စောင့်ကြည့်ခံရခြင်း
Vol. 12 Ch. 180
ယဲ့ချန်းက ခုန်းဖန်အနားသို့ ပြုံးပြုံးလေးလျှောက်သွားလိုက်သည်။ သို့သော် သူ့မျက်လုံးများကတော့ လူသတ်ချင်သောအရိပ်အယောင်များ ယှက်သန်းနေချေသည်။
ခုန်းဖန်ခမျာ ထိုအခိုက်အတန့်မှာ ထိတ်လန့်သွားရသည်။ သူက လုံးဝမတိုက်ခိုက်နိုင်ပေ။ သူ့သက်တော်စောင့်များကိုသာ အမြဲမှီခိုနေရခြင်းပင်။
ယခုမူ သက်တော်စောင့်များက ယဲ့ချန်းကို တံခါးနားတွင် စောင့်နေလေပြီ။ ယဲ့ချန်းပြန်ရောက်လာလိမ့်မည်ဟု သူ လုံးဝထင်မထားချေ။
ခုန်းဖန်လည်း အံတင်းတင်းကြိတ်၍ အေးတိအေးစက်ပြောလိုက်၏။
"ယဲ့ချန်း.. မင်း ငါ့ကိုထိရဲလို့ကတော့ ဖြစ်လာမဲ့အကျိုးဆက်ကို စဉ်းစားနော်။ ငါတို့ခုန်းမိသားစုက.."
သူ့စကားမဆုံးသေးခင်မှာပင်…
ဖြောင်း!
ကျယ်လောင်လှစွာသော ရိုက်ချက်တစ်ချက်က သူ့မျက်နှာထက်သို့ ကျရောက်လာသည်။
ခုန်းဖန်ခမျာ ကျင့်သားမရသောကြောင့် ယဲ့ချန်း၏ရိုက်ချက်ကြောင့် တစ်ပတ်လည်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားရလေသည်။
ယဲ့ချန်းက သူ့ကို ထပ်ကန်ပြန်လေသည်။
"သေစမ်း.. သူ့အဖေကို အားကိုးနေရတဲ့ကောင်ကများ မာန်တက်ပြနေတယ်။ ဒါတောင် ငါ့ကို လာရန်စချင်သေးတာ။ မင်းက ငါ့ကို တိုက်ခိုက်ချင်တာမလား။ ငါ ဒီမှာရှိတယ်လေ။ တစ်ခုခုလုပ်စမ်းပါဦး"
ယဲ့ချန်းက စိတ်မထိန်းထားမှာစိုးသောကြောင့် ယန်လိလည်း အမြန်ဝင်ပြောလိုက်ရသည်။
"ယဲ့ချန်း.. ထားလိုက်တော့။ သူ့ကိုနည်းနည်းလောက်ရိုက်လိုက်ရင် လုံလောက်ပါပြီ။ ကျွန်မတို့ယန်မိသားစုက ခုန်းမိသားစုနဲ့ ဆက်ဆံရေးအဆင်ပြေတယ်။ ရှင်သာ သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်လိုက်ရင် ကျွန်မလည်း ရှင်းပြလို့ရမှာမဟုတ်တော့ဘူး"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီနေ့တော့ မိန်းကလေးယန်ရဲ့မျက်နှာကို ထောက်ထားပြီး မင်းကို လွှတ်ပေးလိုက်မယ်။ အိုး ဟုတ်သားပဲ။ မင်းရဲ့သက်တော်စောင့်တွေက တံခါးနားမှာ ငါ့ကိုစောင့်နေတာမလား။ သူတို့ကို ဆက်စောင့်ခိုင်းထားလိုက်ဦး။ သူတို့ ဘယ်လောက်ကြမ်းလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ယဲ့ချန်းထွက်သွားတာကိုကြည့်ရင်း ခုန်းဖန်၏မျက်နှာမှာ ပျက်ယွင်းသွားရလေသည်။
ယန်လိရှေ့တွင် ဟိတ်ဟန်ထုတ်ပြချင်ခဲ့ပါသော်ငြား ကိုယ့်ကိုယ်ကိုယ်အရှက်ခွဲမိသွားသည်။
သူ့မှာ ဤနေရာတွင် မနေရဲတော့သဖြင့် အောက်ထပ်သို့ ယဲ့ချန်းနောက်မှ လိုက်သွားလိုက်၏။
ဟိုတယ်အဝင်ဝတွင် သူ့သက်တော်စောင့်များက ယဲ့ချန်းကို စောင့်နေကြသည်။
ယန်လိ မျက်မှောင်ကြုတ်လိုက်မိသည်။ ခုန်းဖန်၏စရိုက်ကို သူ(မ) ကောင်းကောင်းသိသည်။
ယဲ့ချန်းက ခုန်းဖန်ကို ရိုက်နှက်ထားသည်ဖြစ်ရာ ခုန်းဖန်ကလည်း အသာတကြည်လွှတ်ပေးမည်မဟုတ်ချေ။ ထိုအကြောင်းကို တွေးကြည့်ပြီးနောက် ယန်လိလည်း ယဲ့ချန်းကို ဖုန်းခေါ်လိုက်သည်။
"ယဲ့ချန်း သတိထားနော်။ ခုန်းဖန်ရဲ့သက်တော်စောင့်တွေက အငြိမ်းစားယူထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေ။ သူတို့က ကိုင်တွယ်ဖြေရှင်းဖို့မလွယ်ဘူး"
ယဲ့ချန်းကတော့ တဟားဟားရယ်လိုက်လေသည်။
"မိန်းကလေးယန်က ကျွန်တော့်ကို စိတ်ပူနေတာလား"
"ဟမ့်! ကျွန်မ ရှင့်ကို ဂရုမစိုက်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်"
ယန်လိ၏မျက်နှာလှလှလေးမှာ ယဲ့ချန်း၏စနောက်မှုကြောင့် ရဲတက်သွားရသည်။
"ကောင်းပါပြီ။ စိတ်မပူပါနဲ့။ သူက ငါ့ကို ဘာလို့စော်ကားသေးလဲ။ သူကိုယ်တိုင်က အရိုက်ခံချင်နေတာလေ"
ယန်လိလည်း တစ်စုံတစ်ခုကို ရုတ်တရက်သတိရလိုက်သည်။
"သူက ရှင့်ကိုစော်ကားလိုက်လို့ ဒေါသထွက်တာလား။ ဒါမှမဟုတ် ကျွန်မကို နှောင့်ယှက်နေလို့ သဝန်တိုနေတာလား"
"သဝန်တိုတာတဲ့လား။ ယဲ့ချန်းက ဘယ်လိုလုပ်ပြီး သဝန်တိုရမှာလဲ"
"ကျွန်မရဲ့အလိုလိုသိစိတ်က အမြဲတိကျတယ်လေ"
ယန်လိလည်း ရုတ်တရက်ကြီးရယ်လိုက်မိသည်။
"ဒီတစ်ခေါက်တော့ မင်းတကယ်မှားသွားပြီ"
ယဲ့ချန်း၏ငြင်းဆိုစကားကို ကြားလိုက်ရချိန်ဝယ် ယန်လိမှာ ယဲ့ချန်း၏ခံစားချက်များနှင့်ပတ်သက်ပြီး ပိုသေချာသွားသည်။
"စကားမစပ်.. ခုန်းမိသားစုရဲ့အကြိးအကဲက အဆက်အသွယ်တွေရှိတယ်နော်။ ကျွန်မသတိပေးတာကို လျစ်လျူမရှုထားနဲ့။ သူတို့ရဲ့တိုက်ခိုက်ရေးသမားတွေက ထိပ်တန်းအဆင့်တွေချည်းပဲ။ သတိထား"
"ဟားဟား သိပါပြီ။ ငါက သွေးအရိပ်အဖွဲ့အစည်းကိုတောင် မကြောက်တာ။ လူကုံထံတစ်ယောက်ရဲ့သားကို ဘာလို့ကြောက်ရမှာလဲ"
ဖုန်းချလိုက်ပြီးနောက် ယန်လိလည်း မရယ်ဘဲ မနေနိုင်တော့ပေ။
ယောကျ်ားအများအပြားက ယန်လိကို နှစ်ပေါင်းများစွာကြာအောင် လိုက်ပိုးခဲ့ဖူးသည်။ သို့သော် ယဲ့ချန်းကတော့ သူ(မ)အပေါ် ထိုသို့သောခံစားချက်မျိုး မရှိချေ။
ဤသည်မှာ အရူးအမူးစွဲလမ်းသော ခံစားချက်တစ်မျိုးပင်။
ယဲ့ချန်းလည်း မာရီယော့ဟိုတယ်၏ ဝင်ပေါက်သို့ ထွက်လာခဲ့သည်။ ခုန်းဖန်က ယဲ့ချန်းထက်အရင် ပြေးသွားလိုက်၏။
ခုန်းဖန်ကိုမြင်သောအခါ ယဲ့ချန်းလည်း မရယ်ဘဲ မနေနိုင်တော့ပေ။
"အကြီးဆုံးသခင်လေးခုန်း.. လေ့ကျင့်ခန်းလုပ်နေတာလား။ မင်းက အရမ်းအားနည်းနေတာတော့ နှမြောစရာပဲ။ လေ့ကျင့်ခန်းလုပ်လည်း ရမှာမဟုတ်ဘူး"
ခုန်းဖန်က ဝင်ပေါက်နားတွင် မတ်တတ်ရပ်၍ ဒေါသကြောင့် အံတင်းတင်းကြိတ်လိုက်မိသည်။ သူ့ကို မည်သူကမှ မရိုက်ခဲ့ဖူးပေ။ ယနေ့မှာတော့ ယဲ့ချန်းက သူ့ကိုရိုက်နှက်ခဲ့သည်။ သို့ဖြစ်လေရာ သူ့အနေနှင့် ဤဒေါသကို ဖြေမဆည်နိုင်ပေ။
သို့သော် ဟိုတယ်ထဲတွင် ပြဿနာရှာပါက ယန်လိလည်း စိတ်အနှောင့်အယှက်ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ယဲ့ချန်း ဟိုတယ်ထဲမှထွက်မည့်အချိန်ကိုစောင့်ပြီးမှ သူ့သက်တော်စောင့်များကို ရှင်းခိုင်းခြင်းပင်။
ယဲ့ချန်းလည်း ခုန်းဖန်၏ဘေးသို့ လျှောက်လာခဲ့လိုက်သည်။
"သခင်လေးခုန်း… စိတ်လှုပ်ရှားနေတာတွေ ပျောက်သွားအောင် စီးကရက်တစ်လိပ်လောက်ယူမလား"
ခုန်းဖန် : "…"
ယခုမူ ယဲ့ချန်းတစ်ယောက် ဟိုတယ်ထဲမှ ထွက်မည့်အချိန်ကို ခုန်းဖန် မစောင့်နိုင်တော့ပေ။ သို့မှသာ သူ့သက်တော်စောင့်များက ယဲ့ချန်းကို ဆုံးမနိုင်မည်ဖြစ်၏။
သူတို့ တံခါးနားသို့ နီးကပ်လာခဲ့သည်။ တစ်မီတာသာ လိုတော့ချိန်မှာ ယဲ့ချန်းက ရုတ်တရက်ရပ်တန့်လိုက်၏။
"မင်းရဲ့သက်တော်စောင့်တွေက တော်တော်သန်မာမဲ့ပုံပဲ"
အဆုံးမှာတော့ ခုန်းဖန်လည်း အေးတိအေးစက်ပြုံးလိုက်လေတော့သည်။
"ဘာလဲ။ ကြောက်နေပြီလား"
ယဲ့ချန်းက ဆေးလိပ်ငွေ့ကိုရှူထုတ်လိုက်ပြီးနောက် ခပ်ဖွဖွပြုံးလိုက်လေသည်။
"ဘယ်လိုထင်လဲ"
ယဲ့ချန်း၏ ထူးမခြားနားအမူအရာကို မြင်သောအခါ ခုန်းဖန်မှာ တဒင်္ဂမျှကြောင်အသွားရသည်။
ဒီလူက လုံးဝမကြောက်တာများလား?
သို့သော် ခုန်းဖန်လည်း အေးစက်လှသော အမူအရာတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။
မင်း တိုက်ခိုက်တတ်တယ်ဆိုရင်တောင် အပြင်မှာရှိတဲ့ ငါ့သက်တော်စောင့်တွေက အငြိမ်းစားအထူးတပ်ဖွဲ့ဝင်တွေကွ…
မင်း အပြင်ထွက်လိုက်တာနဲ့ သူတို့က မင်းကို မင်းအမေတောင် မမှတ်မိတော့လောက်အောင် အသေဆော်ပလော်တီးပစ်မှာ…
ယဲ့ချန်းမှာ တစ်စုံတစ်ခုကို သတိရလိုက်ဟန်ပင်။
"ဆောရီး ငါ ပြန်သွားမှဖြစ်မယ်။ ကြည့်ရတာ ငါ ရှောင်လိရဲ့ရုံးခန်းထဲမှာ တစ်ခုခုကျန်နေခဲ့သလိုပဲ"
ခုန်းဖန် မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ချန်းက တစ်ဖက်သို့လှည့်၍ ထွက်သွားလေတော့သည်။
ခုန်းဖန်ကား မှင်တက်သွားချေသည်။
သေစမ်း! မင်းပဲ တအားကြမ်းပြနေတာမဟုတ်ဘူးလား?
တံခါးနားရောက်မှ ဘာလို့ကြောက်ချီးပါနေတာလဲ?
သို့သော် ခုန်းဖန်မှာ စိုက်ကြည့်နေရုံသာ တတ်နိုင်လေသည်။ သူ့အနေနှင့် ယဲ့ချန်းကို အလျင်စလိုဆွဲထုတ်သွားလို့မရပေ။
ယဲ့ချန်း ဓာတ်လှေကားထဲသို့ ဝင်သွားတာကို ကြည့်ရင်း ခုန်းဖန် အံတင်းတင်းကြိတ်လိုက်မိသည်။
"ငါကတော့ မင်းကို ဒီနေ့ ရအောင်စောင့်ဖမ်းဖို့ စိတ်ပိုင်းဖြတ်ထားတယ။ မင်း ထွက်မလာဘူးလို့တော့ မယုံဘူး"
ယဲ့ချန်းက ရုံးခန်းထဲသို့ ပြန်ရောက်လာချိန်ဝယ် ယန်လိကလည်း အောက်ထပ်တွင် ပြဿနာတက်နေမည်စိုးသောကြောင့် သူ(မ)၏အဖွဲ့ကို ခေါ်ရန် အသင့်ပြင်နေလေသည်။ သို့သော် ထိုအချိန်မှာပင် တံခါးပွင့်လာလေသည်။ ယဲ့ချန်း ပြန်ရောက်လာခြင်းပင်။
ယဲ့ချန်းကိုကြည့်၍ ယန်လိ ဆွံ့အသွားရသည်။
"ရှင်.. ကြောက်လို့ ဒီမှာလာပုန်းတာတော့ မဟုတ်ဘူးမလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်လေသည်။
"မင်းပြောတာမှန်တယ်။ တံခါးနားက သက်တော်စောင့်တွေက လူသန်ကြီးတွေချည်းပဲ။ လေ့ကျင့်ထားတာ သေချာတယ်။ ငါ ဒီမှာ ညအိပ်မယ်ဆိုရင်ရော။ မင်းရဲ့အိပ်ရာက လူနှစ်ယောက်ဆံ့ပါတယ်။ ကိစ္စမရှိပါဘူး"
"ထွက်သွား"
ယန်လိမှာ မာဆတ်ဆတ်ပြောလိုက်လေသည်။
သူ(မ) နားလည်ထားသလောက်ဆိုလျှင် ယဲ့ချန်းက ကြောက်နေခြင်းမဟုတ်ကြောင်း ယန်လိသိသည်။
ဤသည်မှာ ယဲ့ချန်း၏ပုံစံမဟုတ်ပေ။
လမ်းကြားထဲတွင် သူ(မ)နောက်က လိုက်လာခဲ့သောလူတစ်စုကို ယဲ့ချန်းက ရှင်းပစ်လိုက်ခြင်းဖြစ်ကြောင်း အစောကပင် သတင်းရထားသည်။ ထို့ကြောင့် ယဲ့ချန်းတွင် အစွမ်းအစမရှိတာတော့ မဟုတ်ပေ။
အရေးအကြီးဆုံးမှာ မာရီယော့ဟိုတယ်က ယဲ့ချန်း၏နယ်မြေဖြစ်၏။ နဂါးသံချပ်ကာတပ်ဖွဲ့နှင့် သူ့သက်တော်စောင့်များကိုပေါင်းလိုက်ပါက ဆယ်ယောက်ကျော်သည်။
ယဲ့ချန်းက ကြောက်မနေချေ။
"တခြားကိစ္စတစ်ခုခုရှိလို့လား"
ယန်လိ၏အမူအရာကား ရုတ်တရက်တင်းမာသွားလေသည်။
ယဲ့ချန်းက ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
"သွေးအရိပ်အဖွဲ့ထဲက လူတွေက ဒီနေရာကို စောင့်ကြည့်နေတယ်။ ကြည့်ရတာ ငါတို့ထဲမှာ သူလျှိုရှိပုံပဲ"
"ဘာ?"
ယန်လိ၏နှလုံးသားထဲ တင်းကျပ်သွားရသည်။
"ဘယ်လိုလုပ်မလဲ"
ယန်လိက မေးခွန်းထုတ်လာလေသည်။
"စိတ်မပူနဲ့။ သူတို့ ဘာမှလုပ်မှာမဟုတ်ဘူး။ ဒီနေရာက မြို့လယ်ခေါင်ကြီးလေ။ ငါ ၁၉လွှာနဲ့ ၂၀လွှာက အခန်းတွေအားလုံးကို ရှင်းထားပြီး ငါတို့လူတွေနဲ့ အစားထိုးထားပြီးပြီ။ အကြီးအကဲထန်သာ အပြင်မထွက်သရွေ့ သူတို့လည်း ဝင်လာရဲမှာမဟုတ်ဘူး။ ဝင်ဖို့ကြိုးစားရင် ထောင်ချောက်ထဲ မိမှာပဲ"
ယန်လိလည်း ယဲ့ချန်းကို အထူးတဆန်းစိုက်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"ရှင် ဘယ်လိုလုပ်သိတာလဲ"
ယဲ့ချန်းက ပြုံးလိုက်လေသည်။
"ဆဋ္ဌမအာရုံလေ… ငါ့အလိုလိုသိစိတ်က အမြဲတိကျတယ်"
ထိုအချိန်မှာ ယဲ့ချန်းက ဝင်ပေါက်နားရှိ ခုန်းဖန်ကို ကြည့်လိုက်မိသည်။ ဤလူကတော့ သူ့ကို ဆဲဆိုကာ စောင့်ဆိုင်းနေပေသည်။
ယန်လိလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ကျွန်မ အခုချက်ချင်း ခုန်းမိသားစုကို ဖုန်းဆက်လိုက်မယ်။ ခုန်းဖန်ကို ပြန်ခေါ်အောင်လို့လေ။ အဲဒါမှ သူ ကျွန်မတို့လုပ်ငန်းကို ဝင်မနှောင့်ယှက်မိမှာ"
ယဲ့ချန်းကတော့ သူ(မ)ကို တားလိုက်လေသည်။
"ဒီအတိုင်းက ကောင်းတယ်။ လုံခြုံရေးနည်းနည်းလောက် ပိုရှိနေတာက ပိုလုံခြုံတယ်"
ဟိုတယ်ဝင်ပေါက်ရှိ ရောင်ဝါများပြည့်နှက်နေသော ကားတစ်စီးထဲတွင် ချင်ရှန်းက ဟိုတယ်ဝင်ပေါက်ကို တအံ့တဩကြည့်နေလေသည်။
"ဒီလောက်လူရှုပ်တဲ့နေရာမှာ လူတွေအများကြီးနေရာချထားတာပဲ။ တော်တော်အရည်အချင်းရှိတယ်"
"ဘော့စ်.. ကျွန်တော်တို့ အမြန်ဝင်သွားပြီး အဲဒီအဘိုးကြီးကို လက်စတုံးလိုက်ကြမလား"
ချင်ရှန်းကမူ ခေါင်းခါယမ်းလိုက်လေသည်။
"ဒီဟိုတယ်က ငြိမ်သက်နေပုံပေါ်ပေမဲ့ အန္တရာယ်များတယ်။ ငါတို့ စောင့်နေရုံပဲ တတ်နိုင်မယ်။ အဲဒီအဘိုးကြီး အပြင်ထွက်လာမဲ့အချိန်ကို စောင့်နေ"
•••••••••••••••••