(မျက်လုံးလေးလုံး မြေခွေးနတ်ဆိုးသားရဲ)
Vol. 5 Ch. 42
တိမ်ကြွေဂိုဏ်၏ တောင်အနောက်ဖက်ရှိ ပြိုင်ပွဲနေရာတွင်…
စိမ်းစိုနေသောမြက်ပင်များနှင့် ခြုံပုတ်ငယ်များ ၀န်းရံထားသော ရှင်းလင်းကြည်တောက်နေသည့် စမ်းချောင်းငယ်တစ်ခုကို မြင်ရလိမ့်မည်။ ပတ်ပတ်လည်တွင်မြင့်မားသော ကျောက်တုံးပုံကြီးများရှိလေရာ ရင်သက်ရှူမောဖွယ်မြင်ကွင်းတစ်ခု ဖြစ်နေလေ၏။ ထိုနေရာတွင် အသက်၂၀နီးပါးအရွယ်ခန့် အပြင်တပည့်၃ဦးသည် အရှေ့နှင့်အနောက်လှည့်ပတ်သွားနေကာ တစ်စုံတစ်ခုကို ရှာဖွေနေဟန်ပင်။
“ဂိုဏ်တူအစ်မ ကျွန်တော်တို့ရှာတွေ့ပြီ”
နံရံအက်ကွဲကြောင်းကြားရှိ ပုန်းကွယ်နေသော လိုဏ်ဂူငယ်တစ်ခုကို လက်ညိုးထိုးရင်း ငယ်ရွယ်သောအမျိုးသား ကျင့်ကြံသူတစ်ယောက်က အံ့သြတကြီး အော်ဟစ်လိုက်သည်။
“ရေခဲကြွက်အသိုက်က ဒီနားမှာပဲ”
ထိုစကားကိုကြားသည်နှင့် တစ်ဦးတည်းသော မိန်းကလေးကျင့်ကြံသူသည် ပျော်ရွှင်သွားလေကာ လိုဏ်ဂူရှိရာဆီသို့ အလောတကြီးချဥ်းကပ်လိုက်သည်။ ကျန်သောကျင့်ကြံသူနှစ်ယောက်ခမျာ စိတ်ပျက်စွာဖြင့် ခေါင်းခပ်ဖွဖွကုပ်လိုက်ရင်း တွန့်ဆုတ်စွာဖြင့် သူမအနောက်ကလိုက်ပါလာကြ၏။ မကြာမီတွင် မှော်လက်နက်အပြည့်အစုံကို ကိုင်ဆောင်ပြီး လိုဏ်ဂူကို၀န်းရံလိုက်ကြသည်။
“အဲ့ဒီနတ်ဆိုးကြွက်တွေရဲ့အသိုက်က ဒီနေရာမှာပဲရှိနေတာကိုး၊ အဲ့ဒီကြွက်တွေက အုပ်စုလိုက်နေတက်ကြတယ်။ ဒါကြောင့်တစ်ကောင်ထဲရှိနေမှာ မဟုတ်ဘူး”
ပြောဆိုလိုက်သော အမျိုးသမီးကျင့်ကြံသူသည် အလွန်အမင်းဆွဲဆောင်မှုရှိသော်ငြား ရဲ၀င့်စွာမေးဆတ်ထားပုံနှင့် စူးရှနေသောအကြည့်များကြောင့် သူမ၏အသွင်အပြင်သည် မောက်မာမှုတစ်ချို့ထင်ဟပ်နေသည်။ သူမကတော့ စည်းကမ်းထိန်းသိမ်းရေးခြံ၀င်း၏ အပြင်တပည့် နျိုစွေ့လန်ပင်။
သူမနှင့်အတူလိုက်ပါလာသော အမျိုးသားကျင့်ကြံသူတစ်ယောက်က မနေနိုင်စွာ သတိပေးလိုက်သည်။
“ဒီ၀င်ပေါက်က အရမ်းကို ကျဥ်းနေတယ်။ ဂိုဏ်တူအစ်မ ကျွန်တော်တို့မ၀င်ကြရအောင်လား။ ဒီကြွက်တွေက မီးကိုသေလောက်အောင်ကြောက်တယ်။ ကျွန်တော်တို့ အပြင်ဖက်မှာမီးမွှေးပြီး မီးခိုးတွေ အထဲ၀င်အောင်လုပ်လိုက်မယ်လေ။ ဒါဆိုရင်အဲ့ကောင်တွေ အပြင်ထွက်လာမှာပဲမလား”
“ဟုတ်တယ်”
နျိုစွေ့လန်ခေါင်းညိတ်လိုက်ပြီး သူမ၏သိုလှောင်အိတ်အတွင်းမှ မီးစာကိုထုတ်ယူကာ အနီးတွင်ပေါက်နေသော နွယ်ပင်နှင့်သစ်ရွက်ခြောက်တစ်ချို့ကို မီးရှို့လိုက်သည်။ ချက်ခြင်းဆိုသလိုပင် အရှိန်အဟုန်ဖြင့်ထွက်ပေါ်လာသော မီးခိုးငွေ့လုံးကြီးက အဆုံးမှာ လိုဏ်ဂူအတွင်းသို့ ၀င်ရောက်သွားလေရဲ့။
အချိန်တစ်ခနကြာပြီး နောက်တွင် လိုဏ်ဂူအတွင်းမှ အဆက်မပြတ်ဆူညံသံများ ထွက်ပေါ်လာကာ များစွာသော ရေခဲပြာရောင်ကြွက်များ အလုံးအရင်းနှင့် ထွက်ပေါ်လာခဲ့သည်။ ထိုကြွက်များအားလုံး၏ ကျင့်ကြံခြင်းနယ်ပယ်က ချီသန့်စင်ခြင်းအဆင့်တွင်သာရှိ၏။
နျိုစွေလန် အေးစက်စွာ မျက်နှာမဲ့လိုက်သည်။ သူမ၏ရှည်လျားသောကြာပွတ်သည် ဆယ်ကိုယ်ခွဲသွားကာ အပြေးလာနေသော ရေခဲကြွက်များစီသို့ မြှားတစ်ခုနှယ်ပြေး၀င်သွားရင်း တင်းကြပ်စွာ ချည်နှောင်လိုက်သည်။
“ကျွီ…ကျွီ…ကျွီ…”
တင်းကြပ်စွာအချုပ်အနှောင်ခံလိုက်ရသော ရေခဲကြွက်များက အသည်းအသန် ရုန်းနေရင်း ပြူးကျယ်နေသော မျက်လုံးအတွင်းမှာလည်း အကြောက်တရားများ ၀င်ရောက်လာ၏။ အကူအညီတောင်းခံနေသည့်နှယ် ကျယ်လှောင်သော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
“သေတော့”
မျက်စိရှေ့ကိုရောက်နေပြီး ဖြစ်သော ရမှတ်များကြောင့် နျိုစွေ့လန် သနားညာတာမှုပြလိမ့်မည် မဟုတ်ချေ။ သို့သော် ထိုရေခဲကြွက်များကို တစ်ချက်ထဲနှင့် တိုက်ခိုက်တော့မည့်အချိန်မှာဘဲ အနောက်ဘက်မှ အလုံးအရင်းနှင့်၀င်ရောက်လာသော လေပြင်းတချက်ကို သတိထားမိလိုက်ပြီး အလိုအလျောက် ရှောင်တိမ်းလိုက်သည်။
နျိုစွေ့လန် အနောက်လှည့်ကြည့်လိုက်ချိန်တွင် တိုက်ခိုက်ခဲ့သောသူနှစ်ယောက်မှာ သူမနှင့်အတူလိုက်ပါလာသော ကျင့်ကြံသူနှစ်ယောက်ဖြစ်နေမှန်း သိလိုက်ရ၏။ နျိုစွေ့လန်၏ မျက်နှာထားသည်လျင်မြန်စွာ ပြောင်းလဲသွားကာ ဒေါသတကြီး အော်ဟစ်လာခဲ့သည်။
“ မြောင်ခန်း နဲ့ ယန်ကျွမ်း နင်တို့ရူးသွားတာလား”
သူမနောက်တွင် ရိုကျိုးစွာလိုက်ပါနေကျဖြစ်သော ထိုလက်အောက်ခံနှစ်ယောက်ထံမှ အခုလိုပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်လာမည်လို့ နျိုစွေ့လန် လုံး၀မမျှော်လင့်ထားခဲ့ပေ။ ထိုအချိန်မှာပဲ ထူးဆန်းသောမျက်နှာထားများနှင့် လူသတ်အရိပ်အငွေ့များဖော်ထုတ်ရင်း သူမကိုစူးရဲစွာကြည့်နေသော ထိုလူနှစ်ယောက်က ပြန်လည်အော်ဟစ်လာသည်။
“အသုံးမကျတဲ့ သားရဲကောင်တွေ ငါတို့ရဲ့ဂိုဏ်တူအစ်မနျိုကို ဘယ်လိုတောင် ထိခိုက်အောင်လုပ်ရဲတာလဲ။ သေဖို့သာပြင်စမ်း”
ထိုစကားသံဆုံးသည်နှင့် သိပ်မ၀ေးသောနေရာတွင်ရှိနေသော ထိုနှစ်ယောက်က မှော်လက်နက်များ ဆွဲကိုင်ကာသူမရှိရာဆီသို့ အကြမ်းပတမ်း ပြေး၀င်လာခဲ့သည်။
တစ်ချိန်တည်းမှာပဲ နျိုစွေ့လန်၏ မြင်ကွင်းရှေ့ရှိ ကျင့်ကြံသူနှစ်ယောက်၏ ပုံရိပ်က ပျောက်ကွယ်သွားကာ မိုးကြိုးမုန်းတိုင်း၀က်၀ံနှစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ နျိုစွေ့လန် ထိတ်လန့်ဟန်ဖြင့် အလျင်အမြန်ရှောင်တိမ်ရင်း သိုလှောင်အိတ်အတွင်းမှ စိမ်းနက်နေသောပေတံတစ်ခုကို ထုတ်ယူကာ တိုက်ခိုက်ဖို့ အရှေ့တိုးလိုက်သည်။
“ဘန်း….ဘန်း…”
ထိုသို့ဖြင့် သူမတို့သုံးယောက်လုံးသည် ကြမ်းတမ်းသော တိုက်ပွဲအတွင်း ကျရောက်သွားခဲ့သည်။ ထိုအချိန်မှာပဲ ပရမ်းပတာဖြစ်နေသော အခြေအနေကြားထဲသို့ တစ်ကိုယ်လုံးနီးပါးဖြူဖွေးနေသော မြေခွေးဖြူတစ်ကောင်သည် အနီးရှိ ပန်းပင်အနောက်မှ တိတ်တဆိတ်ထွက်ပေါ်လာလေ၏။ ဖဲသားလိုပြောင်ချောကာဖြူဖွေးနေသော ထိုမြေခွေး၏ အမွှေးများသည် ငါးပေခန့်ရှည်လျားကာ ခပ်ဖြည်းဖြည်းလမ်းလျောက်လာနေရင်း အနောက်ရှိ အမြှီးကလည်း ပျင်းရိစွာ ဝှေ့ယမ်းနေသေး၏။
တိုက်ခိုက်နေသော နျိုစွေ့လန်နှင့် ကျန်သည့်နှစ်ယောက်ကို ကြည့်ရှုရင်း ထိုမြေခွေး၏ အနီရောင်မျက်၀န်းအတွင်းမှာ ခံစားချက်တစ်ချို့ ဖြတ်ပြေးသွားကာ စနောက်လိုသော အပြုံးတစ်ခု၀င်ရောက်လာသည်။ ထို့နောက်တွင် မြေခွေးက ဘယ်သူမှသတိမထားမိသည်ကို အခွင့်ကောင်းယူရင်း ဖမ်းဆီးခံထားရသော ရေခဲကြွက်များအနီးသို့ တိတ်တဆိတ်ချဥ်းကပ်လိုက်သည်။
ထိုနတ်ဆိုးမြေခွေးက ချွန်မြသောလက်သည်းကိုအသုံးပြုရင်း ထူထဲသည့်နွယ်ပင်ကို လွယ်ကူစွာဖောက်ထွင်းကာ ရေခဲကြွက်များကို လွှတ်ပေးလိုက်လေရဲ့။
“ကျွီ…ကျွီ…”
ကယ်တင်ခံလိုက်ရသော ရေခဲကြွက်များသည် နတ်ဆိုးမြေခွေးကို အကြိမ်ရေတစ်ချို့ ကြည့်ရှုပြီး ကျေးဇူးတင်ကြောင်း ပြောဆိုပြီးလျှင် ခြုံပုတ်များအတွင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားကြသည်။ ထို့နောက်တွင် မြေခွေးက ပုံရိပ်ယောင်အစီအရင်ထဲပိတ်မိနေဆဲဖြစ်သော ကျင့်ကြံသူသုံးယောက်ကို လှည့်ကြည့်လိုက်သည်။ ထိုမြေခွေး၏မျက်လုံးအတွင်း၌ အေးစက်မှုများ ပြည့်နေလေရဲ့။ ထိုနောက်တွင် မြေခွေးကပါးစပ်ဟလိုက်ပီး ပါးစပ်မှထွက်ပေါ်လာသော အေးခဲသည့် အဖြူရောင်အငွေ့များက ထိုသုံးယောက်လုံး ရှိရာသို့ လျင်မြန်စွာဖုံးလွှမ်းသွားခဲ့သည်။
အဖြူရောင်မြူခိုးငွေ့သည် မြေခွေး၏ပင်ကိုယ်စွမ်းရည်ဖြစ်ဟန်ပင်။ ထိုအငွေ့ထွက်ပေါ်လာသည်နှင့် ပတ်၀န်းကျင်၏ အရှိန်အ၀ါသည် သိသာစွာလျော့ကျသွားခဲ့သည်။နျိုစွေ့လန်နှင့် ကျန်နှစ်ယောက်လည်း ရှုပ်ထွေးလာကာ နောက်ဆုံးမှာတော့ ချွန်မြသောလက်နက်များဖြင့် သူတို့ကိုယ်သူတို့ထိုးနှက်ဖို့ အသင့်ပြင်လာကြ၏။
ထိုအချိန်မှာပဲ…ကောင်းကင်ထက်မှ ပိုက်ကွန်တစ်ခုပြုတ်ကျလာလေကာ မြေခွေးနတ်ဆိုးကို ဖမ်းဆီးလိုက်လေသည်။
“ဒုန်း…ဒုန်းး…”
ထိုမြေခွေးနတ်ဆိုး အသည်းအသန်ရုန်းကန်နေပါသော်ငြား မှော်လက်နတ်သည် ပထမအဆင့်ဖြစ်လေရာ အဆုံးမဲ့ခုခံနိုင်စွမ်းရှိနေခဲ့သည်။ မြေခွေးနတ်ဆိုးအတွက် မချိုးဖောက်နိုင်သည့်အပြင် တကြိမ်လှုပ်ရှားတိုင်း ပိုမိုတင်းကြပ်လာ၏။ ပိုက်ကွန်၏ဖိအားကြောင့် မြေခွေး၏ပင်ကိုယ်စွမ်းရည်ဖြစ်သော ပုံရိပ်ယောင်အငွေ့၏အရှိန်အ၀ါလည်း အလိုအလျောက်လျော့နည်းလာခဲ့သည်။ ထိုအချိန်မှသာ နျိုစွေ့လန်နှင့် ကျန်နှစ်ယောက်လုံး မြေပြင်ပေါ်သို့ ပြုတ်ကျရင်း သတိလစ်သွားသည်။
ထိုအချိန်မှသာ ခြုံပုတ်နောက်ကွယ်တွင် ပုန်းနေသော မရင်းနှီးသည့် ပုံရိပ်က အရှေ့တိုးရင်း နတ်ဆိုးသားရဲကို တင်းကျပ်စွာ ချည်နှောင်လိုက်သည်။ ထိုနောက်တွင် ထိုသူက အပြုံးတစ်ပွင့်ဖြင့်
“ချီသန့်စင်ခြင်းနယ်ပယ် ပြီးပြည့်စုံအဆင့်ကို ရောက်ရှိနေတဲ့ မျက်လုံးလေးလုံးနဲ့ မြေခွေးပဲ။ ဟား…ဟား…ငါနောက်ဆုံးတော့ မင်းကိုဖမ်းမိပြီ”
ထိုသူကတော့ ချီယွမ်မှလွှဲ၍ တစ်ခြားမဖြစ်နိုင်ချေ။ အလုပ်သမားအသီးသီးကို တာ၀န်ခွဲဝေပြီးသည်နှင့် ချီယွမ်သည် တောအတွင်းသို့တစ်ယောက်ထဲ ထွက်လာကာ ရည်ရွယ်ရင်းပစ်မှတ်ဖြစ်သော မျက်လုံးလေးလုံးနှင့် ရှားပါး နတ်ဆိုးမြေခွေးကို ရှာဖွေခဲ့သည်။ ထိုနတ်ဆိုးမြေခွေးသည် မွေးရာပါအမြှီးကိုးချောင်း မြေခွေးမျိုးရိုးကိုလက်ခံရရှိထားသဖြင့် ဥာဏ်ရည်ပါးနပ်ပီး ပုံရိပ်ယောင်အစွမ်းတွင် ကျွမ်းကျင်သည်။ ထိုမြေခွေး၏တစ်ခုတည်းသော အားနည်းချက်က တိုက်ပွဲတွင် သန်မာမှုနည်းပါးပြီး ကြောက်တက်သောဗီဇပင်။
ပိုက်ကွန်နှင့်ပတ်သတ်ပီး အာရုံခံမိသွားပုံရှိသော မျက်လုံးလေးလုံးနှင့်မြေခွေးသည် ရုန်းကန်နေတာ ချက်ချင်းရပ်တန့်လိုက်တော့သည်။ ထိုနောက်တွင် လက်သည်းနှစ်ဖက်စုကပ်ရင်း သွေးနီရောင်မျက်လုံးအတွင်းမှ လူသားဆန်သော တောင်းဆိုမှုအချို့ကို ထုတ်ပြလာခဲ့သည်။ ချီယွမ်အား အသက်ချမ်းသာပေးဖို့ရန် တောင်းခံနေဟန်ပင်။
ချီယွမ် မျက်နှာကိုမဲ့လိုက်လေကာ
“လှည့်စားတတ်တဲ့ သားရဲကောင် မင်းကတစ်ကယ်ကို လုပ်ချင်ရာလုပ်နေတော့တာပဲ။ ငါသာအချိန်မှီရောက်မလာဘူးဆိုရင် အဲ့ဒီတပည့်တွေအကုန်လုံး မင်းရဲ့ထိန်းချုပ်မှုအောက်ကို ကျရောက်သွားပြီး ကိုယ့်ကိုကိုယ်သတ်သေသွားလိမ့်မယ်”
ထိုနောက်တွင် ချီယွမ်၏မျက်နှာသည် ချက်ချင်းဆိုသလို မည်းမှောင်သွားကာ ကြောက်မက်ဖွယ် မျက်နှာထားကို ဖော်ထုတ်လိုက်သည်။
“သူတို့အားလုံးက ငါရဲ့ဂိုဏ်းတူအကိုတွေ၊ အမတွေပဲ။ မင်းက သူတို့ကိုထိခိုက်အောင် လုပ်ရဲတယ်လား။ ဒီတော့မင်းရဲ့သေလမ်းကို မင်းကိုယ်တိုင် ရွေးချယ်လိုက်တာပဲ။ အသက်ရှင်လျက် အရေခွံစုတ်ပစ်ပြီး မြေခွေးသားရေ၀တ်ရုံလုပ်ပစ်လိုက်မှ ငါ့ရဲ့နှလုံးသားထဲက အမုန်းတရားတွေကို ခြေဖျက်နိုင်မယ်”
မျက်လုံးလေးလုံးမြေခွေးခဗျာ ကြမ်းတမ်းစွာ တုန်ယင်သွားကာ မျက်လုံးအတွင်းက အလိုဆန္ဒများ ပိုမိုနက်ရှိုင်းလာတော့၏။ အသနားခံပေးဖို့ရန် တအီအီမြည်သံများ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်မှသာ ချီယွမ်၏လေသံသည် ရုတ်ချည်းပြောင်းလဲသွားကာ မျက်နှာထားကလည်း အနည်းငယ်နူးညံသွားလေသည်။
“ဆိုရိုးစကားရှိတဲ့အတိုင်းပဲ ကောင်းကင်ဘုံကသက်ရှိတွေကို တန်ဖိုးထားတယ်။ ဒီတော့မင်းမသေချင်ဘူးဆိုရင် မင်းအတွက် လွတ်လမ်းတစ်ခုတော့ရှိတယ်”
ချီယွမ်သည် အကျီအတွင်းမှ အညိုရောင် တိရိစ္ဆာန်အရေပြားကိုလိပ်ထားသော အလိပ်တခုကို ခပ်ပြုံးပြုံးနှင့် ထုတ်ယူလိုက်သည်။
“မင်းသာဒီစာချုပ်မှာ လိမ်လိမ်မာမာလတ်မှတ်ထိုးပြီး င့ါကိုမင်းရဲ့သခင်အဖြစ် သတ်မှတ်မယ်ဆိုရင် အသက်ချမ်းသာပေးမယ်။ ဒါတင်မကဘူး မင်းချက်ချင်းအဆင့်တက်နိုင်အောင် ထပ်သီးအဆင့် စိတ်၀ိဥာဥ်ကျင့်ကြံခြင်း ဆေးလုံးကိုပါပေးမယ်။ ဒါဆိုမင်းရဲ့ကျင့်ကြံဆင့်က အခြေခံတည်ထောင်ခြင်း နယ်ပယ်ကိုရောက်သွားမှာနော်”
“မင်းသဘောမတူချင်လည်း ရတယ်။အဲ့လိုဆိုရင်တော့ နာနာခံခံနဲ့ ငါရဲ့သားရဲ၀တ်ရုံလုပ်လိုက်ပေါ့”
ချီယွမ်၏စကားလုံးများကြောင့် ထိုနတ်ဆိုးမြေခွေးခမျာ အလွန်အမင်း အံ့သြမှင်သက်သွားလေသည်။