← Chapters

သိုင်းသူတော်စင်တဲ့လား၊ ကျုပ် ဖိနပ်တွေသယ်ဖို့တောင် မသင့်တော်ဘူး

Vol. 58 Ch. 857

သိုင်းသူတော်စင်တဲ့လား၊ ကျုပ် ဖိနပ်တွေသယ်ဖို့တောင် မသင့်တော်ဘူး

Vol. 58 Ch. 857

လီနာ၏ မျက်ခုံးများ ဒေါသစိတ်ကြောင့် မြင်တက်လာသည်။

“ယာ့ကော၊ ရှင် သိပ်ပြီးမောက်မာမနေနဲ့၊ ဒီပုဂ္ဂိုလ်က ကျွန်မ မိတ်ဆွေနော်”

ထိုသို့ကြားသောအခါ ယာ့ကောက အေးစက်စွာ ရယ်မော၍ ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်သည်။

“အရှင်မင်းသမီး၊ ဒါကမင်းသမီးရဲ့ အကျိုးအတွက် ပြောနေရတာပါ။ မဟုတ်ရင် ယုတ်မာတဲ့ လူတစ်ယောက်ရဲ့ အသုံးချတာကို ခံလိုက်ရရင် နောက်ကျမှ နောင်တရနေလိမ့်မယ်”

လီနာသည် အလွန်ဒေါသထွက်လာသောကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့လာ၍ သူမသည် ယာ့ကောကို ကြိမ်းမောင်းရန်ဟန်ပြင်လိုက်သည်။ ရွှယ်အန်းသည် ထိုအချိန်တွင်လက်ဟန်ပြလာ၍ သူမကို စကားမပြောရန် အချက်ပြလိုက်သည်။ ပြီးနောက် အရှေ့တွင် ရပ်နေသည့် ယာ့ကောကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

“သိုင်းသူတော်စင်တဲ့လား။ ကျုပ်က ဘာသိုင်းသူတော်စင် မဟုတ်ဘူး၊ သိုင်းသူတော်စင်ရဲ့ တပည့်လည်း မဟုတ်ဘူး"

ယာ့ကောက အေးစက်စွာ ထပ်ခါတလဲလဲ ရယ်မောလိုက်သည်။

“နောက်ဆုံးတော့ အမှန်အတိုင်းပြောလာပြီပေါ့လေ၊ မင်းက…”

ရွှယ်အန်းသည် ယာ့ကော၏ စကားကို ကြားဖြတ်၍ ပေါ့လျော့စွာ ပြောလိုက်သည်။

“ဒါပေမယ့် ခင်ဗျားပြောနေတဲ့ သိုင်းသူတော်စင်ဆိုတဲ့လူတွေက ကျုပ်ဖိနပ်ကို သယ်ဖို့တောင် ထိုက်တန်မယ် မထင်ဘူး”

ရွှယ်အန်းက ထိုစကားများ ပြောလိုက်သည်နှင့် ထိုနေရာရှိ လူတိုင်း တုန်လှုပ်သွားသည်။ ရွှယ်အန်းကို အလွန်လေးစားနေသည့် လီနာနှင့် သူမ၏ အစောင့်များအားလုံးပင် သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ဤနေရာ၌ သိုင်းသူတော်စင်ဟူသည် အဆုံးစွန်သော လူသားခွန်အားကို ကိုယ်စားပြုသည့်အပြင် လေးစားခံထိုက်သူဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို မည်သူမျှ မလေးမစားမပြုဝံ့ပေ။ သို့တိုင် ယနေ့တွင် ဤလူသည် သိုင်းသူတော်စင်သည် သူ၏ဖိနပ်ကို ကိုင်ဆောင်ရန်ပင် မထိုက်တန်ကြောင်း ပြောခဲ့သည်။ ဤသည်မှာ အတော်လေး မောက်မာသော အပြုအမူဖြစ်သည်။

ယာ့ကောသည် ဤစကားများကိုကြားသောအခါ အစပိုင်းတွင် အနည်းငယ် မှင်သက်သွားပြီးနောက် ဒေါသတကြီး ရယ်မောလိုက်သည်။

“မင်းက ငယ်ရွယ်ပုံပေမယ့် လေသံကနော့ တကယ် မသေးလှပါလား။ ဒီစကားသာ ပေါက်ကြားသွားရင် ဘယ်သိုင်းသူတော်စင်မဆို ဒီကိုလာပြီး မင်းကို အရှင်လတ်လတ် အပိုင်းပိုင်းဖြတ်ပစ်လိမ့်မယ်ဆိုတာကို မင်း ယုံကြည်လား”

“ကောင်းပြီလေ၊ ခင်ဗျားပြောတဲ့ သိုင်းသူတော်စင်တွေက ဘယ်လောက်အစွမ်းထက်လဲဆိုတာ မြင်တွေ့ချင်သေးတယ်" ရွှယ်အန်းက ထူးမခြားနားစွာ ပြောလိုက်သည်။

ယာ့ကောသည် ရွှယ်အန်း၏ အပြုအမူများကြောင့် လုံးလုံးလျားလျား ဒေါသထွက်လာ၍ ပေါက်ကွဲထွက်တော့မည်ဖြစ်သည်။ လမ်းမ၏ အဆုံးမှ ဇိမ်ခံလှည်းယဉ်ကြီးတစ်စင်း မောင်းနှင်လာခဲ့ရာ ၎င်းလှည်းယဉ် ချဉ်းကပ်လာသည်နှင့် တဖြည်းဖြည်း ရပ်တန့်သွားကာ ကန့်လန့်ကာကို မတင်လိုက်သောအခါ အတွင်းမှ အလွန်စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးတစ်ဦး ပေါ်လွင်လာခဲ့သည်။ ယာ့ကောသည် ဤအမျိုးသမီးကိုမြင်သောအခါ ချက်ချင်းပင် အလွန်လေးစားလာကာ သူ၏ယူနီကွန်မြင်းပေါ်မှ ဆင်းသက်လာကာ ဦးညွှတ်လိုက်သည်။

‘’တော်ဝင်မင်းသမီးကို အရိုအသေပေးပါတယ်“

လီနာ၏အမူအရာသည် အနည်းငယ်ထူးဆန်းသွားသော်လည်း သူမသည်လည်း အနည်းငယ် ဦးညွှတ်လိုက်သည်။

“အစ်မတော်ကို အရိုအသေပေးပါတယ်”

အမှန်တကယ်ပင်၊ ၎င်းသည် ကျဲ့တိုင်းပြည်၏ တော်ဝင်မင်းသမီးတစ်ပါးဖြစ်သည့် လီနာ၏အစ်မတော် လိုယာဖြစ်သည်။

“လီနာ၊ မင်း အရွယ်ရောက်အခမ်းအနားအတွက် အားလုံး ပြင်ဆင်ပြီးပြီလို့ အစ်မ ကြားလာတယ်၊ အဲဒါဟုတ်လား” တော်ဝင်မင်းသမီးသည် ပြုံးပြီးနောက် ထိုသို့ပြောလိုက်သည်။

လီနာက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့”

“တော်တော်လေး အံ့ဩစရာကောင်းသားပဲ။ မဖြစ်နိုင်တဲ့ စိန်ခေါ်မှုတစ်ခုလို့ ထင်ရတဲ့အရာကို မင်း ပြီးမြောက်အောင် လုပ်နိုင်လိမ့်မယ်လို့ အစ်မ မမျှော်လင့်ထားဘူး”

စကားပြောနေစဉ်တွင် လိုယာ၏အကြည့်များသည် သူမအနားရှိ ရွှယ်အန်းဆီသို့ရောက်ရှိသွားသည်။

“ဒါက မင်းပြောခဲ့တဲ့ အင်အားကြီးဆာမူရိုင်းဆိုတာလား”

လီနာက ခေါင်းညိတ်လိုက်သည်။ လိုယာသည် ရွှယ်အန်းကို အနည်းငယ် အကဲခတ်လိုက်ရာ၊ သန်မာသော ဆာမူရိုင်းတစ်ဦးနှင့် မတူဘဲ အေးဆေးတည်ငြိမ်သော အမူအရာနှင့် ပိန်ပါး၍ ချောမောလှပသော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦးဖြစ်ကြောင်း မြင်တွေ့လိုက်သောအခါ သူမ၏ မျက်လုံးများတွင် ငြင်းဆန်မှုနှင့် မထီမဲ့မြင်ပြုသည့် အရိပ်အမြွက်များ ပေါ်ပေါက်လာသည်။

ထိုအချိန်တွင် ယာ့ကောက လှောင်ရယ်လိုက်သည်။

“ဒီဆာမူရိုင်းက တော်တော်လေး အစွမ်းထက်လွန်းတယ် အရှင်မင်းသမီးရဲ့။ သူက သိုင်းသူတော်စင်ကို အထင်အမြင်သေးတဲ့အပြင် သိုင်းသူတော်စင်က သူ့ဖိနပ်ကို သယ်ဖို့တောင် မထိုက်တန်ဘူးလို့ ပြောခဲ့တာနော်”

ရွှယ်အန်းက ပြုံးလိုက်သည်။

“ကြားရတာ မသင့်တော်ဘူးဆိုပေမယ့် ဒါက အမှန်တရားပါ"

ဤထုတ်ပြန်ချက်ကြောင့် လိုယာသည် ရွှယ်အန်းကို ပို၍ပင် အထင်အမြင်သေးလာသည်။ ယာ့ကောသည် ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်လာမိကာ အားမလိုအားမရစိတ်နှင့် ဒေါသစိတ်ကြောင့် ဝုန်းဒိုင်းကြဲတော့မည်ဖြစ်သည်။

‘’ဒီဆာမူရိုင်းက တော်တော်လေးယုံကြည်မှုရှိနေမှတော့ ခမည်းတော်နဲ့ ကျွန်မတို့ ကျဲ့တိုင်းပြည်ရဲ့ သိုင်းသူတော်စင် လီကျွင်းတို့ ပြန်ရောက်လာတာနဲ့ အရာအားလုံးရှင်းလင်းသွားပါလိမ့်မယ်“ လိုယာက ဘာသိဘာသာပြောလိုက်သည်။

ယာ့ကောနှင့် လီနာတို့နှစ်ဦးစလုံး အနည်းငယ် ထိတ်လန့်သွားသည်။ “ခမည်းတော်ပြန်လာတော့မှာလား” လီနာက မေးလာသည်။

လိုယာက ခေါင်းညိတ်လိုက်သည်။

“သတင်းက အခုမှရောက်တာ။ သူ ဒီညပြန်လာမှာ၊ ပြီးရင် အရမ်းဂုဏ်သိက္ခာရှိတဲ့ ဧည့်သည်တော်တစ်ယောက်ကို ဖျော်ဖြေဖို့အတွက် စားသောက်ပွဲတစ်ခု ကျင်းပသွားမှာ”

အလွန်ဂုဏ်သိက္ခာရှိသော ဧည့်သည်တော်ဟု ဆိုခဲ့ခြင်းဖြစ်လေသလော၊ လီနာသည် အနည်းငယ် ပဟေဋ္ဌိဖြစ်နေသည်။ ထိုအချိန်တွင် ယာ့ကောက တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ သူ၏မျက်နှာပေါ်ရှိ ဒေါသများ ပြေပျောက်သွား၍ အေးစက်သော အကြည့်များအဖြစ် ပြောင်းလဲသွားကာ ရွှယ်အန်းကို သေလူတစ်ဦးကဲ့သို့ ကြည့်နေလေသည်။

ပြီးနောက် လိုယာက ပြောလိုက်သည်။

“ဒီကိစ္စကို ဒီည ပွဲမှာ ဆွေးနွေးကြတာပေါ့။ ယာ့ကော၊ ကျွန်မနဲ့လိုက်ခဲ့”

“ဟုတ်ကဲ့” ယာ့ကောက ဦးညွှတ်ပြီးနောက် မြင်းပေါ်တက်၍ လိုယာ၏လှည်းယဉ်နောက်သို့ လိုက်သွားလေသည်။ ထိုနှစ်ဦးစလုံး တော်ဝင်နန်းတော်၏ ခမ်းနားထည်ဝါသော တံခါးချပ်များအနောက်တွင် ပျောက်ကွယ်သွားသည့်အချိန်မှ လီနာသည် တင်းမာနေသည့် အမူအရာဖြင့် ပြောလာသည်။

“ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ လူကြီးမင်းရွှယ်။ ယာ့ကောက အမြဲတမ်း အဲလိုအထက်စီးဆန်တဲ့လူမို့လို့ပါ။ ကျွန်မရဲ့ အမတော်ကလည်း အာဏာကိုင်စွဲထားတော့ အထိန်းအကွပ်မရှိဘဲ ပြောနေကြမို့လို့ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခမည်းတော် ပြန်ရောက်တဲ့အခါ ကျွန်မ သေချာ ရှင်းပြလိုက်ပါ့မယ်။ ဒီည ညစာစားပွဲကို ရှင် မတက်ရောက်ရင်လည်း ရပါတယ်"

“ဘာလို့ မတက်ရမှာလဲ” ရွှယ်အန်းက ပေါ့ပါးစွာ ပြုံးပြလိုက်သည်။

“ဟင်” လီနာက သူမ နားကြားမှားနေသည်ဟု ထင်မှတ်ခဲ့သည်။

“လီကျွင်းလို့ခေါ်တဲ့ ဒီသိုင်းသူတော်စင် ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ ကျုပ်လည်း သိချင်တယ်” ရွှယ်အန်းက ပြောလိုက်သည်။

“ဒါပေမယ့်" လီနာက တစ်ခုခုပြောချင်နေသေးပုံပေါ်သည်။

ရွှယ်အန်းက သူ၏လက်ကို အရေးမထားစွာ ဝှေ့ယမ်းလိုက်သည်။

“ထပ်ပြောနေစရာ လိုအပ်ဘူး၊ ကျုပ် ကန့်သတ်ချက်ကို ကျုပ် သိပါတယ်”

ရွှယ်အန်း၏ စကားကိုကြားသောအခါ လီနာသည် တုံ့ဆိုင်းစွာ ပါးစပ်ပိတ်လိုက်သော်လည်း သူမ၏ မျက်လုံးများတွင် စိုးရိမ်သောကများ ပေါ်လွင်နေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ကျဲ့တိုင်းပြည်ရှိ သိုင်းသူတော်စင်လီကျွင်း၏ စွမ်းအင်ကို မျက်မြင်တွေ့ဖူးသောကြောင့်ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် အမှန်တကယ်ပင် ခွန်အားကန့်သတ်ချက်များကို ကျော်လွန်နေသည့် ပြိုင်ဘက်ကင်းဖြစ်တည်မှုဖြစ်သည်။ ပြီးနောက် အဆိပ်မြူရွှံ့ညွန့်မှ ထွက်လာသည့် ဤလျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသားသည် အစွမ်းထက်သော်လည်း အလွန်ငယ်ရွယ်လွန်းလှသည်။ သူသည် အရှင်လီကျွင်းကို အမှန်တကယ် ယှဥ်ပြိုင်နိုင်မည်သလော။ လီနာသည် အနည်းငယ် စိတ်မသက်မသာဖြစ်နေသည်။

ထိုအချိန် တော်ဝင်နန်းတော်အတွင်း၌ လိုယာက လေးနက်စွာ ပြောလိုက်သည်။

“ဒီည ဧည့်ခံပွဲကို သေချာပြင်ဆင်မှဖြစ်မယ်။ အမှားအယွင်းမရှိစေနဲ့"

ယာ့ကောက ခေါင်းညိတ်လိုက်သည်။

“စိတ်ချပါ၊ အရှင်မင်းသမီး။ ဒါကို ကျွန်တော် ကိုယ်တိုင် ကိုင်တွယ်လိုက်ပါ့မယ်။ ဒါပေမယ့်…"

‘’နယ်စပ်ထိ ဘုရင်မင်းမြတ်ကိုယ်တိုင် တခမ်းတနား သွားရောက်ကြိုဆိုရတဲ့အထိ လုပ်ရအောင် ဒီဧည့်သည်က ဘယ်သူများလဲ။ မဟုတ်မှလွဲရော အိမ်နီးချင်း ယန်တိုင်းပြည်ရဲ့ဘုရင်ကြီး လာလည်တာများလား” ယာ့ကောက အနည်းငယ် စိတ်ရှုပ်ထွေးစွာ ဖြည့်ပြောလိုက်သည်။

လိုယာက အရေးမထားစွာ ရယ်မောလိုက်သည်။

“ယန်တိုင်းပြည်ရဲ့ဘုရင်တဲ့လား။ သူ့လိုနိမ့်ကျတဲ့ အဆင့်အတန်းမျိုးနဲ့ ကျွန်မတို့ဧည့်သည်ကို ဘယ်လိုလုပ်နှိုင်းယှဉ်နိုင်မှာလဲ။ ဒီဧည်သည်တွေရဲ့အမြင်မှာ ကျွန်မတို့တိုင်းပြည်တွေဆိုတာ ဟာသတစ်ခုသာသာပဲ။ ကျွန်မတို့ပိုင်ဆိုင်ထားတဲ့ စွမ်းအားတွေဆိုတာတောင် ဒီလူတွေက အပ်နှင်းထားလို့ ရလာတာ"

ထိုသို့ကြားသောအခါ ယာ့ကောက အပြင်းအထန် တုန်လှုပ်သွားသည်

“မဟုတ်မှလွဲရော"

လိုယာက ခေါင်းညိတ်ပြပြီးနောက် တိတ်တဆိတ်နေရန် အမူအရာဖြင့် လက်ဟန်ပြလိုက်သည်။

“ဟုတ်တယ်၊ ဒါပေမယ့် တိတ်တိတ်နေ”

ယာ့ကော၏ အမူအရာ အလွန်ပြောင်းလဲသွားပြီးနောက် သူ၏မျက်လုံးများတွင် ရွှင်လန်းမှုများ ပေါ်ပေါက်လာသည်။ ပြီးနောက် သူသည် ဣန္ဒြေကို ပြန်ထိန်းချုပ်လိုက်သည်။

‘’ကျွန်တော် နားလည်ပါပြီ။ အမှားအယွင်း မရှိစေရပါဘူး’’

လိုယာသည် လောဘအရိပ်အမြွက်များဖြင့် သူမ၏နှုတ်ခမ်းကို ယက်လိုက်သည်။

“လီနာပဲဖြစ်ဖြစ် ကျွန်မပဲဖြစ်ဖြစ် ဒီညစာစားပွဲမှာ ဧည့်သည်တွေရဲ့မျက်နှာသာပေးမှုရတာနဲ့ ချမ်းချမ်းသာသာ ချီးမြှင့်ခံရမယ်လို့ ခမည်းတော်က သေချာပြောထားပြီးသား”

“ဒါ့အပြင် ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ အစေအပါးအဖြစ်ခစားရင် ထာဝရနုပျိုမှုနဲ့ အသက်ရှည်မှုတွေ ပေးအပ်ခံရလိမ့်မယ်လို့ ကျွန်မ ကြားတယ်”

“ဒီတော့ ဒီညပွဲမှာ ထာဝရအသက်ရှည်ဖို့အတွက် အစွမ်းကုန် အားစိုက်ထုတ်ရမယ်၊ လီနာ… ဟိုရင်သားမရှိဘဲ ဦးနှောက်မဲ့တဲ့ ငတုံးမကတော့ တောသားတစ်ယောက်ဆီမှာ လှည့်စားခံရတာနဲ့ပဲ ထိုက်တန်တယ်"

လိုယာသည် စကားပြောနေစဥ် ပို၍စိတ်လှုပ်ရှားသောကြောင့် သူမ၏ပါးပြင်များ နီမြန်းလာသည်။ သို့သော် ယာ့ကောသည် မော့ကြည့်ဝံ့ဘဲ တိတ်တဆိတ် နားထောင်နေခဲ့သည်။ ထိုအချိန်တွင် လိုယာသည် ဆိုဖာပေါ်သို့ မောပန်းနွမ်းနယ်စွာ မှီ၍ ယာ့ကောကို ပျင်းရိစွာ ပြောလိုက်သည်။

“ဒီကိုလာပြီး ခြေထောက်တွေကို အရင်နှိပ်ပေးပါဦး ပြီးရင် ညစာစားပွဲကို သွားပြင်ဆင်ချေ”

ယာ့ကော၏ မျက်နှာအမူအရာ တောက်ပလာ၍ စိတ်အားထက်သန်စွာ တုံ့ပြန်လာခဲ့သည်။

“ဟုတ်ကဲ့”

ပြီးနောက် သူသည် အရှေ့သို့ လှမ်းကာ ပျော့ပျောင်းသည့် ကန့်လန့်ကာကို ဆွဲချလိုက်သည်။

All Chapters