← Chapters

(ဒီကောင်လေးက ဉာဏ်ကောင်းသားပဲ)

Vol. 5 Ch. 41

(ဒီကောင်လေးက ဉာဏ်ကောင်းသားပဲ)

Vol. 5 Ch. 41

အချိန်တစ်ခဏကြာသည်အထိ တွန့်ဆုတ်နေပြီးနောက်မှာတော့ ထိုငါးယောက်၏ ခေါင်းဆောင်ဖြစ်သူသည် လုခန်ရှိရာသို့ မနေနိုင်စွာ ချဉ်းကပ်သွားရင်း တွန့်ဆုတ်စွာ မေးလာ၏။

"ဂိုဏ်းတူအစ်ကိုလု ကျွန်တော်တို့ ဒီနေ့ နတ်ဆိုးသားရဲ တစ်ကောင်မှ မတွေ့ခဲ့ဘူး၊ ဒါပေမဲ့ ဒီနေရာမှာတော့ အများကြီး ရှိနေတယ်နော်၊ ဘယ်လိုဖြစ်တာများလဲ”

အံ့သြဖို့ကောင်းစွာပင် လုခန်က မောင်းမထုတ်လာခဲ့ဘဲ ထိုအစား ပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲအလောင်းပုံကို ရှုပ်ထွေးသော မျက်နှာထားနှင့် လှမ်းကြည့်လိုက်သည်။

"မင်းက ငါ့ကို ဘာလို့လာမေးနေတာလဲ။ ငါလည်း မသိဘူး၊ မနေ့ကနေ ဒီနေ့အထိ နတ်ဆိုးသားရဲတွေ ဆက်တိုက်ကို ပေါ်လာနေတာ၊ မသိရင် သူတို့ကို လာဘ်ထိုးပြီး လာဖို့ခိုင်းစေလိုက်တဲ့အတိုင်းပဲ၊ ငါတို့ အမောပြေပြီဆိုတာနဲ့ ရောက်ရောက်လာကြတယ်၊ ငါတို့ ဘယ်နေရာကိုပဲ ထွက်ပြေးပါစေ နတ်ဆိုးသားရဲတွေက ဆက်တိုက်ကြီး ပေါ်လာနေတာ၊ မသိရင် မမြင်ရတဲ့လက်တစ်ခုက နောက်ကွယ်ကနေ ငါတို့ကို လှည့်စားနေသလိုမျိုးပဲ"

"ဒါ့အပြင် ပိုပြီးထူးဆန်းတဲ့အရာက ငါတို့ ကုသဆေးလုံးတွေ ကုန်သွားပြီဆိုရင် ကောင်းကင်ထက်ကနေ ကုသဆေးလုံးတွေ အပုံလိုက်ကြီး ရောက်လာပြီး ငါတို့ရဲ့လက်ထဲကို တိုက်ရိုက်ပေးလာခဲ့တယ်၊ အခု ငါတို့ရဲ့အမှတ်ကလည်း တစ်ထောင်ကျော်နေပြီ၊ ဒါပေမယ့် ငါ့ကိုယ်ငါ ခံစားချက်မရှိတဲ့ လူသတ်စက်ရုပ်ကြီးလိုမျိုးပဲ ခံစားနေရတယ်"

အကြောင်းအရာတစ်ခုပေါ်တွင် လူတစ်ယောက်ချင်းစီ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုသည် မတူညီဟန်ပင်။

လုခန် ပြောသွားသော ထိုစကားလုံးများက လုခန်အတွက်တော့ စိတ်ပျက်ဖွယ်ဆိုသော်ငြား အသစ်ရောက်လာသော တပည့်ငါးယောက်အတွက်တော့ အချိန်အကြာကြီး တိတ်ဆိတ်သွားအောင် ဖန်တီးပေးလိုက်သည်။ သူတို့သာ ထိုသို့သော အခြေအနေမျိုးကို ကြုံတွေ့ရပါက အိပ်နေရင်းတောင် ခုန်ပေါက်ကာ ပျော်ရွှင်လောက်မည့် စိတ်အခြေအနေ ဖြစ်နေမှာပင်။ သို့သော်ငြား ထိုလူကတော့ ညည်းညူနေလေရဲ့။ သူတို့၏ အတွေ့အကြုံအရဆိုလျှင် အမှတ်တစ်ထောင်ရရှိခြင်းသည် သေချာပေါက် ပြိုင်ပွဲအတွင်းမှာ ပထမနေရာကို ရယူနိုင်လိမ့်မည်။ သို့ပေမဲ့ လုခန်၏ လက်ရှိစိတ်အခြေအနေကိုလည်း နားလည်ပေးလို့ ရပါသည်။

တပည့်အချင်းချင်းကြားတွင် ယှဉ်ပြိုင်ပြီး နတ်ဆိုးသားရဲ အမဲလိုက်ရခြင်းသည် စိန်ခေါ်ကာ ပျော်ရွှင်ဖွယ် အတွေ့အကြုံတစ်ခု ဖြစ်သည်။ သို့ပေမဲ့ အခုတော့ ပုံစံခွက်ချထားသော အစီအရင်တစ်ခုကို အကြိမ်ကြိမ်ပြုလုပ်နေရသည့်နှယ် သတ်ဖြတ်ခြင်းကိုသာ အကြိမ်ကြိမ် ဆောင်ရွက်နေရသည့်အတွက် မလွဲမသွေ စိတ်ပျက်နိုင်ပါသည်။

ထိုငါးယောက်လုံး၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်သွားကာ အချင်းချင်း အသည်းအသန် ဆွေးနွေးလိုက်ကြသည်။ အတိုချုံးဆွေးနွေးပြီးနောက်တွင် နောက်ဆုံးဆုံးဖြတ်ချက်ကို ချလိုက်လေ၏။

သူတို့အနေနဲ့ တစ်ဖက်ကျင့်ကြံသူများ၏ ကျောက်စိမ်းပြားကို မခိုးယူရဲကြသော်ငြား အတူပူးပေါင်းဖို့တော့ သေချာပေါက် ရွေးချယ်လို့ ရနိုင်ပါသေး၏။

ဆွေးနွေးမှုအပြီးတွင် ထိုငါးယောက်ကို ဦးဆောင်ထားသော ခေါင်းဆောင်တပည့်သည် လုခန်ရှိရာသို့ အပြုံးတစ်ခုနှင့် ချဉ်းကပ်လာကာ အရိုအသေပေးလိုက်သည်။

"ဂိုဏ်းတူအစ်ကိုလုလည်း ပင်ပန်းနေလောက်ပြီ၊ ဒါကြောင့် နည်းနည်းနားနေပါလား။ ပြိုင်ပွဲပြီးဖို့ကလည်း အချိန်တွေအများကြီး လိုသေးတယ်လေ၊ ကျန်တဲ့ နတ်ဆိုးသားရဲတွေကို ကျွန်တော်တို့တွေ ကိုင်တွယ်လိုက်ပါ့မယ်"

လုခန်၏ ရုတ်တရက် မသက်မသာဖြစ်သွားသော မျက်နှာထားကြောင့် ထိုကောင်လေးက ဖြည့်စွက်ပြောဆိုလိုက်သည်။

"သေချာပေါက် ကျွန်တော်တို့က ရမှတ်တစ်ဝက်ကိုပဲ ယူမှာပါ၊ ကျန်တဲ့တစ်ဝက်က အစ်ကိုလုကို ပေးမယ်လေ၊ ဂိုဏ်းတူအစ်ကိုလု ဘယ်လိုထင်လဲ"

ထိုစကားကြောင့် လုခန်၏ဘေးရှိ အဖော်သုံးယောက်သည်လည်း ချက်ချင်းဆိုသလို လှုပ်ရှားသွားကြသည်။ ဆက်တိုက် တိုက်ခိုက်ခဲ့ရသော တိုက်ပွဲများကြောင့် သူတို့အားလုံး အလွန်အမင်း မောပန်းနေကြပြီပင်။ ကုသဆေးလုံးသည် အတွင်းစွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်သည် ဆိုသော်ငြား သူတို့၏ စိတ်အခြေအနေကတော့ လုံးဝကို ကျဆင်းနေခဲ့ပြီ။ ထို့ကြောင့် သူတို့၏ စိတ်ပင်ပန်းမှုကို မျှဝေပေးမဲ့လူ ပေါ်လာခြင်းကလည်း ဆိုးရွားသောကိစ္စတစ်ခု မဟုတ်ပါချေ။

အချိန်တစ်ခဏကြာ စဉ်းစားပြီးနောက်တွင် လုခန် ခေါင်းညိတ်ကာဖြင့် နက်ရှိုင်းစွာ ပြောလိုက်သည်။

"ကောင်းပြီ၊ မင်းတို့ အခုကစပြီး ငါ့နောက်ကို လိုက်ခဲ့လေ၊ဒါပေမဲ့ မင်းတို့ လှည့်ကွက်သုံးရဲလို့ကတော့ ငါ့ကိုရက်စက်တယ်ဆိုပြီး အပြစ်လာမတင်နဲ့"

…….

ထိုအချိန်တွင် တိမ်ကြွေသစ်တော၏ ကွင်းပြင်အတွင်းက ပြိုင်ပွဲအခြေအနေကို ပြသနေသော မှော်ကြေးမုံကို အကုန်လုံး အကြည့်မလွှဲနိုင်အောင် စိုက်ကြည့်နေကြသည်။ သူတို့၏အကြည့်အားလုံးက လူတစ်ယောက်အပေါ်တွင်သာ ရောက်ရှိနေပြီး ဆွေးနွေးသံများကလည်း အဆက်မပြတ် ထွက်ပေါ်နေလေရဲ့။

"ကြည့်လိုက်၊ အဲဒီကောင်လေး နောက်ထပ် မဟာကင်းလိပ်ချော အုပ်လိုက်ကြီးကို ခေါ်လာပြန်ပြီ၊ ဒီတစ်ခေါက် သူခေါ်သွားတဲ့လူက ဂိုဏ်းတူအစ်ကိုဟန် မလား။ သူဘာလုပ်ဖို့ ကြံနေတာလဲ"

"ထူးဆန်းတယ်၊ ပြိုင်ပွဲစတင်ပြီးကတည်းက ဒီကောင်လေးက နတ်ဆိုးသားရဲ တစ်ကောင်ကိုမှ မတိုက်သေးဘူး၊ သူ့ရဲ့ရမှတ်က လုံးဝသုညပဲ၊ ဘာလို့ နတ်ဆိုးသားရဲတွေကို တစ်ခြားသူတွေဆီ ကြိုးစားပမ်းစား မျှားခေါ်ပေးပြီး သူ့ရဲ့ ကုသဆေးလုံးတွေပါ ပေးနေရတာလဲ။ ဟိုလူတွေကို ကူညီပေးနေတာလား"

ထိုအချိန်တွင် လူတစ်ယောက်က တွေးမိသွားခဲ့ပြီး မရေမရာ ပြောလာခဲ့သည်။

"ကျွန်တော်ကြားခဲ့တာတော့ အစောပိုင်းတုန်းက သူက အခြားပြိုင်ပွဲဝင်တွေကို တော်တော်လေး ဒေါသစွခဲ့မိတယ်၊ အခုလို မကူညီဘူးဆိုရင် သူ့ရဲ့အနာဂတ်နေ့ရက်တွေက ခက်ခဲလာနိုင်တယ်၊ ဒါကြောင့် သူက ဂိုဏ်းတူအစ်ကိုတွေဆီကနေ မျက်နှာသာရဖို့ ဒီနည်းလမ်းနဲ့ ကြိုးစားနေတာများလား"

ထိုထင်မြင်ချက်က များစွာသော စကားလုံးများကို ဆက်လက်ထွက်ပေါ်လာစေခဲ့သည်။

"ဟုတ်လောက်တယ်၊ ဂိုဏ်းတူအစ်ကိုရှဲ့ ဂိုဏ်းတူအစ်ကိုဟန်၊ ဂိုဏ်းတူအစ်ကိုလု သူတို့အားလုံးက ဒီတစ်ခေါက်ပြိုင်ပွဲမှာ အနိုင်ရဖို့ လောင်းကြေးပေးခံထားရတဲ့ သူတွေပဲ၊ အဲဒီ ချီတလည်း သူ့ကိုယ်သူ အနိုင်မရနိုင်ဘူးလို့ ခံစားရတာမလို့ အခွင့်အရေးကို အသုံးချပြီးတော့ အတွင်းခန်းမကို ဝင်ရောက်နိုင်တဲ့ တပည့်ဖြစ်လာမဲ့ အရည်အချင်းရှိတဲ့သူကို ထောက်ပံ့ဖို့ ကြိုးစားနေတာဖြစ်မယ်။ ဒီကောင်လေးက သူ့ရဲ့အနာဂတ်အတွက် တော်တော်လေး ကြိုးစားနေတာပဲ"

"ဒါဆိုရင်.. သူက အကောင်းလုပ်နေတာ ဆိုမှတော့ ဘာလို့ လူကိုယ်တိုင် ထွက်မပြတာလဲ။ ဘာလို့ အနောက်ကနေ ပုန်းလျှိုးကွယ်လျှိုး လုပ်နေရတာလဲ"

တပည့်တစ်ယောက်၏ ထွက်ပေါ်လာသော မေးခွန်းသံကို ဘေးမှာရှိနေသော ကျန်တပည့်က မဲ့ရွဲ့ရင်း လှမ်းပြောလိုက်သည်။

"အဲဒါက နားလည်ဖို့ ခဲယဉ်းနေလို့လား။ အခုဆိုရင် ပြိုင်ပွဲမှာရှိတဲ့ ယှဉ်ပြိုင်သူတွေအားလုံးက သူ့ကို မုန်းနေကြတယ်၊ သူသာ ထွက်ပြလိုက်မယ်ဆိုရင် သေချာပေါက် အရိုက်ခံရမှာပေါ့ဟ"

"အဲဒီအစား နောက်ဆုံးပြိုင်ပွဲ ပြီးသွားတဲ့အထိ စောင့်တာက အကောင်းဆုံးပဲ၊ နောက်ဆုံးကျ ဂိုဏ်းတူအစ်ကိုရှဲ့နဲ့ ကျန်တဲ့လူတွေက အတွင်းခန်းမရဲ့ တပည့်တွေအဖြစ် အောင်မြင်စွာ ဖြစ်လာပြီဆိုရင် သူတို့ရဲ့ စိတ်အခြေအနေက သေချာပေါက် ကောင်းနေကြတော့မှာ၊ ဒါဆိုရင် အဲဒီကောင်လေးပြောတဲ့ စကားတွေကို သေချာနားထောင်ပေးကြလိမ့်မယ်"

အကုန်လုံး နားလည်သွားကြသည်။

"ဒီကောင်လေးက ဒါကြောင့် စိတ်ဓာတ်စမ်းသပ်ရေးမှာ ပြည့်စုံတဲ့အနေအထားကို ရခဲ့တာပဲ၊ သူ့ရဲ့တွေးခေါ်ပုံက တော်တော်လေး ကောင်းမွန်တယ်"

ကြေးမုံမှန်ကို ကြည့်နေသော အကြီးအကဲ ယန်ရှို့တ၏ မျက်နှာထားသည် အနည်းငယ် ထူးဆန်းလာကာ မျက်မှောင်ကြုတ်လိုက်သည်။

"အကြီးအကဲခန်း၊ ချီတရဲ့ လက်ထဲက ဆေးပုလင်းက ဘာလဲ မင်းပြောနိုင်လား။ သူက အဲဒါကို အသုံးပြုပြီး နတ်ဆိုးသားရဲတွေကို ဆွဲဆောင်နေတာမလား"

"အဲဒါက ကြည့်ရတာ စိတ်ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံးဖြစ်နိုင်တယ်"

ဆေးလုံးခြံဝန်း၏ အကြီးအကဲ ခန်းဝမ်လျန်သည် မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း တွေးတောလိုက်သည်။

"အရည်အသွေးကောင်းတဲ့ စိတ်ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံးက ထူးခြားတဲ့ မွေးရနံ့တစ်ခုကို ထုတ်ပေးနိုင်တယ်၊ ဒါက အဆင့်နိမ့် နတ်ဆိုးသားရဲတွေကို ဆွဲဆောင်နိုင်ပြီး သူတို့ကို ဖမ်းဖို့လွယ်ကူတာပေါ့၊ ဘာလို့ဆို သူတို့က အခုထိ အသိဉာဏ် မဖွံ့ဖြိုးကြသေးဘူးလေ"

ထို့နောက်တွင် အကြီးအကဲ ခန်းဝမ်လျန်က ခေါင်းညိတ်လိုက်ကာ အံ့ဩမှုအပြည့်နဲ့ ဆက်လက်ပြောဆိုလိုက်သည်။

"ဒါပေမဲ့ စိတ်ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံးက အတော်လေး စျေးကြီးတယ်လေ၊ အရည်အသွေးကောင်းတဲ့ စိတ်ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံးကို လိုချင်ရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၆၀၀ လောက် ပေးရလိမ့်မယ်၊ သာမန်အစေခံတပည့်တစ်ယောက်က အဲဒီလိုဆေးလုံးကို ပိုင်ဆိုင်တဲ့အပြင် သူ့ရဲ့လှည့်ကွက်တွေကို ဖုံးကွယ်ဖို့အတွက် အလယ်အလတ်အဆင့် မှော်လက်နက်ကိုတောင် သုံးနေသေးတယ်"

အကြီးအကဲ ခန်းဝမ်လျန်၏ စကားဆုံးသည်နှင့် မိုကျန်းယန် လှမ်းပြောလိုက်သည်။

"အကြီးအကဲခန်း မင်းမသိလောက်ပေမဲ့ ချီတက ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုကို ပြသနိုင်ခဲ့တယ်၊ ဒါကြောင့် ဂိုဏ်းဘက်ကနေ သူ့ကို ဝိညာဉ်ကျောက်တုံး သုံးထောင်နဲ့ အလယ်အလတ်အဆင့် မှော်လက်နက်ကို ပေးခဲ့တယ်၊ ဒါပဲ၊ အဲ့ဒါက လေဟာနယ်တုံ့ပြန်ခြင်း ဒိုင်းကာ"

"အဲဒီ လေဟာနယ်တုံ့ပြန်ခြင်း ဒိုင်းကာနဲ့ဆိုရင် သူကိုယ်တိုင် ထုတ်ဖော်ဖို့ ဆန္ဒမရှိဘူးဆိုရင် ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတွေနဲ့ နတ်ဆိုးသားရဲတွေအားလုံး သူ့ကို အာရုံခံနိုင်မှာ မဟုတ်ဘူး"

"ဪ၊ ဒီလိုကိုး"

မိုကျန်းယန်၏ စကားကြောင့် နေရာတွင် ရှိနေသော အဆင့်မြင့်အကြီးအကဲများ အားလုံး၏ မျက်နှာထားသည် နားလည်သွားကြဟန် ရှိသည်။ သို့သော်ငြား တိကျသော ဆွေးနွေးသံများတော့ ဆက်လက်မထွက်ပေါ်တော့ချေ။ မိုကျန်းယန်သည် ဆုလာဘ်ကိုသာ ထုတ်ဖော်ပြသခဲ့ပြီး လုပ်ဆောင်ခဲ့သည့် ကိစ္စကို မပြောခဲ့သည်ကို ကြည့်ရှုလျှင် ထိုကိစ္စက လျှို့ဝှက်အပ်သောကိစ္စမှန်း အကုန်လုံး သဘောပေါက်လိုက်ကြသည်။

ဤနေရာတွင် ရှိနေသော အဆင့်မြင့်အကြီးအကဲအားလုံးသည် အသီးသီး ဉာဏ်များသောသူများ ဖြစ်လေရာ မလိုအပ်ဘဲ ရန်သူရှာဖွေမည် မဟုတ်ချေ။

လူအုပ်ကြားထဲရှိ ပိုင်ရှီရို့၏ မျက်နှာကတော့ သိသာစွာ မျက်မှောင်ကြုတ်နေခဲ့ပြီး အတွေးလွန်နေသည်။ သမီးဖြစ်သူ၏ မူမမှန်သော မျက်နှာထားကြောင့် ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူသည် မနေနိုင်စွာဖြင့် တိတ်တဆိတ် စိတ်ထဲမှာ ဆက်သွယ်လိုက်သည်။

"ရှီရို့ သမီးဘာတွေ တွေးနေတာလဲ”

ပိုင်ရှီရို့လည်း သူမ၏အတွေးကို စုစည်းကာ ပြန်လည်ဖြေကြားလာ၏။

"အဖေ၊ အဲ့ဒီကောင်လေး ချီတရဲ့ လုပ်ရပ်က ဒီအတိုင်းလုပ်နေတာလို့တော့ သမီးမထင်ဘူး၊ သူက အဲဒီတပည့်တွေ အမှတ်အများကြီး ရနိုင်အောင် တိတ်တဆိတ် ကူညီပေးတာ ဖြစ်နိုင်တာက..."

သူမပြောလို့ မပြီးခင်မှာပဲ ပိုင်ချင်းဝူ သဘောပေါက်လိုက်ကာ ခေါင်းယမ်းရင်း ရယ်မောလာ၏။

"မဖြစ်နိုင်တာ၊ ဒီပြိုင်ပွဲက သန်မာမှုအပေါ် အခြေခံထားတာ၊ ဒီကောင်လေးက လိမ္မာပါးနပ်တယ်ဆိုရင်တောင်မှ ချီသန့်စင်ခြင်းအဆင့်ငါးပဲ ရှိသေးတဲ့ ကျင့်ကြံသူအသစ်လေးပဲ၊ တောက်လျှောက် ရှုံးနိမ့်လာခဲ့ပြီး အဆုံးသတ်ကျမှ သူများတွေဆီကနေ အမှတ်တွေ ခိုးယူရင်း အနိုင်ရဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တခြားသူတွေ အားလုံးက ချီသန့်စင်ခြင်း အဆင့်ကို ကျော်ဖြတ်လို့ ရတော့မဲ့သူတွေပဲ"

"ကျန်တဲ့သူတွေကို ကံမကောင်းအောင် လုပ်ပြီးတော့ အကျိုးအမြတ် ရယူမယ်ဆိုရင် ပိုလို့တောင် မဖြစ်နိုင်ဘူး၊ အဲ့ဒီလူတွေမှာသာ ဦးနှောက်ပါမယ်ဆိုရင် တခြားလူကို အခုလို အခွင့်အရေးယူဖို့ အခြေအနေ ပေးပါ့မလား။ ဒီကောင်လေးရဲ့ လုပ်ရပ်တွေက ဖြစ်နိုင်တာ နောက်ပိုင်းကျရင် ဆက်ဆံရေးကောင်းတစ်ခုကို ရနိုင်ဖို့အတွက်ပဲလို့ အဖေထင်တယ်၊ ပြင်ပခန်းမရဲ့ တပည့်တစ်ယောက် ဖြစ်လာပြီးရင် သူ့ရဲ့အနာဂတ်က ကောင်းမွန်လာမှာပဲ၊ ဒီလောက်လုပ်နိုင်တာကိုက တော်တော်လေး ထူးချွန်နေပါပြီ"

နောက်ဆုံးတော့ ပိုင်ရှီရို့လည်း ခေါင်းညိတ်ကာ အဖေဖြစ်သူ၏ ဝေဖန်ချက်ကိုပဲ လက်ခံဖို့ ရွေးချယ်လိုက်တော့သည်။

All Chapters