(ဒီနှစ်ကိုယ်တွဲကျင့်ကြံရေးသိုင်းက တရားဝင်ရဲ့လား)
Vol. 5 Ch. 48
နောက်တစ်နေ့မနက် အတွင်းခန်းမတွင်..
“ဂိုဏ်းတူညီလေးချီ အနိုင်ရခဲ့တာကို ဂုဏ်ပြုပါတယ်။ ကျွန်တော်က အကြီးအကဲယန်ရဲ့ အမိန့်နဲ့ မင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေရွေးချယ်ဖို့ လာခေါ်တာပါ။ လိုက်ခဲ့အုံး”
အတွင်းတပည့်ဖြစ်ကြောင်း တံဆိပ်ရပြီးသည်နှင့် ချီယွမ့်ကို ဂိုဏ်းတူအကိုတစ်ယောက်မှ ဦးဆောင်ပြီး ခြောက်ရာမီတာကျော်မြင့်သော တောင်ထိပ်တစ်ခုကို ခေါ်ဆောင်သွားခဲ့သည်။
စိမ်းစိုစို သစ်ပင်များဖြင့် စိတ်ဝိညာဥ်စွမ်းအင် ပေါများသော ထိုနေရာသည် ပြင်ပခန်းမ၏ အခြေအနေထက် များစွာသာလွန်သည်။
ချီယွမ် တော်တော်လေး ကျေနပ်သွားခဲ့သည်။ ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ ကောင်းမွန်ခမ်းနားသော သူ့၏လှိုဏ်ဂူငယ်နှင့် မယှဥ်နိုင်ပါသော်ငြား တိတ်ဆိတ်ငြိမ်းချမ်း သည့် ဤပတ်ဝန်းကျင်က လူရှုတ်သော ဆူညံညံပြင်ပခန်းမထက် အပုံကြီးသာလေသည်။
ပြိုင်ပွဲအပြီးတွင် ရန်သူများစွာ ဖန်တီးနိုင်ခဲ့သည့်အတွက် လက်ရှိချီယွမ်က ပြင်ပခန်းတစ်ခုလုံး၏ ဘုံရန်သူလို့ပြောလျှင်တောင် မမှားချေ။
သို့သော် ချီယွမ်ဘာကိုမှ ဂရုမစိုက်ပါချေ။.မည်သို့ဆိုပါစေ၊ အဆုံးမှာတော့ သူက တိမ်ကြွေဂိုဏ်း၏ အတွင်းခန်းမတပည့်တစ်ယောက် ဖြစ်လာခဲ့ပြီပင်..
ရာထူးအရ အတွင်းခန်းမတပည့်ကို ပြင်ပခန်းမတပည့်များက မယှဥ်နိုင်သည့်အတွက် အနာဂတ်မှာ ထိပ်တိုက်တွေ့လျှင်တောင်မှ ထိုသူတွေအားလုံး အရှေ့တိုးလာပြီး ဂိုဏ်းတူအကိုချီ ဟု ရိုကျိုးစွာ နှုတ်ဆက်လာရမည်ဖြစ်သည်။
သို့သော် ချီယွမ်၏ ညီအကိုအဖြစ် သတ်မှတ်ခံထားရသော လင်ကျန်းကတော့ သေချာပေါက်ခံစားရမည်ပင်။.ကံကြမ္မာ သားတော်အနေနဲ့ ဇာတ်ကြောင်းနာရအုံးမည် ဖြစ်သည်။
ဂိုဏ်းကို ရောက်လာပြီးကတည်းက အသတ်ခံရ၊ အရိုက်ခံရ၊ အစွပ်စွဲခံရဖြင့် ငြိမ်းချမ်းသောနေ့ရက်တစ်ရက်မှ မပိုင်ဆိုင်ဖူးသော လင်ကျန်းကို စနစ်၏ သတိပေးချက်သာမရှိလျှင်..
လင်ကျန်းက ရွေးချယ်ခံရသော ကံကြမ္မာသားတော်မှန်း ငိုပြောတောင် ချီယွမ်ယုံလိမ့်မည် မဟုတ်ချေ။ ထိုအတွက်လည်း သေချာပေါက် အပြစ်ရှိစိတ် မခံစားရပါပေ။
(ချီးကို အပြစ်ရှိစိတ် ခံစားရမှာလား.. ငါက လင်ကျန်းအဖေလား။ စိတ်ထိခိုက်စရာ ဘာစောက်ကြောင်းမှမရှိဘူး)
ထိုအချိန်မှာပဲ ဘေးတွင်ရှိနေသော အတွင်းခန်းမတပည့်က များစွာသော ခြံဝန်းများအား.မှတ်သားထားသည့် မြေပုံတစ်ခု ထုတ်လာကာ ချီယွမ်ကို ပေးလိုက်သည်။
“ ကျောက်စိမ်းတစ်သောင်းတောင်ထိပ်ပေါ်က ကြိုက်ရာလှိုဏ်ဂူတစ်ခုကို ဂိုဏ်းတူညီလေးချီ ရွေးလို့ရတယ်။ ဒါပေမဲ့ သီးသန့်နာမည် မရသေးတာကို ရွေးရမှာပေါ့”
ဒရာမာဆန်လှသော တိုက်ပွဲအပြီး နှစ်ရက်အတွင်းမှာပဲ ချီယွမ်၏ နာမည်က ဟိုးလေးတကျော်ကျော် ဖြစ်သွားလေရဲ့။ ဂိုဏ်း၏စည်းမျဥ်းကို တစ်ကိုယ်တည်းနှင့် ပြောင်းအောင်လုပ်နိုင်သူဟူ၍ ချီယွမ်ကို မသိသူ မရှိတော့ချေ။
ထို့ကြောင့် အတွင်းခန်းမ တပည့်ထဲတွင် အင်အားအနည်းဆုံး ချီသန့်စင်ခြင်းအဆင့်ငါး ကျင့်ကြံသူဖြစ်နေရင်တောင်မှ ဘယ်သူကမှ စိတ်လိုလက်ရ မပြုမူရဲဘဲ ယဥ်ကျေးစွာ ဆက်ဆံကြသည်။
“ပြောပြပေးတာကျေးဇူးပဲ ဂိုဏ်းတူအကို”
မြေပုံကိုကြည့်ပြီးသည်နှင့် ချောင်ကျသော လှိုဏ်ဂူငယ်တစ်ခုကို ချီယွမ်လက်ညိုးထိုးလိုက်သည်။
တောင်တစ်ဝက်တွင်ရှိနေသော ထိုနေရာသည် သစ်တောနက်အနီးမှာ ရှိလေရာ၊ လူသူအရောက်အပေါက် နည်းသည်။ အနီးဆုံး ခြံဝင်းကတောင်မှ ဆယ်မိုင်လောက် ဝေးသည့်အတွက် ချီယွမ်နေချင်သော သာမာန်ပုံရိပ်အတွက် အသင့်တော်ဆုံးပင်။
ဆုံးဖြတ်ချက် ချပြီးသည်နှင့် ချီယွမ်ပြောလိုက်သည်။
“ ဒီနေရာကို ရွေးလို့ရမလား”
ချီယွမ် ညွှန်ပြရာ နေရာကိုကြည့်လိုက်ရင်း ထိုတပည့်တွန့်ဆုတ်စွာ ပြောလိုက်သည်။
“ ရတော့ရတယ်ရယ်.. ဒါပေမဲ့အဲ့ဒါကြီးက မသုံးတာ နှစ်အများကြီးကြာနေတဲ့ စွန့်ပစ်နေရာကြီးနော်။ သန့်ရှင်းဖို့တောင် အချိန်ယူရလိမ့်မယ်”
ချီယွမ် ပြုံးလိုက်ပြီး ဂရုမစိုက်စွာ ပြန်ပြောလိုက်သည်။
“ ရတယ်.. တိတ်ဆိတ်ပြီး အေးချမ်းတာကို ကြိုက်တယ်”
ထိုတပည့်ခေါင်းငြိမ့်လိုက်ပြီး..
“ ကောင်းပြီ။ ဆုံးဖြတ်ချက်ချပြီးမှတော့ ဂိုဏ်းတူညီလေးရဲ့ နာမည်ကို ဖြည့်လိုက်တော့မယ်နော်။ အခုကစပြီး အဲ့ဒီလှိုဏ်ဂူပါတဲ့ ခြံဝင်းက ညီလေးချီ ကျင့်ကြံနိုင်တဲ့ နေရာဖြစ်သွားပြီ”
ထို့နောက်တွင် ထိုတပည့်ကို ချီယွမ်ပြန်သွားခိုင်းလိုက်ပြီး ရေညှိများဖုံးလွှမ်းနေသော ထိုဂူရှိရာသို့ တစ်ဦးတည်းထွက်သွားလိုက်သည်။
ခြံဝင်းသည် အရမ်းမကျယ်ဝန်းပေ။ သီးသန့်လေ့ကျင့်ဖို့ရန် ဂူတစ်ခုနှင့်၊ အခန်းနှစ်ခုရှိသည်။ ရှေ့ဘက်တွင်ထားပေးထားသော ကျောက်စားပွဲနှင့်ကျောက်ထိုင်ခုံငယ် သုံးခုမှအပ တစ်ခြားမရှိချေ။
အနည်းငယ် သန့်ရှင်းရေးလုပ်ပြီးသည်နှင့် အရှေ့ခြံတွင် ထွက်ထိုင်လိုက်ကာ ချီယွမ် စနစ်ကို ဆင့်ခေါ်လိုက်သည်။
ထောင့်ဘက်ရှိ အရန်တာဝန်က မပြောင်းလဲသော်ငြား ပင်မတာဝန်အသစ် ထပ်မံထွက်ပေါ်လာပြီပင်။
“တာဝန်အသစ်- ပြိုင်ပွဲကြီးအပြီးမှာ ပိုင်ရှင်က အစေခံတပည့်ဆိုတဲ့ ပုံရိပ်ကို စွန့်ခွာပြီး အတွင်းခန်းမတပည့်တစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါ့အပြင် တိမ်ကြွေဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူနဲ့ သမီး ပိုင်ရှီရို့ထံမှ အထူးစိတ်ဝင်စားမှုကို ရရှိလိုက်တယ်။ ဒါပေမဲ့ အဲ့အတွက် မလိုအပ်တဲ့ အန္တရာယ်တစ်ချို့ ပေါ်ပေါက်လာပြန်တယ်”
“ တာဝန်၏ ခက်ခဲမှု- ကြယ်လေးပွင့် (ခက်ခဲသည်)”
“ တာဝန်အကြောင်းအရာ- ဒီကပ်ဘေးကို ရအောင်ရှင်သန်ပြီး တိမ်ကြွေဂိုဏ်းအတွင်းက နတ်ဆိုးဂိုဏ်းရဲ့ လူယုံတွေကို စုံစမ်းရှာဖွေပါ”
“ဆုလာဘ်- အမှတ် ၈၀၀နဲ့ ပိုင်ရှီရို့ဆီက နှစ်သက်မှုတိုးမြင့်မယ်။ ဒါ့အပြင် ကောင်းကင်အဆင့် နှစ်ကိုယ်တွဲကျင့်ကြံရေး သိုင်းတစ်ခုဖြစ်တဲ့ ‘ယင်ယန်အသွင်ပြောင်းသိုင်း’ ကို ရရှိမယ်”
(ဒါက..)
ချီယွမ်တစ်ယောက် ဆွံ့အသွားလေရဲ့။
သူမေးချင်နေသော တစ်ခုတည်းသော မေးခွန်းက…
(ယင်ယန်အသွင်ပြောင်းသိုင်းတဲ့.. မင်းအတည် ပြောနေတာလားဟ)
တာဝန်သည် ပုံမှန်အတိုင်း.ရှင်သန်ရေး.တာဝန် တစ်ခုဖြစ်ပါလျက်နှင့် ဆုလာဘ်ကျမှ အဘယ်ကြောင့် လွဲမှားနေရပါသနည်း..
(ဒီသောက်ငတုံးစနစ်ကတော့.. ဂိုဏ်းတူအမ ပိုင်ရှီရို့က နှစ်သက်မှုတိုးလာမယ်ပြောပြီးတာနဲ့ နှစ်ကိုယ်တွဲကျင့်ကြံရေးသိုင်းကြီး ထုတ်ပေးလာတယ်.. မင်းငါ့ကို ဇဝေဇဝါ ခံစားချက်တွေ လာမပေးစမ်းနဲ့)
တာဝန်၏ အကြောင်းအရာတွင် လက်လျော့လို့ရပါသည်ဟု ဖြည့်စွက်မထားလေရာ၊ သေချာပေါက် လုပ်ရမည်မှန်း.ချီယွမ် နားလည်လိုက်သည်။ ဤတာဝန်ကိုသာ မလုပ်လျှင် နောက်ထပ် တာဝန်တွေ ပေါ်လာတော့မည်မဟုတ်ချေ။
(နှစ်ကိုယ်တွဲကျင့်ကြံရေးသိုင်းကြီးတောင် ထုတ်ပေးလာနေပြီ.. ငါ့ရဲ့ နှစ်ဘဝစာ fa ဘဝလေးကို ထိန်းသိမ်းနိုင်ပါတော့မလား.. အမလေး ငါတော့မတွေးရဲစရာပဲ)
ချီယွမ်၏ မျက်နှာထားက ချက်ချင်းပင် ထူးဆန်းလာလေရဲ့။
တာဝန်အသစ်သည် နတ်ဆိုးဂိုဏ်းနှင့် ပတ်သတ်နေလေရာ၊ ကျိချန်အာနှင့် သက်ဆိုင်မည်မှန်း.ချီယွမ် မှန်းဆမိလိုက်သည်။
ငတုံးစနစ်၏.အမြင်တွင် ချီယွမ်သည် ချီသန့်စင်ခြင်းအဆင့်ငါး ကျင့်ကြံသူအသစ်လေးသာ ဖြစ်ကာ ဝိညာဥ်အခြေတည်နယ်ပယ် ကျင့်ကြံသူဖြစ်သော ကျိချန်အာကို မကယ်နိုင်ဘူးလို့ ယူဆထားသော်ငြား ကြယ်ပုံရိပ်ယောင် အပင်ဝိညာဥ်ကို ကယ်တင်ဖို့ တာဝန်ပေးလာခဲ့သေးသည်။
ကြည့်ရတာ စနစ်ထံတွင် သူသည် မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်နိုင်သည်ဟူသော ယူဆချက် အနည်းငယ် ရှိနေဟန်ပဲ။ ထိုသို့မဟုတ်လျှင် ထိုစနစ်က ပိုင်ရှင်ဖြစ်သောသူ့ကို သေလမ်းတည့်တည့်ပို့နေသည်ဟု ပြောရတော့မည်မလား။
ဝိညာဥ်အခြေတည်နယ်ပယ် ကျင့်ကြံသူ၏ စောင့်ကြည့်မှုအောက်ကနေ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူလေးက ခိုးယူဖို့ရန် မလွယ်ကူပါချေ။ ထို့ကြောင့် တစ်ခုတည်းသော အခွင့်အရေးသည် ထိုဝိညာဥ်အခြေတည်နယ်ပယ် ကျင့်ကြံသူ အဝေးရောက်နေချိန်မျိုးမှာ အခွင့်အရေးယူရန်သာ ရှိတော့၏။ သို့သော် မထင်ထားသော အခြေအနေအမျိုးမျိုး ကြုံရနိုင်သည်။
ပင်မတာဝန် ဖော်ပြခဲ့သော အန္တရာယ်သည်လည်း ထိုအခြေအနေများကို ရည်ရွယ်ပြောဆိုခြင်း ဖြစ်နိုင်သည်။
“ စနစ်ပြောသွားသလောက် ကျိချန်အာအပြင် တစ်ခြားသူတွေ ရှိနေသေးပုံပဲ။ နတ်ဆိုးဂိုဏ်းရဲ့ တစ်ခြားလူယုံတွေကို ရှာရတော့မယ်နဲ့တူတယ်”
“ သေချာမသိရသေးခင်မှာ မလှုပ်ရှားသေးတာ ကောင်းမယ်။ မတော်လို့ ရန်သူ သတိထားမိသွားမှ တာဝန်အပေါ် သက်ရောက်သွားလိမ့်မယ်”
ချီယွမ် သက်ပြင်းချလိုက်တော့သည်။
“ ဂိုဏ်းငယ်လေးတွေက မယုံရဘူးပဲ။ နတ်ဆိုးဂိုဏ်းနဲ့ ထဲထဲဝင်ဝင် ပတ်သတ်နေတာတောင်မှ တစ်ယောက်မှ သတိမထားမိဘူးတဲ့”
ထိုအချိန်တွင် အတွင်းခန်းမ၏ တာအိုခြံဝင်းအတွင်းတွင်
“ တူမလေးပိုင်၊ ဘယ်လိုလုပ် ရောက်လာတာလဲ”
မဖိတ်ခေါ်ဘဲ ရောက်လာသည့် ပိုင်ရှီရို့ကြောင့် တာအိုခြံဝင်း၏အကြီးအကဲ ယင်ချင်းယွမ် မျက်နှာမှာ အံ့သြရိပ်တစ်ချို့ ဖြတ်ပြေးသွားလေကာ၊ အပြုံးတစ်ခုနှင့် အရှေ့တိုးနှုတ်ဆက်လိုက်သည်။
ပိုင်ရှီရို့ ခပ်ဖွဖွ ပြုံးလိုက်ရင်း
“ အကြီးအကဲယင်၊ ဒီနှစ်ပိုင်းတွေထဲမှာ အသစ်ဝင်လာတဲ့ တပည့်မှတ်တမ်းကြည့်ချင်လို့ပါ။ အဲ့တာလေး ရနိုင်ရင်တော့ တစ်ကယ်ကျေးဇူးတင်မိမှာ”
ထိုစကားကြောင့် ယင်ချင်းယွမ် နှလုံးတစ်ချက် ဆောင့်ခုန်သွားသော်ငြား အပြင်ဘက်တွင် တည်ငြိမ်အောင် ထိန်းထားရင်း.အတင်းအကျပ် ပြန်မေးလိုက်သည်။
“ ဟုတ်ပြီ..ဟုတ်ပြီ။ တူမလေးပိုင်ပြောသွားတာ ကြီးကြီးမားမား ကိစ္စ မဟုတ်ပေမဲ့ ဂိုဏ်းရဲ့စည်းကမ်းအရ ဂိုဏ်းခေါင်းဆောင်ရဲ့ ခွင့်ပြုချက်တော့ လိုနေသေးတယ်။ ဒါမှမဟုတ်တူမလေး သိချင်တဲ့ နာမည်ပြောလိုက်လေ။ ဦးလေးသွားရှာပေးမယ်”
“ ရတယ်ရယ်.. သမီးဘာသာ ကြည့်လိုက်မယ်”
ပိုင်ရှီရို့ ခေါင်းရမ်းလိုက်ရင်း အင်္ကျီလက်ထဲမှ အလင်းတစ်ချက်ပါသော ကျောက်စိမ်းပြားကို ထုတ်ပြလိုက်သည်။
“ ဒါက ဂိုဏ်းခေါင်းဆောင်ရဲ့ ကျောက်စိမ်းပြားပါ။ ဒါကြောင့် အကြီးအကဲယင် စင်တွေပေါ်က ကန့်သတ်စည်းဖြည်ပေးရင် တစ်ကယ် ကျေးဇူးတင်မိမှာပါ”
ယင်ချင်းယွမ် မျက်နှာတစ်ချက် ပျက်သွားသော်ငြား ချက်ချင်းပဲ အလျင်အမြန် ပြန်ထိန်းလိုက်ရင်း
“ ကောင်းပြီ။ ဦးလေးအနောက်က လိုက်ခဲ့ပါ”
“ အနှောက်အယှက် ပေးရပြီ”
ပိုင်ရှီရို့ ယဥ်ကျေးစွာ တုံ့ပြန်လိုက်သည်။