ကျဲ့တိုင်းပြည်
Vol. 58 Ch. 856
ဤအဖွဲ့တစ်ခုလုံး အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေချိန်တွင် ရွှယ်အန်းက ၎င်းတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဤအမျိုးသားများအားလုံးသည် ဥရောပအလယ်ခေတ်ကဲ့သို့သော ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားကြသည်။ အစောင့်အကြပ်များဖြင့် ဝန်းရံခံထားရသော အမျိုးသမီးသည် ကြက်သွေးရောင်၀တ်စုံကို ၀တ်ဆင်ထားကာ ထူးခြားသော စွမ်းအင်အတက်အကျများ ဖြာထွက်နေသည်။
၎င်းတို့သည် ဂိမ်းတစ်ခုမှ ထွက်လာသည့် စွန့်စားသူအုပ်စုနှင့်ပင် အလွန်ဆင်တူသည်။ ရွှယ်အန်းက ၎င်းတို့ကို အကဲဖြတ်နေစဉ် လီနာသည်လည်း ရွှယ်အန်းကို လေ့လာနေလေသည်။ ဤအမျိုးသားသည် ငယ်ရွယ်ကာ အနက်ရောင်မျက်လုံး အနက်ရောင်ဆံပင်များနှင့် ထူးခြားလှသည့် ချောမောသောအသွင်အပြင်မျိုးရှိကြောင်း သူမ သတိထားလိုက်မိသည်။ သူသည် အံဝင်ခွင်ကျဖြစ်၍ အလွန်သပ်ရပ်သော အဝတ်အစားများကို ၀တ်ဆင်ထားသည်။
ဧည့်ခံပွဲတစ်ခုသို့ သွားရောက်မည့်ဟန်ရှိသော သူ၏အသွင်အပြင်သည် မြေပြင်ပေါ်ရှိ အဆိပ်ပြင်း ရွှံနွံသိသာသာ ကွဲလွဲနေသည်။ ထို့အပြင် ဤအမျိုးသား ထွက်ပေါ်လာသည့် လမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် နက်ရှိုင်းသော ရွှံ့နွံများထဲမှထွက်လာပုံရသည်။ လီနာသည် စိတ်ထဲတွင် တွက်ချက်ပြီးနောက် သူမ၏ အမူအရာသည် လေးစားသော အပြုအမူသို့ ပြောင်းလဲသွားသည်။ ပြီးနောက် သူမသည် အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ လက်များကို ပခုံးပေါ်တင်၍ အနည်းငယ် ဦးညွှတ်လျက် ရွှယ်အန်းကို အမြင့်ဆုံးမှော်ပညာရှင်ထံ ပြသသော ရိုသေမှုမျိုးပေးအပ်လိုက်သည်။
“အချိန်မီကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စွမ်းအားကြီးတဲ့ ဆာမူရိုင်း’’
ရွှယ်အန်း၏မျက်လုံးများတွင် အလင်းရောင်များ လင်းလက်လာခဲ့ရာ၊ သူသည် ထိုစကားလုံးအနည်းငယ်မှ ဤကမ္ဘာ၏ ဘာသာစကားကို လျင်မြန်စွာ သင်ယူပြီးနောက် ပေါ့လျော့စွာ ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်စရာ မလိုဘူး၊ ကျုပ်လည်း ဒီနားကနေ ဖြတ်လျှောက်ရုံပါ။ ဒါပေမယ့် ခင်ဗျားက ဘာလို့ဒီမှာရှိနေတာလဲ”
“ကျွန်မနာမည်က လီနာပါ၊ ဒီအနီးနားက ကျဲ့တိုင်းပြည်ကပါ။ ကျွန်မ ဒီကို ဘာလို့ရောက်နေတာလဲဆိုတော့..."
လီနာမျက်နှာပေါ်တွင် ခါးသီးမှုများ ပေါ်ပေါက်လာသည်။
“ရိုးရာထုံးတမ်းဓလေ့အခြေအနေ ပြီးမြောက်ဖို့ ဧရာမ ပုတ်သင်တစ်ကောင်ကို သတ်ဖြတ်ဖို့ လိုအပ်နေလို့ပါ”
ကျဲ့တိုင်းပြည်ဟူသည့် ဤနေရာသည် အလယ်ခေတ်ဥရောပနှင့် အလွန်တူပုံရသည်။ ရွှယ်အန်းက စဉ်းစားနေစဥ် လီနာက သူ့ကို ခေတ္တ တိတ်တဆိတ် စိုက်ကြည့်ပြီးနောက် ညင်သာစွာ မေးမြန်လိုက်သည်။
“မြင့်မြတ်တဲ့ ဆာမူရိုင်း၊ အရှင့် နာမည်က ဘယ်လိုခေါ်ပါလဲ၊ ပြီးတော့ ဘယ်ကလာခဲ့တာပါလဲ”
“ကျုပ်က ရွှယ်အန်း၊ ကျုပ် နက်ရှိုင်းတဲ့ ရွှံ့ညွန်ထဲက လာတာ” ရွှယ်အန်းက ဘာသိဘာသာ ပြန်ဖြေလိုက်သည်။
ရွှယ်အန်း၏ စကားများကို ကြားသောအခါ အဖွဲ့တစ်ခုလုံး တုန်လှုပ်သွားသည်။ အဆိပ်မြူရွှံ့ညွန့်သည် ကျယ်ပြောလှကာ ပြင်းထန်သော အဆိပ်ငွေ့များနှင့် ပြင်းထန်သော အဆိပ်ရှိသားရဲများစွာဖြင့် ပြည့်နှက်နေသည့်အတွက် အလွန်အန္တရာယ်များကြောင်း လူသိများကြသည်။ ထို့ကြောင့် အဆိပ်မြူရွှံ့ညွန့်၏ နက်ရှိုင်းသော နေရာထဲသို့ လူအနည်းငယ်သာ စွန့်စားရဲ့သည့်အပြင် လူအနည်းငယ်သာ အကောင်းပကတိအတိုင်း ပြန်လာနိုင်ကြသည်။
တိုင်းပြည်၏ အထက်တန်းစား စွန့်စားသူများပင် အဆိပ်မြူရွှံ့ညွန့်၏ အစွန်းတစ်ဝိုက်တွင်သာ လှုပ်ရှားရဲကြသည်။ ထို့အပြင် ၎င်းတို့သည် အစားကြူးသော ဧရာမ ပုတ်သင်တစ်ကောင်၏ သုတ်သင်မှုကို လုံးလုံးလျားလျား ခံရလုနီးပါးဖြစ်ခဲ့ရသည်။ ထို့ကြောင့် အဆိပ်မြူရွှံ့ညွန့်ထဲမှ လာခဲ့သည်ဟူသော ဤအမျိုးသား၏ စကားများသည် အလွန်မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။ ၎င်းတို့အားလုံးသည် ၎င်းတို့၏သံသယများကို ဖုံးကွယ်ထားကြသည်။
လီနာ၏ နှလုံးသား တင်းကျပ်နေချိန်တွင် သူမ၏ လေသံသည် ပို၍ပင် လေးစားလာခဲ့သည်။
“လူကြီးမင်းရွှယ်၊ ကျွန်မကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကိစ္စမရှိဘူးဆိုရင် ကျွန်မကို ကျဲ့တိုင်းပြည်ဆီ လိုက်ခဲ့ပေးပါ။ ကျွန်မရဲ့ ခမည်းတော်က ရှင့်ကို သေချာပေါက် ကျေးဇူးဆပ်မှာပါ”
“ခမည်းတော်တဲ့လား” ရွှယ်အန်းက ပြောလိုက်သည်။
လီနာက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“စောစောက ကိုယ့်ကိုကိုယ် မိတ်မဆက်ခဲ့ဘူးပဲ။ ကျွန်မက ကျဲ့တိုင်းပြည်ရဲ့ မင်းသမီးတစ်ပါးပါ’’
ထိုသို့ကြားသောအခါ ရွှယ်အန်းက ခေတ္တ စဥ်းစားလိုက်သည်။ ဤကမ္ဘာကြီးသည် တမူထူးခြားမှုများနှင့် ပြည့်နှက်နေသည်။ ရွှယ်အန်း နတ်အာရုံအောက်တွင် သွေးမျိုးနွယ်စု၏ ဖြစ်တည်မှုကို မည်သည့်နေရာတွင်မျှ မတွေ့ရှိနိုင်ပေ။ သူသည် ဤအမျိုးသမီးပြောခဲ့သည့် ကျဲ့ဟုခေါ်သော တိုင်းပြည်သို့ လိုက်ပါကြည့်ရှုသင့်သည်။
ရွှယ်အန်းသည် ထိုသို့စဥ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“ဒီလိုဆိုရင်လည်း ကောင်းပါတယ်”
လီနာသည် အလွန်ဝမ်းသာသွားပြီးနောက် အပေါင်းအဖော်များဟု ခေါ်နေသို့သော် အမှန်တကယ်တွင် သူမ၏ အစောင့်အရှောက်များကို ဧရာမ ပုတ်သင်ကြီး၏ မီးတောက်အောက်တွင် သေဆုံးသွားခဲ့သော ဓားသမားများ၏ ခန္ဓာကိုယ်များကို ယူဆောင်များရန် ချက်ခြင်း အမိန့်ပေးလိုက်သည်။ ပြီးနောက် အစောင့်အရှောက်တစ်ဦးသည် ဧရာမ ပုတ်သင်ကြီး၏ ခန္ဓာကိုယ်မှ ချွန်ထက်သော လက်သည်းတစ်ခုကို ဖြတ်ရန် အရှေ့သို့ တိုးလာသည်။ ၎င်းကို လီနာ၏ အရွယ်ရောက်ခြင်း အခမ်းအနားအတွက် လက်ဆောင်အဖြစ် ပြန်လည်ယူဆောင်သွားရန်ဖြစ်သည်။ လီနာပြောခဲ့သည့်အတိုင်း ကျဲ့တိုင်းပြည်သည် ဤနေရာနှင့် မဝေးလှပေ။ ဤလူများသည် မြင်းများ စီးနှင်သွားကြရာ တစ်ရက်အကြာတွင် ဤတိုင်းပြည်၏ မြို့တော်သို့ ရောက်ရှိလာကြသည်။
“လူကြီးမင်းရွှယ်၊ ဒါက ကျွန်မတို့ ကျဲ့တိုင်းပြည်ရဲ့မြို့တော်ပါ" လီနာက ဂုဏ်ယူစွာ မိတ်ဆက်ပေးခဲ့သည်။
ချိုင့်ဝှမ်းများကြားတွင် တည်ထောင်ထားသည့် ဆယ်မိုင်ခန့်အကွာခန့်သာရှိသော ဤမြို့တော်ကို ကြည့်လိုက်သောအခါ ကျောက်တုံးများဖြင့် ဖြစ်ကတက်ဆန်း တည်ဆောက်ထားသည့် ၎င်း၏မြို့နံရံများကို မြင်လိုက်ရသည်နှင့် ရွှယ်အန်း ရုတ်တရက် ရယ်ချင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဤမြို့ငယ်လေးသည် အမှန်တကယ်ပင် တိုင်းပြည်၏ မြို့တော်ဖြစ်လေသလော။ သို့သော် ဤသည်မှာ အံ့ဩဖွယ်ရာ မဟုတ်ပေ။ အကယ်၍ ကျဲ့တိုင်းပြည်သာ အမှန်တကယ် အစွမ်းထက်နေပါက၊ လီနာသည် အဆိပ်မြူရွှံ့ညွန့်သို့ အဘယ်ကြောင့် ခရီးထွက်လိမ့်မည်နည်း၊ ထို့အပြင် ဧရာမ ပုတ်သင်တစ်ကောင်ကိုပင် အနိုင်မယူနိုင်ခြင်း ဖြစ်လေသလော။
၎င်းတို့အားလုံး မြို့တော်ထဲသို့ ဝင်လိုက်သည်နှင့် လမ်းမတွင် အိမ်နိမ့်များစွာ တန်းစီလျက်ရှိနေသည်။ လမ်းမများသည် ရွှံ့ဗွက်များနှင့် မြင်းများကြောင့် ညစ်ပေနေခဲ့ရာ၊ လမ်းမ၌ ညစ်ညမ်းသော မိုးရေများပင် ရှိနေဆဲဖြစ်၍ လေထုသည်လည်း မနှစ်မြို့ဖွယ် အနံ့အသက်များဖြင့် ပြည့်နှက်နေသည်။ သို့သော် လီနာ၏ ဝမ်းသာအားရ၍ ဂုဏ်ယူနေသော အမူအရာကို ကြည့်ခြင်းအားဖြင့် မြို့တော်နှင့် ပတ်သက်၍ မည်သည့်မသင့်လျော်မှုကိုမျှ မခံစားရပုံပေါ်သည်။
အမှန်တကယ်တွင် ဤကမ္ဘာကြီး၏ ထိုသို့ဖြစ်ထွန်းသောအခြေအနေအောက်တွင် ထိုကဲ့သို့ အလတ်စားမြို့တော်တစ်ခုရှိနေမှုအရ ကျဲ့တိုင်းပြည်သည် အလွန်အသင့်အတင့်ရှိကြောင်း သက်သေပြနေသည်။ အချို့သော တိုင်းပြည်၏မြို့တော်များသည် ရွာတစ်ရွာမျှသာဖြစ်ကြသည်။ မြို့တွင်းလမ်းများတစ်လျှောက် လီနာ၏လှည်းယဉ် ဖြတ်သန်းလာသည့်အခါ လမ်းတစ်လျှောက်ရှိ ဒေသခံများက လေးစားစွာ ဘေးဖယ်ကာ ၎င်းတို့ဘက်သို့ ရင်ဘတ်ပေါ် လက်တင်၍ အလေးပြုလာကြသည်။
ယင်းဖြစ်စဥ်အရ လူများကြားတွင် လီနာ၏ဂုဏ်သိက္ခာသည် မဆိုးလှကြောင်းပြသနေသည်။ လှည်းယဉ်သည် အခြားသော လမ်းမကြီးတစ်ခုကို ဖြတ်သန်းပြီးနောက် တစ်ဖက်သို့ကွေ့ကာ အပြာရောင် ကျောက်ပြားများ ခင်းကင်းထားသည့် လမ်းမသို့ ရောက်ရှိလာသည်။ ဤနေရာရှိ အိမ်များ၏ အလှဆင်မှုများသည် ယခင်တွေ့ရှိခဲ့သော အိမ်များထက် များစွာ ကောင်းမွန်နေသည်။ မလှမ်းမကမ်းတွင် ချွန်ထက်သော ခေါင်မိုးရှိသည့် ရဲတိုက်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
“လူကြီးမင်းရွှယ်၊ အဲဒါ ကျွန်မအဖေနေထိုင်တဲ့ တော်ဝင်နန်းတော်ပါ၊ အခုအချိန် သူနန်းတော်ထဲမှာ ရှိနေလောက်တယ်။ ကျွန်မ လူလွှတ်ပြီး စကားအမှာ ပါးထားပြီးသားပါ။ မကြာခင် ကျွန်မတို့ကို ကြိုဆိုဖို့ တစ်ယောက်ယောက် ရောက်လာလိမ့်မယ်”
သူမ စကားပြောနေစဉ်တွင် ငွေရောင်ယူနီကွန်တစ်ကောင်သည် ၎င်းတို့ဆီသို့ အပြေးနှင်လာခဲ့ရာ၊ ယူနီကွန်သည် လှည်းယဉ်၏ အရှေ့တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထိုအခါ လှည်းယဉ်ကို ဆွဲထားသည့် မြင်းများ လန့်ဖျပ်သွားသောကြောင့် ရှေ့ခွာများ အပေါ်သို့ ထောင်တက်သွားကာ ထိန်းချုပ်မှု လွတ်မြောက်လုနီးပါးဖြစ်သွားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် မြင်းထိန်းသည် ၎င်းတို့ကို ထိန်းကွပ်နိုင်သည့် ကျွမ်းကျင်သူဖြစ်နေသည်။ လီနာသည် ငွေရောင်ယူနီကွန်ကို မြင်လိုက်သည်နှင့် သူမ၏မျက်နှာအမူအရာ ချက်ချင်းပင် ဆိုးရွားလာသည်။
“ယာ့ကော၊ ဒါကဘာအဓိပ္ပါယ်လဲ”
ပြီးနောက် ပျင်းရိ၍ မောက်မာသော လေသံသည် ငွေရောင် ယူနီကွန်ပေါ်မှ ထွက်ပေါ်လာသည်။
“တောင်းပန်ပါတယ် မင်းသမီး၊ ကျုပ် ယူနီကွန်က နည်းနည်း ဂနာမငြိမ်ဖြစ်နေလို့ပါ၊ လန့်မသွားဘူး မဟုတ်လား။ အရွယ်ရောက်အခမ်းအနားအတွက် လက်ဆောင်ကို ပြင်ဆင်ပြီးတဲ့အပြင် ကြောက်မက်ဖွယ်ကောင်းတဲ့ ဆာမူရိုင်းတစ်ယောက်ကို ခေါ်လာတယ်လို့လည်း ကျုပ် ကြားထားတယ်” ယူနီကွန်ပေါ်တွင်ထိုင်ကာ ငွေရောင်ချပ်ဝတ်တန်ဆာ ၀တ်ဆင်ထားသည့် လူငယ်သည် ခက်ထန်သောမျက်နှာထားဖြင့် ပြောလာသည်။
ကြောက်မက်ဖွယ်ကောင်းသော ဆာမူရိုင်းကို ပြောသောအခါ သူ၏ လေသံသည် အနည်းငယ် ပြင်းထန်လာခဲ့ရာ၊ ထေ့ငေါ့မှုများဖြင့် ပြည့်နှက်နေသည်။
လီနာက အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။
“ဟုတ်တယ်၊ ဒါက ကျွန်မကို ကယ်တင်ခဲ့တဲ့ လူကြီးမင်းရွှယ်ပဲ၊ ခမည်းတော်တော်ဝင်နန်းတော်ထဲမှာလား"
“ဘုရင်မင်းမြတ်က ပြီးခဲ့တဲ့နေ့ကတည်းက နယ်စပ်နန်းတော်ကို ခရီးထွက်သွားတာ အခုထိ ပြန်မရောက်သေးဘူး" ယာ့ကောသည် ရွှယ်အန်းကို ကြည့်၍ ပေါ့လျော့စွာ ပြောလိုက်သည်။
ချောမောသော်လည်း လူငယ်တစ်ဦးအရွယ်မျှသာရှိသော ရွှယ်အန်းကို မြင်သောအခါ ယာ့ကော၏ မျက်နှာသည် တဖြည်းဖြည်း နက်မှောင်လာသည်။
“နက်ရှိုင်းတဲ့ ရွှံ့ညွန်ထဲကလာတဲ့ ဆာမူရိုင်းတစ်ယောက်တဲ့လား၊ ရယ်စရာပဲ။ သိုင်းသူတော်စင်တောင် အဆိပ်မြူရွှံ့ညွန့်ထဲကို တစ်ယောက်တည်း စွန့်စားဝံ့မှာ မဟုတ်ဘူး။ မင်းက ဘာမို့လို့လဲ”
“ပြီးတော့ ဒီမိုင်တစ်ထောင်အတွင်းမှာ သန်မာတဲ့လူ သိပ်ရှိတာ မဟုတ်ဘူး၊ သူတို့အားလုံးနဲ့ ကျုပ် ရင်းနှီးတယ်။ ဒီတော့ မေးခွန်းက မင်းက ဘယ်သိုင်းသူတော်စင်ရဲ့ တပည့်လဲ’’