← Chapters

ဖျက်ဆီးပစ်လိုက်၊ မြန်မြန်ဖျက်ဆီးပစ်လိုက်၊ ပင်ပန်းနေပြီ

Vol. 58 Ch. 867

ဖျက်ဆီးပစ်လိုက်၊ မြန်မြန်ဖျက်ဆီးပစ်လိုက်၊ ပင်ပန်းနေပြီ

Vol. 58 Ch. 867

“လိုက်လာခဲ့" အိုက်ရှီသည် ရွှယ်အန်းကို လက်ယပ်ခေါ်ပြီးနောက် အိပ်ခန်းဆီသို့ ဝင်သွားလေသည်။ စုဟောက်သည် အနည်းငယ် အေးခဲတောင့်တင်းသွားပြီးနောက် သူ​၏မျက်လုံးများ ချက်ချင်းပင် မနာလိုစိတ်များဖြင့် တောက်လောင်လာသည်။

'ဘာလို့ သူလဲ၊ ဘာလို့လဲ' သူသည် စိတ်ထဲတွင် ရူးသွပ်စွာ အော်ဟစ်နေသည်။

သို့သော် အခြေအနေသည် သူ​၏ဆန္ဒအရ မပြောင်းလဲခဲ့ပေ။ ပြီးနောက် အိုက်ရှီသည် အိပ်ခန်းထဲသို့ ဝင်ကာ ရွှယ်အန်းကို ဆွဲဆောင်မှုရှိသော အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။

“လာ”

ရွှယ်အန်းသည် အမူအရာကင်းမဲ့သော မျက်နှာဖြင့် အိပ်ခန်းထဲသို့ ဝင်သွားလေသည်။ စုဟောက်သည် ဤမြင်ကွင်းကို စိုက်ကြည့်လျက် ပြင်းထန်သော မနာလိုစိတ်ကြောင့် သူ၏မျက်နှာအမူအရာပင် ရှုံ့တွလာသည်။ သူသည် အိပ်ခန်းတံခါးသို့ တိတ်တဆိတ် တိုးကပ်သွားကာ အခန်းတွင်းမှ အသံများကို ခိုးနားထောင်ရန် ကြိုးစားလိုက်သည်။ သို့သော် အခန်းထဲတွင် အလွန်တိတ်ဆိတ်နေသောကြောင့် သူ အံ့ဩသွားလေသည်။

'ဘာတွေဖြစ်နေတာလဲ၊ ဘာလို ဘာအသံမှ မကြားရတာလဲ' စုဟောက်က အံ့အားသင့်နေသည်။

သို့သော် ရွှယ်အန်းသည် အခန်းထဲသို့ ဝင်သွားသည်နှင့် အသံတစ်စုံတစ်ရာ မထွက်စေရန်နှင့် အရာအားလုံးကို သီးခြားခွဲထုတ်စေသည့် ဖွဲ့စည်းပုံတစ်ခုကို ပြုလုပ်ခဲ့ခြင်းကို သူ မသိခဲ့ပေ။ အိပ်ခန်းထဲသို့ ရွှယ်အန်း ဝင်သွားသည်နှင့် အခန်းထဲရှိ အလင်းရောင်များ မှိန်ဖျော့သွားသည်။ တစ်ချိန်တည်းမှာပင် လေထုထဲတွင် မွှေးပျံ့သော ရနံ့များဖြင့် ပြည့်နှက်လာသည်။ ထိုရနံ့များ အနံ့ခံအာရုံသို့ တိုးဝင်လာသည်နှင့် စိတ်ဆန္ဒများကို ပြင်းပြင်းထန်ထန် နှိုးဆော်ပေလိမ့်မည်။

အကယ်၍ စိတ်စွမ်းအင် အားနည်းသူသာဖြစ်ပါက၊ ထိုနေရာတွင် ချက်ချင်းဆိုသလိုပင် စိတ်အာရုံပျက်ပြားသွားနိုင်သည်။ သို့သော် ရွှယ်အန်းသည် ထိုနေရာတွင် အနည်းငယ်မျှ မယိမ်းယိုင်ဘဲ တိတ်တဆိတ် ရပ်တန့်နေသည်။ ထိုအချိန်တွင် လောင်မြိုက်နေသော ခန္ဓာကိုယ်တစ်ခုသည် ရွှယ်အန်းနှင့် ချည်နှောင်ရန် ကြိုးစားနေသည့်ဟန်ဖြင့် မြွေတစ်ကောင်ကဲ့သို့ ချဉ်းကပ်လာသည်။

တစ်ချိန်တည်းမှာပင်၊ အိုက်ရှီ​၏ တီးတိုးပြောသံ ထွက်ပေါ်လာသည်။

“သေချာ ရောစပ်ထားတဲ့ ကျွန်မရဲ့ ရနံ့မန္တန်အောက်မှာ သတိကပ်နေသေးတယ်ဆိုတော့ ပိုပြီးတောင် အံ့ဩလာပြီ”

သို့သော် ထိုအချိန်တွင် ရွှယ်အန်းသည် လက်ကို ရုတ်တရက် မြှောက်တင်ပြီးနောက် အမှောင်ထုကြားတွင် အိုက်ရှီ​၏လည်ပင်းကို တိကျစွာ ဆုပ်ကိုင်လျက် ပြောလိုက်သည်။

"မလှုပ်နဲ့"

အိုက်ရှီ​၏ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွားသော်လည်း သူမသည် တခစ်ခစ်ရယ်မောလိုက်သည်။

“စိတ်ခံစားချက် မြှင့်တင်ပေးတဲ့နေရာ သိပ်တော်တာပဲ။ ရှင် ဒီလိုလုပ်လေ၊ ကျွန်မက ပိုကြိုက်လာမိလေပဲ”

သို့သော် နောက်အခိုက်အတန့်တွင် သူမ မျက်နှာပေါ်ရှိ အပြုံးများ အေးခဲသွားလေသည်။ မည်သို့ဆိုသော် ရွှယ်အန်း​၏မျက်လုံးအကြည့်များကို မြင်တွေ့လိုက်သောကြောင့်ဖြစ်သည်။

'ဒါက ဘယ်လိုပုံစံလဲ'

မြင့်မြတ်သော နတ်ဘုရားတစ်ပါးသည် ၎င်း၏လက်အောက်ခံများကို စိစစ်နေသကဲ့သို့ အေးစက်ငြိမ်သက်၍ ဥပေက္ခာပြုခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ အိုက်ရှီသည် စတင်တုန်လှုပ်လာသည်။ သူမသည် ထိုမျက်လုံးတစ်စုံ၏ အေးခဲသောအကြည့်အောက်တွင် အမှားတစ်ခုခု ပြုလုပ်ခဲ့သော လူရွှင်တော်တစ်ဦးကဲ့သို့ ခံစားလိုက်ရကာ သူမ၏နောက်ဆုံးဟန်ဆောင်မှုများပင် အညှာအတာမဲ့စွာ ဖော်ထုတ်ခံလိုက်ရသည်။

“မင်း လည်ပင်းကို မုန့်ကြိုးလိမ်ဖြစ်တဲ့အထိ အလိမ်မခံချင်ဘူးဆိုရင် ငြိမ်ငြိမ်နေ ဟုတ်ပြီလား” ရွှယ်အန်းက ပြောလိုက်သည်။

အိုက်ရှီသည် ခက်ခက်ခဲခဲ ခေါင်းညိတ်ပြခဲ့သော်လည်း သူမ၏ မျက်နှာတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မတွေ့ရသည့်အပြင် သူမ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့်ပင် တောက်ပနေခဲ့သည်။

“စိတ်မပူပါနဲ့၊ ကျွန်မ လုံးဝ မလှုပ်ပါဘူး။ ဒါပေမယ့်လေ ရှင် ကျွန်မကို ပြန်ပေးဆွဲပြီး ဖမ်းမလိုလား ဒါမှမဟုတ်ရင် ကျွန်မတို့ မျိုးနွယ်စုကို တိုက်ခိုက်မလို့လား ဟင်”

ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤသွေးမျိုးနွယ်ဝင်သည် လုံးလုံးလျားလျား ကြောက်ရွံ့ပုံမပေါ်ဘဲ အတော်လေးပင် စိတ်လှုပ်ရှားနေပုံရသည်။

“ပါးစပ်ပိတ်ထား။ ကျုပ် မေးမယ်၊ ခင်ဗျားက ဖြေ။ အဖြေကို စိတ်မကျေနပ်ရင် ကျုပ် ခင်ဗျားကို ချက်ချင်းသတ်ပစ်မယ်”

စကားပြောနေစဉ် ရွှယ်အန်း​၏ မျက်လုံးများတွင် အနီရောင်နှင့် အဖြူရောင်တို့ ရောယှက်နေသည့် မီးတောက်တစ်ခု လောင်ကျွမ်းလာသည်။ သွေးမျိုးနွယ်စုအမျိုးသမီး​၏ ခန္ဓာကိုယ်ပေါ်သို့ ကြောက်မက်ဖွယ် ဩဇာအာဏာများ ရုတ်တရက် ဆင်းသက်လာသည်။ ထိုမီးတောက်နှစ်ခုသည် သွေးမျိုးနွယ်စုဝင်တစ်ဦးဖြစ်သော အိုက်ရှီကို စိတ်ဝိညာဉ်ထဲသို့ပင် ကြည်ညိုမှုများ နက်ရှိုင်းစွာ ခံစားလာရစေသည်။

“အင်အားကြီးလိုက်တာ၊ ကျွန်မ ဒီခံစားချက်ကို အရမ်းကြိုက်တယ်” အိုက်ရှီသည် ညည်းတွား၍ သက်ပြင်းချလိုက်သည်။

ရွှယ်အန်း​သည် နဖူးပြင်တွင် အနက်ရောင်မျဉ်းကြောင်းအချို့ ပေါ်ပေါက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သွေးမျိုးနွယ်ဝင်များအနက် အမှန်တကယ် သာမန်ကျသူ မရှိသလောက်ပင် နည်းပါးပေသည်။ ဥပမာအားဖြင့် ဤအိုက်ရှီသည် နာကျင်ဒုက္ခရောက်ခြင်း၌ သာယာသူတစ်ဦးဖြစ်ပုံပေါ်သည်။

ရွှယ်အန်းသည် သူမ၏ အဓိပ္ပါယ်မဲ့သော စကားကို အာရုံမစိုက်နိုင်သောကြောင့် တိုက်ရိုက်မေးမြန်းလိုက်သည်။

“ဒီတစ်ခေါက် ခင်ဗျား နိုးထလာတာက တစ်စုံတစ်ယောက်က ခင်ဗျားကို ဆင့်ခေါ်လို့လား ဒါမှမဟုတ်ရင် တခြားအကြောင်းတစ်ခုခုရှိနေလို့လား။ ပြီးတော့ ခင်ဗျားတို့ မျိုးနွယ်ဝင်တွေရဲ့ ခေါင်းဆောင်အားလုံးနီးပါး ဘာလို့တစ်ချိန်တည်းမှာ နိုးထလာတာလဲ”

“မျိုးနွယ်စုခေါင်းဆောင်လည်း နိုးထလာတော့မယ်ဆိုတာကို ရှင် ဘယ်လိုသိတာလဲ” အိုက်ရှီက အနည်းငယ် ထိတ်လန့်သွားသည်။

ရွှယ်အန်း​သည် လက်ချောင်းများကို ရုတ်တရက် ဆုပ်ကိုင်လိုက်သောကြောင့် အိုက်ရှီ​၏လည်ပင်းသည် ပြင်းထန်စွာ တင်းကျပ်သွားသည်။ အိုက်ရှီသည် သွေးမျိုးနွယ်ဝင်တစ်ဦးဖြစ်သောကြောင့် အသက်မရှူဘဲ ရှင်သန်နိုင်သော်လည်း ရွှယ်အန်း​၏ အရောင်အဝါသည် ရေလှိုင်းတစ်ခုကဲ့သို့ သူမကို လုံးလုံးလျားလျား လွှမ်းမိုးလာသည့်အတွက် သွေးမျိုးနွယ်စု​၏စွမ်းရည်များကို အသုံးမပြုနိုင်ပေ။ ရလဒ်အနေဖြင့် ခဏအကြာတွင် အိုက်ရှီ​၏ခြေလက်များ တုန်ယင်လာ၍ ခန္ဓာကိုယ်တစ်လျှောက် တုန်ခါလာသည်။ ရွှယ်အန်းသည် ထိုမှသာ လက်ကို ရုတ်တရက် လွှတ်ပေးလိုက်သည်။ အိုက်ရှီသည် ပြင်းထန်စွာ ပင့်သက်ရှိုက်လိုက်သည်။

“ကျုပ် မမေးဘဲ ဖြေရင် ခင်ဗျား လည်ပင်းကို ချက်ချင်းချိုးပစ်ရလိမ့်မယ်” ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။

လေကို အပြင်းအထန် ရှူရှိုက်နေသော အိုက်ရှီသည် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

“ဟုတ်တယ်၊ အဲဒီခံစားချက်ပဲ။ နောက်တစ်ခါကြရင် ကျွန်မကို ကျေးဇူးပြုပြီး နည်းနည်းလောက် ကြာကြာ ညှစ်ပေးပါ၊ ကျွန်မ ခံနိုင်ရည်ရှိပါသေးတယ်”

ရွှယ်အန်း: “...”

နောက်ဆုံးတွင် အိုက်ရှီသည် တဖြည်းဖြည်း စိတ်တည်ငြိမ်လာ၍ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ဘာလို့ ရုတ်တရက် နိုးထလာတာလဲဆိုတာ ကျွန်မလည်း မသိဘူး။ အမှန်ဆိုရင် အနည်းဆုံး နောက်ထပ်ဆယ်နှစ်လောက် အိပ်ပျော်နေသင့်တာ၊ ပြီးတော့ ကျွန်မတို့ မျိုးနွယ်စုခေါင်းဆောင်လည်း နိုးထဖို့ နောက်ထပ်အနှစ်တစ်ရာလောက်လိုသေးတာ။ ဒါပေမယ့် ကျွန်မ နိုးလာတုန်းက သွေးထဲကနေ အသံတစ်ခုက ခေါ်နေသလိုပဲ”

ထိုသို့ကြားသောအခါ ရွှယ်အန်း​၏ အကြည့်များ အနည်းငယ် လှုပ်ခတ်သွား၍ စိတ်ထဲတွင် တိတ်တဆိတ် ပြုံးလိုက်သည်။ အခြေအနေသည် သူ ထင်မှတ်ထားသကဲ့သို့ဖြစ်နေသည်။ အိုက်ရှီ​၏စကားလုံးများသည် ရွှယ်အန်း စိတ်ထဲရှိ သံသယတစ်ခုကို အတည်ပြုလိုက်သည်။

ထိုအချိန်တွင် အိုက်ရှီက ပြောလိုက်သည်။

“ဒါဆို ရှင် ကျွန်မကို သတ်တော့မှာလား"

“တော်တော်လေး စိတ်အားထက်သန်နေပုံပဲ” ရွှယ်အန်းက ပြောလိုက်သည်။

“ဟီးဟီး၊ တကယ်ကြီး စိတ်အားထက်သန်နေတာတော့မဟုတ်ပေမယ့် သေတာနဲ့ အိပ်တာက သိပ်မကွာခြားဘူးလို့ ကျွန်မ ခံစားရလို့ပါ။ ဒါ့ပြင် ရှင်က ဒီနယ်မြေက မဟုတ်ဘူး မဟုတ်လား။ ရှင် သွေးနယ်မြေမှာ ဘာလုပ်နေတာလဲ”

ရွှယ်အန်းသည် သူမကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ အိုက်ရှီသည် သူမ​၏ စကားများကို မျိုချလိုက်သည်။ ပြီးနောက် ရွှယ်အန်းက သူမကို လွှတ်ပေးလိုက်သည်။ သွေးမျိုးနွယ်ဝင်အမျိုးသမီးသည် မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားသည်။

“ကျုပ် ခင်ဗျားကို မသတ်ပါဘူး၊ ဒါပေမယ့် ခင်ဗျား ကျုပ်ကို တစ်ခုကူညီပေးရမယ်” ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

“ကျွန်မတို့ မျိုးနွယ်စုခေါင်းဆောင် နိုးထတဲ့ အခမ်းအနားကို ခေါ်သွားရမှာ မဟုတ်လား” အိုက်ရှီက မျက်တောင်ခတ်၍ မေးလိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့် ကျွန်မ ရှင့်ကို သစ္စာဖောက်သွားမှာကို မကြောက်လား။ ဘာပဲဖြစ်ဖြစ် သူ ကျွန်မတို့မျိုးနွယ်စုရဲ့ ခေါင်းဆောင်လေ” အိုက်ရှီက ရယ်လိုက်သည်။

ရွှယ်အန်းသည် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အိုက်ရှီနဖူးထဲသို့ နတ်အာရုံတစ်ခု ရုတ်တရက် ဝင်သွားလေသည်။

"သတိပေးခဲ့တဲ့အတွက် ကျေးဇူးပဲ။ အခု ခင်ဗျား ကျုပ်ကို သစ္စာဖောက်ချင်ရင်တောင် မဖြစ်နိုင်တော့ဘူး"

အိုက်ရှီသည် သူမ၏ အသိစိတ်ပင်လယ်အတွင်းရှိ တစ်စုံတစ်ခုကို ခံစားလိုက်ရသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်။

“ဒါက ဟော့အာကို ထိန်းချုပ်ဖို့ ရှင် သုံးခဲ့တဲ့ နည်းလမ်းလား။ ကျွတ် ကျွတ်၊ တကယ်လည်း အံ့ဩစရာကောင်းတဲ့ နည်းဗျူဟာပဲ”

အကယ်၍ အခြားသော သွေးမျိုးနွယ်ဝင်ဖြစ်ပါက၊ ၎င်းတို့၏ဝိညာဉ်ပေါ်တွင် ထွင်းထုထားသော ဤကျိန်စာအမှတ်အသားကို ခံစားရသည်နှင့် စိတ်ပျက်အားငယ်သွားမည်ဖြစ်သည်။ သို့သော် အိုက်ရှီသည် အံ့အားသင့်စွာ ကြည့်ရှုပြီးနောက် သူမ၏ စိတ်ဝိညာဉ်အတွင်းရှိ အပြောင်းအလဲများကို အတော်လေး စိတ်ဝင်စားနေပုံပေါ်သည်။ ရွှယ်အန်းသည် အနည်းငယ် ဒေါသထွက်၍ ရယ်ချင်နေမိသည်။ ဤသွေးမျိုးနွယ်ဝင်အမျိုးသမီးသည် ထူးဆန်းသော အတွေးများရှိနေသည့် အရူးတစ်ယောက်ဟု သူ ခံစားလိုက်ရသည်။ သို့သော် သူ တွေ့ရှိခဲ့သော နတ်အာရုံအရ အိုက်ရှီသည် အပြစ်မဲ့သူများကို မသတ်ခဲ့ပေ။ အနည်းဆုံးအနေဖြင့် သွေးကျွန်အဖြစ် သူမ ရွေးချယ်ခဲ့သူများသည် ကောင်းမွန်သော အခြေအနေဖြင့် အဆုံးသတ်ခဲ့ကြသည်။

“ခင်ဗျားက နည်းနည်းမှ ကြောက်ပုံမပေါ်ပါလား” ရွှယ်အန်းက ပြောလိုက်သည်။

“ကြောက်ရမယ်တဲ့လား၊ ဘာလို့ကြောက်ရမှာလဲ”

“ကျုပ်က ခင်ဗျားရဲ့ မျိုးနွယ်စုကို ဖျက်ဆီးဖို့ ရောက်လာတာ၊ ကြောက်သင့်တယ် မဟုတ်ဘူးလား”

“ကောင်းပြီလေ၊ သူတို့ကို ဖျက်ဆီးပစ်လိုက်။ မြန်မြန်ဖျက်ဆီးပစ်။ ကျွန်မ ပင်ပန်းနေပြီ”

All Chapters