(ပြိုင်ပွဲကြီး ပြီးသွားပြီ)
Vol. 5 Ch. 44
နောက်ဆုံးနေ့ရက်သို့ နီးကပ်လာသည်နှင့် ပြိုင်ပွဲဝင်များ ပိုမိုသတိကြီးလာခဲ့သည်။ ယခုဆိုလျှင် ပြိုင်ပွဲနယ်မြေအတွင်းရှိ ရှားပါးရတနာများနှင့် နတ်ဆိုးသားရဲများအားလုံးကို ပြီးပြည့်စုံစွာ ရှင်းလင်းနိုင်ခဲ့သည်ပင်။ ထို့ကြောင့် တစ်ခုတည်းသော ရွေးချယ်စရာသည် ကျန်သောသူများထံမှ ကျောက်စိမ်းပြားများ ခိုးယူခြင်းသာဖြစ်လေတော့၏။ ထိုသို့ဖြင့် တပည့်များကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာကာ လေထုတစ်ခုလုံး လေးလံပြင်းထန်နေခဲ့သည်။
ဘန်း
လုခန်၏မျက်နှာသည် မည်းမှောင်နေလေ၏။ လက်ဖဝါးနှစ်ဖက်ဖြင့် အဆက်မပြတ်ရိုက်ခတ်လိုက်မှုကြောင့် ချီစွမ်းအင်လုံးကြီး ထွက်ပေါ်လာကာ အရှေ့ရှိ ချီသန့်စင်ခြင်း အဆင့်ကိုးပြိုင်ဘက်ထံသို့ ပြေးဝင်သွားခဲ့သည်။ ထို့နောက်တွင် လုခန်၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်မှ အပေါ်တတ်လာခဲ့ပြီး ကျင့်ကြံသူရှစ်ယောက်ပိတ်ပင်ထားသော စုပေါင်းတိုက်ခိုက်မှုကို ထိုးဖြတ်ဖို့ ပြင်ဆင်လိုက်သည်။
" သူ့ကိုထွက်မသွားစေနဲ့၊ သူတစ်ယောက်တည်းမှာကို အမှတ် ၃၀၀၀ ရှိနေတယ် ငါတို့သာ သူရဲ့ကျောက်စိမ်းပြားကိုယူနိုင်ရင် ထိပ်သီးဆယ်ယောက်ထဲ ပါနိုင်လိမ့်မယ်”
ထိုစကားလုံးများကြောင့် တိုက်ခိုက်နေသော ကျင့်ကြံသူများ၏ စိတ်ဓာတ်သည် မြင့်တတ်သွားလေကာ အားထည့်လိုက်ကြသည်။
လုခန် အသည်းအသန် အရှေ့သို့ ပြေးလွှားလိုက်သည်။ သူ့၏နှလုံးသားတစ်ခုလုံးက လွန်စွာ တုန်လှုပ်နေ၏။ ထိုကျင့်ကြံသူငယ်လေးတွေသည် လောဘကြီးလာပြီး အဆုံးတွင် သူ့အားဆန့်ကျင်ရဲလိမ့်မည်ဟု လုခံ လုံးဝမထင်မှတ်ထားခဲ့ချေ။
တိုက်ခိုက်နေသော ကျင့်ကြံသူရှစ်ယောက်သည် နဂိုကပူးပေါင်းပြီး နတ်ဆိုးသားရဲများကို အတူရှင်းလင်းခဲ့ကြသော်ငြား နောက်ဆုံးတွင် သစ္စာဖောက်ကာ သူ၏ ပြိုင်ဘက်များဖြစ်လာကြသည်။ သူသာသတိရှိမနေခဲ့လျှင် ထိုသူများ၏ လှည့်ကွက်အတွင်းသို့ တိုက်ရိုက်ကျရောက်သွားခဲ့မှာပင်။
ပြင်းထန်သော တိုက်ပွဲအခြေအနေကြောင့် လုခန်၏ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုသူတွေအားလုံးက သူ့ထက်ကျင့်ကြံဆင့် နိမ့်သည်ဆိုသော်ငြား တိုက်ပွဲဆက်လက်ဖြစ်ပေါ်မည်ဆိုလျှင် အတွင်းစွမ်းအင်က လုံလောက်မှာမဟုတ်တော့ချေ။ ထိုကြောင့် ထိုသူများအားလုံးကို မျက်ချေဖြတ်ဖို့ လိုအပ်သည်။ ပြိုင်ပွဲမပြီးဆုံးခင်အထိ လုံခြုံသောနေရာတစ်ခုမှာ တိတ်တဆိတ်စောင့်ဆိုင်းနေရမည်ပင်။
လုခန် ချက်ချင်းဆိုသလို အတွေးတစ်ခုရသွားလေကာ လွတ်မြောက်နိုင်ရန်အတွက် လက်ဟန်တချို့အသုံးပြုရင်း အစွမ်းထုတ်ကာ အနည်းငယ်အော်ဟစ်လိုက်သည်။
" မြေမုန်တိုင်းသိုင်း "
နောက်တစ်စက္ကန့်မှာပဲ အောက်တွင်ရှိနေသော မြေပြင်သည် အကြမ်းပတမ်းတုန်လှုပ်လာကာ ရေကန်ထဲသို့ ကျောက်တုံးပစ်ချလိုက်သည့်နှယ်၊ ဖုန်မှုန့်များ လုံးတတ်လာခဲ့သည်။ သတိမထားမိလိုက်သော ထိုကျင့်ကြံသူရှစ်ယောက်လည်း မြေပေါ်ပျံဝဲလာသည့် ရွံ့ခဲ၊ကျောက်တုံးငယ်များနှင့် တိုက်မိကာ အရှိန်လျော့သွားလေ၏။ ထိုအချိန်မှာပဲ လုခန်ရပ်နေရာ မြေပြင်အရှေ့တည့်တည်တွင် အက်ကွဲကြောင်းတစ်ခု ရုတ်ချည်းပေါ်ပေါက်လာခဲ့သည်။ တစ်ချက်တောင် တုံ့ဆိုင်းခြင်းမရှိဘဲ လုခန်ခုန်ချလိုက်ရင်း မျက်စိတစ်မှိတ်အတွင်းမှာပဲ အားလုံးရှေ့က ပျောက်ကွယ်သွားခဲ့သည်။
တစ်ခြားတစ်ဖက်တွင်လည်း ဒေါသကြီးနေသော ကျင့်ကြံသူအုပ်လိုက်ကြီးသည် တောနက်အတွင်းမှာ အရှေ့အနောက်လျှောက်သွားရင်း အော်ဟစ်နေလေ၏။
" ချီတ မင်းအခုထွက်ခဲ့စမ်း။ "
" မင်းပဲ အစောပိုင်းတုန်းက ပြိုင်ပွဲမှာ ပထမနေရာယူမယ်လို့ ပြောသွားတာမဟုတ်ဘူးလား။ ဘာလို့အခုကျမှ ငကြောက်တစ်ကောင်လို ပုန်းနေရတာလဲ။ "
" ဟန့် ငါအမှတ်တစ်ခုတောင် မရဘူးဆိုရင်တောင်မှ အနည်းဆုံး မင်းကို ရိုက်သွားမှရမယ်။ မင်းရဲ့မောက်မာမှုက အချိုးမပြင်ပေးရင် မဖြစ်တော့ဘူး။ "
သို့သော်ငြား ပိုများသောလူတွေသာ ပူးပေါင်းလာကြပြီး အချိန်အလွန်ကြာ ရှာဖွေခဲ့သည့်တိုင်အောင် ချီယွမ်၏ အရိပ်အယောင်ကိုတောင်မှ မတွေ့ခဲ့ရချေ။
" ချီးပဲ အဲ့ကောင် ပုန်းနေတာပဲ ဖြစ်ရမယ်။ "
" ရတယ် မနက်ဖြန် ပြိုင်ပွဲပြီးတဲ့အချိန် သူ့ဘာသာထွက်လာလိမ့်မယ်။ အခုလွတ်နေရင်တောင်မှ အဲ့ဒီကောင် တစ်သက်လုံး မပုန်းနိုင်ပါဘူး။ ပြင်ပခန်းမမှာ အဲ့ဒီကောင်ကို တွေ့တာနဲ့ တွေ့တဲ့အချိန်တိုင်း သေလောက်အောင် ရိုက်မယ် "
အကုန်လုံး ဒေါသတကြီး ရေရွတ်နေချိန်မှာပဲ အဝေးမှခြေသံအနည်းငယ်ကို ကြားလိုက်ရသည်။ တဆက်တည်းဆိုသလို အစေခံတပည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် ငယ်ရွယ်သောလူငယ်တစ်ယောက်သည် တောနက်အတွင်းမှ ထွက်ပေါ်လာလေရဲ့။
အသံကြားရာသို့ လှည့်ကြည့်လိုက်ချိန်တွင် ချီယွမ်ကို အကုန်လုံး မြင်တွေ့လိုက်ရသည်။
" မင်းနောက်ဆုံးတော့ ပေါ်လာပြီပေါ့ "
" ဟားဟား ငါနောက်ဆုံးတော့ မိပြီဟေ့ "
" ညီအစ်ကိုတို့ ဒီအမှိုက်ကောင်ကို သေချာလေး ရှင်းလင်းပေးလိုက်ရအောင် "
ထိုလူအုပ်က ရက်စက်စွာ မဲ့ပြုံးပြုံးလိုက်ကြရင်း လက်နှစ်ဖက်ပွတ်သပ်ကာ ချီယွမ်ကို ဝန်းရံလိုက်သည်။
သို့သော်ငြား ချီယွမ်က မျက်လုံးလေးတစ်ချက်တောင် လှန်ကြည့်မလာခဲ့ပေ။ ထိုအစား သူက မျက်နှာကို ဂရုမစိုက်ဟန် မဲ့ရွဲ့လိုက်ပြီး
" အသုံးမကျတဲ့ အမှိုက်တစ်အုပ်ကများ၊ မင်းတို့ ဇရှိရင် လာခဲ့လေ”
သေခါနီးအချိန်မှာတောင် မာန်မလျော့သေးသော ချီတကြောင့် ကျင့်ကြံသူအားလုံးသည် လွန်စွာဒေါသကြီးသွားခဲ့သည်။ မှော်လက်နက်များ ဆွဲမြှောက်ရင်း ချီယွမ်ကို ခုန်အုပ်ဖို့ အကြမ်းပတမ်းပြေးဝင်လာ၏။ ထိုအချိန်မှာပဲ ခမ်းနားသော အသံတစ်ခုကို ကြားလိုက်ရသည်။
" လုံလောက်ပြီ အကုန်လုံး ရပ်လိုက်ကြ။ "
အသံဆုံးသည်နှင့် အတွင်းခန်းမ၏အကြီးအကဲ ယန်ရှို့တသည် ကောင်းကင်ထက်မှ ဆင်းသက်လာကာ မျက်စိရှေ့ရှိ လူအုပ်ကို စူးရှစွာလှမ်းကြည့်လိုက်သည်။
အကြီးအကဲယန်၏ အသံကြောင့် အကုန်လုံး လျင်မြန်စွာ ဆုတ်ခွာလိုက်ကြပြီး ရိုသေစွာဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။
" အကြီးအကဲယန်ကို အရိုအသေပေးပါတယ် "
ယန်ရှို့တ၏ အေးစက်သောအသံသည် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။
“ ပြိုင်ပွဲက ပြီးသွားပြီ။ ဒါကြောင့် တိုက်ခိုက်တာကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတယ်။ မင်းတို့ရဲ့ ကျောက်စိမ်းပြားတွေ ထုတ်ခဲ့။ အကုန်လုံးရဲ့ ကျောက်စိမ်းပြားတွေကို ချီတ မင်းတာဝန်ယူပြီး သွားယူပေးရမယ်”
“ပြီးတော့ တစ်ခြားလူတွေကို သွားခေါ်လိုက်ကြဦး။ အချိန်မှီရောက်မလာဘူးဆိုရင် သူတို့ရဲ့အမှတ်တွေကို အတည်မပြုတော့ဘူးလို့ပြောလိုက်။ ငါတစ်နာရီပဲ စောင့်မယ်။ ”
“ ဟုတ်ကဲ့၊ ကျွန်တော်အခုပဲ သွားလိုက်ပါ့မယ်”
အကြီးအကဲယန်၏ စကားကြောင့် အကုန်လုံး သဘောတူစွာဦးညွှတ်အရိုအသေပေးရင်း ချီယွမ်၏လက်အတွင်းသို့ နာခံစွာ ကျောက်စိမ်းပြားများ ထည့်ပေးလိုက်ကြသည်။
ထိုအချိန်တွင် ကြေးမုံမှန်ကို ကြည့်ရှုနေသော အတွင်းခန်းမ၏ အကြီးအကဲယန်ရှို့တ၏ မျက်လုံးအတွင်းမှာတော့ မယုံနိုင်မှုများ ဝင်ရောက်နေလေ၏။ သူ့ရဲ့ဦးနှောက်တစ်ခုလုံးသည် အလုပ်မလုပ်တော့ဟန်ပေ။
ကြေးမုံမှန်အတွင်း မြင်နေရသောမြင်ကွင်းအရဆိုလျှင် နေရာမှာရှိနေသော ကျင့်ကြံသူအားလုံးသည် ချီယွမ်ကို မြင်သည့်နှင့် ရှုပ်ထွေးသောမျက်နှာထားများ ပြောင်းလဲသွားကြကာ ပထမဦးဆုံး လေးစားစွာ အရိုအသေပေးလာကြသည်။ ထို့နောက်တွင် ခါးတွင်ချိတ်ဆွဲထားသော ကျောက်စိမ်းပြားများကို တစ်ယောက်ချင်း ကမ်းပေးလာကြပြန်၏။ သူတို့၏ နာခံမှုက အလွန်ကို မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။
အကြီးအကဲယန်တွင်သာ မက၊ ကွင်းပြင်ရှိ လူတိုင်း၏ မျက်နှာထားသည်လည်း အေးခဲနေကြကာ အိပ်မက်တစ်ခုကို မြင်နေရသကဲ့သို့ မျက်လုံးများပြူးကျယ်နေကြလေရဲ့။
“ အဲ့တာက ပုံရိပ်ယောင်ပဲ ”
ပထမဆုံး အဖြေရှာနိုင်ခဲ့သော တိမ်ကြွေဂိုဏ်း၏ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူသည် မယုံကြည်နိုင်စွာ အော်ဟစ်လာခဲ့သည်။
“ အဲ့ဒီနတ်ဆိုးသားရဲက အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တတ်နိုင်ခဲ့ပြီ။ ပုံရိပ်ယောင်အစွမ်းကိုလည်း အများကြီး မြှင့်တင်စေခဲ့တယ်။ ဒါကြောင့် အဲ့ဒီအပြင်တပည့်တွေ လုံးဝမခုခံနိုင်တော့ဘူး။ အခုသူတို့တွေ လုံးဝအရူးလုပ်ခဲ့လိုက်ရပြီ”
ဆေးလုံးခြံဝန်း၏ တာဝန်ရှိသော အကြီးအကဲခန်းဝမ်လျန်လည်း အံ့ဩမှုမှ ပြန်လည်သက်သာလာကာ..
“ ဟုတ်တယ်၊ မျက်လုံးလေးလုံးမြေခွေးနတ်ဆိုးကို အဲ့ဒီကောင်လေး ချီတပေးခဲ့တဲ့ ဆေးလုံးက ထိပ်သီးအဆင့် စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးပဲ ဖြစ်ရမယ်။ ဒါ့ကြောင့် ဆေးလုံးယူပြီးတာနဲ့ အဲ့ဒီနတ်ဆိုးက တစ်ညအတွင်းမှာ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တတ်နိုင်ခဲ့တာပဲ။ အဲ့ဒီနေရာမှာ ရှိနေတဲ့သူတွေအားလုံးက ချီသန့်စင်ခြင်းနယ်ပယ်မှာပဲ ရှိကြသေးတယ်။ ဒါပေမဲ့ အဲ့ဒီ မျက်လုံးလေးလုံးမြေခွေးနတ်ဆိုးက အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်သွားပြီဆိုတော့… ”
“ အဲ့ဒီ နတ်ဆိုးမြေခွေးသားရဲက လုံးဝကို ပြောင်းလဲမှုကို ကြုံတွေ့လိုက်ရတာပဲ။ အဲ့တာရဲ့ အကူအညီနဲ့ဆိုရင် ချီတက ဒီပြိုင်ပွဲကို စိုးမိုးနိုင်လိမ့်မယ်”
“ ဒါက… လုံးဝကို မယုံကြည်နိုင်စရာကြီး..”
အနီးတွင်ရှိနေသော အတွင်းခန်းမ၏အကြီးအကဲသည်လည်း အလွန်အမင်းအံ့ဩနေဟန်ပင်။
“ အစောပိုင်းမှာတုန်းက ကျန်တဲ့သူတွေကို အမှတ်ရအောင် ကူညီပေးခဲ့တာကလည်း ဒီအချိန်မှာ သူတို့ရဲ့ ကျောက်စိမ်းပြားတွေ လုယူဖို့များလား… အဲ့လိုသာဖြစ်နေခဲ့ရင် ဒီကောင်လေးက လုံးဝကို မကောင်းဆိုးဝါးတစ်ကောင်ပဲ “
ထိုစကားလုံးများကြောင့် အနီးအနားတွင် ရှိနေသော တိမ်ကြွေဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများအားလုံး ပင့်သက်ရှိုက်လိုက်ကြကာ ကွင်းပြင်ကြီးတစ်ခုလုံးသည် ထပ်မံတိတ်ဆိတ်သွားခဲ့သည်။
အချိန်အရမ်းကြာပြီးနောက်မှသာ အကြီးအကဲယင်ချင်းယွမ်က ပြန်လည်တည်ငြိမ်နေခဲ့ဟန်ပင်။ စုကြုံ့နေသော မျက်ခုံးနှစ်ဖက်ဖြင့် ခိုင်မာစွာပြောဆိုလာလေ၏။
“ အကြီးအကဲယန် အဲ့ဒီကောင်လေးရဲ့ လုပ်ရပ်က အသိအသာကြီး လိမ်ညာနေတာပဲ။ ဒီကောင့်ရဲ့ ကြမ်းတမ်းတဲ့လုပ်ရပ်ကို ချက်ချင်းတားမြစ်ပြီး ပြိုင်ပွဲကနေ ထုတ်ပယ်သင့်တယ်။ ပြီးရင် တခြားသူတွေကို သတိပေးတဲ့အနေနဲ့ သူ့ကိုပြင်းပြင်းထန်ထန် အပြစ်ပေးမှရမယ်”
“ မဖြစ်နိုင်တာဗျာ ”
ယန်ရှို့တ ခေါင်းယမ်းလိုက်ရင်း
“ ဂိုဏ်းရဲ့စည်းမျဉ်းအရဆိုရင် ပြိုင်ပွဲမပြီးမချင်း ဘယ်သူမှနှောင့်ယှက်လို့ မရဘူး။ ပြိုင်ပွဲက ပြီးဆုံးဖို့ တစ်နာရီလိုသေးတယ်။ ဘယ်လိုမှ ကျုပ်ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါ့အပြင် ပြိုင်ပွဲအတွင်းမှာ နတ်ဆိုးသားရဲကို အိမ်မွေးတိရစ္ဆာန်အဖြစ် အသုံးပြုလို့မရဘူးလို့ ဂိုဏ်းဘက်ကနေလည်း စည်းမျဉ်းတစ်ခုမှ ထုတ်မထားဘူးနဲ့တူတယ်နော်။ ဒါ့ကြောင့် ဒီကောင်လေးရဲ့ လုပ်ရပ်တွေအားလုံးက ဖြေရှင်းလို့ရတယ်”
ပိုင်ချင်းဝူလည်း ခေါင်းငြိမ့်လာလေကာ…
“ အကြီးအကဲယန် ပြောတာမှန်တယ်။ ချီတက စည်းမျဉ်းတွေကို မဆန့်ကျင်ခဲ့ဘူး ဒါကြောင့် ဆက်လက် စောင့်ကြည့်လိုက်ကြရအောင်။ ”
ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ပြောလာသည့်အတွက် ယင်ချင်းယွမ် ဒေါသကြီးစွာဖြင့် ပါးစပ်ပိတ်လိုက်ရသည်။ သူ့၏မျက်နှာတစ်ခုလုံးကတော့ မည်းမှောင်နေလေရဲ့။