← Chapters

(နတ်ဆိုးဂိုဏ်းက ဒီလိုပါရမီရှင်တွေ လိုအပ်နေတာပဲ)

Vol. 5 Ch. 45

(နတ်ဆိုးဂိုဏ်းက ဒီလိုပါရမီရှင်တွေ လိုအပ်နေတာပဲ)

Vol. 5 Ch. 45

“ပြိုင်ပွဲကပြီးသွားပြီလား”

အပြင်ဘက်ရှိ ဆူညံသံများကြောင့် မြေကြီးအတွင်းတွင် ပုန်းအောင်းနေခဲ့သော လုခန် အလျင်အမြန်ပြင်ဆင်လိုက်ကာ ဇွတ်တင်းထားရသော အာရုံများလည်း အနည်းငယ် ပြေလျော့သွားလေ၏။

သုံးထောင်ကျော်သော ရမှတ်ကြောင့် ဤတစ်ခေါက်ပြိုင်ပွဲတွင် ပထမနေရာရလိမ့်မည်ဟု အပြည့်အဝယုံကြည်သဖြင့် လုခန်သည် ပြိုင်ပွဲမပြီးမချင်း မြေကြီးအတွင်းမှာ လုံခြုံစွာ ပုန်းနေဖို့ဆုံးဖြတ်ခဲ့သည်။ အခုလိုမျိုး များပြားသော ရမှတ်များ ပိုင်ဆိုင်ထားသည့် အခြေအနေမှာ တိုက်ခိုက်မှုကို အတတ်နိုင်ဆုံးရှောင်ရှားသင့်သည်။

သို့သော်ငြား လုခန်သည် မြေကြီးအတွင်းမှ ချက်ချင်းမထွက်သေးဘဲ အပြင်ဘက်ရှိဆူညံသံများ တိတ်ဆိတ်သွားသည်ကို စောင့်ဆိုင်းနေခဲ့သည်။ ဘယ်သူမှမရှိတော့တာ သေချာသည့် အချိန်မှသာ ပုန်းကွယ်ရာနေရာမှ တိတ်တဆိတ်ထွက်လာပြီး မြေပြင်ပေါ်ပြန်ရောက်သည်နှင့် ပေကျံနေသောဖုန်ခါရင်း ဦးတည်ရာတစ်ခုသို့ အရှိန်တင်လိုက်သည်။

သူကြားခဲ့သည်အရဆိုလျှင် ကျောက်စိမ်းပြားကို တစ်နာရီအတွင်း ပေးအပ်ရမည်ဖြစ်သည်။ အခုဆိုလျှင် အချိန်တစ်ချို့ ကြာမြင့်သွားပြီ ဖြစ်သည့်အတွက် အလျင်စလို မသွားပါက နောက်ကျမည်ကို စိုးရိမ်ရသည်ပင်။

“နောက်ဆုံးတော့ပြီးသွားပြီ”

တွေ့ဆုံမှတ်ကို ရောက်သည်နှင့် အတွင်းခန်းမ၏ အကြီးအကဲ ယန်ရှို့တကို လုခန် လှမ်းတွေ့လိုက်သည်။ ထိုအချိန်မှသာ နှလုံးသားအတွင်းရှိ နောက်ဆုံးသော သံသယများ ပျောက်ကွယ်သွားခဲ့ပြီး ပျော်ရွှင်မှုများ အစားထိုးဝင်ရောက်လာ၏။

ယခင်အတွေ့အကြုံအရဆိုလျှင် ပြိုင်ပွဲအတွင်း အနိုင်ရရှိသူသည် ထူးချွန်ကောင်းမွန်လာသော ဆုလာဘ်ကို ရရှိမည့်အပြင် အတွင်းခန်းမသို့ ဝင်ရောက်နိုင်ပြီး ပြင်းထန်သည့် လေ့ကျင့်ရေးကို ဆောင်ရွက်နိုင်သည့်အတွက် ကောင်းမွန်သော အနာဂတ်ကို ရရှိလိမ့်မည်။

တောက်ပသော အနာဂတ်ကိုတွေးမိသည်နှင့် လုခန်မနေနိုင်စွာ ခပ်ပြုံးပြုံးဖြစ်သွား၏။ သို့သော်ငြား ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည့် အနည်းငယ်လှောင်ပြောင်သံပါနေသော အသံတစ်ခုက လုခန်၏ အတွေးကို ဖြတ်သွားလေရဲ့။

“လုခန် မင်းဘာလို့အဲ့လောက်နောက်ကျနေတာလဲ။ ဘာလဲ မင်းအမှတ်မကောင်းလို့ တခြားသူတွေကိုပြရမှာ ရှက်နေတာလား။”

လုခန်အေးစက်စွာ မဲ့ရွဲ့လိုက်ရင်း တရားခံကိုရှာဖွေလိုက်သည်။

“ဟန်ကျိုက်ယွမ်၊ မင်းအမြဲတမ်းလိုလို ကံဆိုးနေဖို့ ငါတစ်ကယ်မမျှော်လင့်ပါဘူး။ မဟုတ်ဘူးဆိုရင် မင်းရဲ့အမှတ်က ဘယ်လောက်ကောင်းနိုင်မှာမလို့လဲ။ ငါ့ရဲ့ဆယ်ပုံတစ်ပုံတောင်ရှိမှာမလို့လား။”

ဟန်ကျိုက်ယွမ်သည်လည်း လုခန်လိုမျိုး ပြင်ပခန်းမ၏ အကောင်းဆုံးတပည့်တစ်ယောက် ဖြစ်လေရာ ဆက်ဆံရေးမဆိုးကြသော်ငြား သူတို့အချင်းချင်းကြားတွင် သေးငယ်သောယှဉ်ပြိုင်မှုများရှိလေပြီး အချင်းချင်း ပြိုင်ဘက်အဖြစ် သတ်မှတ်ထားကြသည်။

သို့သော် အံ့ဩဖို့ကောင်းစွာပဲ ဒေါသကြီးတတ်သော ဟန်ကျိုက်ယွမ်က ခနဲ့တဲ့တဲ့ပြောဆိုသံကို ကြားသည့်တိုင်အောင် တည်ငြိမ်နေခဲ့ပြီး ဂရုမစိုက်ဟန်လုပ်လာ၏။

“အိုး ဟုတ်လား ဒါဆိုရင် မင်းရဲ့အမှတ်ကို ငါအရမ်းကြီး စောင့်စားနေမိပြီ။ မင်းဘယ်လောက်ကောင်းတဲ့အမှတ် ထုတ်ပြနိုင်မလဲ ငါကြည့်ဦးမယ်။”

ဟန်ကျိုက်ယွမ် မဲ့ပြုံးပြုံးလိုက်ရင်း လုခန်၏ခါးမှာချိတ်ဆွဲထားသော ကျောက်စိမ်းပြားကို အဖတ်မလုပ်စွာ လှမ်းကြည့်လိုက်သည်။

“မင်းရှုံးမယ်ဆိုရင် အတွင်းခန်းမမှာ ငါ့ကို ဂိုဏ်းတူအကိုလို့ခေါ်ရတော့မှာပဲ”

လုခန်မျက်ခုံးတစ်ဖက်ပင့်သွားကာ စိတ်ပါလက်ပါ ရယ်မောလိုက်လေရဲ့။

“ကောင်းပြီလေ။ ငါတို့ရဲ့ ရမှတ်တွေနဲ့ပဲ ဆုံးဖြတ်ကြတာပေါ့။”

ထိုအချိန်မှာပဲ အဝေးတစ်နေရာမှ အေးတိအေးစက်ဟန်ပန်ဖြင့် စစ်ဆေးနေခဲ့သော ရှဲ့ယုရှင်းလည်း အရှေ့တိုးလာကာ

“အကုန်လုံးက ငါတို့သုံးယောက်ကို ပြင်ပခန်းမရဲ့ သူရဲကောင်းသုံးယောက်လို့ ခေါ်ကြတယ်။ ပြိုင်ပွဲဆိုမှတော့ ငါ့ကိုလည်းဖယ်ထုတ်ထားလို့ရမလား။ ဒီအခွင့်အရေးကို ယူပြီးတော့ ငါတို့သုံးယောက်ထဲက ဘယ်သူက ဒီတိမ်ကြွေဂိုဏ်းမှာ အသန်မာဆုံးအဖြစ် မြင့်တက်လာနိုင်မလဲ ကြည့်ကြမယ်။”

ထိုစကားလုံးများသည် ကျင့်ကြံသူများအားလုံး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

(စိတ်ဝင်စားဖို့ကောင်းလာပြီ။)

(သူတို့အားလုံးက ပြင်ပခန်းမရဲ့ ထိပ်သီးတပည့် သုံးယောက်ပဲ။ သူတို့ရဲ့သန်မာမှုက ညီတူညီမျှ အခြေအနေမှာရှိတယ်။)

(အခု သူတို့အားလုံးရဲ့ ပုံစံက အရမ်းတွေယုံကြည်ချက်ရှိနေတယ်။ လေထုကလည်း တော်တော်လေး အခြေအနေမကောင်းဘူး။ သူတို့ရဲ့ ရမှတ်တွေကို ယှဉ်ပြိုင်နေချင်ပုံပဲ။ ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ ကြည့်ရ‌တာတော့ တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတယ်။)

“မင်းတို့သုံးယောက် အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ မင်းတို့ရဲ့ကျောက်စိမ်းပြားတွေ လာပေး။ အကုန်လုံးရဲ့ အချိန်ကို ဖြုန်းမနေနဲ့။”

ထိုမြင်ကွင်းကြောင့် အတွင်းခန်းမ၏ အကြီးအကဲ ယန်ရှို့တ၏ မျက်နှာသည် မဲမှောင်သွားကာ ခက်ထန်စွာ ကြိမ်းမောင်းလာသည်။

“တပည့်တို့နာခံပါ့မယ်။”

လုခန်၊ ဟန်ကျိုက်ယွမ်နှင့် ရှဲ့ယုရှင်း အချင်းချင်းအကြည့်ဖလှယ်လိုက်ကြကာ ကျောက်စိမ်းပြားများကို ချီယွမ်ရှိရာသို့ တပြိုင်နက်တည်း ပေးလိုက်ကြသည်။ ချီယွမ်သည် အကြီးအကဲယွမ်၏ အမိန့်ကြောင့် ကျောက်စိမ်းပြားယူရန် တာဝန်ယူထားရလေသည်။

“ငါတို့သုံးယောက်ထဲမှာ ဘယ်သူက အမှတ်အများဆုံးလဲ ပြောတော့”

(ပြီးပြီ ဟားဟား)

ထူးချွန်လှသော အလုပ်သမား သုံးယောက်ထံမှ ကျောက်စိမ်းပြားကို ချီယွမ် ပျော်ရွှင်စွာ လက်ခံပြီးသည်နှင့် ကျောက်စိမ်းပြားပေါ်ရှိ ရမှတ်ကို ကြည့်ရှုရင်း ကြေငြာပေးလိုက်သည်။

“ဟန်ကျိုက်ယွမ် ၃၁၂၂မှတ် မဆိုးဘူး တကယ်မဆိုးဘူး။”

ထိုအမှတ်ကိုကြားသည်နှင့် တပည့်များစွာသည် မနေနိုင်စွာ ပင့်သက်ရှိုက်မိလိုက်သည်။

(အဲ့ဒီ ဟန်ကျိုက်ယွမ်က နတ်ဆိုးသားရဲ ဘယ်လောက်လောက်တောင် သတ်ထားတာလဲ။ ဒါ့ကြောင့် ငါတို့ အမှတ်တွေအများကြီး မရခဲ့တာကိုး။ နတ်ဆိုးသားရဲအားလုံး သူ့လက်ထဲရောက်နေတာပဲဖြစ်ရမယ်။)

ဟန်ကျိုက်ယွမ် မဲ့တဲ့တဲ့ ပြုံးလိုက်ရင်း ပြိုင်ဘက်နှစ်ယောက်ကို စနောက်စွာ လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏ အပြုံများ ရုတ်တရက် ရပ်တန့်သွားလေရဲ့။ အစပိုင်းတွင် အနည်းငယ် အံ့ဩသွားခဲ့ကြသော်ငြား လျင်မြန်စွာ ပြန်တည်သွားခဲ့သော ပြိုင်ဘက်နှစ်ယောက်၏ မျက်နှာထားသည် အလွန်အမင်း အံ့ဩဟန်ပြမလာခဲ့ပေ။

(ဘာတွေဖြစ်နေတာလဲ)

ဟန်ကျိုက်ယွမ် နောက်ဆုံးတော့ သံသယဝင်လာကာ မျက်မှောင်ကျုံ့ဖြင့် ချီယွမ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။

“လုခန် ၃၅၈၁မှတ်နဲ့ ဒုတိယနေရာ ရခဲ့တယ်။ မင်းအလုပ်ဆက်ကြိုးစားဖို့ လိုသေးတာပဲ။”

(၃၅၈၁မှတ် ဟုတ်လား)

အကုန်လုံး၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားလေကာ ကြားခဲ့ရသော နားကိုပင် ပြန်လည် သံသယဝင်လာကြ၏။ ပိုမိုအံ့ဩဖို့ကောင်းသည်မှာ ၃၅၈၁မှတ်ဟူသော များပြားသော ရမှတ်သည် ဒုတိယနေရာသာ ဆွဲနိုင်ခဲ့သည်။

လုခန် ကိုယ်တိုင်ပင် အံ့ဩမှင်သက်နေ၏။ ချီယွမ်ကို မယုံကြည်နိုင်စွာ စူးစိုက်ကြည့်လိုက်ရင်း

“ငါ့ထက်ပိုများတဲ့သူရှိသေးတာလား။ ဒါက...ဒါဖြစ်နိုင်လို့လား”

ချီယွမ် ပုခုံးတွန့်ပြကာ ဆက်လက်ကြေငြာလိုက်သည်။

“ရှဲ့ယုရှင်း ၄၀၂၇မှတ်။ အချိန်ပိုဆင်းပြီး ကြိုးစားတာက တစ်ကယ်အကျိုးထူးပုံပဲ။”

ချီယွမ်၏စကားလုံးများကို နားမလည်သော်ငြား ပထမနေရာဟူသည့် ကြေငြာချက်ကြောင့် ရှဲ့ယုရှင်းစိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားလေကာ အားငယ်နေသော ပြိုင်ဘက်နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

“ဂိုဏ်းတူ ညီလေးတို့ စိတ်မကောင်းပါဘူး။ ငါအခုတော့ မင်းတို့ရဲ့ ဂိုဏ်းတူအကို ဖြစ်လာခဲ့ပြီ။ အကိုကြီးရဲ့ ရိုင်းပျမှုကိုခွင့်လွှတ်ပေးကြပါဦး။”

ထိုအချိန်မှာပဲ အတွင်းခန်းမ၏ အကြီးအကဲ ယန်ရှို့တသည် ပေါ့ပါးစွာ ချောင်းဟန့်လိုက်ကာ ဆွေးနွေးပွဲကို ဖျက်ဆီးလိုက်သည်။

“ကောင်းပြီ အကုန်လုံးပြီးပြီဆိုတော့ မင်းတို့ရဲ့ နေရာကူးပြောင်း‌အဆောင်တွေကို အသက်သွင်းပြီး ပြိုင်ပွဲနေရာက ထွက်သွားကြတော့။”

နေရာကူးပြောင်းအဆောင်များဖြင့် တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာနေသော ပြိုင်ပွဲဝင်များကို မှော်ကြေးမုံမှန်မှ ကြည့်ရှုနေသူအားလုံး မယုံကြည်နိုင်စွာ လှမ်းကြည့်နေကြသည်။ သူတို့၏ မျက်လုံးများက ကျယ်လောင်စွာ ပြူးကျယ်နေရင်း စကားပြောဖို့ပင် မစွမ်းသာတော့ချေ။ သူတို့၏ဦးနှောက်တစ်ခုလုံးကို အတွေးတစ်ခုကသာ စိုးမိုးထားလေ၏။

(စောက်ကျိုးနည်းကြီးဟေ့။ ဘယ်လိုပဲကြည့်ကြည့် အဲ့ဒီနေရာက ပြိုင်ပွဲဝင်တွေအားလုံး လှည့်စားခံလိုက်ရပုံပဲ။ ပြိုင်ပွဲတောင်မပြီးသေးဘဲနဲ့ သူတို့က တန်းစီပြီးတော့ ချီယွမ်ကို ကျောက်စိမ်းပြားတွေ ပေးလိုက်ကြတယ်။ ပြီးတော့ ကျေးဇူးတောင်တင်နေကြသေးတယ်။ ဒါတင်မကသေးဘူး ကျောက်စိမ်းပြားပေးပြီးတာနဲ့ နေရာကူးပြောင်းအဆောင်နဲ့ထွက်သွားကြတယ်တဲ့လား။ ပြိုင်ပွဲမပြီးသေးဘဲ နေရာကနေ ထွက်ခွာရင် အရည်အချင်းမပြည့်ဘူးလို့ သတ်မှတ်ခံရမှာကို မမှတ်မိတော့ဘူးလား။ ဒီမြင်ကွင်းက တော်တော်လေး မဖြစ်နိုင်တာပဲ။)

ကြီးမားသော တိတ်ဆိတ်မှုအပြီးမှာပဲ တစ်စုံတစ်ယောက်က မနေနိုင်စွာ ပြောဆိုလာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။ ငါဘာတွေမြင်နေရတာလဲ။ ဘာလို့အရမ်းကြီးထူးဆန်းနေရတာလဲ။”

ထိုအချိန်မှာပဲ နောက်တစ်ယောက်က

“မင်းအဲ့တာတွေ ခဏမေ့ထားလိုက်။ အခုအခြေအနေရဲ့ အဓိပ္ပါယ်ကို မင်းသိလား။ စည်းကမ်းအရဆိုရင် ယှဉ်ပြိုင်ခဲ့သမျှ ပြိုင်ပွဲဝင်တွေအားလုံး ဖယ်ထုတ်ခံရတော့မှာပဲ။ ထိပ်ဆုံး၁၀ယောက်လည်း မရှိတော့ဘူး။ ဒီပြိုင်ပွဲမှာ အနိုင်ရသူ တစ်ယောက်ပဲရှိတော့မယ်။ အဲ့ဒီသူက ချီယွမ်ပဲ။”

“ဘုရားရေ သူဘယ်လိုတောင် လုပ်လိုက်တာလဲ။”

တည်ငြိမ်နေသော ရေကန်အတွင်းသို့ ကျောက်တုံးကြီးတစ်တုံးပစ်ချလိုက်သည့်နှယ် ဆူညံပွက်လော ရိုက်သွာခဲ့သည်။ အံ့ဩတကြီးရေရွတ်သံများကြားတွင် ရှိနေသော အတွင်းတပည့်များထဲမှ ကျိချန်အာသည် အံ့ဩမှုမှသက်သာလာသည်နှင့် သူမ၏မျက်လုံးအတွင်းသို့ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

(ဉာဏ်များပြီးထိန်းချုပ်ရခက်တယ်။ စိတ်ရှည်လက်ရှည် အစီအစဉ်ချနိုင်ပြီး ရက်စက်တဲ့ လုပ်ရက်ကို ပိုင်ဆိုင်ထားတယ်။ တိကျပြတ်သားတဲ့ ရိုက်ချက်တစ်ခုနဲ့ ပြန်ဆုတ်ဖို့တောင် အခွင့်အရေးမပေးခဲ့တဲ့ ကောင်လေးပဲ။ ငါတို့ရဲ့ နတ်ဆိုးဂိုဏ်းက ဒီလိုပါရမီရှင်မျိုးကို လိုအပ်နေတာ။)

ပြိုင်ပွဲကြီးအတွင်းတွင် အနောက်တောင်တစ်ခုလုံးကို ပိတ်သိမ်းထားသည့်အတွက် ဆေးဥယျာဉ်ကို စောင့်ကြပ်ဖို့ မလိုအပ်တော့ချေ။ သံသယဝင်ခံရမည်ကို ရှောင်ရှားရန်အတွက် ကျိချန်အာ ကွင်းပြင်သို့ လာရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ မထင်ထားစွာပင် ဤကောင်းမွန်လာသော အခြေအနေကိုရှာ‌တွေ့ခဲ့လေ၏။

All Chapters