထိုနေရာကိုရအောင် ကူညီပေးနိုင်သည်ဟု ဆိုလာသဖြင့် ကောင်းပင်းလည်း စိတ်မဝင်စားဘဲ ဘယ်နေနိုင်မည်နည်း။
"မင်း ငါ့ကို အဲဒီရာထူးရအောင် တကယ်ကူညီပေးနိုင်တာလား"
ကောင်းပင်းလည်း ယဲ့ချန်းကို စိုက်ကြည့်လိုက်သည်။ ယဲ့ချန်းက ခေါင်းညိတ်ပြလေသည်။
"ဒါပေါ့။ သဘောတူညီမှုတစ်ခု လုပ်ကြရင် ဘယ်လိုလဲ။ ကျွန်တော်က ခင်ဗျားကို အဲဒီရာထူးရအောင် လုပ်ပေးမယ်။ ခင်ဗျားကလည်း ကျွန်တော်တို့အတွက် လမ်းရှင်းပေးပေါ့"
ကောင်းပင်း သဘောတူလိုက်သည်။
"ကောင်းပြီလေ။ မင်းရဲ့အစီအစဉ်က ဘာလဲ"
"စကားမစပ်.. ခင်ဗျား ရေကူးတတ်လား"
ယဲ့ချန်း မေးကြည့်လိုက်မိသည်။
ကောင်းပင်း ခေါင်းညိတ်ပြလိုက်၏။
"အင်း ကူးတတ်တယ်"
ယဲ့ချန်းက ကောင်းပင်းကို မှတ်စုတစ်စောင်ပေးပြီး ပြောလိုက်၏။
"ကျွန်တော်ပြောတဲ့အတိုင်းသာလုပ်လိုက်။ ခင်ဗျား အဲဒီရာထူးကို ရစေရမယ်"
ထို့နောက် ယဲ့ချန်းနှင့် စုဝမ်ယိတို့ ထွက်သွားလေသည်။
ကောင်းပင်းလည်း တုံ့ဆိုင်းသွားရပြီးနောက် ယဲ့ချန်းချန်ထားရစ်ခဲ့သော မှတ်စုကို ကြည့်လိုက်လေသည်။
"နေ့လယ်ငါးနာရီကျရင် ဗီလာအရှေ့ရေကူးကန်က ရေကန်အတုမှာ ရေနစ်နေတဲ့ကလေးတစ်ယောက်ကို ကယ်လိုက်"
ဒါက ဘယ်လိုအစီအစဉ်ကြီးလဲ?
ကောင်းပင်းမှာ ထိုမှတ်စုကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။
ယဲ့ချန်းက သူ့ကိုလာလှည့်စားနေသည်ဟုပင် ခံစားမိလိုက်သဖြင့် ထိုမှတ်စုတိုကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်၏။
သို့သော် ခဏမျှတွေးကြည့်ပြီးနောက် မှတ်စုတိုကို ပြန်ယူလိုက်သည်။
အကြီးအကဲလီက အရှေ့ရေကန်ဗီလာမှာ နေတာလေ. ..
ဧကန္တ…
သူ ဤအကြောင်းအရာကို မယုံကြည်သော်ငြား ထိုညနေခင်းတွင် အရှေ့ရေကန်ဗီလာသို့ ထွက်လာခဲ့လိုက်သည်။
မလှမ်းမကမ်းတွင် လူငယ်လေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်က ရေကန်နား၌ ဘောလုံးကစားနေ၏။
လေးနာရီ ငါးဆယ့်ရှစ်မိနစ်၌ ရေကန်နားတွင် ဘယ်ကလေးမှ ရေနစ်နေသည့်အရိပ်အယောင်မရှိပေ။
ကောင်းပင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ငါက သောက်ရူးပဲ။ အဲဒီကောင်လေးဆီမှာမှ အရူးလုပ်ခံလိုက်ရတယ်လို့။ စုမိသားစုတော့ ဒီတစ်သက် ပရောဂျက်ခွင့်ပြုမိန့်ရဖို့ စိတ်ကူးမနေနဲ့တော့"
ထိုအချိန်မှာပင် ကလေးမလေးက ဘောလုံးကို ခပ်ပြင်းပြင်းကန်လိုက်သဖြင့် ဘောလုံးက ရေထဲသို့ ပြုတ်ကျသွားသည်။ ရေထဲသို့ ဘောလုံးကျသွားတာကို မြင်သောအခါ ကောင်လေးက ထိုဘောလုံးကို လှမ်းယူလိုက်သည်။
ထိုအချိန်မှာပင် ကောင်လေးခမျာ ခြေချော်ပြီး ရေကန်ထဲသို့ ဗွမ်းခနဲ ပြုတ်ကျသွားလေတော့သည်။
သေလိုက်ပါတော့!
ကောင်းပင်းလည်း အချိန်ကိုတစ်ချက်ကြည့်ပြီးနောက် ကြက်သေသေသွားရသည်။ ငါးနာရီတိတိပင်။
ဤသည်မှာ အလွန်အံ့ဖွယ်ကောင်းလှလေသည်။
ကောင်းပင်းမှာ တွေဝေမနေရဲဘဲ အဝတ်အစားများကို မြန်မြန်ချွတ်ပြီး ရေကန်ထဲသို့ ခုန်ချလိုက်လေတော့သည်။
အတော်အတန်ကြိုးစားပြီးနောက် ကောင်းပင်းမှာ ထိုကောင်လေးကို ရေကန်ထဲမှ ဆယ်ထုတ်နိုင်ခဲ့သည်။
ထိုအချိန်မှာပင် အသက်ခြောက်ဆယ်အရွယ် အမျိုးသားတစ်ယောက်က အပြေးရောက်ချလာသည်။
အကြီးအကဲလီက ကလေးနှစ်ယောက်ကို အပြင်ထွက်ကစားရန် ခေါ်လာခဲ့ခြင်းပင်။ သူက အဆောင်ထဲတွင် သူငယ်ချင်းတစ်ယောက်နှင့် စစ်တုရင်ကစားနေချိန်၌ သူ့မြေးလေးနှင့် မြေးမလေးတို့က အနားတွင် ဘောလုံးကစားနေကြသည်။
သူက စစ်တုရင်ကစားရာတွင် မျောသွားသောကြောင့် ကလေးများက ရေကန်နားသို့ ကပ်သွားကြောင်း သတိမထားမိလိုက်ပေ။
စစ်တုရင်ကစားနေရင်း အကြီးအကဲလီက ကလေးတစ်ယောက် ရေထဲသို့ကျသွားသည်ဟူသော အော်သံတစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။ ထိုအခါမှသာ သူ့မြေးလေးနှင့် မြေးမလေး ပျောက်သွားကြောင်း သူ သတိထားမိလိုက်ပြီး အလျင်စလိုပြေးသွားလိုက်၏။
ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူ့မြေးလေးကို ရေထဲက ဆွဲထုတ်လာတာကို မြင်လိုက်ရ၏။
အကြီးအကဲလီလည်း အနားသို့ အမြန်သွားလိုက်လေတော့သည်။
"ရှောင်ယွီ ရှောင်ယွီ"
ကောင်းပင်းက ကလေး၏ခန္ဓာကိုယ်ကို ဖိနှိပ်လိုက်လေရာ ရေများပန်းထွက်လာပြီးနောက် ကောင်လေးလည်း နိုးလာလေသည်။
အကြီးအကဲလီက သူ့မြေးလေးကို ပွေ့ဖက်ပြီး စိုးရိမ်ပူပန်စိတ်ကြောင့် ငိုမိတော့မတတ်ပင်။
သူ့မြေးလေးက လီမိသားစု၏ အမွေဆက်ခံသူပင်။
ဤကလေးသာ တစ်ခုခုဖြစ်သွားပါက ကလေးမိဘများက သူ့ကို အပြစ်မတင်လျှင်ပင် သူကတော့ သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည်မဟုတ်။
"ကောင်းပင်း.. မင်းကိုး။ ငါ့မြေးလေးကို ကယ်ပေးတဲ့အတွက် ကျေးဇူးပါပဲကွာ"
ကောင်းပင်းက ခေါင်းခါယမ်းလိုက်လေသည်။
"ဒါရိုက်တာလီ.. ကျွန်တော် ဒီနားကဖြတ်သွားရင်း ကလေးတစ်ယောက် ပြုတ်ကျသွားတာကို မြင်လိုက်လို့လေ။ ခင်ဗျားရဲ့မြေးမှန်း မသိလိုက်ဘူး"
"ရှောင်ကောင်း.. မင်းက ငါတို့လီမိသားစုရဲ့ အသက်သခင်ကျေးဇူးရှင်ပါပဲကွာ။ ငါ့မြေးလေးသာ တစ်ခုခုဖြစ်သွားရင် ငါလည်း စိတ်နဲ့ကိုယ်ကပ်မှာမဟုတ်ဘူး။ စကားမစပ် လာမဲ့ရာထူးတိုးအတွက် ငါ မင်းကိုထောက်ခံပေးမယ်။ အကောင်းဆုံးသာကြိုးစား"
အကြီးအကဲလီက ကောင်းပင်း၏ပခုံးကို ပုတ်ပေးလိုက်သည်။
ကောင်းပင်းမှာ ကြက်သေသေသွားချေသည်။
ပျော်ရွှင်မှုက ရုတ်တရက်ရောက်ချလာသည်။ ယဲ့ချန်း၏မှတ်စုလေးက သူ့ဘဝကို ဤမျှအထိ ပြောင်းလဲပေးနိုင်လိမ့်မည်ဟု သူ လုံးဝထင်မထားပေ။
ပျော်ရွှင်သော်ငြား စိတ်လှုပ်ရှားနေသော ကောင်းပင်းမှာ ခိုက်ခိုက်တုန်နေချေသည်။
"အဲဒီလူငယ်လေးက အရမ်းတော်တာပဲ"
ရေနစ်နေသောကလေး၊ အကြီးအကဲလီ ထွက်ပေါ်လာခြင်းတို့အားလုံးကို ယဲ့ချန်းက ခန့်မှန်းပေးခဲ့ခြင်းပင်။
ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုဆိုပါက အရာအားလုံးမှာ အလွန်တိုက်ဆိုင်လွန်းလှသည်။
အရေးအကြီးဆုံးမှာ ဤအလှည့်အပြောင်းကြီးတွင် ယဲ့ချန်းက အများကြီးကူညီပေးခဲ့ခြင်းပင်။
သူက အကြီးအကဲလီ၏မြေးလေးကို ကယ်ပေးခဲ့သောကြောင့် အကြီးအကဲလီကလည်း ကျေးဇူးတင်စိတ်ကြောင့် သူ့ကို ထောက်ခံပေးလိုက်သည်။
အကြီးအကဲလီက ကောင်းပင်းကို ညစာစားရန်အတွက် အိမ်ကိုလိုက်ခဲ့ဖို့ ဖိတ်လေသည်။ ထိုအချိန်မှာ ကောင်းပင်းကတော့ မက်ဆေ့ချ်တစ်စောင် ပို့လိုက်၏။
"စုလုပ်ငန်းစုရဲ့ပရောဂျက်ကို ချက်ချင်းခွင့်ပြုမိန့်ချပေးလိုက်"
•••••••••••••••