အကြွင်းမဲ့ လွှမ်းမိုးချုပ်ကိုင်မှု ဆိုတာ ဒူးထောက်အညံ့ခံသူတွေကိုပါ နင်းခြေနိုင်တယ်
Vol. 59 Ch. 872
ရွှယ်အန်း မြေပြင်ပေါ်သို့ ပြန်ဆင်းသက်လာပြီးနောက် ဟော့အာသည် ရိုသေလေးစားစွာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
“ကျွန်တော်မျိုးကို အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး”
အိုက်ရှီသည်တော့ ကြောက်ရွံ့သည့်ဟန် မပြဘဲ စူးစမ်းလိုစိတ်နှင့် လေးစားအားကျမှုများဖြင့်သာ ရွှယ်အန်းကို ကြည့်နေသည်။
“ရှင်က ဘယ်သူလဲ”
ထိုမေးခွန်းကြောင့် ဒူးထောက်လျက်ရှိနေသော ဟော့အာ၏ နှလုံးသားမှာ ကျုံ့သွားသလို ခံစားလိုက်ရသည်။
ဒီသခင်မလေးက တကယ်ပဲ သေမှာ မကြောက်ဘူးပဲ...
ဒီလို သတ်ဖြတ်ခြင်းဘုရားသခင်ကိုတောင် ဘယ်သူလဲလို့ မေးရဲတယ်ပေါ့...
သူမ အသက်ရှင်ရတာ ပင်ပန်းနေပြီလား..
သို့သော် ရွှယ်အန်းက အရေးမစိုက်စွာ ပြောလိုက်သည်။
“ငါလား၊ ငါက မင်းတို့ သွေးမျိုးနွယ်တစ်ခုလုံးကို မျိုးဖြုတ်သတ်ဖြတ်ဖို့ လာတာပဲ”
ထိုစကားကို ကြားလိုက်ရသောအခါ ဟော့အာတစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး ရွှယ်အန်းကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။
သူအစက ရွှယ်အန်းသည် ဖိုခနမိသားစု၏ ရန်သူသာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုစကားအရ သွေးမျိုးနွယ်တစ်ခုလုံးကို ပစ်မှတ်ထားနေပုံရသည်။
သို့သော် ထိုသည်မှာ ဖြစ်နိုင်သည်လား...
ဖိုခနမိသားစုဆိုသည်မှာ သွေးဘုရားနယ်မြေ၏ အပြင်ဘက်ဆုံးအလွှာတွင်သာ ရှိသေးကြောင်း သိထားရမည်။
အတွင်းဘက်တွင် အနည်းဆုံး သွေးနယ်မြေ နှစ်လွှာခန့် ကျန်ရှိနေသေးပြီး အလွှာတစ်ခုစီတိုင်းရှိ စစ်သည်များသည် အလွန်အစွမ်းထက်ကြသည်။
အလယ်နယ်မြေရှိ သွေးဘုရားနယ်မြေတွင် သွေးမျိုးနွယ်၏ မူလအစကို ထိန်းချုပ်ထားသော အစွမ်းထက် ပုဂ္ဂိုလ်များပင် ရှိနေသည်။
ဒီလူက အစွမ်းထက်တာ မှန်ပေမဲ့ သွေးမျိုးနွယ်ရဲ့ ဒီလောက်များပြားတဲ့ စစ်သည်တော်တွေကို ယှဉ်နိုင်ပါ့မလား...
ဟော့အာ၏ စိတ်ထဲတွင် သံသယအနည်းငယ် ဝင်လာသည်။
အိုက်ရှီသည်တော့ ထိုစကားကို ကြားသည်နှင့် သူမ မျက်လုံးများ တောက်လာပြီး အလွန်စိတ်လှုပ်ရှားသော လေသံဖြင့် ပြောလိုက်သည်။
"ကျွန်မ အဲ့ဒီရည်မှန်းချက်ကို အရမ်း သဘောကျတာပဲ၊ ကျေးဇူးပြုပြီး ကျွန်မကိုပါ ခေါ်သွားပေးပါ”
ဟော့အာ: “…”
ရွှယ်အန်းသည် လက်ခံခြင်း၊ ငြင်းပယ်ခြင်း မပြုဘဲ အခြားအရာကိုသာ ပြောလိုက်သည်။
“အရင်ဆုံး မြေအောက်အကျဥ်းထောင်ကို သွားမယ်”
“ဟုတ်ကဲ့ပါ"
ကောင်စီခန်းမတွင် ကြီးမားသော ဖြစ်ရပ်ကြီး ဖြစ်ပျက်ခဲ့သော်လည်း မြေအောက်ထောင်တွင်မူ ဘာမှမသိလိုက်ကြပေ။
ရွှယ်အန်း ထောင်ထဲသို့ ဝင်ရောက်သွားချိန် အစောင့်တာဝန်ကျသော သွေးမျိုးနွယ် စစ်သားများသည် စုရုံးကာ သောက်စားနေကြသည်။
ရွှယ်အန်း နှင့်အတူ အိုက်ရှီအပါအဝင် အခြားသူများ ဝင်လာသည်ကို မြင်သောအခါ ထိုသွေးမျိုးနွယ် စစ်သားများ အလျင်အမြန် မတ်တတ်ရပ်လိုက်ကြသည်။
“သခင်မလေး... ဒါက ဘာသဘောလဲ”
ရွှယ်အန်း သည် ထိုသူများနှင့် စကားပြောကာ အချိန်ဖြုန်းမနေဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။
တာအိုဓား အလင်းတန်းများသည် ထိုသူများကို ချက်ချင်း လွှမ်းခြုံသွားသည်။
သူတို့သည် အော်ဟစ်ရန် အချိန်ပင် မရလိုက်ဘဲ ချက်ချင်း ပြာမှုန့်ဘဝ ရောက်သွားကြသည်။
ဤမြင်ကွင်းသည် အနီးနားရှိ အကျဉ်းခန်းများမှ သွေးကျွန် အားလုံးကို တုန်လှုပ်သွားစေသည်။
ထို့နောက် အချို့မှာ သည်းထန်စွာ ငိုကြွေးကြတော့သည်။
ထိုထောင်စောင့်များသည် သွေးကျွန်များအပေါ် အလွန်ရက်စက်စွာ ဖိနှိပ်ခဲ့ကြသည်မှာ ထင်ရှားသည်။
သို့သော် သွေးကျွန်အများစုသည် ရွှယ်အန်း ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ရွှယ်အန်း သည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ဖိုခနမိသားစု ပျက်စီးသွားပြီ၊ အခု မင်းတို့အားလုံး လွတ်လပ်ပြီ”
ထိုသို့ပြောပြီးနောက် ရွှယ်အန်း သည် ခြေထောက်ဖြင့် မြေကြီးကို ပြင်းထန်စွာ ဆောင့်နင်းလိုက်သည်။
မြေအောက်ထောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
ချုပ်နှောင်ထားသော အကျဉ်းခန်းများသည်လည်း ထိုတုန်ခါမှုကြောင့် ပျက်စီးကုန်သည်။
သွေးကျွန်များသည် သူတို့မျက်လုံးသူတို့ မယုံနိုင်သလို ဖြစ်ကာ ရွှယ်အန်း ကို ငေးမော ကြည့်နေကြသည်။
ခဏကြာမှသာ လူတစ်ယောက် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အပြင်သို့ ထွက်လာသည်။
ဦးဆောင်သူတစ်ယောက် ရှိလာသောအခါ ကျန်လူများလည်း ဖြည်းဖြည်းချင်း လိုက်ပါလာကြသည်။
မကြာမီတွင် စိတ်ပိုင်းဆိုင်ရာ လုံးဝပျက်စီးနေသူများမှလွဲ၍ ကျန်လူများအားလုံး အကျဉ်းခန်းများမှ ထွက်လာကြပြီး ရွှယ်အန်း နှင့် အခြားသူများကို ကြောင်ငေးကြည့်နေကြသည်။
ရွှယ်အန်း၏ အကြည့်သည် သူတို့မျက်နှာများကို တစ်ချက်စီ ကြည့်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့ ဘာတွေးနေလဲ ငါသိတယ်၊ ဒါပေမဲ့ အဲ့ဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီ၊ အခု မင်းတို့ သွားလို့ရပြီ”
သွေးကျွန်များသည် ကြောင်တောင်တောင် ဖြစ်နေကြဆဲဖြစ်သည်။
ဟော့အာက ရှေ့တိုးလာပြီး ပြောလိုက်သည်။
“သခင်ကြီးက အမိန့်ပေးပြီးပြီပဲ၊ နေရာရွှေ့ပြောင်း အစီအရင်ကနေတဆင့် မြန်မြန် ထွက်သွားကြ၊ ဖိုခနမိသားစု မရှိတော့ဘူး၊ နားလည်လား”
ထိုအခါမှသာ ၎င်းတို့သည် အိပ်မက်မှ နိုးထလာသည့်ပမာ ဖြစ်သွားကြပြီး အချို့ဆိုလျှင် ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ကျလာကြသည်။
၎င်းတို့ သွေးကျွန် မဖြစ်လာခင်က မျှော်လင့်ချက်များ ရှိခဲ့ကြသည်။
သို့သော် သူတို့ သွေးကျွန် ဖြစ်လာသောအခါ အရှက်တကွဲဖြစ်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်း ဆိုသည်မှာ မည်သည့်အရာလဲဆိုတာ သူတို့ နားလည်ခဲ့ရသည်။
ယခု သူတို့ လွတ်မြောက်သွားပြီ ဖြစ်သောကြောင့် ဝမ်းသာအားရ ငိုကြွေးကြပြီး လူစုခွဲ မထွက်မီ ရွှယ်အန်းကို ဦးညွှတ်အရိုအသေ ပြုကြသည်။
မကြာမီ...
မြေအောက်အကျဥ်းထောင်သည် ဟာလာဟင်းလင်း ဖြစ်သွားပြီး စိတ်ပိုင်းဆိုင်ရာ ကျိုးပဲ့ပျက်စီးနေသော အသုံးမဝင်တော့သူများသာ ကျန်ရစ်ခဲ့သည်။
“သခင်ကြီး၊ ဒီလူတွေက…”
ဟော့အာသည် ရွှယ်အန်း စိတ်ဆိုးမည်ကို စိုးရိမ်သဖြင့် သတိထားကာ မေးလိုက်သည်။
ရွှယ်အန်း ၏ မျက်လုံးများသည် ရေခဲပမာ အေးစက်နေသည်။ သူ့ လက်ကို ဝှေ့ယမ်းလိုက်ရာ တာအိုဓားအလင်းတန်းများ ဖြတ်သန်းသွားပြီး ထိုသူအားလုံးကို သတ်ဖြတ်လိုက်သည်။
ထင်ယောင်ထင်မှား ဖြစ်ကောင်းဖြစ်နိုင်သော်လည်း...
ထိုလူများ မသေဆုံးမီ ထိုလူများအားလုံး၏ မျက်နှာတွင် လွတ်မြောက်သွားသည့်အလား သက်သာရာရသော အရိပ်အယောင်များ ပေါ်လာသည်။
သူတို့အတွက်သည် သေဆုံးခြင်းကသာ ကောင်းချီးမင်္ဂလာ ဖြစ်တော့သည်။
ထိုကိစ္စများ ပြီးသောအခါ ရွှယ်အန်း သည် လေပေါ်သို့ ပျံတက်သွားပြီး ဖိုခနမိသားစု၏ ရှေးဟောင်းရဲတိုက်ကြီးအပေါ်တွင် ရပ်တန့်လိုက်သည်။ ထို့နောက် လက်သီးကို ဆုပ်ကာ လေထဲမှနေ၍ အောက်သို့ ထိုးချလိုက်သည်။
ဝုန်း!
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
သွေးမျိုးနွယ်၏ လျှို့ဝှက်နည်းလမ်း အမျိုးမျိုးဖြင့် တည်ဆောက်ထားသော ဤရှေးဟောင်းရဲတိုက်ကြီးသည် ရွှယ်အန်း၏ လက်သီးချက်အောက်တွင် ကြွေထည်ပစ္စည်းတစ်ခုအလား ကြေမွသွားပြီး မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားတော့သည်။
ဤသို့ဖြင့် ဤကမ္ဘာပေါ်တွင် ဖိုခနမိသားစု တည်ရှိခဲ့သော နောက်ဆုံး ခြေရာလက်ရာများသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ဟေယ်အာ သည် ထိုမြင်ကွင်းကို ကြည့်ကာ သူ့ရင်ထဲတွင် ထိတ်လန့်သွားပြီး ရွှယ်အန်း အပေါ်ထားရှိသော သဘောထားမှာ ပို၍ ရိုသေလေးစားလာသည်။
အိုက်ရှီကမူ အရာအားလုံးကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
“ဖျက်ဆီးလိုက်တာ ကောင်းတယ်၊ ဒီရဲတိုက်ဟောင်းကြီးကို ကျွန်မ ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး၊ နေရာတိုင်း မှောင်မဲနေတာပဲ၊ အခေါင်းတလားကြီး ကျနေတာပဲ”
ပျက်စီးသွားတာ စံအိမ်သာ် သူမအိမ် မဟုတ်သည့်အတိုင်းပြောနေသည်။
ရွှယ်အန်း က ပြုံးရုံသာ ပြုံးလိုက်သည်။
“သခင်ကြီး နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိပါသေးလဲ”
“ဒီမှာရှိတဲ့ သွေးမျိုးနွယ် အကုန်လုံးကို သတ်မယ်”
ဤသည်မှာ ရိုးရှင်းသော စကားလုံးများ ဖြစ်သော်လည်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
ဟော့အာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။
အိုက်ရှီကတော့ အလွန် စိတ်လှုပ်ရှားနေသည်။
“အကုန်လုံး သတ်ပြီးရင်ရော”
ရွှယ်အန်းသည် ဟင်းလင်းပြင် တစ်နေရာကို ညွှန်ပြလိုက်သည်။
“နောက်ထပ် နယ်မြေတစ်ခုဆီ ဆက်သွားပြီး ဆက်သတ်မယ်၊ သွေးဘုရားနယ်မြေ တစ်ခုလုံး ကြေမွသွားတဲ့အထိပဲ”
နောက်ရက်များတွင် ဤနေရာရှိ သွေးမျိုးနွယ်များသည် ကပ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်ကြရမည်။
ရွှယ်အန်းသည် မြေထိုးစက်ကြီး တစ်စီးပမာ ဤကမ္ဘာကို ဝင်ရောက်မွှေနှောက်ကာ သွေးမျိုးနွယ်ဝင် အားလုံးကို ချေမှုန်းပြီး သွေးပုလဲများအဖြစ် သန့်စင်လိုက်သည်။
ထိုအထဲတွင် ခေါင်းမာပြီး ပြန်လည်ခုခံရန် ကြိုးစားသူများရှိသော်လည်း သူတို့အားလုံး ချေမှုန်းခံလိုက်ရသည်။
ကြောက်ရွံ့ကာ အသက်ချမ်းသာပေးရန် တောင်းပန်သူများလည်း ရှိသော်လည်း ရွှယ်အန်း သည် ၎င်းတို့ကိုလည်း အလားတူပင် သတ်ပစ်ခဲ့သည်။
သွေးမျိုးနွယ်ခေါင်းဆောင်တစ်ယောက်က နာကျင်စွာ အော်ဟစ်မေးမြန်းဖူးသည်။
“ငါတို့က အညံ့ခံပြီးပြီပဲ၊ ဘာလို့ ငါတို့ကို သတ်ချင်နေရတာလဲ”
ထိုမေးခွန်းကို ရွှယ်အန်းက ရိုးရှင်းစွာ ပြန်ဖြေခဲ့သည်။
“တရားမျှတမှုနဲ့ အုပ်ချုပ်တယ်ဆိုတာက ဆန့်ကျင်ဘက်အမြင်ရှိသူတွေကို အညံ့ခံအောင်လုပ်တာပေမဲ့ ငါက မတူဘူး"
“ငါလိုချင်တာက အကြွင်းမဲ့ လွှမ်းမိုးချုပ်ကိုင်မှုပဲ၊ အဲ့ဒီ အကြွင်းမဲ့ လွှမ်းမိုးမှုဆိုတာ... ဒူးထောက်အညံ့ခံလာတဲ့ သူတွေကိုတောင် နင်းခြေနိုင်တာပဲ”
“ပြီးတော့ မင်းတို့ ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်ပါတယ်ဆိုတဲ့ သွေးမျိုးနွယ်တွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေက မင်းတို့ကို အခါတစ်ထောင်လောက် သေဒဏ်ပေးဖို့ လုံလောက်နေပြီ”
သွေးမျိုးနွယ်ကို မျိုးဖြုတ်သတ်ဖြတ်ရာတွင်...
ရွှယ်အန်း သည် မကြည့်ရက်စရာ မြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရသည်။
ထိုအရာများသည် ယုတ်မာသော သွေးမျိုးနွယ်အပေါ် သူ၏ သတ်ဖြတ်လိုစိတ်ကို ပိုမို ပြင်းထန်လာစေသည်။
ရက်အနည်းငယ်အတွင်းမှာပင်...
ဤကမ္ဘာရှိ သွေးမျိုးနွယ်များ ကုန်လုနီးပါး ဖြစ်သွားသည်။
အပြစ်ကင်းစင်သော မိသားစုငယ် အနည်းငယ်သာ ကြောက်လန့်တကြား ကျန်ရစ်ခဲ့ကြသည်။
အနက်ရောင် ဝတ်ဆင်ကာ ပြိုင်ဘက်ကင်းသော အစွမ်းရှိသည့် ရွှယ်အန်းကို ထိုသွေးမျိုးနွယ်ဝင်များသည် အနက်ရောင်ဝတ် သတ်ဖြတ်ခြင်း ဘုရားသခင် ဟု တိတ်တဆိတ် အမည်ပေးထားကြသည်။
ထိုအမည်ကို ပြောဆိုသည့်အခါ၌ပင် ရွှယ်အန်း ကြားသွားပြီး လာရောက်သတ်ဖြတ်မည်ကို စိုးရိမ်မိသောကြောင့် အသံကျယ်ကျယ် မပြောရဲကြပေ။
ဤကာလအတွင်း ရွှယ်အန်းသည်လည်း ဆုလာဘ်များစွာ ရိတ်သိမ်းနိုင်ခဲ့သည်။
ဒုတိယမျိုးဆက် သွေးမျိုးနွယ်၏ သွေးပုလဲ အနည်းဆုံး အလုံးနှစ်ဆယ်၊ သုံးဆယ်ခန့်နှင့် သွေးမျိုးနွယ်နယ်စားများ၏ သွေးပုလဲ ရာပေါင်းများအပြင် ရေတွက်၍မကုန်နိုင်သော မှူးမတ်အဆင့် သွေးပုလဲများကို ရရှိခဲ့သည်။
သို့သော် ရွှယ်အန်း မကျေနပ်သေးပေ။
နောက်ထပ် သူသည် ပိုမိုနက်ရှိုင်းသော နယ်မြေတစ်ခုကို မျက်စိကျလာသည်။
သို့သော် သူ မသိလိုက်သည့် အချက်မှာ...
သူ ဤနေရာတွင် ရက်ရက်စက်စက် သတ်ဖြတ်နေစဉ်မှာပင်...
သူ၏ နာမည်သည် အတွင်းပိုင်း သွေးနယ်မြေသို့ ပျံ့နှံ့ရောက်ရှိနေပြီကို ဖြစ်သည်။