(မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်ပဲ)
Vol. 5 Ch. 47
ပွဲကြည့်ကွင်းပြင်သို့ ရောက်လာသည်နှင့် ခံစားချက်များစွာ ရောပြွန်းနေသော မျက်လုံးများစွာကို ချီယွမ် လက်ခံလိုက်ရသည်။ မနာလိုမှု၊ အံ့သြမှင်သင်မှုနှင့် လေးစားများသည် အကုန်လုံးထံမှ မထိန်းနိုင်အောင် လျှံထွက်နေလေ၏။
ဘေးမှာရပ်နေသော အကြီးအကဲယန်က တည်ငြိမ်အောင် ကြိုးစားပြီးသည်နှင့် တည်ကြည်စွာ ကြေညာလိုက်သည်။
“ အစေခံတပည့် ချီတက ဒီပြိုင်ပွဲကြီးမှာ ရမှတ်ပေါင်း ၁၇၂၃၆ မှတ်ရခဲ့တဲ့အတွက် ပထမနေရာ ရသွားတယ်”
ရလဒ်ကို သိပြီးသားဆိုသော်ငြား ရမှတ်ကြေညာပြီးချိန်တွင် ပွဲကြည့်ကွင်းပြင်တစ်ခုလုံး အံ့သြမှုဖြင့် ငြိမ်သက်သွားလေ၏။
ချီသန့်စင်ခြင်း အဆင့်ငါးသာ ရှိသေးသည့် အစေခံတပည့်တစ်ယောက်က နတ်ဆိုးသားရဲ တစ်ကောင်မှ မသတ်ခဲ့ပါဘဲ မယုံနိုင်စရာ နည်းလမ်းဖြင့် ပထမနေရာ ယူနိုင်ခဲ့သည်။ အလွန့်အလွန် အံ့သြဖွယ်ရာ ဆန်းကြယ်ဖြစ်ရပ် တစ်ခုပါပေ။
ထိုသူသည် ပြိုင်ပွဲဝင်များအားလုံးကို အလုပ်သမားသဖွယ် သုံးရက်ဆက်တိုက် အမှတ်ရအောင် ခိုင်းစေသွားသေး၏။ လူသားမဆန်သော မိုက်ရူးရဲ နည်းလမ်းဆိုသော်ငြား အလုပ်ဖြစ်ခဲ့သည်။
မိုက်ရူးရဲဆန်ပြီး လှည့်ဖျားခဲ့ကြောင်း အကုန်လုံးနားလည်ကြသည်။ သို့သော် မှင်သက်ဖွယ်ရာ ကိစ္စကား ထိုကောင်လေး၏ လုပ်ရက်တိုင်းသည် စည်းကမ်းအတွင်းမှာ ရှိနေခဲ့ပြီး ဟာကွက်ရှာမတွေ့နိုင်ခဲ့ပေ။
ထို့အပြင် ပြိုင်ပွဲကာလတစ်လျှောက်လုံးတွင် ထိုသူသည် တပည့်သုံးယောက်ကို ကယ်တင်ရင်း ကောင်းကျိုးရဖွယ်ကိစ္စတစ်ခုကိုလည်း လုပ်ခဲ့ပါသေး၏။
ထိုလွှမ်းမိုးခြယ်လှယ်နိုင်သော နည်းလမ်းများကို တစ်ခါမှတောင် မကြားခဲ့ဖူးပါချေ။
အချိန်ခဏကြာသည်အထိ တပည့်များသာမက တိမ်ကြွေဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများပါ အံ့သြမှင်သက်နေခဲ့သည်။
တပည့်အားလုံးသည် မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေရသည့်နှယ် မယုံကြည်နိုင်စွာဖြင့် ချီယွမ်ကို ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။
ထိုအချိန်မှာပဲ ပြိုင်ပွဲဝင်တပည့်များအားလုံး၏ တောင့်တင်းကာ ငြိုးငယ်ဝမ်းနည်းနေသော မျက်နှာထားများကို ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူ သတိထားမိသွားသည်။ ချက်ချင်းပဲ အကုန်လုံးရှေ့သို့ ပျံသန်းသွားလိုက်ကာ အကျယ်ကြီး အော်ပြောလိုက်သည်။
“ နားထောင်ကြပါ တပည့်တို့၊ မထင်ထားတဲ့ အခြေအနေတစ်ချို့ ဖြစ်သွားခဲ့တဲ့အတွက် ဂိုဏ်းဘက်ကနေ နောက်ပြိုင်ပွဲကျ တိုးမြှင့်ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပြိုင်ပွဲကျရင်.အတွင်းခန်းမကို လူအယောက်နှစ်ဆယ် ဝင်ခွင့်ရမယ်”
“ဒါ့အပြင် ဒီတစ်ခေါက် ပြိုင်ပွဲနေရာအထိ ဝင်ခွင့်ရခဲ့တဲ့ တပည့်တွေအားလုံးကို လစဥ်လစာ နှစ်ဆပေးပြီး သိုင်းကျမ်းခြံဝန်းထဲက ကြိုက်နှစ်သက်ရာ သိုင်းကို လေ့လာခွင့်ပေးမယ်”
ထိုအချိန်မှသာ ငြိုးငယ်နေသော မျက်နှာများမှာ ရွှင်လန်းလာပြီး ပုံမှန် ပြန်ဖြစ်လာခဲ့သည်။ နဂိုတည်းက ထိပ်ဆုံးဆယ်ယောက် နေရာ ဝင်နိုင်ဖို့ မျှော်လင့်မထားသူများကတော့ အပျော်လွန်ကာ ဝမ်းနည်းမှုများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
မထင်ထားသော အခြေအနေကြောင့် ပြိုင်ပွဲ ဖျက်ဆီးခံလိုက်ရသော်ငြား အကုန်လုံးကို ညီမျှစွာ ဆုပေးခံရခြင်းကြောင့် ဘယ်လိုပဲ ကြည့်ပါစေ၊ ထိုက်တန်သော အခြေအနေ တစ်ရပ် ဖြစ်လာခဲ့သည်။
ပုံမှန်ဖြစ်သွားသော ပတ်ဝန်းကျင်ကို မြင်မှသာ ပိုင်ချင်းဝူ.စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ ထို့နောက်တွင် တည်ငြိမ်သော လေသံဖြင့်..
“ အခုကစပြီး စည်းကမ်းအသစ် ထည့်သွင်းမယ်။ ပြိုင်ပွဲအတွင်းမှာ နတ်ဆိုးသားရဲကို မွေးမြူပြီးအသုံးပြုတာ တွေ့တာနဲ့ မောင်းထုတ်ခံရမယ်”
“ဒီအတွေ့အကြုံက အကုန်လုံးကို နိုးကြားစေမယ်ထင်ပါတယ်။ ကျင့်ကြံရေး လမ်းစဥ်က အန္တရာယ်ပြည့်နေပြီး ကြိုတင်မှန်းဆလို့မရဘူး။ ဒီပုံစံအတိုင်းပဲ ရိုးအပြီး လွယ်ကူနေရင် အနာဂတ်ကျ အကြိမ်တစ်သောင်းမက ထပ်ပေးဆပ်ရလိမ့်မယ်။ ဒါကို သင်ခန်းစာယူပြီး မှတ်မိနေကြဖို့ မျှော်လင့်ပါတယ်”
“ဂိုဏ်းခေါင်းဆောင်ရဲ့ သင်ပြမှုကို မှတ်သားထားပါ့မယ်”
တပည့်တွေအားလုံး.တည်ငြိမ်သော မျက်နှာထားဖြင့် အရိုအသေ ပေးလိုက်ကြသည်။
ချီယွမ် စိတ်ထဲမှ ထောက်ခံမိသွား၏။ ဤဂိုဏ်းခေါင်းဆောင်က သာမာန်သူမဟုတ်တာတော့ ဝန်ခံရမည်ပင်။
စကားလုံးတစ်ချို့နှင့် ရှုံးနိမ့်ခဲ့သော တပည့်များ၏ စိတ်ဓာတ်ကို မြင့်တင်နိုင်ရုံမက၊ တစ်ချိန်ထဲမှာပင် အားလုံး၏ သစ္စာရှိမှုနှင့် တွယ်တာစိတ်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ထူးချွန်ပြောင်မြှောက်သည့် လှည့်ဖျားစွမ်းရည်ပင်။
ချီယွမ် အာရုံလွင့်နေစဥ်မှာပဲ ပိုင်ချင်းဝူ၏ အကြည့်က ကျရောက်လာလေကာ..
မျှော်လင့်ခြင်းနှင့် ချီးကျုးမှု ပြည့်နေသော မျက်လုံးများနှင့် ကြည့်ရင်း ခပ်ပြုံးပြုံး ကြေညာလိုက်သည်။
“ ဒီနေ့ကစပြီး ဒီအစေခံတပည့် ချီတကို အတွင်းခန်းမရဲ့ တပည့်တစ်ယောက်အဖြစ် အဆင့်တိုးပေးမယ်။ ဝိညာဥ်ကျောက်တုံးငါးထောင်၊ အဆင့်မြင့် ချီစုပ်ယူခြင်းဆေးလုံး တစ်ရာ၊ အခြေခံ တည်ထောင်ခြင်းဆေးလုံး တစ်လုံး၊ အလယ်အဆင့် မှော်လက်နက်တစ်ခုနဲ့ စာကြည့်တိုက် ဒုတိယထပ်ကနေ ကြိုက်တဲ့သိုင်းကို ရွေးချယ်ခွင့်ပြုလိုက်တယ်”
“ တပည့် ချီတ ကျေးဇူးတင်ပါတယ်”
ပိုင်ချင်းဝူ၏ စကားဆုံးသည်နှင့် ချီယွမ် လျှင်မြန်စွာ ထောက်ခံလိုက်သည်။ စောင့်ကြည့်နေသော မျက်လုံးများစွာ အောက်မှာပင် ရှေ့တိုးသွားကာ ဂိုဏ်းခေါင်းဆောင်ထံမှ ဆုလာဘ်ပါဝင်သော သိုလှောင်အိတ်ကိုလက်ခံလိုက်သည်။
နောက်တစ်စက္ကန့်မှာပဲ အေးစက်သော စက်ရုပ်သံတစ်ခုကို ကြားလိုက်ရသည်။
“တင်၊ ပိုင်ရှင်က ပြင်ပခန်းမရဲ့ ပြိုင်ပွဲကြီးမှာ ပါဝင်နိုင်ခဲ့ပြီး ထိပ်ဆုံးဆယ်ယောက်အတွင်း ဝင်ပါဆိုတဲ့ တာဝန်ကို အောင်မြင်ခဲ့ပါပြီ။ ဆုလာဘ်- အမှတ်ငါးရာ၊ ထိပ်သီးအဆင့် ချီစုပ်ယူခြင်းဆေးလုံး ၁၅ လုံး၊ ထိပ်သီးအဆင့် အခြေခံတည်ထောင်ခြင်း ဆေးလုံးတစ်လုံးနဲ့ အဆင့်နိမ့် ဝိညာဥ်ကျောက်တုံး ၁၀၀၀ ကို လက်ခံရပါတယ်”
“ တင်၊ ပြိုင်ပွဲက လူအားလုံးကို အံ့အားသင့်အောင်လုပ်ပြီး.ပထမနေရာ.ယူပါဆိုတဲ့ အပိုဆောင်း တာဝန်ကိုပါ ပြီးမြှောက်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဆုလာဘ်ဖြစ်တဲ့ ဝိညာဥ်သွေးကြော စွမ်းဆောင်ရည်ကို မြင့်တင်ဖို့ အခွင့်အရေးတစ်ခု ပေးပါ့မယ်”
အသံပြီးဆုံးသည်နှင့် ဝေဝါးသော ခံစားချက်တစ်ခုနှင့်အတူ တိုးဝင်လာသော နွေးထွေးမှုကို ချီယွမ်ခံစားလိုက်ရသည်။
ထို့နောက်တွင် မျက်စိရှေ့က မြင်ကွင်းဟူသမျှက ပြောင်းလဲလာ၏။ မျက်လုံးရှေ့ရှိ အရာအားလုံးသည် ဆန်းကြယ်သောအလင်းတန်းများ ဝန်းရံလာကာ နက်ရှိုင်းသော စစ်မှန်မှုများ ကိန်းခိုလာ၏။
တစ်ချိန်ထဲမှာပဲ မှတ်ဉာဏ်ထဲသို့ အတင်းတိုးဝင်လာသော မရေမတွက်နိုင်သော အတွေးအမြင်များကြောင့် ချီယွမ် ချက်ချင်းပင် ပျော်ရွှင်မှုနှင့် သက်တောင့်သက်သာ ဖြစ်မှုကို တစ်ပြိုင်နက်ထဲ ခံစားလိုက်ရသည်။
သို့သော်ငြား.လူကြားထဲ ရောက်နေသည့် အခြေအနေကို သတိရမိသောကြောင့် အလျင်အမြန် ထိန်းသိမ်းရင်း ထိုအခြေအနေမှ အတင်းအကျပ် ရုန်းထွက်လိုက်သည်။
ဤအဆင့်မြင့်မှုကြောင့် ချီယွမ်အချိန်မရွေး ထိုဆန်းကြယ်အခြေအနေသို့ ပြန်လည်ဝင်ရောက်ကာ ကမ္ဘာကြီးကို ပိုမိုနားလည်အောင် ကြိုးစားရင်း ကျင့်ကြံမှုအား ကြီးစွာမြင့်တင်နိုင်သွားသည်။
ထို့အပြင် နောက်ထပ် ထူးခြားသိမ်မွေ့သော ပြောင်းလဲမှုတစ်ခုကို သတိထားမိလိုက်၏။
စိတ်စုစည်းကာ ကြာပန်းပုံထိုင်ရင်း ကျင့်ကြံဖို့မလိုအပ်ပါတော့ဘဲ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်ကို စိတ်ရှိသလို စုပ်ယူပြီးသည်နှင့် ခန္ဓာကိုယ်အတွင်း တိုက်ရိုက်သန့်စင်ပြီး ဖိနှိပ်ရင်း.ပို့လွှတ်နိုင်မှန်း သတိထားမိလိုက်လေသည်။
( ဒါက ကောင်းကင်ဝိညာဥ်သွေးကြောထက် သာလွန်တဲ့ ခံစားချက်များလား)
ချီယွမ် ၏ နှလုံးသားတစ်ခုလုံးသည် တိတ်တဆိတ် ပျော်ရွှင်စွာဖြင့် အောင်ပွဲခံနေလေ၏။
( ဒီတစ်ခေါက် စနစ်က သောက်ရမ်းမိုက်တယ်။ နောက်ဆုံးတော့ ထူးချွန်တဲ့ငါ့ရဲ့ဉာဏ်ရည်တွေ ထုတ်ပြပြီး အနိုင်ယူခဲ့ရတာက အကျိုးထူးလာပြီပဲ)