မောက်မာသော သခင်လေး၏ရန်စမှု
Vol. 12 Ch. 179
ကောင်းပင်းက အကြီးအကဲလီ၏အိမ်မှ ထွက်လာပြီးနောက် ယဲ့ချန်းကို ဖုန်းခေါ်လိုက်သည်။
"မစ္စတာယဲ့.. အကုန်အဆင်ပြေသွားပြီ။ ကျေးဇူးတင်ပါတယ်။ ကျုပ် မင်းအတွက် ပရောဂျက်ကို ခွင့်ပြုမိန့်ချပေးပြီးပြီ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"အင်း… စကားမစပ် အကြံတစ်ခုပေးချင်တယ်။ ကောင်းမိသားစု မကြာခင် ပြဿနာအကြီးအကျယ်တက်လိမ့်မယ်။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ်ကာကွယ်ချင်တယ်ဆိုရင် သူတို့နဲ့ဝေးဝေးနေပါ"
ယဲ့ချန်း၏စကားများကို ကြားသောအခါ ကောင်းပင်း၏အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားသည်။
သူ့မျိုးရိုးက ကောင်းဖြစ်သော်ငြား ကောင်းပင်းက ကောင်းမိသားစု၏ ဆွေမျိုးဝေးသည့် ဝမ်းကွဲတစ်ယောက်ပင်။ ထို့ကြောင့် သူတို့နှင့် အဆက်အသွယ်များများစားစား မရှိပေ။
လွန်ခဲ့သည့်ရက်ပိုင်းက ကောင်းလဲ့က သူ့ထံသို့ ဆက်သွယ်လာသည်။ အစတုန်းကတော့ ကောင်းမိသားစုနှင့် ပူးပေါင်းချင်ခဲ့သေးသည်။
သို့သော် ယဲ့ချန်း၏သတိပေးစကားကြောင့် တုန်လှုပ်သွားရသည်။
ဖုန်းချလိုက်သည်နှင့် ကောင်းလဲ့ထံမှ ဖုန်းဝင်လာခဲ့သည်။
"ကောင်းပင်း. ဘာလုပ်နေတာလဲ။ ငါ မင်းကို မပြောထားဘူးလား။ မင်း စုမိသားစုကို အချိန်ဆွဲထားရမယ်လို့"
"ဆောရီးပဲ မစ္စတာကောင်း.. ကျွန်တော်တို့က တအားရင်းနှီးကြတဲ့ဆက်ဆံရေးတွေလည်း မဟုတ်ဘူးလေ။ ကျေးဇူးပြုပြီး နောက်နောင် ကျွန်တော့်ကို မဆက်သွယ်ပါနဲ့"
တီ!
ဖုန်းကျသွားလေပြီ။
ကောင်းလဲ့မှာ ဒေါသထွက်လွန်းသဖြင့် အကျယ်ကြီးအော်ဆဲလိုက်မိသည်။
"ကောင်းပင်း လူယုတ်မာကောင်! မင်းကများ ငါ့ဖုန်းကို ချရဲတယ်ပေါ့။ မင်း စောင့်နေ"င
ကောင်းလဲ့၏ဘေးနားတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ယောက် ထိုင်နေလေသည်။
"သခင်လေးကောင်း.. ဘာဖြစ်တာလဲ။ ကျွန်တော် တစ်ခုခုလု်ပပေးရမလား"
ကောင်းလဲ့က ခေါင်းခါပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ရှင်းပစ်ချင်တဲ့လူတစ်ယောက်တော့ရှိတယ်။ သူ့နာမည်က ယဲ့ချန်းတဲ့။ ခင်ဗျား သူ့ကိုရှင်းထုတ်နိုင်တယ်ဆိုရင် ကောင်းမိသားစုကလည်း ခင်ဗျားကိုကူညီဖို့အတွက် ဘာမဆိုလုပ်ပေးမှာပါ"
"ကောင်းပါပြီ။ သွေးအရိပ်အဖွဲ့အစည်းက သေစေချင်တဲ့လူတွေမှန်သမျှ သေရတာချည်းပဲ"
"မစ္စတာချင်.. စိတ်ချပါ။ ကျွန်တော်တို့ကောင်းမိသားစုက ခင်ဗျားကို အကောင်းဆုံးအထောက်အပံ့တွေပေးမှာပါ"
ယဲ့ချန်းက မာရီယော့ဟိုတယ်သို့ မောင်းသွားလိုက်သည်။
ထို့နောက် လက်ထောက်မန်နေဂျာ၏ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။ ထိုနေရာမှာ ယန်လိ၏ယာယီညွှန်ကြားရေးစင်တာပင်။
ရုံးခန်းထဲတွင် ဖန်သားပြင်အများကြီးရှိနေပြီး ဟိုတယ်ထဲရှိ တည်နေရာအမြောက်အများကို ပြသထားသည်။
ယန်လိ မျက်ကွင်းညိုနေတာကို ကြည့်ရင်း ယဲ့ချန်း ရယ်လိုက်မိသည်။
"မင်း ဒီလောက်အထိ ကြိုးစားစရာမလိုပါဘူး"
ယန်လိက ယဲ့ချန်းကို ခပ်မာမာအကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။
"တချို့လူတွေက ဒီကိစ္စကို အလေးမထားဘူးလေ။ ကျွန်မကပါ အလေးမထားဘူးဆိုရင် တစ်ခုခုဖြစ်သွားတဲ့အခါ ဘယ်သူက တာဝန်ယူမှာလဲ"
"ငါ မင်းအတွက် တာဝန်ယူပေးမှာပါ"
ယဲ့ချန်းက ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ရှင်.."
ယန်လိခမျာ စိတ်တိုရလွန်းသောကြောင့် ကျောက်စိမ်းနှင့် အလားသဏ္ဍာန်တူလှသော သူ(မ)၏လက်ကိုမြှောက်၍ ယဲ့ချန်းကို ရိုက်လိုက်သော်ငြား ယဲ့ချန်းက ဖမ်းထားလိုက်သည်။
အကြောင်းတစ်စုံတစ်ရာကြောင့် ယန်လိမှာ ယဲ့ချန်းကို မြင်လိုက်ရတိုင်း အမှားမှားအယွင်းယွင်းဖြစ်သွားတတ်သည်။
"ဟမ့်! ယဲ့ချန်း.. ကျွန်မက ဒီမစ်ရှင်ကို အပြီးသတ်ချင်ရုံပဲ။ ကျွန်မက စစ်တပ်ထဲမှာနေလာတာ နှစ်ပေါင်းတော်တော်ကြာပြီ။ ဘာမတော်တဆမှလည်း မဖြစ်ဖူးဘူး။ ဒါက ကျွန်မ စစ်မှုထမ်းဘဝက မထွက်ခင် ထမ်းဆောင်သွားမဲ့ နောက်ဆုံးမစ်ရှင်ပဲ။ အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ မျှော်လင့်မိတယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"စိတ်ချပါ။ ငါရှိနေမှတော့ အဆုံးသတ်ကလည်း လှမှာပါ"
ယန်လိက အလွန်တရာလှပချေသည်။ အထူးသဖြင့် အေးတိအေးစက်နိုင်သော သူ(မ)၏အမူအရာက ရေခဲဘုရင်မတစ်ပါးအလားပင်။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံမိချိန်ဝယ် ယန်လိ၏နှလုံးသားလည်း ဖရိုဖရဲဖြစ်သွားရသည်။ ထိုအချိန်မှာပင် အပြင်ဘက်မှ တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။
ယန်လိ ဘာမှမပြောနိုင်ခင်မှာပင် တံခါးကား တွန်းဖွင့်ခံလိုက်ရသည်။ လူငယ်လေးတစ်ယောက်က အထဲသို့ တရကြမ်းဝင်ရောက်လာသည်။
ထိုလူငယ်လေးက လူကုံထံတစ်ယောက်ဖြစ်ကြောင်း ယဲ့ချန်း မှတ်မိလိုက်သည်။
နိုင်ငံတကာဘရန်းများကို ဝတ်စား၍ ပါတက်ဖီလစ်နာရီကို ဝတ်ဆင်ထားပေသည်။ ထိုအရာများကတင် သန်းပေါင်းများစွာ ကုန်ကျသည်။
ဤလူငယ်လေး၏ရုပ်ရည်မှာ မဆိုးလှပေ။ ယဲ့ချန်းလောက်တော့ မခံ့ညားသော်လည်း အလွန်ဆွဲဆောင်မှုရှိလှသည်သာ။
ယဲ့ချန်းနှင့် ယန်လိတို့ကြားရှိ မရေမရာအနေအထားကို မြင်လိုက်ရသောအခါ ထိုလူငယ်လေးက ချက်ချင်း မျက်မှောင်ကြုတ်လိုက်လေသည်။
"မင်းက ရှောင်လိအနားမှာ ကပ်တွယ်နေတဲ့ ယဲ့ချန်းလား"
ယဲ့ချန်းလည်း အံ့အားသင့်သွားရသည်။ ဤလူ့စကားများက အလွန်တည့်တိုးဆန်လှသည်။ သူက ယန်လိကို တွယ်ကပ်နေသတဲ့လား။
သူကလား?
ထိုလူငယ်လေးကို မြင်သောအခါ ယန်လိ၏မျက်ဝန်းထဲ၌ စက်ဆုပ်ရွံရှာလေဟန် အမူအရာများ ပေါ်ပေါက်လာသည်။
"ခုန်းဖန်.. ရှင် တော်တော်ပျင်းဖို့ကောင်းတာပဲ။ မစ္စတာယဲ့က ကျွန်မရဲ့မိတ်ဆွေ"
ခုန်းဖန်က အေးတိအေးစက်သရော်လိုက်သည်။
"ရှောင်လိ.. ကိုယ် နားမလည်လို့ပါ။ ကိုယ်က သူ့ထက် ဘာများနိမ့်ကျနေလို့လဲ။ မင်းက သူ့လို သူဌေးလက်သစ်မျိုးကို ဘာလို့သဘောကျရတာလဲ"
ယဲ့ချန်းခမျာ လုံးဝနားမလည်နိုင်လောက်အောင်ပင်။ သူက ယန်လိနှင့် ဘာပတ်သက်မှုမရှိပေ။ သို့ဖြစ်လေရာ ဤလူက သူ့အား အချစ်ပြိုင်ဘက်တစ်ယောက်လို ဘာလို့လာကြည့်နေရသလဲ။
ယန်လိလည်း အလွန်ပျာယာခတ်သွားသည်။
သိပ်မကြာခင်တုန်းက ခုန်းဖန်က သူ(မ) ဟိုတယ်တွင် ရှိနေကြောင်း သိသွားပြီး ထိုအချိန်ကတည်းက သူ(မ)ကို လိုက်တွယ်ကပ်နေခဲ့သည်။
သူ့ကိုခါထုတ်ရန်အတွက် ယန်လိလည်း သူ(မ)တွင် ယဲ့ချန်းဟုခေါ်သော ချစ်သူတစ်ယောက်ရှိသည်ဟု ပြောလိုက်ရသည်။
သို့သော် ဤလူက သူ(မ)နောက်ကို လိုက်လာလိမ့်မည်ဟု ယန်လိ မထင်ထားချေ။ ပိုဆိုးသည်မှာ ယဲ့ချန်းနှင့်မှ ပက်ပင်းတိုးလေသည်။
တစ်စုံတစ်ယောက်က သူအား သူဌေးလက်သစ်ဟု ခေါ်လိုက်သဖြင့် ယဲ့ချန်း အလွန်စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း သူ့အမူအရာကို ထိန်းချုပ်ထားလိုက်သည်။
"ယန်လိ.. သူက ဘယ်သူလဲ"
"ခုန်းမိသားစုရဲ့အကြီးဆုံးသား ခုန်းဖန်တဲ့"
ယန်လိလည်း မိတ်ဆက်ပေးလိုက်လေသည်။
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"ဪ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်မှတ်နေတာ။ အဖေဖြစ်သူရဲ့ဩဇာအာဏာနဲ့ ကြွားလုံးထုတ်နေတဲ့ သူဌေးသားတစ်ယောက်ကိုး။ ကောင်းပြီလေ။ မင်းတို့ စကားပြောလိုက်ကြဦး။ ငါ အရင်ပြန်နှင့်မယ်"
ယဲ့ချန်းကတော့ ပျက်စီးနေသော ဤကောင်စုတ်လေးများနှင့် မပတ်သက်ချင်ပေ။
ယန်လိက ခုန်းဖန်ကို ဘယ်လောက်အထိ မနှစ်သက်သလဲဆိုတာကို သူသိလိုက်ရပြီးဖြစ်၏။ ထို့ကြောင့် ဤငတုံးနှင့် ဤနေရာမှာ အချိန်အကြာကြီး မဖြုန်းချင်ပေ။
အမှန်ပင်။ ယဲ့ချန်းက ယန်လိအပေါ် ညင်သာသော်ငြား ၎င်းမှာ သူ(မ)၏ဆွဲဆောင်မှုက အခြားမိန်းကလေးများနှင့်မတူဘဲ ထူးခြားနေသောကြောင့်ပင်။
သူ(မ)အတွက်နှင့် အပြိုင်တိုက်ခိုက်ရလောက်အောင်အထိတော့ မရောက်သေးပေ။
ယဲ့ချန်း၏ထေ့လုံးများကို ကြားလိုက်ရသောအခါ ခုန်းဖန်၏မျက်နှာကား မသာမယာဖြစ်သွားလေသည်။
ဤလူက အလိုလိုက်ခံရပြီး ကြီးပြင်းလာသူပင်။
ဤသည်မှာ သူ့အဖေကြောင့်ဆိုသော်ငြား သူက သူ့အဖေကို မှီခိုနေသည်ဟု ပြောလာလျှင် သဘောမကျပေ။
ခုန်းဖန်က သူ့ကိုယ်ပိုင်ကုမ္ပဏီကို သူကိုယ်တိုင်တည်ထောင်ခဲ့ပြီး သူက သူ့အရည်အချင်းကို မှီခိုနေခြင်းဖြစ်ကြောင်း အခြားလူများကို သက်သေပြချင်ခဲ့သည်။
ယခုမူ သူချစ်ရသော အမျိုးသမီးရှေ့တွင် ယဲ့ချန်းက သူသည် သူ့အဖေကိုမှီခိုနေရသော သူဌေးသားတစ်ယောက်ဖြစ်ကြောင်း ဆိုလာလေသည်။
"ဟေ့ကောင်..အဲဒီမှာတင် ရပ်လိုက်။ မင်း ဘာပြောလိုက်တာလဲ"
ယဲ့ချန်းလည်း ခြေလှမ်းများကို တုံ့ခနဲရပ်တန့်လိုက်ပြီးနောက် ခုန်းဖန်ကို လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ကြည့်လိုက်လေသည်။
"မင်းက နှိပ်စက်ခံရတာကို သာယာတတ်တဲ့စိတ်ရှိတာလား။ ငါက မင်းကိုစော်ကားနေတာလေ။ အဲဒါတောင် မင်းက ထပ်ကြားချင်သေးတာလား။ ကောင်းပြီလေ။ ထပ်ပြောပေးမယ်။ မင်းက မင်းအဖေရဲ့အာဏာကိုမှီပြီး ကြွားလုံးထုတ်နေတဲ့ ကလေကချေတစ်ကောင်ပဲ။ ကျေနပ်ပြီလား"
ခုန်းဖန်ခမျာ ရူးသွားတော့မတတ်ပင်။ သူ့ဘဝတွင် မည်သူကများ သူ့ကို ယခုလိုအရှက်ခွဲခဲ့ဖူးသလဲ။
သူ့မျက်လုံးထဲတွင် အခြားလူများက သူ့ကို မြှောက်ပင့်ခယရမည်ဖြစ်ပြီး သူကသာ အခြားလူများကို ပုရွက်ဆိတ်လေးများလို ဆက်ဆံရမည်သာ။
ခုန်းဖန်၏မျက်လုံးများမှာ ဒေါသကြောင့် ရဲရဲနီလာလေသည်။
"မင်းက သိပ်သတ္တိရှိနေတယ်ပေါ့။ စောင့်နေလိုက်"
ယဲ့ချန်းလည်း မရယ်ဘဲ မနေနိုင်တော့ပေ။
"ဒါပဲလား။ မင်းမှာ သတ္တိရှိရင် ငါ့ကိုလာထိုးလေ။ စောင့်နေလိုက်တဲ့လား။ အဖေဖြစ်သူကို မှီခိုနေရတဲ့ မင်းမှာ ဒီလောက်ပဲ ဇရှိသလား"
ခုန်းဖန်ခမျာ ဒေါသကြောင့် အသိစိတ်လွတ်တော့မတတ်ပင်။
သို့သော် သူ ယဲ့ချန်းအကြောင်း လေ့လာထားပြီးသားပင်။ သူသည် သိုင်းဇာတ်လမ်းများကို ဝင်ရိုက်ခဲ့ဖူးပြီး အစွမ်းအစလည်းရှိ၏။
တစ်ဖက်တွင်မူ ခုန်းဖန်က ကျောင်းသားတစ်ယောက်မျှသာဖြစ်သောကြောင့် ယဲချန်းနှင့် ယှဉ်မချနိုင်ချေ။
ထို့ပြင် သူ့လက်များကို ညစ်ပေအောင်လုပ်ဖို့လည်း မလိုအပ်ပေ။ သူ့လူများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်ရုံသာ။
ဤနည်းဖြင့် သူ့လက်များကို သန့်ရှင်းနေအောင် ထားနိုင်လေသည်။ မည်သို့ပင်ဖြစ်စေ ယှဉ်တိုက်နေလည်း သူမနိုင်နိုင်ပေ။
ခုန်းဖန် နောက်ဆုတ်သွားတာကို မြင်သောအခါ ယဲ့ချန်းက တဟားဟားအော်ရယ်ရင်း တံခါးဖွင့်ကာ ထွက်သွားလေသည်။
ခုန်းဖန်၏မျက်လုံးထဲတွင် လူသတ်ချင်သော အရိပ်အယောင်တစ်ခု လင်းလက်သွားပြီးနောက် ဖုန်းထုတ်လိုက်လေသည်။
"မင်းတို့တွေ.. ယဲ့ချန်းကို တံခါးနားမှာ ပိတ်တားပြီး ရိုက်နှက်ဆုံးမလိုက်။ သူ့ကို သေအောင်သာရိုက်ပစ်။ ကျန်တာ ငါ့တာဝန်ထား"
ယန်လိလည်း ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်မိသည်။
"ခုန်းဖန်.. ရှင်ဘာလုပ်နေတာလဲ။ ယဲ့ချန်းက ကျွန်မမိတ်ဆွေနော်"
"မိတ်ဆွေတဲ့လား။ ငါ့အပိုင်ကို လာထိရဲမှတော့ သေလမ်းရှာနေတာနဲ့အတူတူပဲ"
ခုန်းဖန်က သရော်ပြုံးပြုံးလိုက်၏။
ခုန်းဖန်က ယန်လိရှေ့တွင် သူ့အစွမ်းအစကို ထုတ်ပြချင်ရုံသက်သက်သာ။ သူက အရည်အချင်းရှိသူတစ်ယောက်ဖြစ်ကြောင်း သူ(မ)ကို မြင်စေချင်သည်။
သူက ယန်လိကို ရုတ်တရက်ကြည့်၍ ပြုံးလိုက်သည်။
"ရှောင်လိ.. မင်းသာ ကိုယ့်ကိုတောင်းပန်ရင် ကိုယ် သူ့ကို လွှတ်ပေးနိုင်ပါတယ်"
သို့သော် ထိုအချိန်မှာပင် တံခါးမှာ တစ်ဖန်တွန်းဖွင့်ခံလိုက်ရသည်။ အံ့ဩဖို့ကောင်းလောက်အောင်ပင် ယဲ့ချန်း ပြန်ရောက်လာခဲ့သည်။
ယဲ့ချန်းက ခပ်ဖွဖွပြုံး၍ ရုံးခန်းထဲသို့ ပြန်ရောက်လာခဲ့သည်။
"ဆောရီး ကားသော့မေ့နေခဲ့လို့"
ထို့နောက် ယဲ့ချန်းက ခုန်းဖန်ကိုကြည့်လိုက်၏။ ထိုအကြည့်ကား အေးစက်လှချေသည်။
"ငါ ဒီနားမှာ ခွေးဟောင်သံတစ်သံ ကြားလိုက်ရသလိုပဲ။ ငါ့ကိုသတ်မယ်လို့ ပြောနေတာလေ"
•••••••••••••