← Chapters

(အသုံးမကျတဲ့သူကို ခေါ်ထားရင် ဘာမှမရဘူး)

Vol. 5 Ch. 43

(အသုံးမကျတဲ့သူကို ခေါ်ထားရင် ဘာမှမရဘူး)

Vol. 5 Ch. 43

ဤပြိုင်ပွဲကြီးကို တာဝန် ယူထားရသော အတွင်းခန်းမ၏ အကြီးအကဲ ယန်ရှို့တသည် ချီယွမ်၏ လုပ်ရပ်ကြောင့် စိတ်သက်သာစွာ သက်ပြင်းချလိုက်ကာ လက်ခံလိုသော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

“ကောင်းတယ် ကောင်းတယ် ချီတက တော်တော်လေး ရဲရင့်ပြီး လက်နက် ကိရိယာလဲ စုံလင်တာပဲ။ ဒီကောင်လေးက တော်တော် ထူးချွန်တယ်။ သူသာ ဝင်ကယ်ပေးလို့ မဟုတ်ရင် ကျန်တဲ့ တပည့်သုံးယောက်လုံး အဲ့ဒီနေရာမှာတင် သေနေလောက်ပြီ။ အဲ့ဒီတစ်ချက်နဲ့တင် ဒီကောင်လေးက အထူးလေ့ကျင့်ပေးဖို့ ထိုက်တန်တယ်”

ပြိုင်ပွဲ အတွင်းတွင် သေဆုံးမှုတစ်ချို့ ဖြစ်ပေါ်တတ်သည် ဆိုသော်ငြား လက်ရွှေးစင် တပည့်အဖြစ် လျာထားခြင်း ခံရသော ထူးချွန် တပည့်သုံးယောက်လုံးကို ဆုံးရှုံးရလျှင် လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပါချေ။ ထို့အပြင်အခုလိုမျိုး အန္တရာယ်များသော မျက်လုံး လေးလုံး မြေခွေးနတ်ဆိုးကို ကြိုတင် မရှင်းလင်းနိုင်သည့် အတွက် သူတို့အတွင်း ခန်းမဘက်မှလည်း ဖြေရှင်းချက် တစ်ခု ထုတ်ပေးရလိမ့်မည်။ ထိုမြေခွေးကြောင့် သေဆုံးမှု ဖြစ်ပေါ်ခဲ့လျှင် အတွင်းခန်းမ တာဝန်ရှိ အကြီးအကဲ ဖြစ်နေလျှင်တောင်မှ မလွဲမသေ အရေးယူခံရမည်ပင်။

ကပ်ဘေးကြီးကို ဖြေရှင်းနိုင်သည့်အတွက် ယန်ရှို့တ အလွန်ပင် စိတ်သက်သာရာ ရသွားကာ ချီတကို အလိုအလျောက် ကျေးဇူးတင်မိသွား၏။

( အဲဒီတပည့်လေးကလုပ်ဆောင်ချက် အရမ်းကောင်းတယ် တိုက်ပွဲပြီးတာနဲ့ ငါကိုယ်တိုင် ဂိုဏ်းခေါင်းဆောင်ဆီ သွားပြီးတော့ ပြင်ပခန်းမကနေ အဲ့ဒီကောင်လေးကို အတွင်းခန်းမ ဌာနဆီမှာ အလုပ်လုပ်နိုင်အောင် တောင်းဆိုရမယ် )

အကြီးအကဲယန်၏ အတွေးမဆုံးခင်မှာပဲ ဘေးမှာရှိနေသော တိမ်ကြွေဂိုဏ်း၏ နောက်ထပ်အကြီးအကဲ တစ်ယောက်ထံမှ နူးညံ့စွာ အံ့သြတကြီး ပြောဆိုသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

“အစက အဲဒီကောင်လေး ချီတကို အမှတ်ရဖို့ မြေခွေးနတ်ဆိုးကို သတ်ချင် နေတယ်လို့ ငါထင်ခဲ့တာ။ ဒါပေမယ့် ဝိညာဥ်ဖမ်းစာလိပ်နဲ့ ထိန်းချုပ် ပစ်လိုက်လိမ့်မယ်လို့ လုံးဝကို မထင်ထားမိဘူး။ အဲ့ဒီကောင်လေး ဘာလိုချင် နေတာလဲ”

ယန်ရှို့တ၏ မျက်ခုံးက ချက်ချင်းဆိုသလို စုကြုတ်သွားကာ လျင်မြန်စွာ ပြောင်းလဲသွားသော မျက်နှာထားနှင့် မနေနိုင်စွာ လှည့်မေးလာခဲ့သည်။

“မျက်လုံးလေးလုံး မြေခွေးနတ်ဆိုးက အရမ်းကောက်ကျစ်တယ် ဆိုပေမယ့် သူ့ရဲ့သဘာဝက သေရမှာကို အရမ်းကြောက်တယ်။ အခုချီတက ဖမ်းမိသွားပြီ ဆိုတော့ သူ့ရဲ့အသက်က ခြိမ်းခြောက် ခံနေရပြီ။ ဒီကောင်လေး တစ်ကယ်ပဲ အဲ့ဒီမြေခွေးနတ်ဆိုးကို အစေခံအဖြစ် ရလာလိမ့်မယ်။ ချီသန့်စင်ခြင်း ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေတဲ့ နတ်ဆိုးသားရဲကိုသာ တစ်ကယ်ပဲ သိမ်းသွင်းနိုင်မယ်ဆိုရင်…”

“ဒီမျက်လုံးလေးလုံးမြေခွေးနတ်ဆိုးက ပြိုင်ပွဲအတွင်းမှာ ကွဲပြားမှု တစ်ချို့ကို သေချာပေါက် ဖြစ်ပေါ်စေမှာပဲ”

ထိုအချိန်မှာပဲ အကြီးအကဲ ယင်ချင်းယွမ်၏ မျက်နှာတစ်ခုလုံးတွင် အလိုမကျမှုများ ဝင်ရောက်လာလေကာ

“အဲ့ဒီချီတက သူများတွေကို လှည့်စားပြီး အခွင့်အရေးယူတဲ့ နေရာမှာပဲ ကောင်းတာ။ သန်မာမှုပိုင်းကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် ကျန်တဲ့ ဟန်ကျိုက်ယွမ်၊ ရှဲ့ယုရှင်း၊ လုခန်နဲ့ အခြားသူတွေကို လုံးဝ မယှဉ်နိုင်ဘူး။ မျက်လုံးလေးလုံး မြေခွေးနတ်ဆိုးရဲ့ အကူအညီ ရမယ်ဆိုရင်တောင်မှ အသုံးဝင်မှာမဟုတ်ဘူး။ အဲ့ဒီသားရဲရဲ့ တိုက်ပွဲစွမ်းရည်က အရမ်းကို နိမ့်ကျတယ်။ ဘယ်လောက်တောင် နိမ့်ကျလဲဆိုရင် အဲ့ကောင် လုပ်တတ်တာဆိုလို့ သာမန် ပုံရိပ်ယောင် ကျိန်စာတစ်ချို့ တိုက်တတ်ရုံလောက်ပဲရှိတာ။ ချီသန့်စင်ခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ပြီးတဲ့ ဘယ်ကျင့်ကြံသူမဆို သတိထားလိုက်ရင် အဲ့ဒီကောင်ရဲ့ တိုက်ကွက်ကနေ လွှတ်မြောက်နိုင်လိမ့်မယ်”

“နျိုစွေ့လန်ကိုပဲ ကြည့်လေ သူမက ချီသန့်စင်ခြင်း အဆင့်ကိုးကို ရောက်နေတဲ့ အတွက် ပုံရိပ်ယောင်ထဲမှာ လုံးဝ မပိတ်မိသွားခဲ့ဘူး။ သူမသာ ကြောက်စိတ် လွှမ်းမိုးပြီး ဇဝေဇဝါ ဖြစ်နေခဲ့လို့ မဟုတ်ရင် အဲ့ဒီနတ်ဆိုးသားရဲက အားနည်းချက်ကို အခွင့်အရေး ယူနိုင်မယ်လို့ ထင်လား”

တိမ်ကြွေဂိုဏ်း၏ တစ်ခြားသော အဆင့်မြင့် အကြီးအကဲ များသည် သဘောတူစွာ ခေါင်းညိတ် ထောက်ခံလာကြသည်။

မျက်လုံးလေးလုံး မြေခွေးနတ်ဆိုး၏ ပုံရိပ်‌ယောင်အစွမ်းသည် ဒုက္ခများနိုင်သည် ဆိုသောငြား ကြောက်မက်ဖွယ်ရာ အခြေအနေတော့ မဟုတ်ပါချေ။ ထိုအစွမ်းသည် ကျင့်ကြံဆင့် နယ်ပယ်တူ သို့မဟုတ် ပိုမြင့်သော ကျင့်ကြံသူများကို လှည့်ဖြားဖို့ ခဲယဉ်း၏။ ဤပြိုင်ပွဲအတွင်းတွင် ဝင်ပြိုင်သော ပြိုင်ပွဲဝင်များအတွင်း၌ ချီသန့်စင်ခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ထားပြီး ဖြစ်သော တပည့်များ ပါဝင်လေရာ ထိုမျက်လုံးလေးလုံး မြေခွေးနတ်ဆိုး တစ်ကောင်ထဲနှင့် ပထမနေရာသို့ ရောက်နိုင် လိမ့်မည်မဟုတ်ချေ။

ထိုအချိန်တွင်....

“ကဲမင်းမှာ ရွေးစရာလမ်းနှစ်ခုရှိတယ်။ တစ်ခုကတော့ လိမ်လိမ်မာမာနဲ့ ဝိညာဉ် ဖမ်းချုပ်ခြင်း စာချုပ်မှာ လက်မှတ်ထိုးလိုက် အဲ့လိုမှမဟုတ်ရင် သေလိုက်”

ချီယွမ်၏ လေသံသည် ဘာကိုမှ ဂရုမစိုက် နေဟန်ရှိပြီး ကျောချမ်းဖွယ် အကြည့်ကလဲ မျက်လုံးလေးလုံး မြေခွေးနတ်ဆိုးကို အဆက်မပြတ် ခြောက်လန့်နေခဲ့သည်။

ထိုမြေခွေး၏ မျက်လုံး နှစ်ဖက်က ဂနာမငြိမ် ဖြစ်နေ‌ကာ ဝေခွဲရ ခက်နေဟန်ပင်။

ထိုအရာကို မြင်သည့်အတွက် ချီယွမ် အေးစက်စွာ ကြည့်လိုက်ရင်း လက်တစ်ဖက်ကို ထိုမြေခွေး၏ လည်ပင်းပေါ်သို့ ခပ်ဖြည်းဖြည်း တင်လိုက်သည်။

“ကြည့်ရတာမင်းက သေဖို့ရွေးချယ်လိုက်ပုံပဲ။ ဒီလိုဆိုမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်း ပေးရမှာပေါ့”

ထိုအချိန်တွင် ချီယွမ်၏ မျက်နှာတစ်ခုလုံးသည် လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ မြေခွေး၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်ဖဝါး အတွင်းသို့ အစွမ်း ထည့်သွင်းတော့မည့် အချိန်မှာပဲ......

ထိုမြေခွေးနတ်ဆိုးက ချက်ချင်းဆိုသလို အော်ဟစ်လာကာ အနီရောင် သွေးအနှစ်စက်တစ်ချို့ကို တွန့်ဆုတ်စွာ ထုတ်ပေးလာခဲ့သည်။

“မဆိုးဘူး ရွေးချယ်တာ ကောင်းတယ်။ ကိုယ့်အတွက် ဘာကောင်းမလဲ သိသေးတာပဲ”

ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်ကာ လက်ထဲရှိ ဝိညာဉ်ဖမ်း စာလိပ်ပေါ်သို့ သွေးတစ်စက် ချလိုက်လေသည်။ ထို့နောက်တွင် အတွေးတစ်ချက်ဖြင့် ထိုစာလိပ်ပေါ်၌ နတ်အမှတ်အသား တစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်သည်။ ချက်ချင်းဆိုသလို မျက်စိရှေ့ရှိ မျက်လုံးလေးလုံး မြေခွေးနတ်ဆိုးနှင့် သူ၏ကြားတွင် ဖျော့တော့သော ဆက်နွှယ်မှု တစ်ခုကို ခံစားလိုက်ရသည်။ သေးငယ်သော အသွေးတစ်ချက်နဲ့ပင် ထိုမြေခွေး၏ အသက်ကို ဆုံးဖြတ်လို့ရနေသည့်နှယ်ပင်။

ထိုဝိညာဉ်ဖမ်း စာချုပ်သည် သားရဲများအတွက်တော့ ကျွန်အဖြစ် ဖန်တီးသည့် စာချုပ်တစ်ခုနှင့် ဆင်တူသည်။ စာချုပ်ကာလအတွင်းတွင် သခင်၏ဆန္ဒကို မလိုက်နာပါက စာချုပ်၏ တန်ပြန်အစွမ်းကို ချက်ချင်း သက်ရောက်ခံရပြီး ပြန်လည်မွေးဖွားဖို့ အခွင့်အရေးတောင် မရရှိဘဲ သေဆုံးရလိမ့်မည်။

သားရဲထိန်းကျောင်းရေး ဂိုဏ်းမှ အထူးပြုလုပ် ဖန်တီးထားသော ထိုဝိညာဉ်ဖမ်း စာချုပ်များသည် ကျင့်ကြံရေး လောကတွင် ရှာဖွေရန် မခက်ခဲသလို စျေးလည်းမကြီးချေ။ တစ်ခုတည်းသော ခက်ခဲသည့် ကိစ္စရပ်က ထိုမညီမျှသော စာချုပ်အတွင်းမှာသားရဲများကို လက်မှတ်ထိုးလာအောင် ပြောဆိုရခြင်းပဲ။ အကယ်၍ ကြမ်းတမ်းပြီး မယဉ်ပါးသော သားရဲတစ်ကောင်နှင့် တွေ့ရပါက လက်မှတ်ထိုးမည့်အစား သေဆုံးဖို့ကို ရွေးချယ်မည် ဖြစ်သော်ငြား ဤမျက်လုံးလေးလုံး နတ်ဆိုးမြေခွေးသည် ကြောက်တတ်သော သဘာဝရှိလေရာ ထိုကိစ္စရပ်က အလုပ်မဖြစ်ခဲ့ချေ။

စာချုပ်ပြီးစီးပြီးနောက်တွင် နတ်ဆိုးမြေခွေး၏ အရှိန်အဝါသည် ပိုမို နိမ့်ကျသွားခဲ့ပြီး အလွန်အမင်း ဝမ်းနည်းနေဟန်ပင်။

“ဘာလဲ မင်းက သဘောမတူဘူးလား”

ချီယွမ် အဖက်မလုပ်စွာ လှမ်းကြည့်လိုက်၏။

“မင်းက အသုံးဝင်လို့သာ မဟုတ်ရင် မင်းလိုမျိုး အဆင့်နိမ့် နတ်ဆိုးသားရဲတစ်ကောင်က ငါ့ရဲ့ အိမ်မွေး သားရဲဖြစ်လာဖို့ ထိုက်တန်တယ်ထင်လား။ မင်းကောင်းကောင်း ပြုမူမယ်ဆိုရင် မင်းရဲ့လွတ်လပ်ခွင့်ကို ငါပြန်ပေးမှာပါ”

ထို့နောက်တွင် ဖမ်းထားသော ပိုက်ကွန်ကို ဖြည်ပေးရင်း မြေခွေးနတ်ဆိုးကို ချီယွမ် ပြန်လွတ်ပေးလိုက်သည်။ ပြန်လည် လှုပ်ရှားနိုင်သော မြေခွေးနတ်ဆိုးက အနည်းငယ် တွန့်ဆုတ်နေပြီးမှ ချီယွမ်ရှိရာသို့ ကြောက်ရွံ့စွာ တစ်လှမ်းခြင်း ချဉ်းကပ်လာ၏။

မျက်လုံးလေးလုံး မြေခွေးနတ်ဆိုးကို အောင်မြင်စွာ ထိန်းချုပ်နိုင်သည့်အတွက် ထိုဝိညာဉ်ဖမ်း စာလိပ်ကို ပုံမှန်လိုမျိုး ပြန်သိမ်းကာ သိုလှောင်အိတ် အတွင်းမှ ကျောက်စိမ်းပုလင်း တစ်ခုကို ချီယွမ် ထုတ်ယူလိုက်သည်။ ထိုပုလင်းကို ထုတ်ယူလိုက်သည်နှင့် လွန်စွာ မွှေးပျံ့သော ဆေးရနံ့တစ်ခုက လွင့်မျောလာလေရဲ့။

ထိပ်သီးအဆင့် စိတ်ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံး….

(ဒီမကောင်းဆိုးဝါးကောင်..... မဟုတ်သေးပါဘူး ဒီသခင်ပြောတာ အမှန်ပဲလား သူ့ဆီမှာ တစ်ကယ်ပဲ စိတ်ဝိညာဥ် ကျင့်ကြံခြင်း ဆေးလုံးရှိနေတာလား )

ထိုမြေခွေးနတ်ဆိုးသည် ချက်ချင်းပင် တက်ကြွသွားကာ ချီယွမ်ကို ကြည့်နေသော အကြည့်များကလည်း ပြောင်းလဲသွားပြီး ပြင်းထန်သော မျှော်လင့်ခြင်းများ ဝင်ရောက်လာလေ၏။

“မနက်ဖြန် အာရုဏ်ဦး အချိန်ကို မရောက်ခင်မှာပဲ အခြေခံတည်ထောင်ခြင်း နယ်ပယ်ကို အဆင့်တက်လာအောင် လုပ်ပါ။ မဟုတ်ဘူးဆိုရင် မင်းဆိုးဆိုးရွားရွား သေရလိမ့်မယ်”

ပြောပြီးသည်နှင့် ချီယွမ်သည် စနစ်မှ ပေးအပ်ထားသော ထိပ်သီးအဆင့် စိတ်ဝိညာဉ် ကျင့်ကြံခြင်း ဆေးလုံးကို ထုတ်ယူကာ မြေခွေးနတ်ဆိုး ရှေ့သို့ ပစ်ပေးလိုက်သည်။ ချီယွမ်၏ စကားလုံးများကြောင့် ထိုမြေခွေးနတ်ဆိုး၏ ပွယောင်းယောင်း နားရွက်နှစ်ဖက် ချက်ချင်း ညှိုးငယ်သွားရင်း ထိပ်သီးအဆင့် စိတ်ဝိညာဉ် ကျင့်ကြံခြင်း ဆေးလုံးကို လည်း မတမ်းတတော့ချေ။

သို့သော်ငြား သခင်ဖြစ်သူ၏ စေးကပ်နေသေးသော မျက်နှာထားကြောင့် ဆေးလုံးကို အလျင်အမြန် ကောက်ယူကာ တောနက်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားခဲ့သည်။ ထိုမြေခွေးနတ်ဆိုး ထွက်သွားချိန်မှသာ သစ်ပင်ရှိရာသို့ ချီယွမ် ခပ်ဖြည်းဖြည်း လျှောက်လှမ်းရင်း မြေပြင်ပေါ်တွင် လှဲလျောင်းနေသော ကံဆိုးသည့် လူတစ်ချို့ကို လှမ်းကြည့်လိုက်သည်။ ထိုသူများ၏ ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းပြားကို သိချင်စွာ ကြည့်လိုက်သော်ငြား ချီယွမ်ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားလေရဲ့။

( ကြည့်ရတာ ငါ့ရဲ့အလုပ်သမားတွေက နတ်ဆိုးသားရဲတွေ အားလုံးကို ခိုးယူထားတော့ ဒီကောင်လေးတွေ ခမျာ တော်တော်လေး ဆင်းရဲမွဲတေ နေရပုံပဲ )

ချီယွမ် တွေးလိုက်သည့် အတိုင်းပင် နျိုစွေ့လန်၏ ကျောက်စိမ်းပြား အတွင်းတွင် လေးမှတ်ဟူသော ဂဏန်းတစ်ခုသာ ရှိနေခဲ့ပြီး ကျန်သော ကျင့်ကြံသူ နှစ်ယောက်မှာတော့ ဗလာများသာ ဖြစ်နေသည်။ အသုံးမကျသူကို အနားခေါ်ထားလျှင် ဘာမှမရဘူးဆိုသည့် ဆိုရိုးစကားကို သရုပ်ဖော်ပြနေသည့် အတိုင်းပင်။

ထို့နောက်တွင် ချီယွမ်သည် တိတ်တဆိတ် ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။ နေရာမှ မသွားခင်တွင် ထိုသုံးယောက်လုံး နိုးထလာစေရန်အတွက် ချီစွမ်းအင် တစ်ချို့ကို သိမ်မွေ့စွာ ထုတ်လွှတ်ပေးသွား၏။ အချိန်တစ်ခု ကြာပြီးနောက်မှသာ မြေပြင်ပေါ်တွင် လှဲလျောင်းနေသော ထိုသုံးယောက်လုံး ခပ်ဖြည်းဖြည်း မျက်လုံးပွင့်လာခဲ့ပြီး ရှုပ်ထွေးသော အခြေအနေအတွင်းမှာ စုတ်ပြဲနေသော အဝတ်အစားများဖြင့် မှော်လက်နက်ကို ကိုင်ဆောင်ထားသော သူတို့၏ အခြေအနေကို ရိပ်စားမိလိုက်သည်။ နျိုစွေ့လန် ရုတ်ခြည်း ဒေါသတကြီးဖြင့် တစ်ခြားကျင့်ကြံသူနှစ်ယောက်၏ မျက်နှာကို ပိတ်ကန်လိုက်လေတော့သည်။

“ငါမှတ်မိပြီ နင်တို့နှစ်ကောင် ငါ့ကို အနောက်ကနေ ချုံခိုပြီး တိုက်ခိုက်ခဲ့တာမလား။ ပြီးတော့ အဲ့ဒီရေခဲ ကြွက်တွေကိုတောင် လွှတ်ပေးလိုက်ပေးတယ်။ ဒါ့ကြောင့် နင်တို့ လိမ်လိမ်မာမာနဲ့ ငါ့ကိုအတူတူသွားဖို့ တောင်းဆိုခဲ့တာကိုး။ နင်တို့က ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးဖို့ ကြံနေတာပဲ”

အသက်လွတ်ကြီး အရိုက်ခံလိုက်ရသော ထိုနှစ်ယောက်၏ မျက်နှာများသည် အံ့ဩနေဟန်ပင်။ သူတို့ဘယ်လို အမှားမျိုး ကျူးလွန်ခဲ့မိ၍ အခုလိုမျိုး ရိုက်နှက်ခံရမှန်း စဉ်းစားလို့ မရနိုင်ခဲ့ချေ။

All Chapters