← Chapters

(ဂိုဏ်းတူညီမလေးကျိအတွက် စပရိုက်)

Vol. 5 Ch. 49

(ဂိုဏ်းတူညီမလေးကျိအတွက် စပရိုက်)

Vol. 5 Ch. 49

“တူမလေးပိုင်၊ ဒါက ကျာကဲ သိုလှောင်ရုံပဲ။ ဒီထဲမှာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာ ထဲက ဂိုဏ်းထဲဝင်လာတဲ့သူတွေအားလုံးရဲ့ မှတ်တမ်းတွေရှိတယ်”

စီတန်းထားသော ကျယ်ဝန်းသည့် သိုလှောင်ရုံအရှေ့ကို ရောက်သည်နှင့် ယင်ချင်းယွမ်သည် ဝတ်ရုံထဲက ရွှေဖျော့ရောင် ပုတီးစေ့ကို ထုတ်ယူလိုက်သည်။ ထိုပုတီးစေ့ကို အသက်သွင်းလိုက်လေရာ၊ ကန့်သတ်အစီအရင် ချက်ချင်းပျက်ဆီးပြီး လူသွားလမ်းကြားတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ အကြီးအကဲ လုပ်စရာရှိတာ လုပ်လို့ရပါတယ်။ သမီးဘာသာ ရှာလိုက်မယ်”

ပိုင်ရှီရို့ ခေါင်းညိတ်ပြပြီးသည်နှင့် လေးလံသော သိုလှောင်ရုံတံခါးကိုဖွင့်ကာ အထဲဝင်လိုက်သည်။

(အိုး မဖြစ်ဘူး.မဖြစ်ဘူး)

သေးသွယ်သော နောက်ကျောပြင်ကို ကြည့်နေရင်း ယင်ချင်းယွမ်၏ မျက်နှာသည် ချက်ချင်း မဲမှောင်လာခဲ့သည်။

(မကောင်းတော့ဘူး)

(ဒီကလေးမက အမြဲတမ်း တဇွတ်ထိုးဆန်တယ်။ တစ်ခုခုသာရှာတွေ့သွားလို့ကတော့)

ယင်ချင်းယွမ် လျင်မြန်စွာဖြင့် သူ၏ ကိုယ်ပိုင်ဂူရှိရာသို့ လှည့်ထွက်သွားသည်။

ဂူရှိရာ ပြန်ရောက်သည်နှင့် အသက်တစ်ချက်ရှုသွင်းပြီး.အင်္ကျီလက်ခေါက်ကာ အကာအကွယ်အစီအရင်ကို အသက်သွင်းလိုက်သည်။ ထိုအစီအရင်က ကြီးမားသော လျှို့ဝှက်ချက်များကို ဖုံးကွယ်ပေးလိမ့်မည်။

စောင့်ကြည့်သူ မရှိစေရန် စစ်ဆေးအတည်ပြုပြီးသည်နှင့် ယင်ချင်းယွမ်က အိပ်ယာထောင့်တွင် ဖွက်ထားသော ငွေရောင်ပုံစံကွက်များ အပြည့်ပါသည့် ဆက်သွယ်ရေးမန္တန်စာရွက်ကို ထုတ်ယူပြီး စွမ်းအင်ပေါင်းထည့်လိုက်သည်။

မကြာခင်တွင် နက်ရှိုင်းပြီး အေးစက်သော အသံတစ်ခု ထွက်လာလေ၏။

“ ဘာကိစ္စလဲ”

ယင်ချင်းယွမ် တောင့်တင်းနေသော မျက်နှာထားဖြင့် လေးစားစွာ ဖြေလိုက်သည်။

“သခင့်ကိုတင်ပြပါတယ်။ သခင့်ရဲ့အမိန့်အတိုင်း ကျွန်တော် ကျိချန်အာကို စောင့်ကြည့်ထားခဲ့တယ်။ သူမက သုံးနှစ်လုံးလုံး ဆေးဥယျာဥ်မှာစောင့်ကြပ်နေပြီး တစ်ဖဝါးမှ မခွာခဲ့ပါဘူး”

“ သူမရဲ့ရည်ရွယ်ချက်က တိမ်ကြွေဂိုဏ်းကို သိမ်းပိုက်ဖို့မဟုတ်ဘဲ တစ်ခြားတစ်ခု ဖြစ်မယ်လို့ ယုံကြည်တယ်။ အဲ့ဒီဆေးဥယျာဥ်ထဲမှာ တစ်ခုခု ရှိနေနိုင်တယ်”

တစ်ဖက်က အသံသည် အနည်းငယ်.ရပ်တန့်သွားပြီးမှ စိတ်ဝင်စားမှုတစ်ချို့နှင့် ပြန်မေးလာသည်။

“ပြောတာမှန်တယ်။ ဂိုဏ်းတူညီမလေးကျိက သန့်စင်ဂိုဏ်းမှာ ရာထူးမြင့်တဲ့အတွက် ဘယ်သူ့မှ လူထင်တာမဟုတ်ဘူး။ သူ့လိုလူက ဝေးလံတဲ့နေရာမှာ သေးငယ်တဲ့အကျိုးအမြတ်အတွက် သုံးနှစ်လောက် အချိန်ဖြုန်းစရာ အကြောင်းမရှိဘူး”

“ ဂိုဏ်းတူညီမလေးရှာနေတဲ့အရာကို ဂိုဏ်းတူအကိုဖြစ်တဲ့ငါက ကူညီဖြေရှင်းပေးရမှာပေါ့။ ငါတို့ညီမလေးရဲ့ အချိန်ကိုဖြုန်းလို့ ဘယ်ဖြစ်မလဲ”

ယင်ချင်းယွမ် အနည်းငယ်.မျက်ခုံးတွန့်သွားကာ တွန့်ဆုတ်စွာ မေးလိုက်သည်။

“ သခင် ဘာကိုဆိုလိုချင်တာပါလဲ”

တစ်ဖက်မှ ခပ်ညစ်ညစ် ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး

“ ငါကိုယ်တိုင်လာပြီး ဂိုဏ်းတူညီမလေးကျိကို အံ့သြအောင်လုပ်ဖို့ စဥ်းစားထားတယ်”

ယင်ချင်းယွမ်တစ်ယောက် မျက်လုံးများ ဝင်းလက်သွားသည်။

“ အခု ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးပိုင်ရှီရို့က လူသစ်ခန့်အပ်ရေးခြံဝင်းမှာ မှတ်တမ်းတွေ ဝင်မွှေနေတယ်။ ကျိချန်အာနဲ့ပတ်သတ်လို့ ရှာတွေ့သွားရင် မလိုဘဲ ဒုက္ခများကုန်မှာ စိုးရတယ်”

တစ်ဖက်က ခဏမျှ တုံ့ဆိုင်းသွားပြီးမှ အေးစက်စွာ တုံ့ပြန်လိုက်သည်။

“တိမ်ကြွေဂိုဏ်းဆိုတာ ဘာမှမဟုတ်ဘူး။ ငါလက်တစ်ချက်ယမ်းပြီး.ဖျက်ဆီးလိုက်လို့တောင် ရတယ်။ ဘာတွေ ကြောက်နေတာလဲ”

ယင်ချင်းယွမ် အကြိမ်ကြိမ် ခေါင်းငြိမ့်လိုက်ရင်း

“သခင်ကြီးပြောတာ မှန်ပါတယ်”

“ ဒီအစေခံက.. လျှာသွက်သားဟ”

ထို့နောက်တွင် တစ်ဖက်သူက မဲ့ရွဲ့လိုက်ရင်း

“ ငါမကြာခင် လာခဲ့မယ်။ သေချာစောင့်ကြည့်ထားပြီး မူမမှန်တာတွေ့ရင် ချက်ချင်းတင်ပြ”

“ဟုတ်ကဲ့”

ယင်ချင်းယွမ် လေးစားစွာ ပြောလိုက်သည်။ ထိုမန္တန်စာရွက်ကိုဖယ်ပြီးမှသာ ယင်ချင်းယွမ်၏ မျက်နှာထက်၌ ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာလေရဲ့။

“ ကျိချန်အာ မင်းကိုယ်မင်း သန့်စင်ဂိုဏ်းက ရာထူးကြီးတဲ့သူဆိုပြီး ငါ့ကို လူမထင်ဘူးမလား”

“ ငါ့ကိုဂိုဏ်းခေါင်းဆောင်တင်ပေးမယ်သာ ပြောတာ၊ မင်းက ရိုးသားမှုတစ်စက်တောင် မရှိဘူး။ ကန်းချင်ယောင်ဆောင်၊ အ ချင်ယောင် ဆောင်ပြီး အဲ့ဆေးဥယျာဥ်ထဲက မထွက်ဘူး။ ငါ့သားနဲ့ငါ့ကို အသုံးချချင်နေတာပဲမင်းက”

“ မင်းကအေးစက်ပြီး ကျေးဇူးမသိတတ်တဲ့ ကောင်မပဲ။ နောက်ထပ်ကူညီပေးမဲ့သူရှာတာ ငါ့အပြစ်မဟုတ်ဘူး”

ယင်ချင်းယွမ်၏ မျက်လုံးအတွင်းတွင် အေးစက်မှုတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။ ဂူအပြင်ထွက်ပြီးသည်နှင့် အလင်းတန်းအဖြစ် ပြောင်းလဲကာ တာအိုခြံဝင်းဆီသို့ သွားလိုက်လေ၏။

အတွင်းခန်းမ၏ ကျောက်စိမ်းတစ်ထောင် တောင်ထိပ်တွင်..

ချီယွမ် ခပ်ဖြည်းဖြည်း မျက်လုံးဖွင့်လိုက်လေရာ၊ စူးရှသော အလင်းတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဓားအရှိန်အဝါများက ဖုံးလွှမ်းထားရင်း ကြောက်မက်ဖွယ် အရှိန်အဝါကို ဖော်ထုတ်နေသည်။

သူ၏စိတ်ဝိညာဥ်နယ်မြေအတွင်းရှိ ဖုန်းကွယ်ထားသော ရွှေရောင်ဓားပင် လျင်မြန်စွာ တုန်လှုပ်လာရင်း အသံ ထွက်နေသည်။

သူ၏ ကျင့်ကြံမှုသည် ရွှေအမြုတေနယ်ပယ်၏ ကန့်သတ်ချက်အထိ ရောက်ရှိလာပြီပင်။ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောချီစွမ်းအင်က ကန့်သတ်ချက်ကို ရောက်ရှိပြီးဖြစ်၍ ‘တိမ်ခွင်းဓားသိုင်းကျမ်း’ကို အာရုံစိုက်စေရင်း ဓားအရှိန်အဝါကို အားဖြည့်ကာ ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်ကိုလည်း မြင့်တင်နေသည်။

ထိုက်ရွှမ်းသန့်စင်နယ်မြေသို့ ဝင်ရောက်ပြီးပြီးချင်းမှာပဲ သူ့ထံတွင် ဓားသိုင်းလေ့ကျင့်ဖို့ အထူးသင့်တော်သော အသွင်ပြောင်း သတ္ထုဒြပ်စင်စွမ်းရည်ရှိ ကောင်းကင်သွေးကြောကို ပိုင်ဆိုင်ထားမှန်း ချီယွမ် သိခဲ့ရသည်။ ထို့ကြောင့် တိုက်ခိုက်မှုအခြေခံအဖြစ် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ အမြင့်ဆုံး အမွေအနှစ်များထဲမှ တစ်ခုဖြစ်သော 'တိမ်ခွင်ဓားသိုင်းကျမ်း’ ကို ရွေးချယ်ခဲ့သည်။

သို့သော်ငြား ထိုက်တန်သည့် ပြိုင်ဘက်ကို မတွေ့သေးသောကြောင့် ဓားထုတ်ဖို့အထိ မလိုအပ်သေးပါချေ။

ခြင်တစ်ကောင်ကို သတ်ဖို့ရန် အမြှောက်မလိုသည့်အတွက် ရှို့တကို တိုက်ခိုက်ရာတွင် ချီယွမ်က ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ သာမာန်မှော်ဓားတစ်ခုကိုသာ ထုတ်သုံးခဲ့တာပင်။

ကမ္ဘာပေါ်ရှိပစ္စည်းအမျိုးမျိုးကို အဆင့်လေးဆင့် ခွဲခြားလို့ရသည်….

အနိမ့်ဆုံးက မှော်လက်နက်ဖြစ်သည်။ စွမ်းအင်ကန့်သတ်ချက်ရှိပြီး အားနည်းသောကြောင့် လက်နက်၏ စွမ်းအင်ကိုသာ အသုံးပြုပြီး တိုက်ခိုက်လို့ရသည်။

မှော်လက်နက်ထက်မြင့်သော မှော်ရတနာကတော့ မိုးမြေကိုဆက်သွယ်နိုင်သည့်အတွက် မိုးမြေအစွမ်းကို အငှားသုံးရင်း တိုက်ခိုက်နိုင်သဖြင့် ပိုအင်အားကြီးသည်။

နောက်တစ်ဆင့်သည် စိတ်ဝိညာဥ်ရတနာပင်။ စိတ်ဝိညာဥ်ရတနာသည် သတိရှိကြပြီး ကိုယ့်ကိုယ်ကို အလိုအလျောက် ပြန်လည်ပြုပြင်တတ်ကြသည်။ သူတို့၏အစွမ်းက နှိုင်းယှဥ်လို့မရနိုင်ပေ။ စိတ်ဝိညာဥ်ရတနာများကို ထိပ်သီးဂိုဏ်းများတွင်သာ တွေ့ရတတ်ပြီး အရေးကြီးအခြေအနေမျိုးမဟုတ်လျှင် ထုတ်သုံးတာ ရှားပါးသည်ပင်။

အမြင့်ဆုံးဖြစ်သည့် အမတလက်နက်ကတော့ ဒဏ္ဍာရီထဲမှာသာ ရှိခဲ့ပြီး တစ်ခါမှ မထွက်ပေါ်ဖူးချေ။

ချီယွမ်၏ ကိုယ်တွင်းက ကိုယ်ပိုင်လက်နက်သည် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ အဆင့်မြင့် မှော်ရတနာတစ်ခုဖြစ်သည်။

အတွင်းစွမ်းအင် ထိန်းညှိပြီးသည်နှင့် ချီယွမ် အနည်းငယ်သန့်ရှင်းရေး လုပ်နေချိန်မှာပဲ ချဥ်းကပ်လာသူကို သတိထားမိသောကြောင့် တံခါးပေါက်ကို သွားလိုက်တော့သည်။

ရောက်ရှိလာသူကိုမြင်သည်နှင့် ချီယွမ် အံ့သြသွားလေကာ

“ဂိုဏ်းတူညီလေးလင်၊ ဘယ်လိုလုပ်ရောက်လာတာလဲ”

အလွန်စိတ်ပျော်နေဟန်ရသော လင်ကျန်းသည် ချီယွမ်ကို မြင်သည်နှင့် သိုလှောင်အိတ်ကို ယမ်းပြရင်း.အပြေးအလွှား ရှေ့တိုးလိုက်သည်။

“ အကိုချီ ကျွန်တော် ဝိညာဥ်ကျောက်တုံးတွေ ယူလာတယ်။ အကို့နေရာက ရှာရခက်လိုက်တာဗျာ။ ကျွန်တော်တစ်နေကုန် ရှာနေတာ အခုမှပဲတွေ့တော့တယ်”

“ ဘာဝိညာဥ်ကျောက်တုံးတွေလဲ”

ချီယွမ် အနည်းငယ် အံ့သြစွာ သိုလှောင်အိတ်ကို ယူပြီး နတ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ အထဲတွင် ဝိညာဥ်ကျောက်တုံး လေးထောင်ခန့် ရှိမည့်ပုံပင်။

လင်ကျန်း ရယ်မောလိုက်ကာ..

“အကိုချီ၊ ကျွန်တော်အကိုပြောတဲ့အတိုင်း အကို့ဘက်ကနေ လောင်းကြေးထပ်ခဲ့တာလေ။ ကျွန်တော့်မှာရှိတဲ့ ဝိညာဥ်ကျောက်တုံးတစ်ထောင်လုံး လောင်းလိုက်တာ ပြန်ရတာ တစ်သောင်းတောင်ဆိုတော့ အသားတင်အမြတ် ကိုးထောင်ရလိုက်တယ် ဟားဟား”

“ အကို့ကြောင့်သာမဟုတ်ရင် ကျွန်တော်ဒီလို မမြတ်ဘူး။ ဒါကြောင့်တစ်ဝက်ခွဲဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီထဲမှာ ဝိညာဥ်ကျောက်တုံး ၄၅၀၀ ထည့်ပေးထားတယ်”

ချီယွမ် လက်မခံမှာစိုးသောကြောင့် လင်ကျန်းက ထပ်မံဖြည့်စွက်ပြောဆိုလိုက်သည်။

“ အကိုချီ ဒါက သေးငယ်တဲ့ ကျွန်တော်ရဲ့လက်ဆောင်လေးပါ။ အကိုလက်ခံရမယ်နော်။ မဟုတ်ရင် ကျွန်တော် မျက်နှာပြရဲမှာမဟုတ်ဘူး”

“ဒါဆိုလဲ ကောင်းပါပြီ”

ချီယွမ် အတွေးမများတော့ဘဲ လက်ခံလိုက်တော့သည်။

(ကျန်တာတွေဖယ်ကြည့်ရင်တောင် ဒီကောင်လေးက စိတ်ဓာတ်တော့ကောင်းတယ်။ ကာရိုက်တာ တိုးတက်မှုနှေးပေမဲ့ ထူးခြားတဲ့ကာရိုက်တာပဲ)

ချီယွမ်လက်ခံလိုက်တာ မြင်မှသာ လင်ကျန်း ပြုံးရွှင်သွား၏။ ထို့နောက်တွင် သူ၏ မျက်နှာထားက တည်ငြိမ်သွားရင်း

“အကိုချီ့ကို လူတစ်ယောက်က စကားပြောချင်နေတယ်”

(ဘာ)

ချီယွမ်၏ မျက်နှာထားက အနည်းငယ် တောင့်တင်းသွားသော်ငြား လျင်မြန်စွာ ထိန်းညှိလိုက်ပြီး ချက်ချင်းသဘောတူလိုက်သည်။

“ရတယ်လေ ပြဿနာမရှိပါဘူး”

All Chapters