ကျွန်တော်က စုမိသားစုကို ကိုယ်စားပြုတာပါ
Vol. 12 Ch. 167
ယဲ့ချန်းလည်း ယန်ချွမ်း၏အနောက်မှလိုက်၍ နာတာရှည်ဆေးကုသဌာနထဲသို့ ဝင်လာခဲ့လိုက်သည်။
ယန်ချွမ်း၏အဘိုးကလည်း ဤဆေးကုသဆောင်တွင် ရှိနေသည်ဖြစ်ရာ အစောင့်များက ယန်ချွမ်းကို ရင်းနှီးနေပြီးသားဖြစ်သောကြောင့် မတားကြပေ။
သူတို့နှစ်ယောက်သားလည်း ဝေ့သုန်းရှန်း၏လူနာဆောင်သို့ တန်းတန်းမတ်မတ်သွားလိုက်ကြ၏။
ယန်ချွမ်းကိုမြင်သောအခါ ဝေ့သုန်းရှန်းက တဒင်္ဂမျှ ကြက်သေသေသွားသည်။
"ရှောင်ယန်းဇီ.. မင်းအဘိုးဆီကို မသွားဘဲ ဒီကို ဘာလို့ရောက်လာတာလဲ"
ယန်ချွမ်းက ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
"ဘိုးဘိုးဝေ့..ဒီတစ်ခေါက် ကျွန်တော်က အဘိုးကိုလာရှာတာမဟုတ်ပါဘူး။ ကျွန်တော့သူငယ်ချင်းက အဘိုးကိုတွေ့ချင်လို့တဲ့"
ယန်ချွမ်း၏စကားကြောင့် ဝေ့သုန်းရှန်းလည်း အံ့အားသင့်သွားလေသည်။ သူ့အနေနှင့် ယန်ချွမ်း၏အနောက်ရှိ ယဲ့ချန်းကို မသိပေ။
သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ယဲ့ချန်းက သာမန်လူတစ်ယောက်မဟုတ်ကြောင်း ဝေ့သုန်းရှန်း ခံစားမိလိုက်၏။
ယဲ့ချန်းကလည်း သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည်။
"အကြီးအကဲဝေ့..ကျွန်တော့်နာမည်က ယဲ့ချန်းပါ။ အဘိုးက ကျွန်တော့်ကိုတော့ သိချင်မှသိလိမ့်မယ်။ ကျွန်တော်က စုဝမ်ယိရဲ့ချစ်သူပါ။ သဘောကတော့ ကျွန်တော်က စုမိသားစုရဲ့ သားမက်လောင်းဆိုတဲ့သဘောပါပဲ"
စုမိသားစုအကြောင်း ထည့်ပြောလာသောအခါ ဝေ့သုန်းရှန်း၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားလေသည်။
"အိုး.. စုမိသားစုရဲ့သားမက်လောင်းပါလား။ အဘိုးကြီးစုနဲ့သွားမတွေ့ဘဲ ဒီကို ဘာအတွက်လာရတာလဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်ချေသည်။
"ကျွန်တော်က စုမိသားစုနဲ့ပတ်သက်ပြီး ပြောစရာရှိလို့ လာခဲ့တာပါ။ အထူးသဖြင့် ပုသုန်းအနောက်ပိုင်းဆင်ခြေဖုံးမှာရှိတဲ့ မြေကိစ္စနဲ့ ပတ်သက်ပါတယ်"
ဤစကားကိုကြားလိုက်ရပြီးနောက် ဝေ့သုန်းရှန်းက လက်ခါယမ်းပြသည်။
"ကောင်လေး.. မင်း လူမှားနေပြီ။ ငါက အခု အနားယူလိုက်ပါပြီကွာ။ စီးပွားရေးကိစ္စဆိုရင် မင်း ငါ့သားကို သွားပြောသင့်တယ်"
ဝေ့သုန်းရှန်း၏ မြေခွေးအိုကြီးကဲ့သို့ ပြုမူနေသော ဟန်ပန်ကို မြင်လိုက်ရချိန်ဝယ် ယဲ့ချန်း စိတ်ထဲမှ ကျိတ်ရယ်မိသည်။
ခင်ဗျားရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ဆိုရင် သရုပ်ဆောင်မလုပ်တာက နှမြောစရာပဲ..
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။
"ခင်ဗျားရဲ့သားကို သွားပြောရမှာလား။ ကျွန်တော်ကတော့ ခင်ဗျားဆီက တိုက်ရိုက်နားထောင်လိုက်တာ ကောင်းမယ်လို့ ခံစားမိတယ်"
"ဟားဟားဟား လူငယ်လေး..မင်း အတွေးလွန်နေပြီ။ ငါက အခု အဘိုးကြီးတစ်ယောက်ဖြစ်နေပါပြီကွာ။ အော်ပရာတွေနားထောင်ပြီး ကတ်ကစားရတဲ့အရွယ်ကို ရောက်နေပြီ။ စီးပွားရေးကိစ္စတွေကို မစီမံနိုင်တော့ပါဘူး"
ယဲ့ချန်းက ခေါင်းခါယမ်းလိုက်၏။
"အကြီးအကဲဝေ့.. ကျွန်တော့်ကို လာသရုပ်ဆောင်ပြဖို့ မလိုပါဘူး။ အရင်တုန်းက ခင်ဗျား ဘာတွေလုပ်ခဲ့တယ်ဆိုတာနဲ့ ဘာတွေလုပ်ဖို့စီစဉ်နေလဲဆိုတာ ကျွန်တော် အကုန်သိတယ်။ သရုပ်ဆောင်နေတာက တခြားလူတွေအတွက်သာ အလုပ်ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော့်ဆီမှာတော့ အလုပ်ဖြစ်မှာမဟုတ်ဘူး"
ယဲ့ချန်း၏စကားကို ကြားသောအခါ ဝေ့သုန်းရှန်း၏အမူအရာကား သုန်မှုန်သွားချေသည်။
"ကောင်လေး.. မင်း ဒါက ဘာသဘောလဲ"
ယဲ့ချန်းလည်း ခပ်ဖျော့ဖျော့ပြုံးလိုက်လေသည်။
"အရင်တုန်းက မိုတုစက်ယန္တရားစက်ရုံကို ပြန်ဆောက်တုန်းက ခင်ဗျား အကျိုးအမြတ်တော်တော်များများ ရိတ်ခဲ့တယ်မလား။ ပြီးတော့ ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့တုန်းကရော ခင်ဗျား သန့်ရှင်းခဲ့တာ သေချာလို့လား။ ဒီကိစ္စတွေကို ကောင်းကင်ဘုံရယ် ကမ္ဘာမြေကြီးရယ် ခင်ဗျားနဲ့ ကျွန်တော်ပဲ သိပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဘာမှမပြောဘူးဆိုရင် ခင်ဗျား မိသားစုကြီးနဲ့ အေးအေးချမ်းချမ်းအနားယူနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်သာ မတော်တဆလွှတ်ခနဲပြောလိုက်မိရင် ခင်ဗျားရဲ့ဝေ့မိသားစု…"
ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်၌ ဝေ့သုန်းရှန်း၏မျက်နှာကား ပျက်ယွင်းသွားလေသည်။
"ကောင်လေး..မင်းက ငါ့ကိုလာခြိမ်းခြောက်နေတာလား"
ယဲ့ချန်းက ခေါင်းခါယမ်းလိုက်၏။
"ခြိမ်းခြောက်တာမဟုတ်ပါဘူး။ သတိပေးတာပါ။ ခင်ဗျားက ကောင်းမိသားစုကိုတွယ်ကပ်ပြီး စုမိသားစုကို ဆွဲချပြီး သူတို့နေရာကို ယူနိုင်မယ်လို့ ထင်နေတာလား။ အကြီးအကဲဝေ့..ခင်ဗျားက ပါးပါးနပ်နပ်နဲ့ တွက်ချက်ထားတာပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျန်းစုနဲ့ ကျဲ့ကျန်းမှာ အချမ်းသာဆုံးလူဖြစ်ခဲ့တဲ့ ကျွန်တော့်ယောက္ခမလောင်းက ဘာမှမလုပ်ဘဲ ဒီနေရာကို ရခဲ့တာလို့ ခင်ဗျားထင်နေလား"
ယဲ့ချန်း၏စကားကြောင့် ဝေ့သုန်းရှန်း၏အမူအရာမှာ လုံးဝပြောင်းလဲသွားလေတော့သည်။
စုမိသားစုက သူနှင့်ညှိနှိုင်းဆွေးနွေးရန်အတွက် ယဲ့ချန်းကို လွှတ်လိုက်ကြောင်း ဝေ့သုန်းရှန်း နားလည်လိုက်သည်။
ယဲ့ချန်း၏အရည်အချင်းဖြင့် ဤအကြောင်းအရာကို မည်သို့သိနိုင်မည်နည်း။ စုကျန့်က တစ်စုံတစ်ခုကို သိရှိသွားလေသလား။
ယဲ့ချန်းက ဘဝမှတ်တမ်းကြည့်ရှုခြင်းစနစ်ကြောင့် ဝေ့သုန်းရှန်း၏ မသန့်ရှင်းသောလုပ်ရပ်များကို သိထားခြင်းဖြစ်သော်ငြား ဝေ့သုန်းရှန်းကတော့ တစ်မျိုးတစ်မည် ထင်နေလေသည်။
စုကျန့်က သူ့အကြောင်း စုံစမ်းထောက်လှမ်းထားပြီး သူ့လျှို့ဝှက်ချက်အချို့ကို ဖော်ထုတ်တွေ့ရှိထားသည်ဟု သူ တွေးကြည့်လိုက်မိသည်။
"စုကျန့်က မျိုးဆက်သစ်သူရဲကောင်းတစ်ယောက်ပါပဲ။ ငါ သူ့ကို လျှော့တွက်ခဲ့မိပုံပဲ"
ဝေ့သုန်းရှန်းလည်း သက်ပြင်းချလိုက်မိသည်။
"ယဲ့ချန်း.. ငါ စုမိသားစုနဲ့ စာချုပ်မှာ လက်မှတ်ထိုးဖို့ သဘောတူတယ်"
"ကောင်းပါပြီ အကြီးအကဲဝေ့.. ခင်ဗျားက သိပ်ပြတ်သားတာပဲ"
ယဲ့ချန်းက ချက်ချင်းပင် ဖုန်းခေါ်လိုက်ပြီးနေုာက် စုကျန့်၏ရှေ့နေကို လှမ်းခေါ်လိုက်သည်။
စာချုပ်ကို လက်မှတ်ထိုးပြီးသည်နှင့် ယဲ့ချန်းလည်း ပြုံးလျက် ပြောလိုက်၏။
"လက်တွဲပြီးအလုပ်လုပ်ရတာ ဝမ်းသာပါတယ် အကြီးအကဲဝေ့"
ဝေ့သုန်းရှန်းလည်း မဲ့တဲ့တဲ့ပြုံးလိုက်မိသည်။
"ဒီတစ်ခေါက်တော့ ငါ ကောင်းမိသားစုကို ဆန့်ကျင်မိသွားပြီ"
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်လေသည်။
"အကြီးအကဲဝေ့.. ခင်ဗျား အတွေးလွန်နေပါပြီ။ ကျွန်တော်တို့စုမိသားစုကို ဆန့်ကျင်ထားပြီးမှတော့ ကောင်းမိသားစုမှာ ခြေကုပ်ယူစရာနေရာရှိဦးမယ်လို့ ထင်နေတာလား"
ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်ဝယ် ဝေ့သုန်းရှန်းနှင့် ယန်ချွမ်းတို့နှစ်ယောက်စလုံး ပင့်သက်ရှိုက်လိုက်မိသည်။
ယန်ချွမ်းနှင့် ယဲ့ချန်းတို့ ဆေးရုံထဲက ထွက်ခွာမည့်ဆဲဆဲမှာပင် ဘေးကပ်လျက်အခန်းထဲမှ ဆူဆူညံညံအသံများ ထွက်ပေါ်လာသည်။
"အဲဒါက ငါ့အဘိုးရဲ့လူနာခန်း"
ယန်ချွမ်း၏အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားရသည်။
ယန်ချွမ်းနှင့် ယဲ့ချန်းတို့ တစ်ဖက်လူနာခန်းသို့ ရောက်လာချိန်မှာ ဆရာဝန်တစ်သိုက်က လူနာကိုကယ်တင်ရန် အလျင်စလိုဆောင်ရွက်နေကြကြောင်း မြင်လိုက်ရ၏။
"ရှောင်ယန်.. မင်း ဘာလို့ဒီကိုရောက်လာတာလဲ"
ယန်ချွမ်း၏အဖေ ယန်လင်းက ယန်ချွမ်းကိုမြင်လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။
"ကျွန်တော်က သူငယ်ချင်းတစ်ယောက်နဲ့အတူ လူနာတစ်ယောက်ဆီကို လာလည်ဖြစ်သွားတာနဲ့ အဘိုးဆီကိုပါ ဝင်ကြည့်တာလေ။ အဘိုးက ဘာဖြစ်တာလဲ"
"မင်းရဲ့အဘိုးက ဦးနှောက်သွေးကြောပိတ်တာတဲ့။ အခြေအနေတော့ သိပ်မကောင်းဘူး။ ကယ်နိုင်မလားဆိုတာလည်း မသေချာဘူး"
ယန်လင်း၏မျက်နှာထက်တွင် လေးနက်လှသော အမူအရာတစ်ခုကို ဆင်မြန်းထားသည်။
ယန်မိသားစုမှာ ယန်ချွမ်း၏အဘိုး အသက်ရှင်နေသေးသောကြောင့်သာ အခြားမိသားစုများက ဘာအကွက်မှ ရွှေ့မလာနိုင်အောင် တားဆီးနိုင်ခဲ့ခြင်းပင်။
အဘိုးကြီးသာ ဆုံးပါးသွားပါက ယန်မိသားစုလည်း အခြားမိသားစုများ၏ ပစ်မှတ်ဖြစ်လာလိမ့်မည်။
တကယ်တမ်းတွင် အကြီးအကဲယန်၏ကျန်းမာရေးက တစ်နေ့တစ်ခြား ဆိုးဝါးလာသဖြင့် ယန်မိသားစုကလည်း အစီအစဉ်များ ချမှတ်ထားပြီးသားဖြစ်၏။ သို့သော် သူတို့ အချိန်နည်းနည်းထပ်လိုနေသေးသည်။ ထို့ကြောင့် အကြီအကဲယန်သာ ဆုံးပါးသွားလျှင် ယန်မိသားစုအတွက်တော့ ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာလိမ့်မည်။
ယန်ချွမ်းက ဆေးရုံခန်းထဲရှိ သူ့အဘိုးကို ကြည့်ရင်း အလွန်စိုးရိမ်ပူပန်နေမိသည်။ သို့သော် သူ ယဲ့ချန်းကို ရုတ်တရက်ကြည့်လိုက်မိသည်။
ယဲ့ချန်းက သူ့ပခုံးကိုပုတ်လျက် ပြုံးပြသည်။
"စိတ်မပူပါနဲ့။ မင်းအဘိုး အဆင်ပြေသွားမှာပါ"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ အစောပိုင်းတုန်းက စိုးရိမ်သောကရောက်နေသော ယန်ချွမ်း၏အမူအရာလည်း အနည်းငယ်ပြေလျော့သွားသည်။
တစ်ဖက်ရှိ ယန်လင်းကတော့ ယဲ့ချန်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေမိသည်။
ယဲ့ချန်းက အဘိုးအို အဆင်ပြေသွားလိမ့်မည်ဖြစ်ကြောင်း အာမခံလိုက်သောအခါ သူ့သား၏ စိုးရိမ်ပူပန်နေသော အမူအရာက ပြေလျော့သွားသဖြင့် သူ့သားမှာ ယဲ့ချန်းကို အလွန်အမင်းယုံကြည်ကိုးစားနေကြောင်း သတိထားမိလိုက်သည်။
"ယန်ချွမ်း ဒီလူကြီးမင်းက ဘယ်သူလဲ"
ယန်လင်းလည်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။
"ဒါက ကျွန်တော့်အစ်ကိုယဲ့ချန်းပါ အဖေ။ အစ်ကိုယဲ့က ဟူဇီရဲ့လှုပ်ရှားမှုအကြောင်း သတိပေးခဲ့တာလေ"
ယန်လင်းလည်း အတန်ငယ်အံ့ဩသွားရသည်။ သူ့သား၏စရိုက်ကို သူ ကောင်းကောင်းသိသည်။ မိုတုမြို့ထဲရှိ သူဌေးသားများအားလုံးကို သူက မျက်လုံးထဲပင် မထည့်ခဲ့ချေ။
သူ့သားကိုယ်တိုင်က "အစ်ကို"ဟု ခေါ်ရလောက်သူမှာ ထူးခြားလှသော စွမ်းရည်များကို ပိုင်ဆိုင်ထားခြင်းဖြစ်ရမည်။
ထို့ပြင် ဟူဇီ၏လှုပ်ရှားမှုမှာ ယန်မိသားစုကတောင် သတိမထားမိလောက်သည့် စေ့စပ်သေချာသော အစီအစဉ်တစ်ခုဖြစ်သည့်တိုင် ယဲ့ချန်းကတော့ သိနေခဲ့သည်။
ယန်လင်းလည်း ဤလူငယ်လေးကို လျှော့မတွက်ရဲပေ။ ထို့ကြောင့် ပြုံးလျက် ပြောလိုက်၏။
"မစ္စတာယဲ့.. ကျုပ်တို့ယန်မိသားစုက မင်းအပေါ် ကျေးဇူးကြွေးတစ်ခုတင်သွားပြီ။ မင်း အခွင့်ကြုံရင် ကျုပ်တို့အိမ်ကိုလာခဲ့ပါဦး။ ကျေးဇူးတင်တဲ့အနေနဲ့ ကျုပ်ကိုယ်တိုင် ခင်ဗျားကို စားသောက်ပွဲတစ်ခု ကျင်းပပေးချင်လို့"
"ဦးလေးယန်.. ခင်ဗျားက အရမ်းသဘောကောင်းတာပဲ။ ယန်ချွမ်းက ကျွန်တော့်သူငယ်ချင်းပဲ။ သူ ဒုက္ခရောက်နေရင် ကူညီရမှာပေါ့"
ယန်လင်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ရှောင်ယန်..အခုကစပြီး မစ္စတာယဲ့နဲ့ ရင်းရင်းနှီးနှီးနေပါ။ နားလည်လား"
"စိတ်မပူပါနဲ့။ အခုကစပြီး အစ်ကိုယဲ့က ကျွန်တော့်အစ်ကိုအရင်းပါပဲ"
ယန်ချွမ်းက ပြုံးလျက် ပြောလိုက်လေသည်။
ထိုအချိန်မှာပင် လူအိုကြီး၏အခြေအနေကလည်း တည်ငြိမ်သွားသည်။ တာဝန်ကျဆရာဝန်ကလည်း အပြင်ထွက်လာပြီး ပြောလေသည်။
"အဘိုးက အဆင်ပြေသွားပါပြီ။ ဒါပေမဲ့ ရှေ့လျှောက်ဆိုရင် သူ့စိတ်ခံစားချက်ကို သေချာစောင့်ကြည့်ပေးပါ။ တအားပျော်လွန်းတာတို့ တအားဝမ်းနည်းလွန်းတာတို့ကို ရှောင်ပါ"
ဆရာဝန်၏စကားကို ကြားသောအခါ ယန်လင်းလည်း အတန်ငယ်အံ့အားသင့်သွားပြီး ယဲ့ချန်းကို ကြည့်လိုက်မိသည်။
သူ့အဖေ အဆင်ပြေသွားလိမ့်မည်ဖြစ်ကြောင်း ယဲ့ချန်းက ကြိုသိနေခဲ့တာလား?
ယဲ့ချန်းနှင့် ယန်ချွမ်းတို့လည်း ဆေးရုံထဲမှ ထွက်လာခဲ့လိုက်ကြသည်။
ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းက မြည်လာချေသည်။ ခေါ်ဆိုသူကား ကောင်းလဲ့ပင်။
"အစ်ကိုယဲ့… ဒီည မာရီယော့ဂရန်းဟိုတယ်မှာ ကျွန်တော် ဧည့်ခံပွဲလုပ်မလို့။ အချိန်ရရင် လာခဲ့ပါလား"
"ရတယ်လေ။ ဒီည ငါအားတယ်။ အချိန်မီလာခဲ့လိုက်မယ်"
ယန်ချွမ်းက မေးလိုက်၏။
"ကောင်းလဲ့က ကျွန်တော်တို့ဂရုထဲမှာ စာပို့ထားတယ်။ ဒီည အစ်ကိုယဲ့နဲ့အတူ လူတိုင်းကို အရက်အတူသောက်ပြီး အရှက်ကွဲအောင်လုပ်ခိုင်းထားတယ်။ ပြီးရင် အဲဒါကို အွန်လိုင်းပေါ် တင်မယ်တဲ့"
ယခုဆိုလျှင် ယန်ချွမ်းက ယဲ့ချန်း၏ညီငယ်လေး ဖြစ်နေပြီဖြစ်ရာ ယဲ့ချန်းအား သူ့ဖုန်းကို ထုတ်ပြလိုက်သည်။
ကျန်သူဌေးသားများကလည်း စိတ်အားထက်သန်နေကြလေသည်။
"သေစမ်း… တောသားတစ်ယောက်ကများ ငါတို့ရဲ့နတ်ဘုရားမကို အလစ်သုတ်ရဲသတဲ့။ ငါတို့က ဘာကောင်တွေလဲဆိုတာ ဒီညတော့ ဒီကောင်သိအောင် ပြရမယ်"
"ဟုတ်တယ်။ ဟားဟားဟား ငါ စဉ်းစားထားပြီးပြီ။ သူမူးတဲ့အခါ ငါတို့ သူ့ကို ပွဲတစ်ခု ဖျော်ဖြေခိုင်းပြီး အွန်လိုင်းပေါ် တင်ကြမယ်"
"အဲဒီဗီဒီယိုကိုမြင်ရင် ဝမ်ယိ ဘယ်လိုများထင်မလဲမသိဘူး"
…
ယဲ့ချန်း၏နှုတ်ခမ်းကား တွန့်ကွေးသွားလေသည်။
"ငါ့ကို ဒုက္ခပေးချင်တာလား။ မင်းတို့က ဝါနုပါသေးတယ်"
•••••••••••••••••