← Chapters

အချက်တစ်ရာ ရိုက်လိုက်

Vol. 1 Ch. 217

အချက်တစ်ရာ ရိုက်လိုက်

Vol. 1 Ch. 217

ကျန်းရီ တံဆိပ်ပြား အပုံလိုက်ကြီးကို ထုတ်လိုက်သောအခါ တောက်ဂိုဏ်းမှ ဆက်ခံသူသည် ဖြူဖျော့ သွားခဲ့သည်။ သူသည် အစက ပထမနေရာကို သူရပြီ ဖြစ်ကြောင်း သေချာ နေခဲ့သည်။ သို့သော် ဤအနှောင့်အယှက်က နောက်ဆုံး အချိန်လေး ရောက်မှ သူ့မျှော်လင့်ချက်များကို ငြိမ်းသတ် လိုက်မည်ဟု မထင်ထားခဲ့ပေ။

အရေးကြီးဆုံးမှာ ကျန်းရီသည် လူအများစု မသိသော သူတစ်ယောက် ဖြစ်နေခြင်းပင်။ မိုးပြာနဂါး သင်တန်းကျောင်းနှင့် ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းတို့သည် ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ရာစုနှစ်ပေါင်း များစွာ ဖိနှိပ်ထား နိုင်ခဲ့သည်။ မိုးပြာနဂါး သင်တန်းကျောင်း၏ အတော်ဆုံးသူ တောက်ကျန့်၏ မျက်လုံးထဲတွင် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နံပါတ်တစ် ပါရမီရှင်သည် ဘာမှ မဟုတ်ပေ။ လူအများစုသည် ကျန်းရီ၏ နာမည်ကို ကြားဖူးကောင်း ကြားဖူးနိုင်ကြ သော်လည်း သူဘယ်သူမှန်း မည်သူမှ အတိအကျ မသိကြပေ။

ကျောင်းအုပ်ချီနှင့် ကျန်ဒုကျောင်းအုပ် များသည် ဆွံ့အနေကြပြီး ချမ်ဝမ်ကွမ်သည် မျက်လုံးများ ပျောက်သွားသည် အထိ ပြုံးနေလေသည်။ သူတို့သည် ပြိုင်ပွဲအတွင်း ကျန်းရီ ထူးထူးချွန်ချွန် စွမ်းဆောင် နိုင်မည်ဟု ခန့်မှန်းထားခဲ့ ကြသည်။ သို့သော်လည်း သူသည် တစ်ယောက်တည်းသာ ဖြစ်ရာ ထိပ်ဆုံးဆယ်ယောက် စာရင်းတွင် ပါဝင်ရန် မဖြစ်နိုင် သလောက်ပင်။ ထို့ကြောင့် သူတို့သည် သူပထမနေရာ ရမည်ဟု မမျှော်လင့် ထားကြပေ။

"ယွင်ဟဲ ... ယွင်ဟဲရဲ့ လူတွေ အားလုံးကို ကျန်းရီ သတ်လိုက်တာလား ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...”

ကျန်းစွန်းဝူကျိနှင့် ရှားထျန်းတို့သည် အံ့အားသင့်သော မျက်လုံးအစုံနှင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ယွင်ဟဲနှင့် သူ၏ လူထောင်ချီပါသော  စစ်တပ်မှာ ခြေရာလက်ရာ မကျန်ပဲ ပျောက်ဆုံး သွားခဲ့ပြီး ကျန်းရီတွင် တံဆိပ်ပြား တစ်သောင်းကျော် ရှိနေခဲ့သည်။ ထိုနှစ်ခုကို ဆက်စပ်ကြည့် လိုက်လျှင် အရာအားလုံး ရှင်းလင်း သွားပေပြီ။ တံဆိပ်ပြား တစ်ခုလျှင် အသက်တစ်ချောင်း မဟုတ်ပါလော ...

"ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ ကျန်းရီ၊ တံဆိပ်ပြား ၁၃၇၂၃ခု၊ အမှတ် ..."

အင်ပါယာ အရာရှိသည် တံဆိပ်ပြား အရေအတွက်ကို ကြေညာ လိုက်ချိန်တွင် ထိုအရေ အတွက်သည် တောက်ကျန့်အား လုံးဝ စိတ်ပျက် သွားစေခဲ့သည်။ အင်ပါယာ မျိုးနွယ် မင်းသမီး၏ အပြုံးမှ ပိုမို ပီပြင်လာခဲ့ပြီး ကျန်းရီအား ကျောချမ်း သွားစေလေသည်။

နောက်ထပ် ဆယ့်ငါးမိနစ်ခန့် ကြာပြီးသော် လူတိုင်းသည် တံဆိပ်ပြားများကို အပ်နှံပြီး သွားကြပြီ ဖြစ်ရာ အရာရှိသည် ကြေညာတော့သည်။

"ဒီတစ်ခေါက် နိုင်ငံအဆင့် ပြိုင်ပွဲရဲ့ အမှတ်တွေကို တွက်ချက်ပြီးပြီ။ ပထမ ... ဝိညာဉ်သားရဲ သင်တန်းကျောင်းက ကျန်းရီ၊ ဒုတိယ ... မိုးပြာနဂါး သင်တန်းကျောင်းက တောက်ကျန့်၊ တတိယ ... ရှန်ဝူနိုင်ငံက ယင်းသောက်၊ စတုတ္ထ ... ကျင်းရှန်နိုင်ငံက လန်ဟုန်၊ ပဉ္စမ ...”

အဆင့် သတ်မှတ်ချက်များ ထွက်လာသည်နှင့် ကျန်းရီ၏ လေးလံနေသော ကိုယ်သည် ပေါ့ပါးသွားကာ စိတ်ပါလက်ပါ ပြုံးလိုက်မိ လေသည်။ သူသည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင် သော်လည်း ရှန်ဝူနိုင်ငံသား တစ်ယောက်သာ ဖြစ်လေသည်။ နိုင်ငံတော်သည် သူ့အား ပထမအဆင့် အတွက် ဆုကို ချီးမြှင့်လိမ့်မည်။ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်သည် နောက်ဆုံးတွင် သူ့လက်ထဲ ရောက်လာ ပေတော့မည်။ ဆေးပင် သုံးပင်လုံး စုံပြီ ဖြစ်ရာ သင်တန်းကျောင်းသို့ ပြန်ရောက်သည်နှင့် ဆရာလျောင်အား ရှောင်နူကို ကုသခိုင်းရမည်။

"ကောင်းပြီ ... အတော်ဆုံး ဆယ်ယောက် ချက်ချင်း အင်ပါယာ နန်းတွင်းကို ဝင်ပြီး ဆုတွေကို လက်ခံယူရမယ်၊ ပြီးရင် စားသောက်ပွဲ အခမ်းအနားကိုလည်း တက်ရမယ်"

အင်ပါယာ မင်းသမီးသည် စကားတစ်ခွန်း ပြောပြီးသည်နှင့် နောက်လှည့်ကာ  ခမ်းနားလှသော ရထားလုံးထက် တက်၍ မြောက်အရပ်တွင် ရှိသော အင်ပါယာ နန်းတော်ဆီ ထွက်ခွာ သွားခဲ့သည်။ ကျန်းရီသည်လည်း ကျန့်ဝူရွှမ်းကို လက်ပြကာ အင်ပါယာ အစောင့်များ ဦးဆောင်သည့်နောက် လိုက်၍ ရထားလုံး တစ်ခုထဲ၍ အင်ပါယာ နန်းတော်ထံ ထွက်ခွာ လာခဲ့သည်။ ကျန်အတော်ဆုံး ဆယ်ယောက် စာရင်းဝင် များသည်လည်း ရထားလုံး ကိုယ်စီထက် တက်၍ နောက်မှလိုက်ပါ လာကြလေသည်။ မြေကွက်လပ် နေရာတွင် ရုတ်ရုတ်သဲသဲ ဖြစ်၍ ကျန်ရစ်ခဲ့လေသည်။

"ဟမ့် ...”

ရှားထျန်းနှင့် ကျန်းစွန်းဝူကျိသည် ကျန့်ဝူရွှမ်းကို မုန်းတီးစွာ စိုက်ကြည့် လိုက်ပြီးနောက် တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်ထဲ ဝင်ကာ ရှန်ဝူနိုင်ငံ၏ တော်ဝင် မြို့တော်ထံ ပြန်သွားကြ လေသည်။

"သွားစို့ ...”

ရွှေယွဲ့လျန် မျှော်စင်မှ မိန်းမပျိုလေးများ သည်လည်း  ရွှေချမ်လော့ကို သယ်ဆောင်၍ ထွက်ခွာ ကြလေသည်။ နိုင်ငံအဆင့် ပြိုင်ပွဲပြီးဆုံးပြီ ဖြစ်ရာ သူတို့ကို ပေးထားသော တာဝန်သည်လည်း ဆုံးခန်းတိုင် သွားပြီ ဖြစ်လေသည်။ ရွှေယို့လန်သည် သူတို့အား ပြိုင်ပွဲပြီးသည်နှင့် ကြယ်တံခွန်ကျွန်းသို့ ချက်ချင်း ပြန်လာရန် အမိန့်ပေး သွားခဲ့သည်။ သူတို့သည် ရွှေချမ်လော့ အိပ်မော ကျနေတုန်း ကြယ်တံခွန်ကျွန်းသို့ အမြန်ဆုံး ပြန်ရပေမည်။ မဟုတ်ပါက အနှီမမလေး နိုးလာသည်နှင့် ပြဿနာရှာ သောင်းကျန်းပေ လိမ့်မည်။

"ဟီးဟီး ...  ... အစ်ကိုဝူရွှမ်း ... ပထမ အဆင့်ကို အစ်ကိုကြီး ဘယ်လို ရခဲ့တာလဲ ... ကျွန်တော့်ကို မြန်မြန် ပြောပြစမ်းပါ ...”

ချမ်ဝမ်ကွမ်နှင့် ကျန့်လင်းအာ တို့သည် ပြေးထွက် လာကြသည်။ ချမ်ဝမ်ကွမ်ကမူ ပထမရသော သူမှာ သူဖြစ်သည့်နှယ် အမူအရာနှင့် ဆောင့်ကြွားကြွား ဖြစ်နေလေသည်။ ကျန့်လင်းအာကမူ မျက်လုံး ဝိုင်းကြီးများမှ လခြမ်းကွေးလေးများ ဖြစ်သွားသည်အထိ ပြုံးပြနေ လေသည်။ ဤတစ်ကြိမ်သည် သူမ ကျန့်ဝူရွှမ်းကို ပထမဆုံး အကြိမ် ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်း ဖြစ်လေသည်။

နေရာတိုင်းတွင် ကျန်းရီနှင့် တောက်ကျန့်တို့၏ အမည်များဖြင့် ပြောဆို ငြင်းခုံသံများ ဆူညံနေတော့သည်။ အထူးသဖြင့် အမြဲလိုလို သိုသိုသိပ်သိပ် နေထိုင်ခဲ့သော ကျန်းရီသည် ရွှေချမ်လော့နှင့် တိုက်ပွဲပြီးနောက် ကျော်ကြား လာခဲ့သည်။ သို့သော် ထိုအခါက အလွန် ပွဲဆူခဲ့ခြင်း မရှိသောကြောင့် လူအများကြီးက သူ့အကြောင်း မသိခဲ့ကြပေ။ ဤတစ်ခေါက်တွင်မူ သူသည် နယ်မြေတစ်ခွင် ကျော်ကြား သွားခဲ့လေပြီ။

ဂိုဏ်းအသီးသီးမှ နောက်လိုက်များသည် တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်ကို တကူးတက သုံးရန် ခရမ်းရောင်ရွှေများ ပိုလျှံမနေ သောကြောင့် ရလဒ်များ ထွက်လာသည်နှင့် နိုင်ငံအသီးသီးဆီ ချက်ချင်း ပြန်ကြတော့သည်။ မကြာခင်တွင် နယ်မြေ တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ အထူးသဖြင့် ရှန်မိနိုင်ငံနှင့် ရှန်ဝူနိုင်ငံတွင် ငလျင်လှုပ်သည့် အလား ပွက်လောရိုက် သွားလေသည်။

ယွင်ဟဲအား အိမ်ရှေ့စံ အဖြစ် အတွင်းတွင် ကြိုတင် သတ်မှတ်ထားပြီး ဖြစ်လေသည်။ နိုင်ငံအဆင့် ပြိုင်ပွဲတွင် သူပါဝင် ယှဉ်ပြိုင်ခြင်းမှာ ထီးနန်း မဆက်ခံခင် မကျေမနပ် အသံများ ပျောက်သွား၍ ဂုဏ်သတင်း မွှေးလာစေဖို့ ဖြစ်လေသည်။ ယခင်က သူသည် ယွင်ဖေး၏ အစ်ကိုကြီးအား အမှောင်ထဲမှ ချောက်ချခဲ့ရာ ဂိုဏ်းအများစုက သူထီးနန်း ဆက်ခံမည်အား လက်မခံ လိုကြပေ။ ပြိုင်ပွဲတွင် သူသေဆုံး သွားလိမ့်မည်ဟု မည်သူကမှ ထင်မထားကြပေ။ ရှန်မိနိုင်ငံမှ အခြေအနေ တစ်ခုလုံးသည် ထပ်မံ ပြောင်းလဲ သွားခဲ့ပြန်သည်။ ထိုအခြင်းအရာအား စိုးရိမ်ပူပန် နေကြသူများ ရှိသလို ကျေနပ်ဝမ်းသာ နေသူများလည်း ရှိလေသည်။

ရှန်ဝူနိုင်ငံ တစ်ခုလုံးကမူ စိတ်လှုပ်ရှားစွာ အောင်ပွဲခံ နေကြလေသည်။ ရှန်ဝူနိုင်ငံ သားများသည် ပထမ နေရာနှင့် တတိယ နေရာကို အရယူနိုင်ခဲ့ သည်မှာ အတိုင်းအဆမဲ့သော ဂုဏ်သရေ ဖြစ်လေသည်။

"ကျန်းရီ ...  ... ကျန်းပိုင်လီရဲ့ တရားမဝင်သား ...”

ရှန်ဝူနိုင်ငံမှ ဂိုဏ်းကြီးများသည် ကျန်းရီကို သိကြလေသည်။ သူတို့ သတင်း ကြားရသောအခါ ဝမ်းနည်းစွာ သက်ပြင်းချ ရလေသည်။ ကျန်းရီသည် အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ နောက်ထပ် ဆယ်စုနှစ် တစ်ခုကြာလျှင် သူသည် နောက်ထပ် ကျန်းပိုင်လီ တစ်ယောက် ဖြစ်လာတော့ မည်သာ။

ကျန်းရိမြို့ ...

"အရှင် ... အရှင် ...”

ကျန်းရမ်ထူသည် သတင်း ရသည်နှင့် ကျူလုံဗိမာန်ဆီ အပြေး သွားတော့သည်။ ကျူလုံ ဗိမာန်ဆီ သူရောက်သောအခါ စာရွက်စာတမ်း တို့ကို ဖတ်လျက်ရှိသော ကျန်းပိုင်လီသည် မျက်ခုံးအစုံကို တွန့်ချိုး လိုက်သည်အား တွေ့ရလေသည်။ မျက်နှာသည်လည်း သုန်မှုန်နေကာ အေးစက်လှသော လေသံနှင့် ပြောလာတော့သည်။

"ဘာလို့ ဆူနေတာလဲ ... ကောင်းကင်ကြီး ပြိုကျလာလို့လား ... မင်း ဒီလောက်တောင် မသင့်တော်တဲ့ အပြုအမူ ဘာလို့ လုပ်နေတာလဲ ...”

ကျန်းရမ်ထူ အနည်းငယ် ကျောချမ်း သွားခဲ့သည်။ ထို့နောက် ပြုံးကာ ပြောလိုက်သည်။

"အရှင် ... အရှင့်သားက နိုင်ငံအဆင့် ပြိုင်ပွဲမှာ ပထမ ရပါတယ် ...”

"အမ် ...”

ကျန်းပိုင်လီ၏ ကျားမျက်လုံး စူးစူးတို့သည် အဝိုင်းသား ဖြစ်သွားခဲ့သည်။ သူသည် ဘာမ ှပြောမလာဘဲ စစ်တပ် အရေးအခင်းများကိုသာ ဆက်လက် ဖြေရှင်း နေလေသည်။ သူသည် တစ်နာရီခန့် ကြာပြီးမှ လက်ယမ်းကာ အမိန့်ပေး လိုက်သည်။

"စီစဉ်စရာ ရှိတာတွေ စီစဉ်ထား၊ ငါတို့မနက်ဖြန် တော်ဝင် မြို့တော်ကို ထွက်ခွာမယ်"

"နားလည်ပါပြီ ...”

ကျန်းရမ်ထူ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ ကျန်းပိုင်လီ တော်ဝင်မြို့တော်သို့ သွားချင်စိတ် ရှိခြင်းသည် ကျန်းရီကို အလျှော့ပေး၍ သွားရောက် တွေ့ဆုံကာ ကျန်းရိမြို့သို့ ပြန်ခေါ်လာ၍ သူပိုင်ဆိုင် သင့်သော နေရာအား ပေးချင်ခြင်းသာ ဖြစ်ကြောင်း အဓိပ္ပာယ် ရလေသည်။

***

"ရီဖျောင်ဖျောင်ရဲ့ သားက တကယ့်ကို ထူးခြားတာပဲ ... သူက ငါ့ရဲ့ အနက်ရောင် အကြေးခွံဓားကို နာမည် မပျက်စေဘူး"

ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ တစ်နေရာတွင် ဘီးတပ် ကုလားထိုင်ထက် ထိုင်နေသော ကျူးကော့ချမ်ယွမ်၏ အိုမင်းနေသော မျက်နှာထက်တွင် အပြုံးပန်းကြီး တစ်ခု ပွင့်လန်းလျက် ရှိလေသည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းအား ရွှေယွဲ့လျန် မျှော်စင်၊ ဇင်ဘုရားကျောင်း၊ မိုးပြာနဂါး သင်တန်းကျောင်းနှင့် ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းတို့က ရာစုနှစ် တစ်ခုကျော် ဖိနှိပ် ထားခဲ့သည်။ သူတို့သည် နောက်ဆုံးတွင်တော့ ထိုအဖြစ်ဆိုးအား လွင့်ပါးသွားစေ နိုင်ခဲ့လေပြီ။

ကျန်းရီသည် အပြင်မှ အခြေအနေများအား မသိပေ။ ယခုအခါ သူသည် နယ်မြေ၏ အခမ်းနားဆုံး နေရာဖြစ်သော အင်ပါယာ နန်းတော်ထဲတွင် ထိုင်နေပါ သော်လည်း ဆူးချွန်များပေါ်တွင် ထိုင်နေရ သလိုသာ ခံစားရသည်။ နန်းတော်ထဲတွင် မျက်စိအစာ ကျွေးစရာ အပျိုတော် လှလှလေးများ ပြည့်နေပြီး ဈေးအကြီးဆုံးသော လက်ဖက်ရည်ကို သောက်နေရ ပါသော်လည်း အချိန်သည် နှေးကွေးလွန်း နေသည်ဟု သူခံစား နေရသည်။

နန်းတော်ထဲသို့ သူရောက်သည်နှင့် မိန်းမစိုးတစ်ဦးက လိုက်ပါ၍ အခန်းတစ်ခုထဲ ပို့ပေးခဲ့သည်။ အခန်းထဲတွင် နန်းတွင်း အပျိုတော်လေးများက ရေချိုး၍ အဝတ်အစား လဲရန် ပြင်ဆင်ပေး လေသည်။ မိုးချုပ်ရန် အချိန် လေးနာရီခန့် လိုသေးသည်။ စားသောက်ပွဲ အခမ်းအနား တက်၍ မီးနဂါးဓားနှင့် အခြား ဆုလာဘ်များ ရရန် သူ ဤနေရာတွင် နောက်ထပ် လေးနာရီ ထိုင်စောင့် ရပေဦးမည်။

သူသည် ရှန်ဝူနိုင်ငံ၏ တော်ဝင်မြို့တော်ထံ အပြေးသွား၍ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကို ရယူရန်သာ စိတ်စောလျက် ရှိသည်။ ထို့ကြောင့် ဤနေရာတွင် ဘာမှ လုပ်စရာမရှိဘဲ ထိုင်မနေချင်ပေ။

"ရှပ် ... ရှပ် ... ရှပ်"

ကျန်းရီ နောက်ထပ် လက်ဖက်ရည် တစ်ခွက် ကုန်ခါနီးတွင် အခန်း၏ အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာ၍ သူ့အား အတွေးထဲမှ လှုပ်နှိုး လိုက်လေသည်။ လူတစ်အုပ် ဝင်လာခဲ့သည်။ သူတို့ ဒီအထိလာပြီး ဆုလာဘ်တွေ ပို့ပေးတာများလား ...

"မင်းသမီး လင်းရွှယ် ရောက်လာပါတယ် ...”

အော်သံတစ်ခု ပဲ့တင်သွားသည်နှင့် နန်းတွင်း အပျိုတော်လေးများ အားလုံးသည် မင်းသမီးအား ကြိုဆိုရန် ဒူးထောက် လိုက်ကြသည်။ ထိုကဲ့သို့ ထုံးတမ်း စဉ်လာများကို နားမလည်သော ကျန်းရီသည် မတ်တတ်ရပ်၍ လက်နှစ်ဖက် ယှက်၍သာ ဦးညွှတ် နှုတ်ဆက်လိုက်သည်။ လှပသော ပုံရိပ်လေး တစ်ခု ဝင်ရောက် လာခဲ့သည်။

"ကျန်းရီက မင်းသမီးကို အရိုအသေ ပေးပါတယ် ...”

အင်ပါယာ မင်းသမီး၏ နောက်တွင် အသက်ကြီးကြီး မိန်းမစိုး နှစ်ဦးနှင့် အပျိုတော် ခြောက်ယောက် ပါလာလေသည်။ ထိုမိန်းမစိုး နှစ်ယောက်သည် ကျန်းရီ၏ ဂါရဝ ကင်းမဲ့သော အပြုအမူကို တွေ့သောအခါ မိန်းမစိုး တစ်ဦးသည် ဒေါသတကြီး ပြောလာတော့သည်။

"ရဲတင်းလိုက်တာ ... မင်းသမီး ရောက်လာကို ကြိုဆိုဖို့ ဒူးထောက်ရမယ် ဆိုတာ မသိဘူးလား ... ပုန်ကန်ဖို့ ကြိုးစားချင် နေတာလား ...”

ကျန်းရီသည် ခါးကို ကိုင်းထားသော်လည်း ထိုစကားကို ကြားသောအခါ ချက်ချင်း ပြန်ဆန့်လိုက်သည်။ သူ့မျက်လုံးများ အေးစက်သွားပြီး ထိုမိန်းမစိုး အိုကြီးအား စိုက်ကြည့်လိုက်သည်။ သူတစ်ခုခု ပြောရန်ပြင် လိုက်သော်လည်း ရုတ်တရက် အင်ပါယာ မင်းသမီးက ကြားဖြတ်၍ ပြစ်တင်လိုက်သည်။

"မင်းပါးစပ်ကို ပိတ်လိုက် ... သခင်လေးကျန်းက ဒီမင်းသမီးရဲ့ အထူး ဧည့်သည်ပဲ၊ ဘယ်သူက သူ့ကို ဒီလိုမထီမဲ့မြင် ဆက်ဆံခွင့် ပေးထားလဲ ... မင်းကိုယ်မင်း အချက်တစ်ရာ ပါးရိုက်လိုက်"

***

All Chapters