နိုင်ငံအဆင့်ပြိုင်ပွဲ ပထမ
Vol. 1 Ch. 216
နောက်ရက်များတွင် ကျန်းရီတို့ လူစုသည် အဖွဲ့ပေါင်းများစွာနှင့် ကြုံတွေ့ခဲ့သော်လည်း အရှုံးမရှိခဲ့ပေ။
ယွင်ဖေး၏ သစ်သားစိတ်နယ်လွန် ခန္ဓာသည် ကီလိုမီတာ ငါးဆယ်ပတ်လည်ရှိ မည်သည့် တောအုပ်ကိုမဆို အာရုံခံ နိုင်လေသည်။ ထိုစွမ်းရည်ကြောင့် သူတို့ အသာစီး ရနေခဲ့သည်။
သူတို့ အုပ်စုသည် လူဦးရေ နည်းသော်လည်း ပူးပေါင်း တိုက်ခိုက်ပါက ရွှေကျင်းရှီ လွင်ပြင်ထက်ရှိ အင်အားကြီး အဖွဲ့များစွာကိုပင် အနိုင်ယူနိုင်စွမ်း ရှိလေသည်။ ဤနိုင်ငံအဆင့် ပြိုင်ပွဲတွင် မင်းသားနှစ်ပါးသာ ပါဝင် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး တစ်ဦးမှာ ကျန်းရီ၏ သတ်ဖြတ်ခြင်း ခံလိုက်ရသော ရှန်မိနိုင်ငံ၏ မင်းသားယွင်ဟဲ ဖြစ်လေသည်။ ကျန်တစ်ဦးမှာ ရှန်ဝူနိုင်ငံ၏ အပျော်အပါး လိုက်စားလှသော မင်းသား ရှားထျန်း ဖြစ်လေသည်။ သူ၏ နာမည်ကောင်းကြောင့် ရှားထျန်းသည် ရှန်ဝူနိုင်ငံ၏ သိုင်းသမားများကို စုစည်းရန် အရည်အချင်း မရှိပေ။
ထို့ကြောင့် ရွှေကျင်းရှီ လွင်ပြင်ထက်တွင် အုပ်စုငယ်များ၊ လူအရေအတွက် ဆယ်ဂဏန်း၊ ရာဂဏန်းနှင့် တစ်ထောင်ခန့်သာ ပါသော တပ်ဖွဲ့ငယ်များသာ ရှိလေသည်။ ကျန်းရီတို့ အဖွဲ့ထက် တိုက်ခိုက်နိုင်စွမ်း မြင့်မားသော တပ်ဖွဲ့မှာ မရှိသလောက်ကို ရှားပါးလေသည်။
ရွှေယွဲ့လျန် မျှော်စင်မှ မိန်းကလေးများ၏ ကျင့်ကြံဆင့်သည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ဒုတိယအဆင့်၊ တတိယ အဆင့်ခန့်တွင် ရှိ၍ လရိပ်ပြာဝင်္ကပါဖြင့် ပူးပေါင်း တိုက်ခိုက်ပါက တိုက်ခိုက်နိုင်စွမ်းသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် တတိယအဆင့်၊ စတုတ္ထအဆင့် လောက်ထိ မြင့်တက် သွားလေသည်။ ကုထယ်နှင့် ကျန်လူများပါ ပေါင်းလိုက်လျှင် ကျန်းရီတို့ လူစုသည် မည်သည့် အဖွဲ့ကိုမဆို အသာလေး အနိုင်ယူ နိုင်လေသည်။
အခြားလူများ သေဆုံး သွားခြင်းကို မြင်ရသော်လည်း သူဘာမှ မခံစားမိပေ။ အဖွဲ့တစ်ခုခုနှင့် ထိပ်တိုက် တွေ့ပါက ကျန်းရီသည် ရွှေယွဲ့လျန် မျှော်စင်နှင့် ကုထယ်တို့၏ လူများကို သွားရောက် တိုက်ခိုက်ခိုင်း၍ သူတို့က နောက်မှသာ ပွဲကြည့် နေလေသည်။ ပြိုင်ဘက် အဖွဲ့တွင် သိုင်းသမား အရေအတွက် အလွန် များပြားနေပါက ကျန်းရီသည် ကျန့်ဝူရွှမ်းအား ကျန့်ဂိုဏ်းသားများနှင့် ယွင်ဖေး၏ လူများကို ဦးဆောင်ကာ တိုက်ခိုက် စေလိမ့်မည်။ ရရှိလာသော ပစ္စည်းများ အားလုံးကို ထိုဂိုဏ်း နှစ်ခုကသာ ခွဲဝေယူကြသည်။ ရွှေယွဲ့လျန်မျှော်စင်နှင့် ကုထယ်တို့ အဖွဲ့သည် စိတ်တိုလွန်း၍ မျက်စောင်း တထိုးထိုး ဖြစ်နေကြလေသည်။
ဆယ်ရက်ကျော်သည် လျင်မြန်စွာ ကုန်ဆုံး သွားခဲ့သည်။
ကျန်းရီတို့ အဖွဲ့သည် တိုက်ပွဲများစွာ ဆင်နွှဲခဲ့ပြီး တံဆိပ်ပြား ထောင်ချီ၍ ရရှိခဲ့သည်။ ကျန်းရီ ပထမနေရာ ရမည်မှာ လုံးဝ အံ့အားသင့်စရာ မရှိချေ။ နိုင်ငံအဆင့် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အရေအတွက် ခြောက်သောင်း၊ ခုနစ်သောင်းခန့် ရှိကာ ကျန်းရီတွင် တံဆိပ်ပြား တစ်သောင်းခန့် ရနေပြီ ဖြစ်လေသည်။ ယွင်ဟဲသာ မသေသွားလျှင် သူ၏စစ်တပ်သည် လူပေါင်းထောင်ချီ ပါဝင်နေ၍ ရွှေကျင်းရှီ လွင်ပြင်ကို စိတ်ကြိုက် ခြယ်လှယ်ကာ ပထမနေရာ ရမည်မှာ မလွဲဧကန်ပင်။
ထိုရက်များတွင် သူတို့သည် အားကောင်းသော တပ်ဖွဲ့များသာမက ဇင်ဘုရားကျောင်းမှ ဘုန်းကြီးများ နှင့်လည်း တွေ့မိတော့မလို ဖြစ်သေးသည်။ ကျန်းရီသည် သတိထားနေရာ ယွင်ဖေး ထိုသူတို့အား အာရုံခံမိသည်နှင့် ချက်ချင်း ရှောင်လိုက် နိုင်ကြသည်။
သူတို့သည် ချမ်ဂိုဏ်း၊ ယင်းဂိုဏ်း၊ လုံဂိုဏ်းနှင့် ထိုက်ရှစ်ဂိုဏ်းတို့မှ အဖွဲ့များနှင့်လည်း တွေ့ခဲ့သည်။ ကျန်းရီသည် သူတို့ မပတ်သက်ချင်၍ တစ်ကြောင်း၊ တိုက်ခိုက်ရန် မကောင်းတတ်၍ တစ်ကြောင်းကြောင့် သူတို့အားလည်း ရှောင်လိုက်သည်။
နောက်ပိုင်း ရက်များတွင် ရွှေယွဲ့လျန်မျှော်စင်မှ မိန်းကလေး ရှစ်ယောက် သေဆုံးသွားခဲ့ပြီး ရွှေကျုံးဟွာသည် ကျန်းရီကို မုန်းတီးသော မျက်လုံးများနှင့် ကြည့်လာလေသည်။ သို့သော် ရွှေယို့လန် အမိန့်ပေးခဲ့ သောကြောင့် သူတို့သည် ကျန်းရီ နိုင်ငံအဆင့် ပြိုင်ပွဲတွင် ပထမအဆင့် ရရန် အမှတ်များ စုဆောင်းရာတွင် သူတို့ နောက်ဆုံး ထွက်သက်ထိ တိုင်အောင် ကူညီရပေမည်။
ကုထယ်၏ လူအချို့ သေဆုံး သွားသော်လည်း ဟော်ရှုနှင့် ကုထယ်တို့လို အရေးပါသူများ ရှင်နေသေးသရွေ့ ယွင်ဖေးသည် မည်သို့မှ သဘော မထားပေ။ ကျန့်ဂိုဏ်းမှလည်း လူအနည်းငယ် ဆုံးရှုံးလိုက် ရသောကြောင့် ကျန်းရီ အပြစ်ရှိသလို ခံစားနေရ လေသည်။
သူတို့ တံဆိပ်ပြား ပမာဏ အတော်များများ စုစည်းပြီးချိန်တွင် ကျန်းရီသည် အားလုံးအား ချိုင့်ဝှမ်းတစ်ခု အတွင်း နားကြရန် ပြောလိုက်သည်။ သုံးလေးရက်ခန့် နားပြီးလျှင် တစ်လအချိန် ပြည့်ပြီ ဖြစ်သောကြောင့် အင်ပါယာ မြို့တော်ထံ အလိုအလျောက် ပြန်ပို့ခြင်း ခံရလိမ့်မည်။
ရွှေကျုံးဟွာနှင့် ကုထယ်တို့သည် အလွန်အမင်း မကျေမနပ် ဖြစ်နေရာမှ စိတ်သက်သာရာ ရသွားခဲ့သည်။ ကျန်းရီကသာ ဆက်လက် တိုက်ခိုက်ချင် နေလျှင် သူတို့ အစွမ်းကုန် တိုက်ခိုက်ပေးရုံမှ တစ်ပါး ရွေးစရာမရှိပေ။ သူတို့ သေတောင် သွားနိုင်သေးသည်။ ယွင်ဖေး၏ လူများသည်လည်း အတော်လေး ပင်ပန်းနွမ်းနယ် နေကြပြီ ဖြစ်လေသည်။
ချိုင့်ဝှမ်းထဲမှ ကန်ငယ်လေး တစ်ခုအတွင်း ရေချိုး လိုက်ပြီးနောက် ကျန်းရီသည် မီးဝိညာဉ် ပုလဲထဲမှ ပစ္စည်းကိရိယာ များစွာကို ထုတ်ယူ၍ ကန်ဘေးတွင် တဲထိုး၍ စတည်းချ လိုက်သည်။ ထို့နောက် ပြိုင်ပွဲပြီးမည့် အချိန်ကို အေးအေးလူလူ စောင့်ဆိုင်း နေလိုက်သည်။
***
လေးရက် ကြာပြီးနောက် ရွှေကျင်းရှီလွင်ပြင်၏ ကောင်းကင်သည် မြူများ၊ တိမ်များ ကင်းစင် သွားသည့်ပမာ ရုတ်တရက် လင်းထိန် လာခဲ့သည်။ ရွှေရောင် အလင်းတန်းများသည် အသက်ရှင် ကျန်ရစ်သူများ၏ ကိုယ်ပေါ် ကျရောက်လာ၍ ထိုသူတို့သည် လွင်ပြင်ထက်မှ ကွယ်ပျောက် သွားကြပြီး အင်ပါယာ မြို့တော်၏ မြေကွက်လပ်ထဲတွင် ပေါ်ထွက် လာကြသည်။
"ဝိုး ...”
မြို့တော်ထဲတွင် လူစုံတက်စုံ ရောက်ရှိနေကြပြီ ဖြစ်ရာ အသက်ရှင် ကျန်ရစ်များ ပေါ်ထွက် လာသည်နှင့် မြို့တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ မျက်လုံးများစွာသည် အသက်ရှင် ကျန်ရစ်သူများထံ ကျရောက် လာကြပြီး တောက်ပသွားသည့် မျက်လုံးများ ရှိသလို မှိန်ဖျော့နေသည့် မျက်လုံးများလည်း ရှိလေသည်။ သူတို့ ရှာနေကြ သူများကို မတွေ့လျှင် ပြိုင်ပွဲအတွင်း သေဆုံး သွားခြင်းသာ ဖြစ်နိုင်လေသည်။
"အစ်ကိုကြီး ... အစ်ကိုဝူရွှမ်း ...”
"အစ်ကိုကျန်းရီ ... ကျန့်ဝူရွှမ်း ...”
အသားလုံးကြီး ချမ်ဝမ်ကွမ်နှင့် မျက်နှာတွင် ပဝါစကို ကာထားသူ ကျန့်လင်းအာတို့သည် စိတ်လှုပ်ရှားစွာဖြင့် လက်တရမ်းရမ်း ပြနေကြလေသည်။ သူတို့ကို တားဆီးထားသော အင်ပါယာ အစောင့်များသည် မရှိလျှင် ပြေးသွားသည်မှာ ကြာလှလောက် ပေပြီ။ ကျောင်းအုပ်ချီနှင့် အခြား သူများသည်လည်း ဘေးဘက်တွင် ရပ်ကြည့်၍ ကျေနပ်စွာ ခေါင်းညိတ် နေကြသည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ကျောင်းသားအချို့ ဆုံးရှုံးခဲ့ ရသော်လည်း အသက် ရှင်နှုန်းသည် ပိုများလေသည်။
"ဟူး ...”
ကျန်းရီနှင့် ကျန့်ဝူရွှမ်းသည် ဘေးပတ်လည်ကို ကြည့်ကာ သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ သူတို့သည် ကောင်းကင်ကို ကြည့်၍ သက်တမ်းတစ်ခု ကျော်ဖြတ် လိုက်နိုင်ပြီဟု ခံစားလိုက်ကြ ရသည်။ အထူးသဖြင့် သေမင်း နှုတ်ခမ်းဝမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့သည့် ကျန်းရီသည် အသက် ရှင်ရခြင်း၏ အရသာကို အပြည့်အဝ ခံစားလိုက်သည်။
သူ့မျက်လုံးများသည် ကျောင်းအုပ်ချီတို့ အုပ်စု၊ ချမ်ဝမ်ကွမ်နှင့် ကျန့်လင်းအာ တို့ထံ ဝေ့ဝဲကျရောက် သွားခဲ့ပြီး မှိန်ဖျော့ သွားခဲ့သည်။ လူအုပ်ထဲတွင် မြင်နေကျ ပုံရိပ်လေး တစ်ခုကို သူမတွေ့ခဲ့ပေ။
စုလောရွှယ်သည် ပြိုင်ပွဲသို့ သူလာရာတွင် လိုက်၍ မပို့ခဲ့သလို သူအောင်ပွဲခံ၍ ပြန်အလာကိုလည်း လာရောက် ကြိုဆိုခြင်း မရှိခဲ့ပေ။ သူမသည် သူနှင့် နှောင်ကြိုးများ အားလုံးကို ဖြတ်တောက်ချင်ဟန် ရလေသည်။
"ကျန်းရီ ...”
အံကြိတ်၍ ခေါ်သံတစ်ခု ထွက်ပေါ် လာသောကြောင့် ကျန်းရီသည် အတွေးနွံထဲမှ ရုန်းထွက်လိုက်ပြီး ဘယ်ဘက်သို့ လှည့်လိုက်ရာ သူ့အား အငြိုးတကြီး စိုက်ကြည့်နေသော ကျန်းစွန်းဝူကျိနှင့် ရှားထျန်းကို တွေ့လိုက်ရသည်။ သူသည် လှောင်ပြုံးတစ်ခု ဆင်မြန်းလိုက်ပြီး ခေါင်းဖြတ်ပြသည့် လက်ဟန် လုပ်ပြလိုက်သည်။ ရှားထျန်းတို့သည် ဒေါသ ထွက်လွန်း၍ ထခုန်လုမတတ် ဖြစ်သွားခဲ့သည်။
"ကျန့်ဝူရွှမ်း ...”
ရှားထျန်းသည် ကျန်းရီနှင့် ကျန့်ဝူရွှမ်းတို့ ရွှေယွဲ့လျန် မျှော်စင်မှ လူများ အတူရပ် နေသည်ကို မြင်သွားခဲ့သည်။ သူ ငတုံးတစ်ယောက် ဖြစ်နေလျှင် ထိုနေ့မှ ထောင်ချောက်သည် သူတို့ လက်ချက်ဖြစ်မှန်း သဘောပေါက် လိုက်သည်။ သို့သော် သူ့တွင် သက်သေ တစ်စုံတစ်ရာ မရှိရာ အမှန်တရားများကို မျိုသိပ်ထားလိုက် ရသည်။
"ရှပ် ... ရှပ် ... ရှပ်"
ခြေသံများ ထွက်လာခဲ့ပြီး အနက်ရောင် ချပ်ဝတ်စစ်သားများ ပြေးထွက် လာကြသည်။ နောက်မှ မည်သူမှ မော်မကြည့် ရဲလောက်သည့် အင်ပါယာ မျိုးနွယ်၏ မင်းသမီး လှလှလေး ထွက်ပေါ် လာခဲ့ပြန်သည်။
သူမ ပေါ်ထွက်လာသည်နှင့် ဆူညံလှသည့် အသံများ ရုတ်ခြည်း တိတ်ဆိတ် သွားခဲ့သည်။ လူတိုင်း၏ မျက်လုံးများ တည်ကြည် သွားကြသည်။ အရေးကြီးဆုံးသော အခန်းကဏ္ဍ စတင်တော့ပေမည်။
"နိုင်ငံအဆင့်ပြိုင်ပွဲ ပြီးဆုံးပြီ။ အားလုံးပဲ တံဆိပ်ပြားတွေကို လာအပ်နှံကြပါ၊ ထိပ်ဆုံး ဆယ်ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပြီး ဒီနေ့ညရဲ့ အင်ပါယာ စားသောက်ပွဲ အခမ်းအနားကို တက်ရောက်ရမယ်"
ပညာရှိ အဝတ်အစားတို့ ဆင်မြန်းထားသော အရာရှိများသည် အုပ်ဖွဲ့လိုက် လျှောက်လာကာ တံဆိပ်ပြားများကို လက်ခံ၍ ရေတွက်ကြတော့သည်။
"မြောက်ဘက်လျန်ရဲ့ ရှန်းယွိချန်၊ တံဆိပ်ပြား ၁၆၀၀ ... ၄၂၆၀မှတ်"
"ကျင်းရှန်နိုင်ငံရဲ့ ဖျောက်ချဲကျွင်း၊ တံဆိပ်ပြား ၆၃၀ ...”
"ရှန်ဝူနိုင်ငံရဲ့ ယင်းသောက်၊ တံဆိပ်ပြား ၂၅၉၆ ...”
"..."
အရာရှိများသည် တံဆိပ်ပြားများအား လျင်လျင်မြန်မြန် ရေတွက်နေကြပြီး လျင်မြန်စွာလည်း ကြေညာ နေကြသည်။ ယင်းသောက်၏ တံဆိပ်ပြား အရေအတွက်ကို ကြားသောအခါ ကျန်းရီ အံ့အားသင့် ရသည်။ ယင်းဂိုဏ်းသည် လုပ်ကြံ သတ်ဖြတ်ရာတွင် ကျွမ်းကျင်သည်။ ယင်းသောက်သည် လူအယောက် ရှစ်ဆယ်ခန့်သာ ခေါ်လာခဲ့၍ လူအနည်းငယ်သာ ဆုံးရှုံးခဲ့သည်။
ခဏကြာအောင် နားထောင်ပြီးနောက် ယင်းသောက်သည်သာ ပထမဖြစ် နေသောကြောင့် ကျန်းရီ စိတ်သက်သာရာ ရသွားခဲ့သည်။ သူပထမ နေရာရလျှင်ပင် အံ့အားသင့်စရာ မရှိပုံ ထင်ရသည်။
"ရှပ် ... ရှပ်"
အနက်ရောင် သံချပ်ကာဖြင့် လူတစ်ဦးသည် ခြေလှမ်းကျဲကြီးများနှင့် ရှေ့တက် သွားခဲ့သည်။ သူ့လက်ထဲမှ လက်စွပ်သည် အလင်းတစ်ချက် လက်သွားပြီး တံဆိပ်ပြား အပုံလိုက် ထွက်လာလေရာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
"အမ် ...”
အင်ပါယာ မင်းသမီးသည်ပင် ထိုလူအား ကြည့်လာလေသည်။
"သူက ဘယ်သူလဲ ...”
ကျန်းရီ၏ မျက်လုံးများ အေးစက်သွားကာ မြေပြင်ပေါ်မှ တံဆိပ်ပြားများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက်မှ စိတ်အေး သွားခဲ့သည်။ ထိုလူတွင် တံဆိပ်ပြား များစွာ ရှိသော်လည်း အခု တစ်သောင်းတော့ မပြည့်လောက်ပေ။
ကျန့်ဝူရွှမ်းသည် လှမ်းကြည့်လိုက်ပြီး ရှင်းပြလာသည်။
"မြောက်ဘက် မန့်နိုင်ငံက တောက်ဂိုဏ်းရဲ့ ဆက်ခံသူ တောက်ကျန့်၊ ငါတို့တွေ လမ်းမှာ လူတစ်ယောက်လောက် ပါတဲ့ တပ်ဖွဲ့နဲ့တွေ့ခဲ့ပြီး မတိုက်ခိုက် ခဲ့ကြဘူးလေ၊ သူက အဲဒီ တပ်ဖွဲ့ကို ဦးဆောင်တဲ့ တစ်ယောက်"
"အိုး ...”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ မကြာခင်တွင် ရေတွက်ခြင်း ပြီးဆုံး သွားခဲ့သည်။ ကျန်းရီ၏ ခန့်မှန်းချက် အတိုင်းပင်၊ တံဆိပ်ပြား ကိုးထောင်ကျော် ရှိ၍ အမှတ်၁သောင်း နီးပါး ဖြစ်လေသည်။
တစ်နာရီနီးပါး စောင့်ဆိုင်းပြီးနောက် လူတိုင်း နီးပါးသည် တံဆိပ်ပြားများကို အပ်နှံ၍ ပြီးစီးသွားကြပြီ ဖြစ်သည်။ မြောက်ဘက် မန့်နိုင်ငံမှ တောက်ဂိုဏ်း၏ ဆက်ခံသူသည် ထိပ်ဆုံး နေရာတွင် ရှိနေဆဲ ဖြစ်လေသည်။ သို့သော် ကျန်းရီသည် လျင်မြန်စွာ ရှေ့တက် သွားလိုက်သည်။ မီးဝိညာဉ် ပုလဲမှ အလင်းရောင် တစ်ချက်လက် သွားပြီး မရေမတွက်နိုင်သော တံဆိပ်ပြားများသည် နှင်းများကျဆင်း လာသည့်အလား တဖွဲဖွဲ ထွက်ပေါ် လာခဲ့သည်။
"ဝိုး ...”
လူအုပ်ကြီး မှင်တက် သွားခဲ့လေသည်။ အင်ပါယာ မင်းသမီး၏ လှပသော မျက်လုံး တစ်စုံသည်လည်း ရွေ့လျား သွားခဲ့သည်။ ဤတစ်ခေါက်တွင် သူမသည် ပြိုင်ဘက်ကင်း လှသည့် အပြုံးတစ်ခုကိုပါ ဖော်ပြလာခဲ့ရာ မရေမတွက်နိုင်သော အမျိုးသားလေးများပင် တုန်လှုပ် သွားကြလေသည်။
***