ဆယ်ကျော်သက်တစ်ဦးကဲ့သို့ အသွင်အပြင်၊ အနက်ရောင်မျက်လုံးများနှင့် အနက်ရောင်ဆံပင်များ
Vol. 58 Ch. 865
ရွှယ်အန်းအရှေ့တွင် ထိုကဲ့သို့ပြောနေခြင်းသည် မီးထဲသို့ လောင်စာသွန်းလောင်းနေခြင်းမဟုတ်လေသလော။ သို့သော် သူ၏မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်အနေဖြင့် ရွှယ်အန်းသည် မည်သည်စကားမျှ ထုတ်ပြောခြင်းမရှိဘဲ စိမ်ပြေနပြေ လမ်းလျှောက်နေဆဲဖြစ်သည်။ ထိုအခါ ဟော့အာ၏နှလုံးသားသည် အနည်းငယ် ငြိမ်သက်သွားသည်။ သို့သော် ရွှယ်အန်း၏ မျက်လုံးများတွင် တဖြည်းဖြည်း ပေါ်ပေါက်လာသည့် သတ်ဖြတ်ချင်စိတ်များကို သူ လုံးလုံးလျားလျား သတိမပြုမိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် လမ်းတစ်လျှောက်လုံးတွင် ရွှယ်အန်း တွေ့ကြုံခဲ့ရသည့် အရာများသည် သာမန်လူတစ်ဦး စိတ်ကူးမယဉ်နိုင်သည်အထိ ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းများဖြစ်ပေသည်။ အမျိုးသမီးများသည် အလွန်တရာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရရာ၊ လူသားအသွင်အပြင်ပင် မမှတ်မိနိုင်ဘဲ မြေပြင်ပေါ်တွင် သေလုမြောပါး လဲလျောင်းနေကြသည်။ ၎င်းတို့၏ စိတ်အခြေအနေသည် လုံးလုံးလျားလျား ပြိုလဲနေသည်။ သို့သော် ၎င်းတို့သည် မသေနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူအများက ခေါ်ဝေါ်သည့် “မြင့်မြတ်သော မျိုးနွယ်” ၏ သွေးကျွန်များဖြစ်လာသောကြောင့်ဖြစ်သည်။
ဤသွေးနှောင်ကြိုးသည် ၎င်းတို့ကို ဘယ်သောအခါမျှ မလွတ်မြောက်စေနိုင်ဘဲ ဆင်းရဲတွင်းနက်ထဲတွင် ရှင်သန်ရစေသည်။ ဤသည်မှာ ငရဲပြည်၏ ပြစ်ဒဏ်များထက်ပင် ရက်စက်ကြမ်းကြုတ်လှသည်။ သို့သော် ဤသွေးမျိုးနွယ်စုဝင်များ၏ ပါးစပ်ထဲတွင် ၎င်းတို့ကို “ပစ္စည်းများ” ဟုသာ ပေါ့ပေါ့တန်တန် ရည်ညွှန်းလိုက်ကြသည်။ ၎င်းသည် ရွှယ်အန်း၏ သတ်ဖြတ်ချင်စိတ်ကို ပို၍ကြီးမားလာစေသော်လည်း အပြင်ပန်းတွင် မည်သည့်အရိပ်အမြွက်မျှ မပြသဘဲ ဟော့အာနှင့် အခြားလူများအနောက်သို့ လိုက်နေဆဲဖြစ်သည်။
၎င်းတို့သည် မကြာမီတွင် လမ်းအနည်းငယ် ချိုးကွေ့ပြီးနောက် ပြင်ပရှိ ပတ်ဝန်းကျင်ထက် ပိုမိုသက်တောင့်သက်သာရှိသော အကျဉ်းခန်းတစ်ခုသို့ ရောက်ရှိလာကြသည်။ ဤနေရာတွင် အကျဉ်းချခံထားရသူများသည် ဆက်သမခံရသေးသော သွေးကျွန် ကိုယ်စားလှယ်လောင်းများဖြစ်ကြသည်။
၎င်းတို့အနက် အမျိုးသားများ အမျိုးသမီးများပါဝင်ကြ၍ ၎င်းတို့သည် စူးစမ်းချင်စိတ်ဖြင့် ဟိုဟိုသည်သည် ကြည့်ရှုကာ တိတ်တဆိတ် စကားပြောနေကြရာ၊ အတော်လေး စိတ်လှုပ်ရှားနေပုံပေါ်သည်။ ဟော့အာနှင့် ရွှယ်အန်းတို့ ဝင်ရောက်လာအခါ ထိုလူများ၏အကြည့်များအားလုံး ၎င်းတို့ဘက်သို့ ချက်ချင်း ရောက်ရှိလာသည်။ ပြီးနောက် ၎င်းတို့အားလုံး၏အကြည့်များသည် အနောက်မှလိုက်ပါလာသော ရွှယ်အန်းထံတွင် ရပ်တန့်သွားကြသည်။
“ဒီလူလည်း လေးစားရတဲ့ သွေးမျိုးနွယ်စု သခင်မလေးအတွက် လက်ဆောင်ပဲလား”
“သူက တော်တော်လေးချောပေမယ့် နှမြောစရာကောင်းတာက သိမ်မွေ့တဲ့မျက်နှာမျိုး မဟုတ်တော့ သခင်မလေးက သူ့ကို ကြိုက်မယ်တော့ မထင်ဘူး”
“ဟမ်း၊ နောက်ထပ်ပြိုင်ဖက်တစ်ယောက်ပေါ့”
ဤရေရွတ်သံများ တစ်ဟုန်ထိုး ကျရောက်လာသည်။ ၎င်းတို့မြင်တွေ့ခဲ့သည့် တိုရန် ခေါ်ဆောင်လာသော လူငယ်သည်လည်း ထိုနေရာတွင်ရှိနေသည်။ သူသည် ရွှယ်အန်းကို အထင်အမြင်သေး၍ ရန်လိုမှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။ သူသည် ဖိုကာနာမိသားစု၏ အခြားသွေးအကျဉ်းထောင်မှဖြစ်သည့်အပြင် အလွန်ထူးခြားသော အထောက်အထားရှိသူဖြစ်သည်။
သူသည် ၎င်းနယ်မြေရှိ အကြီးဆုံးတိုင်းပြည်၏ မင်းသားတစ်ပါးဖြစ်၍ သူ၏နာမည်သည် စုဟောက်ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် သွေးကျွန်ရွေးချယ်မှုအတွက် ရောက်ရှိလာသော တိုရန်နှင့် ပထမဆုံး ထိတွေ့ဆက်ဆံသူဖြစ်ကာ တိုရန်ဆီမှတစ်ဆင့် အချက်အလက်များစွာ ရရှိခဲ့သည်။ သူသည် အိပ်ပျော်ရာမှ နိုးထလာသည့် မျိုးနွယ်စု၏ သခင်မလေးအိုက်ရှီနှင့်ပတ်သက်၍ အထူးတလည် သိရှိထားခဲ့ရာ၊ သူမသည် စုဟောက်၏ ကြီးမားသော ဆန္ဒဖြစ်သည်။
တိုရန်ကဲ့သို့သော ပုဂ္ဂိုလ်များ၏ သွေးကျွန်သည် အလွန်လေးစားဖွယ် ဖြစ်တည်မှုမျိုးဖြစ်သည်။ သို့သော် အိုက်ရှီသည် ဤသွေးမျိုးနွယ်စု၏ သခင်မလေးဖြစ်သည်။ အကယ်၍ ထိုသို့သောပုဂ္ဂိုလ်ကို တွယ်ကပ်နိုင်ပါက၊ စွမ်းအင်နှင့် အဆင့်အတန်းများကို အလွယ်တကူ လက်လှမ်းမီနိုင်ရုံသာမကဘဲ ထာဝရနုပျိုမှုနှင့် ခွန်အားတို့ကိုလည်း ရရှိလာနိုင်သည်။ ထို့ကြောင့် စုဟောက်သည် ဤရွေးချယ်မှုတွင် အနိုင်ရရှိရန် လုံးလုံးလျားလျား စိတ်ပိုင်းဖြတ်ထားသည်။
ပြီးနောက် သူသည် အကျဉ်းခန်းထဲသို့ ဝင်ရောက်ပြီးနောက် သခင်မလေးထံ ဆက်သရန် ပြင်ဆင်ထားသူများကို သေချာ ခွဲခြမ်းစိတ်ဖြာထားသည်။ နောက်ဆုံးတွင် သူ့ကို ခြိမ်းခြောက်နိုင်မည့်လူ မရှိကြောင်း သူ ယုံကြည်သွားသည်။ သို့သော် မျှော်လင့်မထားခဲ့သည်မှာ ရွှယ်အန်းသည် တစ်ဖန်ပြန်ပေါ်လာသည်။ ဤလူသည် မိမိကဲ့သို့ နူးညံ့သိမ်မွေ့သော အသွင်အပြင်မျိုးမရှိသော်လည်း အလွန်ချောမော၍ ထူးခြားလှပေသည်။ စုဟောက်ကို ကြီးမားသော ခြိမ်းခြောက်မှုမျိုး ခံစားရစေသည့် အဓိကသော့ချက်သည် သူ၏ တည်ငြိမ်၍ မွန်မြတ်သော အရောင်အဝါဖြစ်သည်။
ထို့ကြောင့် သူသည် ရွှယ်အန်းနှင့်ပတ်သက်၍ ကောင်းမွန်သော ခံစားချက်ဟူ၍ အနည်းငယ်မျှ မရှိခဲ့ပေ။ မကြာမီတွင် ရွှယ်အန်းသည်လည်း အကျဉ်းခန်းထဲတွင် သော့ခတ်ခံလိုက်ရသည်။ ဟော့အာသည် မထွက်ခွာမီတွင် ရွှယ်အန်းကို တုံ့ဆိုင်းစွာ လှည့်ကြည့်လိုက်သည်။ ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ထိုမှသာ ဟော့အာသည် ဒွိဟဖြစ်နေသည့် ခံစားချက်များဖြင့် ထွက်ခွာသွားသည်။ သွေးမျိုးနွယ်စု၏ အစောင့်များ ထွက်ခွာသွားပြီးမှသာ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်။
“ဟေး အစ်ကို၊ မင်းက ဘယ်ကလာတာလဲ”
ရွှယ်အန်းသည် ထိုလူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထောင့်တစ်နေရာသို့ တိတ်တဆိတ် လျှောက်သွား၍ တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်လျက် တရားထိုင်နေလိုက်သည်။ ရွှယ်အန်း၏ ဤလှုပ်ရှားမှုသည် အခြားသူများကို စိတ်ရှုပ်ထွေးသော အမူအရာများဖြင့် အကြည့်ခြင်း ဖလှယ်မိသွားစေသည်။ စကားစမြည်ပြောရန် ကြိုးစားသူသည် အလွန်ရှက်ရွံ့သွားပြီးနောက် မကြာမီတွင် ၎င်းတို့အချင်းချင်း တီးတိုးပြောလာကြသည်။
“ဘာလိုဒီလောက်ဟိတ်ဟန်ကြီးနေတာလဲ။ ဒီကိုတရားထိုင်ဖို့ လာတာလား”
“ဟုတ်ပါ့၊ လူတိုင်းက သွေးကျွန်တစ်ယောက်ဖြစ်လာပြီး ကြီးမားတဲ့ခွန်အားနဲ့ အသက်ရှည်ဖို့ မျှော်လင့်ချက်နဲ့ ဒီကိုရောက်လာကြတာ မဟုတ်ဘူးလား”
ထိုရယ်သံများကြားတွင် စုဟောက်၏ နှလုံးသားသည် တဖြည်းဖြည်း ငြိမ်သက်လာသည်။ ဤသည်မှာ ကမ္ဘာကြီးကို မမြင်ဖူးသည့် တောသားတစ်ယောက်သာဖြစ်သည့်အတွက် ကြောက်ရွံ့ရန် မထိုက်တန်ဘူးဟု သူ သတ်မှတ်လိုက်သည်။ ပြီးနောက် သူသည် မင်းသားတစ်ပါး၏ စကားပြောကောင်းသော အရည်အချင်းကို စတင်အသုံးပြုလျက် လူစုလူဝေးနှင့် ရောနှောကာ ရွှယ်အန်းကို ၎င်းတို့ကြားမှ မသိမသာ ခွဲထုတ်လိုက်သည်။
ရွှယ်အန်းသည် ဤသေးငယ်သော အကြံအစည်များကို လုံးလုံးလျားလျား လျစ်လျူရှုထားခဲ့သည်။ ဆင်တစ်ကောင်သည် ပုရွက်ဆိတ်များကြားရှိ ခိုက်ရန်ဖြစ်ပွားမှုများကို ဘယ်သောအခါမှ ဂရုမစိုက်ပေ။ အချိန်သည် တဖြည်းဖြည်းချင်း စီးဆင်းနေသည်။ နောက်ဆုံးတွင် တံခါးအပြင်ဘက်မှ တိကျပြတ်သားသော ခြေသံများ ထွက်ပေါ်လာသည်။ ပြီးနောက် ခန္ဓာကိုယ် အချိုးအစားပေါ်လွင်စေသည့် တင်းကျပ်သော သားရေဝတ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် လှပစွာ လျှောက်လှမ်းလာသည်။
သူမ အနောက်တွင် လေးစား၍ နာခံမှုရှိသော သွေးမျိုးနွယ်စုစစ်သည်များ၊ ဟော့အာနှင့် တိုရန်ကဲ့သို့သော ပုဂ္ဂိုလ်များ လိုက်ပါလာသည်။ ထိုကဲ့သို့ ဝန်းရံထားမှုကြောင့် ထိုအမျိုးသမီးက မည်သူမည်ဝါဖြစ်သည်ကို ထင်ရှားစွာ သိရှိသွားစေသည်။ သူမသည် ဖိုခါနာမိသားစု၏ သခင်မလေး အိုက်ရှီမှလွဲ၍ အခြားလူ မဟုတ်ပေ။ ထိုအမျိုးသမီးတွင် သွေးများ ဆူပွက်၍ လူတိုင်းကို အံ့အားသင့်စေမည့် အသွင်အပြင်မျိုးရှိနေကြောင်း မြင်လိုက်ရသောအခါ လူတိုင်း၏ စိတ်ဆန္ဒကို ပို၍ပင် ထက်သန်လာစေသည်။
ရွေးချယ်ခံရပါက၊ ဤမျှလှပသော အမျိုးသမီးတစ်ဦးနှင့် အခန်းတစ်ခန်းကို မျှဝေရုံသာမကဘဲ အဆုံးမဲ့အကျိုးခံစားခွင့်များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ ထိုသို့သော အပေးအယူသည် ကောင်းမွန်လွန်းလှသည်။ ထို့ကြောင့် ဤလူများသည် စတင်၍ ကြွားလုံးထုတ်လာကြသည်။ အချို့သည် အကျဉ်းခန်းထဲရှိ သံတိုင်များကို မှီလျက် သနားစဖွယ် မျက်လုံးများဖြင့် အိုက်ရှီကို ငေးကြည့်နေကြသည်။
အခြားလူများသည် မခို့တရို့ လမ်းလျှောက်၍ “ချစ်စရာကောင်းသော ” အပြုအမူကို ပုံဖော်ရန် ကြိုးစားလျက် ၎င်းတို့၏မျက်နှာများသည် ရှက်ရွံ့မှုဖြင့် နီမြန်းလာကြသည်။ ရုပ်ရည်ချောမောသူများသည် ထိုသို့ ပြုမူရန် ဂရုမစိုက်ကြပေ။ သို့သော် ပြဿနာမှာ တချို့လူများသည် ချောမောသော အသွင်အပြင်များရှိသော်လည်း ခန္ဓာကိုယ်ထွားကျိုင်း၍ ယောက်ျားပီသသော အရောင်အဝါများရှိနေသည်။
ထို့ကြောင့် ၎င်းတို့၏ အသံများကို ချွဲပျစ်လျက် ချစ်စဖွယ်ကောင်းအောင် ပြုမူသောအခါ ကြည့်ရှုသူများကို အလွန်တရာ ကြက်သီးထစေသည်။ ဤသို့သောင်းကျန်းနေသူများနှင့် နှိုင်းယှဉ်ပါက စုဟောက်၏ အပြုအမူသည် မျက်လုံးကျဖွယ်ကောင်းလှသည်။ သူသည် ထိုနေရာတွင် သူ၏သွယ်လျသော အသွင်အပြင်ဖြင့် ရပ်တန့်နေကာ သူ၏အမူအရာတွင် ထိတ်လန့်မှုများပါရှိနေသောကြောင့် ထိတ်လန့်နေသည့် နတ်သူငယ်လေးတစ်ယောက်ကဲ့သို့ ထင်မှတ်ရစေသည်။
ဤမြင်ကွင်းသည် အဝေးမှကြည့်နေသော တိုရန်ကို ဘဝင်ခိုက်စွာ ပြုံးရယ်စေသည်။ ဤတစ်ကြိမ်တွင် သူ အနိုင်ရရှိရန် သေချာနေပြီဟု ခံစားလိုက်ရသောကြောင့်ဖြစ်သည်။ အမှန်တကယ်ပင် စုဟောက်ကို တွေ့သည်နှင့် အိုက်ရှီ၏ မျက်လုံးများ လင်းလက်လာကာ သူမသည် လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။
“သူ”
ချက်ချင်းဆိုသလိုပင် သွေးမျိုးနွယ်စုစစ်သားများက တံခါးဖွင့်ရန် အရှေ့သို့ လှမ်းလာကြသည်။ စုဟောက်သည် သူ၏နှလုံးသားထဲရှိ ပျော်ရွှင်မှုကို ဖိနှိမ်လျက် အိုက်ရှီအနောက်တွင် နာခံစွာ ရပ်လိုက်သည်။ အိုက်ရှီသည် သူမကို မျှော်လင့်ချက်များဖြင့် စိုက်ကြည့်နေသည့် မျက်နှာများကို နောက်တစ်ကြိမ် လှည့်ကြည့်ပြီးနောက် အခြားစိတ်ဝင်စားဖွယ်ကောင်းသူမျိုး မတွေ့ရှိသောကြောင့် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ တိုရန်သည် သူ့ဘေးနားရှိ ဟော့အာကို ဘဝင်ခိုက်စွာ စောင်းကြည့်ပြီးနောက် ကဲ့ရဲ့သောစကားများ ပြောတော့မည်ဖြစ်သည်။
သို့သော် ထိုအချိန်တွင် အိုက်ရှီသည် ထောင့်တွင် တင်ပျဉ်ခွေ ထိုင်နေသော ရွှယ်အန်းကို ရုတ်တရက် သတိထားမိသွားသည်။ သူမ ခေတ္တရပ်ပြီးနောက် အံ့အားသင့်သွားသည်။ ဆံပင်အနက်ရောင်နှင့် လူငယ်သည် တိတ်တဆိတ်ထိုင်နေခဲ့ရာ၊ သူ၏အသွင်အပြင်သည် အလင်းရောင်မှိန်ဖျော့ဖျော့ဖြင့် ဖုံးအုပ်ခံထားရကာ သူ၏ဖြစ်တည်မှုသည် ထူးခြားဆန်းကြယ်၍ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။
သူသည် အတွေးဖြင့်ပင် ညစ်ညမ်းအောင် မပြုလုပ်နိုင်သည့် ကပ်ကမ္ဘာသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။ အိုင်ရှီက အံ့အားသင့်သွားသည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ယွန်းကဲ့သို့ နက်မှောင်၍ ပင်လယ်ကဲ့သို့ လေးနက်သော သူ၏မျက်လုံးများ ပေါ်ပေါက်လာသည်နှင့် အိုက်ရှီသည် မဆိုင်းမတွဘဲ ပြောလိုက်သည်။
“ပြီးတော့ သူ”