(မြေခွေးနတ်ဆိုးရဲ့ လှည့်ကွက်)
Vol. 5 Ch. 46
ကြေးမုံမှန်ကြီး တည်ရှိရာ ကွင်းပြင်သို့ ရှဲ့ယုရှင်းသည် အလင်းတန်းတစ်ခုနှင့်အတူ ရောက်ရှိလာခဲ့သည်။ သူ၏ မျက်နှာတစ်ခုလုံးသည် ဂုဏ်ယူမှုနှင့် ပြည့်နှက်နေလေကာ ချီးမြှောက်မှုများကို လက်ခံဖို့ရန် အသင့်ပြင်ထားလေ၏။ ကွင်းပြင်သို့ ရောက်ရှိသည်နှင့် နောက်မျိုးဆက်များအတွက် ဒဏ္ဍာရီလာ ဖြစ်စဥ်တစ်ခုနှယ် ချန်ထားခဲ့နိုင်စေရန်အတွက် ရင်တွင်းဖြစ် စကားလုံးတချို့ကိုပါ ရှဲ့ယုရှင်း ပြင်ဆင်ထားခဲ့သေးသည်။ ထို့နောက်မှသာ နေရာပြောင်းရွှေ့အဆောင်ဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။
သို့သော်ငြား ကွင်းပြင်သို့ ရောက်ရှိသည်နှင့် မထင်ထားသော အရာတစ်ခုကို မြင်လိုက်ရသည်… ထိုအရာက တိတ်ဆိတ်ခြင်း...
ကွင်းပြင်၏ လေထုတစ်ခုလုံးသည် အပ်ကျသံပင် ကြားနိုင်လောက်အောင် အေးခဲငြိမ်သက်နေသည်။
ပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့ကြသော ယှဥ်ပြိုင်သူတစ်ချို့ကပါ ရှဲ့ယုရှင်းအား ကရုဏာ မျက်လုံးများဖြင့် ထူးဆန်းစွာ ကြည့်နေလေရဲ့။
(ဘာဖြစ်နေတာလဲ)
(ငါ့ရဲ့အမှတ်က လေးထောင်ကျော်သွားလို့ အကုန်လုံး အံ့သြမှင်သက်နေတာများလား)
ထူးဆန်းသော အခြေအနေကြောင့် ရှဲ့ယုရှင်း လုံးဝ အံ့သြသွားလေကာ အဆက်မပြတ် မေးခွန်းများ ထွက်လာခဲ့သည်။ ထိုအချိန်မှာပဲ သိပ်မဝေးသော နေရာတွင် ရပ်နေသော အတွင်းခန်းမ၏ အကြီးအကဲ ယန်ရှို့တကို မြင်လိုက်သဖြင့် ရှဲ့ယုရှင်း၏ မျက်နှာတစ်ခုလုံးက အံ့သြမှင်သက်သွားလေ၏။
(အကြီးအကဲယန်က အနောက်တောင်မှာ စီမံနေတာ မဟုတ်ဘူးလား။ ဒီနေရာကို ရုတ်တရက်ကြီး ရောက်လာတာလား။ ဘယ်လိုမျိုး ရောက်လာတာလဲ)
"အဟမ်း"
ရှဲ့ယုရှင်း အတွေးလွန်နေချိန်မှာပဲ ယန်ရှို့တသည် လည်ချောင်းတစ်ချက် ရှင်းလိုက်ကာ တည်ငြိမ်နေသော မျက်နှာထားနှင့်
"တူလေးရှဲ့၊ မင်းက ပြိုင်ပွဲမပြီးခင်မှာ နေရာပြောင်းရွှေ့အဆောင်နဲ့ နှုတ်ထွက်ဖို့ ရွေးချယ်ခဲ့တယ်။ ဂိုဏ်းရဲ့ စည်းမျဉ်းအရ မင်းကို ပယ်ထုတ်ခံလိုက်ရပြီ။ ဒီအဖြစ်အပျက်ကို သင်ခန်းစာယူနိုင်ပြီး နောက်နှစ်ကျရင် ပိုကောင်းတဲ့ ရလဒ်ကို ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်"
(ဘာ ဖယ်ထုတ်ခံလိုက်ရတယ်။ ငါ့ရဲ့ ရလဒ်က အသုံးမဝင်ဘူး ဟုတ်လား)
ယန်ရှို့တ၏ စကားလုံးများကို ရှဲ့ယုရှင်း အံ့သြမှင်သက်နေကာ ခွန်းတုံ့မပြန်နိုင်တော့ချေ။ အခြေအနေကို သဘောပေါက်သွားသည်နှင့် ယန်ရှို့တ ရှိရာသို့ အလျင်စလို ပြေးသွားရင်း မထိန်းနိုင်စွာ မေးလိုက်တော့သည်။
"အကြီးအကဲယန်၊ အကြီးအကဲပဲ ပြိုင်ပွဲပြီးသွားပြီလို့ ကြော်ငြာပြီး ကျွန်တော်တို့ရဲ့ ကျောက်စိမ်းပြားတွေကို ယူခိုင်းတာ မဟုတ်ဘူးလား။ ပြီးတော့ ကျွန်တော်တို့ကို ထွက်သွားဖို့ အမိန့်ပေးခဲ့တာလေ။ ကျွန်တော့်ရဲ့ ရလဒ်ကို ဘာကြောင့် မမှတ်ယူတော့တာလဲ"
ရှဲ့ယုရှင်း၏ ပုံစံသည် ရိုင်းပျရာကျနေသော်ငြား ယန်ရှို့တ အပြစ်မတင်ခဲ့ချေ။ ညင်သာစွာ ခေါင်းယမ်းပြလိုက်ရင်း စိတ်ရှည်စွာဖြင့် ရှင်းပြလာခဲ့သည်။
"အဲ့ဒါက... တူလေးရှဲ့ မင်း အစောပိုင်းက မြင်ခဲ့ရတာက ငါမဟုတ်ဘူး။ အဲ့ဒါက အတုအယောင် ပုံရိပ်တစ်ခုပဲ။ အခြေခံတည်ထောင်ခြင်းနယ်ပယ် မျက်လုံးလေးလုံး မြေခွေး နတ်ဆိုးသားရဲဆီကနေ မင်းတို့ လှည့်စားခံလိုက်ရတာ။ တစ်ကယ်တော့ ပြိုင်ပွဲက အခုထိ မပြီးသေးဘူး။ ပြိုင်ပွဲမပြီးသေးဘဲနဲ့ နေရာပြောင်းအဆောင်နဲ့ ထွက်လာခဲ့တဲ့အတွက် မင်းတို့က အလိုအလျောက် ဖယ်ရှားခံလိုက်ရတယ်"
တခြားသူများ၏ ဝေဝါးနေဟန်ရသော အကြည့်များစွာကြောင့် ယန်ရှို့တ မနေနိုင်စွာ သက်ပြင်းချလိုက်တော့သည်။
"မင်းတို့သာ ပြိုင်ပွဲမပြီးဘဲနဲ့ မထွက်ခွာခဲ့ဘူးဆိုရင် မင်းတို့ရဲ့ ကျောက်စိမ်းပြားတွေကို တစ်ခြားသူ ယူထားရင်တောင်မှ ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ မင်းတို့ရဲ့ ရမှတ်တွေက ရမှတ်တွေအတိုင်း ရှိနေလိမ့်ဦးမယ်"
(ပုံရိပ်ယောင်အတု ဟုတ်လား)
ရှဲ့ယုရှင်း ကြောင်အနေသော မျက်လုံးများဖြင့် လေပေါ်ရှိ ကြေးမုံမှန်ကို ကြည့်လိုက်ရာ နေရာပြောင်းအဆောင်ဖြင့် ထွက်ခွာနေကြသော ပြိုင်ပွဲဝင် အသီးသီးကြားမှ နှင်းလိုဖြူဖွေးနေသော မြေခွေးဖြူ၏ ဘေးတွင်ရပ်နေသော တစ်ဦးတည်းသောသူကို မြင်လိုက်ရသည်။
"ချီတလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထိုအချိန်မှာ ရှဲ့ယုရှင်းတစ်ယောက် နားလည်သွားခဲ့သည်။ သူ ကြိုးစားခဲ့သမျှ ရလဒ်အားလုံး၊ စုဆောင်းခဲ့သမျှ ရမှတ်အားလုံးသည် တစ်စုံတစ်ယောက်ကို အကျိုးထူးစေရုံအပြင် ဘာမှ မထူးခြားခဲ့ချေ။ ရှဲ့ယုရှင်းတစ်ယောက် နေရာမှာတွင် သွေးအန်လာချင်သလို ခံစားလိုက်ရကာ ငိုသံကြီးနှင့် ကြိမ်းဝါးလိုက်သည်။
"အဲဒီချီတက လိမ်ညာလှည့်ဖျားတဲ့ ကလိမ်ကကျစ်ကောင်ပဲ"
ရှဲ့ယုရှင်း၏ အလွန်အမင်း စိတ်ပျက်ဝမ်းနည်းနေသော ပုံစံကြောင့် နစ်နာသူ နှစ်ယောက်ဖြစ်သော ဟန်ကျိုက်ယွမ်နဲ့ လုခန်ပင် ပိုမိုခံစားချက် ကောင်းသွားခဲ့သည်။ အစောပိုင်းတွင် လွန်စွာ မောက်မာခဲ့သော ပြိုင်ဘက်ထံမှ ကံဆိုးမှုသည် သူတို့ထက် ကြီးမားနေသည်ဖြစ်လေရာ နှလုံးသားထဲက သောကမီးသည် နောက်ဆုံးတော့ ငြိမ်းချမ်းရာ ရသွားခဲ့လေပြီ။
အချိန်ခဏ ကြာပြီးနောက်မှသာ တိမ်ကြွေဂိုဏ်း၏ ခေါင်းဆောင် ပိုင်ချင်းဝူသည် တည်ငြိမ်စွာဖြင့် ပြောလာခဲ့သည်။
"အကြီးအကဲယန်၊ အချိန်ကျပြီ။ ငါ အဲ့ဒီကောင်လေးကို သွားခေါ်ခဲ့မယ်"
"ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် သွားခေါ်မလို့လား"
ယန်ရှို့တပင် အနည်းငယ် အံ့သြသွား၏။ ပိုင်ချင်းဝူလို ဂိုဏ်းခေါင်းဆောင်တစ်ယောက်ထံမှ ချီသန့်စင်ခြင်းနယ်ပယ် အငယ်တန်း တပည့်လေးတစ်ယောက်ကို ကိုယ်တိုင်သွားရောက် ခေါ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ ပြိုင်ပွဲကာလအတွင်းမှာ လုံးဝကို မဖြစ်ပေါ်ဖူးသော ကိစ္စတစ်ခုပါချေ။
အနည်းငယ် အံ့သြနေသော်ငြား ဂိုဏ်းခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကို ယန်ရှို့တ မေးခွန်းမထုတ်ခဲ့ပေ။ ခေါင်းညိတ်လိုက်ရင်း ပိုင်ချင်းဝူနဲ့အတူ အလင်းတန်းအဖြစ် ပျောက်ကွယ်ကာ ပြိုင်ပွဲဧရိယာသို့ ပျံသန်းလိုက်ကြသည်။
တောင်အနောက်ဘက်တွင် ချီယွမ် လက်တစ်ဖက် ယမ်းလိုက်ရင်း အပုံလိုက်ဖြစ်နေသော ကျောက်စိမ်းပြားကို သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက်တွင် အတွင်းခန်းမ၏ အကြီးအကဲယန်အဖြစ် ဟန်ဆောင်နေဆဲဖြစ်သော မြေခွေးနတ်ဆိုးအား လှမ်းကြည့်လိုက်ကာ ညွှန်ကြားလာ၏။
"ကောင်းပြီ။ ပုံရိပ်ယောင်အစွမ်းကို ဖျက်လိုက်တော့။ မင်း ဒီတစ်ခေါက်လုပ်ခဲ့တာ ကောင်းတယ်"
မျက်လုံးလေးလုံးမြေခွေးနတ်ဆိုးက အစွမ်းကို ချက်ချင်း ရပ်တန့်လိုက်ကာ ချီးကျူးမှုကို စောင့်စားနေသည့်နှယ် ချီယွမ်ရှိရာသို့ ပွယောင်းယောင်း အမြှီးအား လှုပ်ယမ်းရင်း အပြေးရောက်လာခဲ့သည်။
"သခင်၊ ဒီတစ်ခေါက် ကျွန်မရဲ့ လုပ်ဆောင်ချက်ကို ဘယ်လိုထင်လဲ"
ချိုသာပြီး သံစဥ်တစ်ခုနှင့် ဆင်တူသော ထိုအသံသည် အသက်၁၄နှစ်သာရှိနိုင်မည့် မိန်းမငယ်တစ်ယောက်နှင့် ဆင်တူသည်။
အခြေခံတည်ထောင်ခြင်း နယ်ပယ်သို့ ရောက်ပြီးနောက်တွင် တစ်ချို့သော နတ်ဆိုးသားရဲများသည် အသိဥာဏ် ဖွံ့ဖြိုးလာကာ ခန္ဓာကိုယ်အတွင်းရှိ အရိုးကို ပြုပြင်ရင်း လူသားစကားကို ပြောဆိုနိုင်ကြသည်။ မျက်လုံးလေးလုံံး မြေခွေးဖြူလည်း ခြွင်းချက်မရှိပါချေ။
သိုလှောင်အိတ်ကို သိမ်းဆည်းနေရင်း ချီယွမ် ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။
"ငါ မပြောခဲ့ဘူးလား။ မင်းလုပ်တာ ကောင်းတယ်လို့"
"ဒါဆိုရင် သခင် ကျွန်မကို သနားညှာတာမှုပြပြီး လွှတ်ပေးတော့မှာလား"
မျက်လုံးလေးလုံးမြေခွေးနတ်ဆိုးသည် ချီယွမ်ကို မျက်လုံးရွှဲကြီးများနှင့် မော့ကြည့်လာကာ မျှော်လင့်တကြီး မေးလာခဲ့သည်။
"ကျွန်မသာ အလုပ်ကောင်းကောင်း လုပ်ပေးမယ်ဆိုရင် လွတ်လပ်ခွင့် ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"
"အိပ်မက်မက်နေလိုက်လေ"
ချီယွမ် မျက်လုံးလိမ့်လိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"မင်းမှာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခု ရှိလာပြီဆိုတော့ အတိတ်က ငါ့ရဲ့ ဂိုဏ်းတူညီအကိုနဲ့ အမ ၃ယောက်ကို တိုက်ခိုက်ခဲ့တဲ့ကိစ္စကို ငါ ခွင့်လွတ်ပေးလိုက်မယ်။ ဒါပေမဲ့ မင်း ငါ့ကို ထိပ်သီးအဆင့် စိတ်ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံး၁လုံး အကြွေးတင်နေတာကို မမေ့နဲ့။ မင်း အဲဒါ ပြန်မပေးမချင်း ငါ့ရဲ့အနားမှာ နာနာခံခံ အလုပ်လုပ်ဖို့သာ ပြင်ထား"
"ဟမ်"
ထိုမြေခွေးသည် အခက်တွေ့သွားသော မျက်နှာထားဖြင့် အားနည်းစွာ ပြန်မေးလာခဲ့သည်။
"သခင်၊ သခင့်ရဲ့ ထိပ်သီးအဆင့် စိတ်ဝိညာဉ် ကျင့်ကြံခြင်း ဆေးလုံးက ဝိညာဉ်ကျောက်တုံး ဘယ်နှတုံးတန်လဲ"
ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်လေကာ
"အများကြီး မတန်ပါဘူး။ ဝိညာဉ်ကျောက်တုံး ၅၀၀လောက်ပဲ"
(ဝိညာဉ်ကျောက်တုံး ၅၀၀ ဟုတ်လား)
ထိုမြေခွေး၏ မျက်လုံးများက ချက်ချင်းပင် လင်းလက်သွားကာ အလောတကြီး ပြောလာခဲ့သည်။
"ကျွန်မ အခြေခံတည်ထောင်ခြင်း နယ်ပယ်ကို မရောက်ခင်တုန်းက စုဆောင်းထားတာ တစ်ချို့ရှိတယ်။ ကျွန်မရဲ့ လိုဏ်ဂူထဲမှာ ရှားပါးပြီး အဖိုးတန်တဲ့ ဆေးပင်တွေ ရှိရမယ်။ အဲ့ဒါတွေကိုသာ ထုတ်ရောင်းလိုက်မယ်ဆိုရင် ဝိညာဉ်ကျောက်တုံး ၅၀၀တော့ ပြန်ပေးနိုင်မှာပဲ"
"အဲ့လိုလား"
ချီယွမ် ထိုမြေခွေးမကို လှမ်းကြည့်လိုက်ကာ ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီလေ။ မင်း ငါ့ကို ထိပ်သီးအဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ပေးနိုင်သရွေ့ ငါ မင်းကို ချက်ချင်းလွတ်ပေးမယ်"
(ထိပ်သီးအဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ဟုတ်လား)
ထိုမြေခွေးခမျာ အံ့သြမှင်သက်သွားပြီး
"သခင် ပြောတာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀ မဟုတ်ဘူးလား"
ချီယွမ် အေးစက်စွာ မဲ့ရွဲ့လိုက်ရင်း
"ငါ မင်းကို ထိပ်သီးအဆင့် စိတ်ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံး ပေးခဲ့တဲ့အတွက် မင်းလည်း ငါ့ကို ထိပ်သီးအဆင့် ဝိညာဉ်ကျောက်တုံး ပြန်ပေးရမှာ မဟုတ်ဘူးလား။ တခြားတစ်မျိုးပြောင်းဖို့ စဥ်းတောင်မစဥ်းစားနဲ့။ မင်းရဲ့ နိမ့်ကျတဲ့ ပင်ကိုအရည်အချင်းနဲ့ ထိပ်သီးအဆင့် ဆေးလုံး အကူအညီသာ မရှိဘူးဆိုရင် ဘယ်လိုလုပ် အခြေခံတည်ထောင်ခြင်း နယ်ပယ်ကို တစ်ညတည်းနဲ့ တက်နိုင်မှာလဲ။ မင်းတစ်ယောက်တည်းရဲ့ အားကိုးနဲ့ မင်းရဲ့ အားနည်းလှတဲ့ ကောင်းကင်မြေခွေးပါရမီကို အသက်သွင်းနိုင်မယ် ထင်နေလား"
ချီယွမ် အမှန်တိုင်း ပြောခဲ့တာပင်ဖြစ်သည်။ စနစ်မှ ပေးအပ်လာသော ထိပ်သီးအဆင့် ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံးသည် ပြီးပြည့်စုံသော အရည်အသွေးကို ပိုင်ဆိုင်ထားပြီး ထူးချွန်သည့် အကျိုးသက်ရောက်မှု ရရှိနိုင်သည်။ ထိုသို့မဟုတ်လျှင် ထိုမြေခွေးအား အခြေခံတည်ထောင်ခြင်း နယ်ပယ်အား တက်နိုင်လိမ့်မည်ဟု ချီယွမ် အာမခံရဲမည် မဟုတ်ချေ။
ထိုမြေခွေး၏ ပုံစံက ချက်ချင်းဆိုသလို ညိုးငယ်ကျသွားကာ ဦးခေါင်းငိုက်စိုက်ကျသွားလေရဲ့။
(ထိပ်သီးအဆင့် ဝိညာဉ်ကျောက်တုံးတဲ့လား။ တစ်ခါမှတောင် မကြားဖူးဘူး။ တွေ့ဖူးဖို့ဆိုတာ မပြောနဲ့တော့)
ချီယွမ် မျက်မှောင်ကြုတ်သွားကာ လေသံကလည်း အေးစက်သွားခဲ့ပြီး
"ဘာလဲ။ မင်းက ကိုယ့်ရဲ့စကားကို ပြန်ပြီး ရုပ်သိမ်းချင်နေတာလား"
ထိုမြေခွေး ကြောက်ရွံ့သွားကာ အလျင်အမြန် ရယ်မောလိုက်ရင်း
"ဟီးဟီး က မလုပ်ရဲပါဘူး။ မလုပ်ရဲပါဘူး"
သို့သော်ငြား စိတ်ထဲမှာတော့ မနေနိုင်စွာ ဆဲရေးလိုက်သည်။
(ဟွန်း နှလုံးသားမရှိတဲ့ ဘယ်လိုသခင်မျိုးလဲ။ အဲ့ဒီအကောင်းဆုံး ပိုက်ကွန်ကြောင့် ငါ ထောင်ချောက်မိသွားလို့သာ မဟုတ်ဘူးဆိုရင် ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေလား)
(ဒါကိုတောင်မှ အကြောက်အလန့်မရှိ သားမွေးဝတ်ရုံ လုပ်ချင်နေသေးတယ်။ စာချုပ်ပြီးသွားတာနဲ့ လက်စားချေမှု အစစ်အမှန်က ဘာလဲဆိုတာကို ငါ ပြပေးမယ် ဟင်းဟင်း။ ၁၀နှစ်လောက် ကြာသွားရင်တောင်မှ နောက်မကျသေးပါဘူး။ ငါ သေချာပေါက် ရအောင်လက်စားချေမယ်)
ပြိုင်ပွဲပြီးဆုံးတော့မည် ဖြစ်သဖြင့် ချီယွမ်သည် မြေခွေးရှိရာသို့ လှည့်ကြည့်လိုက်ကာ
"မင်း ဒီအနောက်တောင်မှာပဲ နေပြီးတော့ မင်းရဲ့ကိစ္စကိုပဲ အာရုံစိုက်နေပါ။ အရေးကြီးကိစ္စရှိရင် ငါ မင်းကို ဆက်သွယ်လိုက်မယ်။ ဪ ပြီးတော့ အခုကစပြီး မင်းရဲ့နာမည်က ဖြူလုံးလေးနော်"
(ဖြူလုံးလေး ဟုတ်လား။ ငါ့ကိုများ ကြောင်တစ်ကောင် မှတ်နေလား)
ထိုမြေခွေးက ရွံရှာဟန်ဖြင့် လက်နှစ်ဖက်ကို အသည်းအသန် ကုတ်ခြစ်လိုက်သည်။ တွန့်ဆုတ်နေသော ထိုပုံစံကြောင့် ချီယွမ် ခဏတာ တွေးတောလိုက်ကာ
"ဖြူလုံးလေးလို့ မခေါ်ခံချင်မှတော့ ဒါဆိုရင်လည်း အမွေးလုံးလို့ ခေါ်မယ်လေ"
အမွေးလုံး....
ထိုနတ်ဆိုးခမျာ ချက်ချင်းကြောက်ရွံ့သွားလေကာ
"မဟုတ်ဘူး မဟုတ်ဘူး။ အဲလိုကြီးတော့ မခေါ်ပါနဲ့။ ကျေးဇူးပြုပြီး ဖြူလုံးလေးလို့ပဲ ခေါ်ပါတော့"
(ဒီခွေးတစ်ကောင်လို ယုတ်ညံ့တဲ့ ငါ့ရဲ့သခင်ကသာ အဲဒီအမွေးလုံးကြီးလို့ ခေါ်လာခဲ့မယ်ဆိုရင် တော်တော်လေး နားကန့်လန့်တိုက်မှာပဲ)
နောက်ဆုံးတော့ မြေခွေးဖြူခမျာ ဖြူလုံးလေးဆိုသော နာမည်ကို လက်ခံလိုက်တော့သည်။ သို့သော်ငြား အသက်အန္တရာယ် ကျရောက်နေသည့်နှယ် စိတ်ဆင်းရဲမှုကြီးကို ခံစားနေရလေ၏။
ချီယွမ် ခေါင်းညိတ်လိုက်ကာ
"ကောင်းပြီ။ အေးအေးဆေးဆေးနေဖို့ မမေ့နဲ့။ အသတ်လည်း မခံရစေနဲ့ဦး"
သို့သော်ငြား ထိုမြေခွေးဖြူသည် အခြေခံတည်ထောင်ခြင်း နယ်ပယ်သို့ အဆင့်တက်ရာတွင် ကောင်းကင်မြေခွေး မျိုးရိုးသွေးကို သေးငယ်သော ပမာဏမျှ နိုးထစေခဲ့သည့်အတွက် ဤတောင်ခြေကြားရှိ အခြေခံတည်ထောင်ခြင်း နယ်ပယ် နတ်ဆိုးသားရဲများကြားတွင် လှည့်ပတ်သွားနေလျှင်တောင်မှ စိုးရိမ်ဖွယ် မရှိပါချေ။
"နားလည်ပါပြီ"
ထို့နောက်တွင် မြေခွေးနတ်ဆိုးသည် တောနက်အတွင်းသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
သိပ်မကြာခင်မှာဘဲ အဝေးရှိ ကောင်းကင်ထက်မှ အလင်းတန်းနှစ်ခု ရောက်ရှိလာကာ ချီယွမ်ရှိရာ တည့်တည့်သို့ ဆင်းသက်လာလေ၏။
"ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲယန်ကို နှုတ်ဆက်ပါတယ်"
ချီယွမ် လျင်မြန်စွာ အရှေ့တိုးလိုက်ရင်း ရိုသေစွာဖြင့် ဦးညွတ်အရိုအသေ ပေးလိုက်သည်။
"ယဥ်ကျေးနေဖို့ မလိုပါဘူး"
တိမ်ကြွေဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူက နက်ရှိုင်းစွာ ကြည့်လာလေကာ
"ပြင်ပခန်းမရဲ့ ပြိုင်ပွဲကြီးက ပြီးသွားခဲ့ပြီ။ ပြီးတော့ လက်ရှိမှာ တစ်ဦးတည်းသော ပြိုင်ပွဲဝင်က မင်းတစ်ယောက်ပဲ ကျန်တော့တယ်။ မင်းက မင်းရဲ့ တခြားပြိုင်ဘက်တွေ အားလုံးကို ဖယ်ထုတ်နိုင်ခဲ့တယ်။ ငါတို့ တိမ်ကြွေဂိုဏ်းမှာ ဒီလိုအခြေအနေမျိုး တစ်ခါမှ ကြုံဖူးခဲ့တာ မဟုတ်ဘူး။ နောက်မျိုးဆက်တွေက တော်တော်လေး အံ့ဩဖို့ကောင်းတာပဲ"
ချီယွမ် အနည်းငယ် အရှက်ရစွာဖြင့် နှာခေါင်းကို တို့ထိလိုက်ရင်း
"ဒီတပည့်က ကံကောင်းပြီး အနိုင်ရသွားတာပါ"
သို့သော်ငြား စိတ်ထဲမှာတော့ တွေးမိသွား၏။
(ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင်တောင် ရောက်လာပြီး ချီးကျူးတယ်ဆိုမှတော့ ဒီတစ်ခေါက် တာဝန်က သေချာပေါက် အောင်မြင်သင့်ပြီမလား)