ဒါက ဘာအဓိပ္ပာယ်လဲ ...
Vol. 1 Ch. 215
ကျန်းရီ၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့သည် ကြိုးဖြင့်တုပ်နှောင် ထားခြင်း ခံရ၍ ဆံပင်များ ရှုပ်ပွ၊ သွေများ ခြင်းခြင်းနီ နေလေရာ အလွန် သနားစဖွယ် အခြေအနေ ဖြစ်နေခဲ့သည်။ ကြေးညိုရောင် အသားအရေကြောင့် ရှားထျန်းသည် ကျန့်ဝူရွှမ်းအား ချက်ချင်း မှတ်မိလိုက်သည်။ သို့သော် သူသည် မမှတ်မိဟန် ဆောင်၍ ရွှေချမ်လော့ အတွက် လက်စားချေ ပေးချင်သည့် အလား ပြောဆိုနေခဲ့သည်။ သူသည် မျက်တောင်တစ်ချက် မခတ်ဘဲ လိမ်ညာ နေခြင်းပါပေ။
"အိုး ...”
ရွှေကျုံးဟွာ၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ ကျန်းရီသည် သူမကို ထိုလူစု သံသယ မဝင်ဘဲ ရောက်လာအောင် လှည့်စားရန် ညွှန်ကြား ထားခဲ့သည်။ ယခု သူတို့သည် သူတို့ဟာသူတို့ အရင်စ လာသည်ဖြစ်ရာ သူမ ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
"ဒီလူတွေက သခင်မလေးကို အန္တရာယ် ဖြစ်စေတဲ့ လူတွေပဲ ... သခင်မသာ ပေါ်မလာခဲ့ရင် သခင်မလေး သေနေလောက်ပြီ။ ဒီလူတွေရဲ့ နောက်ခံက ထင်သလောက် မရိုးရှင်းဘူး၊ ဒါကြောင့် သခင်မလေးရဲ့ အမိန့်မပါဘဲ ကျွန်မတို့ ဘာမှ လွန်လွန်ကျူးကျူး မလုပ်ရဲဘူး၊ ရှင်တို့ သူတို့တွေရဲ့ အသိုင်းအဝိုင်းက လာပြီး လက်စားချေမှာ မကြောက်ဘူးလား ...”
"ဟားဟားဟား ...”
ရှားထျန်းနှင့် ကျန်းစွန်းဝူကျိ နှစ်ယောက်လုံးသည် ရယ်ချလိုက်ပြီး ရှားထျန်းသည် လက်ဟန်ပြကာ အော်ဟစ်လိုက်သည်။
"ဒီသုံးယောက်ကို ဆွဲခေါ်ပြီး ချက်ချင်း သတ်ပစ်လိုက်စမ်း၊ ဒီကမ္ဘာမှာ ငါရှားထျန်း မသတ်ရဲတဲ့သူ မရှိဘူး"
ရှားထျန်း၏ လူများ မလှုပ်ရှား ကြသော်လည်း ကျန်းစွန်းဝူကျိ၏ မျက်နှာထက်တွင် ပျော်ရွှင်မှု တစ်စွန်းတစ်စ ပေါ်ထွက်လာကာ လက်ဟန်ပြ လိုက်သည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် အယောက် နှစ်ဆယ်ခန့်သည် ရှေ့သို့ တက်လာကြသည်။ ရွှေကျုံးဟွာသည် သူမ၏ နောက်လိုက်များကို ဘေးဖယ်နေရန် လက်မြှောက်ပြ လိုက်ပြီး ကျန်းစွန်းဝူကျိ၏ လူများရှေ့တိုး လာခြင်းကို ခွင့်ပြုလိုက်သည်။
ထိုလူ နှစ်ဆယ်ခန့် ဆယ်မီတာကျော် ရှေ့တိုး လာပြီးသည်နှင့် ကျန်းရီ၏ နှုတ်ခမ်း ထောင့်စွန်းများ ကွေးတက်သွားကာ ကျောချမ်းစရာ အပြုံးတစ်ခု ဖြစ်တည် လာခဲ့သည်။ သူသည် သူ့ကို ထိန်းကိုင်ထားသော ကုထယ်ကြားအောင် တီးတိုး ပြောလိုက်သည်။
"စတော့ ...”
ကျန်းရီ၏ အမိန့်ရသည်နှင့် အားလုံးသည် အတွင်းအားများ ထုတ်ဖော် လိုက်ကြသည်။ အတွင်းအား တိုက်ခိုက်မှု ခုနစ်ဆယ်ကျော် ထွက်ပေါ်လာခဲ့ပြီး ပြေးဝင်လာသော လူနှစ်ဆယ်ကျော်ထက် ကျဆင်း လာခဲ့သည်။
"အမ် ...”
"အား ... နောက်ဆုတ်ကြ ...”
"ခေါင်းဆောင်ငယ် ...”
အဖြစ်အပျက် အလှည့် အပြောင်းတို့သည် ကျန်းစွန်းဝူကျိနှင့် ရှားထျန်းတို့၏ မျက်နှာများကို ပျက်သွားစေ လေသည်။ လူနှစ်ဆယ်ကျော်၏ မျက်နှာများမှာမူ သွေးမရှိ လောက်အောင် ဖြူဖျော့ နေလေပြီ။ နှစ်ဖက်၏ အကွာအဝေးသည် ဆယ်မီတာကျော်သာ ကွာဝေးရာ ကျန်းစွန်းဝူကျိ၏ လူများသည် သတိမထားဘဲ ချဉ်းကပ် သွားခဲ့ကြသည်။ တစ်ဖက်မှာမူ တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင် ထားခဲ့သည်။ ရလဒ်သည် ခန့်မှန်းရန် လွယ်ကူလွန်းသည်။
"ဖုန်း ... ဖုန်း"
အတွင်းအား တိုက်ခိုက်မှု များသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် လူနှစ်ဆယ်ကျော်ထက် မျက်တောင် တစ်ခတ်စာအတွင်း ကျဆင်း သွားခဲ့သည်။ အများစုသည် တစ်စစီ ဖြစ်သွား၍ ကျန်လူများသည် သွေးများ ခြင်းခြင်းနီ သွားခဲ့လေသည်။ သူတို့ မသေလျှင်တောင် သေစေလောက် ဒဏ်ရာများ ရ၍ မသန်စွမ်း ဖြစ်ကုန်ကြမည်မှာ အသေအချာ။
"ဒါ ... ဒါက ဘာအဓိပ္ပာယ်လဲ ... မင်းတို့ ဘာလို့ ငါတို့ လူတွေကို တိုက်ခိုက်တာလဲ ...”
ရှားထျန်း၏ မျက်မှောင်များ ကြုတ်သွားကာ ရွှေကျုံးဟွာကို စိုက်ကြည့်၍ အော်ဟစ်လိုက်သည်။ ကျန်းစွန်းဝူကျိသည် ရေခဲနဂါးကြီးကို ထိန်းချုပ်၍ လေပေါ်သို့ ပျံတက်သွားကာ ချက်ချင်း အော်ဟစ်အမိန့်ပေး လိုက်သည်။
"နောက်ဆုတ် ... အားလုံး နောက်ဆုတ်ကြ ...”
"နောက်ကျသွားပြီ၊ တိုက်ခိုက်ကြ ...”
ကျန်းရီ အော်ဟစ်လိုက်သည်။ ကုထယ်နှင့် အခြားလူများသည် ချက်ချင်း လှုပ်ရှား လိုက်ကြသည်။ ရွှေယွဲ့လျန် မျှော်စင်မှ မိန်းကလေးများ သည်လည်း ရွှေချမ်လော့ကို စောင့်ရှောက်ရန် တစ်ယောက်သာ ကျန်ရစ်၍ တိုက်ခိုက် ကြလေသည်။
ကျန်းရီ၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့သည် ဆက်လက်၍ သတိလစ်ဟန် ဆောင်နေကြသည်။ ကျန့်ဝူရွှမ်း၏ အဆင့်အတန်းနှင့် ပင်လျှင် သူဝင်မပါ သင့်သော အရာများ ရှိလေသည်။ ရှားထျန်း ခေါ်လာသော လူများ အားလုံးသည် တော်ဝင်မိသားစု၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်သည် တော်ဝင်မိသားစု၏ လက်ထဲတွင် ရှိနေသောကြောင့် ကျန်းရီ ကိုယ်တိုင်လည်း ရှားထျန်းကို ပေါ်ပေါ်ထင်ထင် မတိုက်ခိုက်ဝံ့ပေ။ ထို့ကြောင့် သူတို့ သုံးယောက်လုံး သတိလစ်နေဟန် ဆောင်နေကြခြင်း ဖြစ်လေသည်။ သူတို့သုံးယောက်သည် နောက်ကွယ်မှ ကြိုးကိုင်သူများ ဖြစ်ကြောင်း ကျန်းစွန်းဝူကျိနှင့် ရှားထျန်း သိသွားလျှင်တောင် ထိုအကြောင်းအား ထုတ်ပြော၍ ရမည်မဟုတ်ချေ။
"လရိပ်ပြာ ဝင်္ကပါ ...”
ရွှေယွဲ့လျန် မျှော်စင်မှ မိန်းမပျိုလေး များသည် ပြေးလွှား၍ နေရာယူ လိုက်ကြပြီး တစ်ပြိုင်နက် စတင် လှုပ်ရှားကြသည်။ သူတို့၏ ဝတ်စုံများမှ အစိမ်းရောင် အလင်းများ ထွက်ပေါ် လာခဲ့လေသည်။ အစိမ်းရောင် အလင်းတန်းတို့သည် သူတို့အား ဆဋ္ဌဂံပုံ ချိတ်ဆက်ပေး ထားလေသည်။ သူတို့ လေးဆယ့် လေးယောက်၏ တိုက်ခိုက်မှုများသည် ထွက်ပြေးရန် ကြိုးစားနေကြသူ များထံ ကျရောက် သွားလေသည်။
"လေဖြင့် ချုပ်နှောင်ခြင်း ...”
ကုထယ်၏ တောင်ဝှေးသည် အလင်းရောင်များ လင်းလက်လာကာ သိုင်းသမားများအား ချုပ်နှောင် လိုက်လေသည်။ သူတို့၏ လှုပ်ရှားနိုင်စွမ်းများ လျော့ကျ သွားသည်နှင့် အတွင်းအား တိုက်ခိုက်မှုများ ကျဆင်းလာပြီး ထိုလူတို့အား တစ်စစီ ဖြစ်သွား စေလေသည်။
"အမိ ကမ္ဘာမြေ၏ မြည်ဟည်းသံ ...”
ဟော်ရှုသည်လည်း သူ၏ မှော်ပညာအား ထုတ်လွှတ်လိုက်သည်။ မြေပြင်သည် တုန်ခါလာခဲ့ပြီး လွတ်မြောက်လု နီးနီး ဖြစ်နေသော လူများအား နှေးကွေး သွားစေလေသည်။
"သတ်ကြ ...”
အရှေ့ ဘက်ခြမ်းမှ သိုင်းသမားတစ်စု ပြေးထွက် လာကြသည်။ ထိုအုပ်စုတွင် လူအများကြီး မပါပေ။ စုစုပေါင်း အယောက်ရှစ်ဆယ်ခန့် ဖြစ်၍ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်မှာ ကိုးယောက်သာ ပါလေသည်။
သူတို့ အားလုံးသည် အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားကြပြီး မျက်နှာအား အနက်ရောင် အစများဖြင့် စည်းနှောင် ထားကြသည်။ သူတို့၏ မျက်လုံးအစုံသည် သတ်ဖြတ်ခြင်း အရှိန်အဝါတို့ဖြင့် တောက်လောင် နေလေသည်။ သူတို့သည် အနီးသို့ ရောက်သည်နှင့် စကားတစ်ခွန်းမှ မဆိုဘဲ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည် အတွင်းအားများ ထုတ်ဖော် လိုက်ကြသည်။ ထိုအုပ်စုထဲမှ အမျိုးသမီး တစ်ယောက်သည် ဘူးသီးခြောက် တစ်လုံးကို ကိုင်မြှောက်လိုက်၏။ ဘူးသီးခြောက်မှ အလင်းရောင်များ ထွက်ပေါ် လာသည်နှင့် မြေပြင်ထက်မှ အစိမ်းရောင် မြွေလေးများ ထွက်ပေါ်လာကာ ရှားထျန်းနှင့် ကျန်းစွန်းဝူကျိတို့၏ လူများထံ တိုးဝင် သွားကြသည်။
"အား ...”
ကျန်းစွန်းဂိုဏ်းနှင့် တော်ဝင်မိသားစုမှ လူများသည် လုံးဝ အရေးနိမ့် နေခဲ့သည်။ သူတို့သည် အရေအတွက်နှင့်ရော အရည်အချင်းနှင့်ပါ ရှုံးနိမ့် နေလေသည်။ ရွှေယွဲ့လျန် မျှော်စင်မှ လရိပ်ပြာ ဝင်္ကပါသည် တိုက်ခိုက်နိုင်စွမ်းကို မြင့်တက်စေ၍ ရှန်မိနိုင်ငံမှ လူများ၏ မှော်အစွမ်းတို့နှင့် လိုက်ဖက်ညီ နေလေသည်။ သူတို့အုပ်စု သေးသေးလေး မပြောနှင့်၊ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် အယောက်တစ်ရာ လာလျှင်တောင် ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
"ဝူကျိ ... ငါတို့ ဘာလုပ်ကြ မလဲ ...”
အောက်မှ သူတို့လူများသည် အလှီးခံရသော ဖရဲသီးများ အလား တစ်ယောက်ပြီး တစ်ယောက် သေဆုံး နေသည်ကို ကြည့်ရင်း ရှားထျန်း၏ မျက်နှာသည် သုန်မှုန် လာခဲ့သည်။ သူနှင့် ကျန်းစွန်းဝူကျိ၏ အရည်အချင်းဖြင့် အောက်ဆင်း သွားလျှင်တောင် သေနိုင်ချေ ရှိလေသည်။
"ငါတို့ ဘာလုပ် နိုင်မှာလဲ ...”
ကျန်းစွန်းဝူကျိသည် ကျန်းရီနှင့် ရွှေချမ်လော့အား ခါးသီးစွာ ငုံ့ကြည့်လိုက်သည်။ အစောပိုင်းက သူနားမလည် သော်လည်း ယခု သူအသိ ဝင်သွားပြီ ဖြစ်လေသည်။ ဘာဖြစ်ခဲ့သည်ကို သူအတိအကျ မပြောနိုင် သော်လည်း ဤကိစ္စတွင် သေချာပေါက် ကျန်းရီ ပါဝင် နေကြောင်းတော့ ပြောနိုင်လေသည်။ မဟုတ်ပါက ရွှေချမ်လော့၏ နောက်လိုက်များသည် ဤသို့ ပြုမူကြမည် မဟုတ်ပေ။
အကုန် သေဆုံး ကုန်တော့မည့် သူ့လူများကို ကြည့််ရင်း ရှားထျန်းသည် လက်မလျှော့လို ဟန်နှင့် ကျန်းရီကို စိုက်ကြည့်လိုက်ပြီးမှ ပြောလာခဲ့သည်။
"ဘာလို့ ရေခဲနဂါးကို ထိန်းချုပ်ပြီး အောက်ကို မဆင်းခိုင်းတာလဲ ... ငါတို့ နတ်ဘုရား သတ်ဖြတ်ခြင်းမြားနဲ့ ကျန်းရီကို ပစ်သတ်လို့ ရသေးတာပဲ ...”
"ခြီ ...”
ကျန်းစွန်းဝူကျိသည် လှောင်ရယ်သံ တစ်ချက် ပြုလိုက်ပြီး ကျန်းစွန်းဂိုဏ်းမှ လူများကို နာကျင်ဟန် တစ်စွန်း တစ်စနှင့် ငုံ့ကြည့်လိုက်သည်။ သူသည် အံကြိတ်၍ ရေခဲနဂါးကြီးကို အဝေးသို့ မောင်းနှင်သွား လိုက်သည်။
ရှားထျန်းသည် တုံးအလွန်း သော်လည်း ကျန်းစွန်းဝူကျိကမူ အရူး မဟုတ်ပေ။ သူဆင်းလိုက်လျှင် ကျန်းရီသည် ဟန်ဆောင် နေခြင်းကို ရပ်လိုက်လိမ့်မည်။ ကျန်းရီတွင်သာ သူနှင့် ရှားထျန်းကို နှုတ်ပိတ်ရန် အခွင့်အရေး ရသွားလျှင် ကျန့်ဝူရွှမ်းသည်ပင် ပါဝင်လှုပ်ရှား လာပေလိမ့်မည်။
"ဟူး ...”
ကျန်းရီသည် အဝေးသို့ ပျံသန်းသွားသော ရေခဲနဂါးကြီးကို မျက်လုံးများ ဖွင့်ကာ ကြည့်လိုက်သည်။ ကျန့်ဝူရွှမ်းလည်း သက်ပြင်း အသာချ လိုက်သည်။ ကျန်းစွန်းဝူကျိသည် ပါးနပ်လွန်း လှသည်။ သူတို့ သုံးယောက်သည် ထိုနှစ်ယောက်ကို သတ်ဖြန်ရန် သူတို့ ဆင်းလာမည့် အချိန်ကို စောင့်ဆိုင်း နေခဲ့သည်။ သို့သော် ယခုမူ သူတို့ ထွက်ခွာ သွားသည်ကိုသာ ကြည့်နေရ လေသည်။
တိုက်ပွဲသည် အလျင်အမြန် ပြီးဆုံးသွားခဲ့ပြီး ကျန်းရီသည် ရလဒ်ကို ကျေနပ် သွားခဲ့သည်။ သူတို့ဘက်မှ ဒဏ်ရာရသူ အနည်းငယ် ရှိသော်လည်း အသေအပျောက် မရှိချေ။ ကျန်းစွန်းဝူကျိတို့ ဘက်မှ လူများကမူ အားလုံးသေဆုံး သွားကြသည်။ ခေါင်းဆောင်နှစ်ယောက် လွတ်သွားသည် ကသာ စိတ်မကောင်းစရာ ဖြစ်သည်။
"မင်းသမီး၊ သခင်လေးကျန်း၊ သခင်လေးကျန့် ... သူတို့တွေ တစ်ယောက်မှာမှ တံဆိပ်ပြားတွေ မရှိဘူး"
တိုက်ပွဲ နေရာအား ရှင်းလင်းပြီးနောက် ကုထယ်၏ လူများသည် အလွန် ဆိုးရွားလှသော သတင်းကို သယ်ဆောင် လာလေသည်။ ကျန်းရီသည် ကျန်းစွန်းဝူကျိတို့ ထွက်သွားရာ အရပ်ကို သုန်မှုန်စွာ ကြည့်လိုက်သည်။ ရှားထျန်းတွင် ရှေးဟောင်း နတ်ဘုရား လက်စွပ်တစ်ကွင်း ပါလာ၍သာ တံဆိပ်ပြားများကို သိမ်းဆည်း ထားနိုင်ခြင်း ဖြစ်ရပေမည်။
ကျန်းစွန်းဂိုဏ်းနှင့် တော်ဝင် မိသားစုသည် အတော်လေး ချမ်းသာ ကြလေသည်။ ထိုလူစုထံတွင် ဝိညာဉ်အဆင့် လက်နက် နှစ်ခုနှင့် နတ်ဘုရား သတ်ဖြတ်ခြင်း လေးများ ပါလာခဲ့သည်။ ကုထယ်က မေးမြန်း လာသောအခါ ကျန်းရီသည် လက်ကာပြကာ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးကို ပြောလိုက်သည်။
"အဲဒီ ပစ္စည်းတွေကို မင်းတို့ဂိုဏ်းတွေ ခွဲယူလိုက်ကြ၊ ငါ့မှာ ဝိညာဉ်အဆင့် လက်နက်တွေရော၊ နတ်ဘုရား သတ်ဖြတ်ခြင်း လေးဆယ်စုံရော ရှိတယ်။ အဲဒါတွေကို ငါမလိုဘူး"
ကျန့်ဝူရွှမ်းသည်လည်း ငြင်းပယ်လိုက်သည်။
"ယွင်ဖေး၊ မင်းရဲ့လူတွေကို ပေးလိုက် ... တော်ဝင်မိသားစုရဲ့ ပစ္စည်းတွေကို ငါတို့ ယူထားလို့ မဖြစ်ဘူး"
ယွင်ဖေးသည် ငြင်းပယ် မနေတော့ဘဲ သူမ၏ လူများကို ချက်ချင်း ခွဲဝေပေး လိုက်သည်။ ဟော်ရှုနှင့် ကုထယ်တို့၏ လူများကမူ ဘာမှ မရကြပေ။ ရွှေယွဲ့လျန်မျှော်စင်မှ မိန်းကလေးများ ကလည်း ဘာမှ မတောင်းဆိုကြပေ။ သူတို့သည် ရွှေချမ်လော့၏ ရတနာများကို ကျန်းရီ မလုယူခြင်းကိုပင် ကျေးဇူးတင်နေခြင်း ဖြစ်လေသည်။
"သွားကြစို့ ...”
ကျန်းရီသည် လက်ယမ်းပြကာ အော်ပြောလိုက်သည်။
"ယွင်ဖေး ... ဆက်ပြီး၊ အာရုံခံ ထောက်လှမ်းနေ။ လူငါးဆယ်ကျော်ပါတဲ့ အုပ်စုတွေ့တာနဲ့ ချက်ချင်း ဝန်းရံကြမယ် ... ... တံဆိပ်ပြားတွေကို ငါယူမယ် ... ရတဲ့ပစ္စည်းတွေ အားလုံးကိုတော့ မင်းတို့ပိုင်တယ်"
***