ကောင်းကင် ကျောက်တုံး
Vol. 1 Ch. 218
"ဖျောင်း ... ဖျောင်း ... ဖျောင်း"
မိန်းမစိုးအိုကြီး၏ သူ့မျက်နှာသူ လက်နှစ်ဖက်နှင့် ရိုက်နှက်သံများ ပေါ်ထွက်လာခဲ့သည်။ ကျန်းရီသည် မျက်မှောင်ကြုတ်၍ မြင်ကွင်းကို စောင့်ကြည့် နေခဲ့သည်။ သူ့စိတ်ထဲတွင်မူ လှောင်ပြောင် နေခဲ့သည်။ ဒါက ဘာအဓိပ္ပာယ်လဲ ... အင်အားကို ပြချင်တာလား ... အပျင်းပြေ ပြဇာတ်လား ...
ကျန်းရီသာ ရိုးရိုးအအ ငတုံးတစ်ယောက် ဖြစ်လျှင် ဤမြင်ကွင်းကို မြင်ပြီးသည်နှင့် အံ့အားတကြီး ဖြစ်သွားပေ လိမ့်မည်။ မင်းသမီး၏ သူ့အပေါ် အလေးအနက် ထားမှုကြောင့် မျက်ရည်ကျ လောက်သည်အထိ ခံစားလျှင်ပင် ခံစားသွား ရနိုင်သည်။ သို့သော် ကျန်းရီသည် အမြင်စူးရှရာ အကြံအစည်ကို ဖောက်ထွင်း၍ မြင်နေ ရလေသည်။ သခင်၏ ခွင့်ပြုချက် မရဘဲ အစေခံ တစ်ယောက်က နိုင်ငံအဆင့် ပြိုင်ပွဲ၏ ထိပ်ဆုံး အဆင့်ကို စကားပြောရဲ ပါမည်လော ... သူပုန်ကန်ချင် နေသည်ဟု ပြောရန်မှာ ပို၍ပင် မဖြစ်နိုင်သေးချေ။ မိုးပြာနဂါး အင်ပါယာဟူသော အမည် ကျန်နေသေး သော်လည်း တကယ်တမ်းတွင် နိုင်ငံကြီး ခြောက်ခု၏ ပုန်ကန်မှုကြောင့် အမှန်တကယ် အင်ပါယာဟု မပြောနိုင်တော့ပေ။
အင်ပါယာ မင်းသမီးသည် ကျန်းရီကို တစ်ချက်ကြည့် လိုက်ပြီး ကျန်းရီသည် မိန်းမစိုးကို ရပ်ခိုင်းရန် ပြောဆိုလာမည့်ပုံ မရှိသည်ကိုသာ တွေ့လိုက်ရသည်။ သူမမျက်နှာတွင် အံ့အားသင့်ဟန် တစ်စွန်းတစ်စ ပေါ်ထွက်လာပြီး အေးစက်စွာ ပြောလိုက်သည်။
"တော်လောက်ပြီ ... ထွက်သွားတော့ ... ကျန်တဲ့သူတွေ အားလုံးလည်း ထွက်သွားကြ ...”
"နားလည်ပါပြီ ...”
မိန်းမစိုးအိုကြီး နှစ်ယောက်သည် နောက်လှည့် ထွက်ခွာကြ၍ နန်းတွင်း အစေခံလေး များသည်လည်း တညီတညာတည်း ထွက်ခွာ သွားကြသည်။ ဤတစ်ခေါက်တွင် အံ့အားသင့် ဆွံ့အသွားရ သူမှာ ကျန်းရီ ဖြစ်လေသည်။ နန်းတော်ကြီးသည် ကျယ်ဝန်းလွန်း သော်လည်း ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် နှစ်ဦးတည်း အခန်း တစ်ခုတည်းတွင် အတူရှိနေရန် မသင့်တော်ပေ။
အင်ပါယာ မင်းသမီးသည် ဆုလာဘ်များ ပေးရန် ဤနေရာသို့ ရောက်လာခြင်း မဟုတ်ကြောင်း သေချာ သွားလေပြီ။ သူမသည် သူမ၏ ဂုဏ်သတင်း အကြောင်း တစ်ချက် မတွေးဘဲ အပျိုတော် လေးများကိုပင် ထွက်သွား ခိုင်းနေသည်။ သူမ ဘာတွေးနေ သနည်း ... ကျန်းရီသည် စိတ်ထဲမှ သတိထားနေရင်း စကားပြော လိုက်သည်။
"မင်းသမီး ... ဒီလိုက မကောင်းဘူး မဟုတ်လား ... အပြင်က တစ်ယောက်ယောက်သာ ဒီသတင်းကို ကြားရင် မင်းသမီးရဲ့ ဂုဏ်သတင်းကို ထိခိုက်နိုင်ပါတယ် ...”
"ကိစ္စမရှိပါဘူး" သူမရယ်မော လိုက်သည်။
မင်းသမီး လင်းရွှယ်သည် ဝတ်ရုံလက်စကို ဟန်ပါပါ ဝှေ့ယမ်းလိုက်သည်။ လက်အဝှေ့တွင် မွှေးရနံ့ သင်းသင်းက ထွက်ပေါ် လာခဲ့သည်။ သူမသည် အိမ်ရှင်ထိုင်ခုံသို့ လှမ်းသွားလိုက်ပြီး ထိုင်ကာ လက်ဖက်ရည် တစ်ခွက်ကို ကောက်ယူလိုက်သည်။ သူမသည် လက်ဖက်ရည်အား တစ်ငုံသောက် လိုက်ပြီးမှ စကားစလာခဲ့သည်။
"ဒီမှာ ကျွန်မတို့ နှစ်ယောက်ပဲ ရှိတာလေ၊ ဘယ်သူက ဒီသတင်းကို ဖြန့်မှာလဲ ... သခင်လေးကျန်းက အပြင်မှာ လျှောက်ပြောမှာ မို့လား ...”
"ဒီလို မဟုတ်ပါဘူး"
ကျန်းရီသည် ရှက်ရယ် ရယ်လိုက်ပြီး အသာချောင်းဟန့် လိုက်သည်။
"မင်းသမီးက ဒီဘာမဟုတ်တဲ့ ကျန်းရီကို ဘာကြောင့် လာရှာတာလဲ သိပါရစေ ... ကျွန်တော့်ကို နိုင်ငံအဆင့် ပြိုင်ပွဲရဲ့ ဆုလာဘ်တွေ လာပေးတာ များလား ...”
မင်းသမီး လင်းရွှယ်၏ လှပသော မျက်လုံးလေးများသည် တောက်ပလာကာ တည့်တည့်မကြည့် နိုင်လောက်ပင် ညှို့ငင် လာခဲ့သည်။ သူမသည် အဓိက အကြောင်းအရာကိုပင် တိုက်ရိုက်ပြောဆို လာခဲ့သည်။
"သခင်လေးကျန်း ... ဧကရာဇ်ရဲ့ ကိုယ်စား ရှင့်ကို သိမ်းသွင်းဖို့ ကျွန်မ ဒီကို ရောက်လာတာလို့ ပြောမယ်ဆိုရင် ရှင်ဘယ်လို ထင်မလဲ ...”
ကျန်းရီသည် မင်းသမီး လင်းရွှယ်၏ မျက်လုံးများအား ကြာရှည်မကြည့် နိုင်တော့သောကြောင့် အကြည့်လွှဲ လိုက်ရသည်။ သူမသည် စုလောရွှယ်ကဲ့သို့ အသက်ရှူ မှားလောက်အောင် လှနေခြင်း မဟုတ်ပေ။ သူမကိုယ်တွင် အမျိုးသားတို့၏ မျက်လုံးများကို ဆွဲဆောင်နိုင်သော အထူးစွမ်းရည် တစ်မျိုး ကိန်းအောင်းနေသည့် အလားပင်။ ထို့ပြင် တစ်ချက်ကြည့် လိုက်ရုံနှင့် အကြည့် မလွှဲနိုင်အောင် ဖြစ်စေနိုင် သလိုပင်။
"သိမ်းသွင်းတာ ...”
ကျန်းရီ မျှော်မှန်း ထားသလိုပင်။ မိုးပြာနဂါး အင်ပါယာ လုံးဝ ကွယ်ပျောက် မသွားချင်လျှင် သိုင်းသမားများကို အဆက်မပြတ် သိမ်းသွင်းရမည်။ သူတို့၏ ရန်သူများကို ပြိုင်ဘက်ကင်း သိုင်းသမားတို့၏ အစွမ်းအစကို မှီခို၍သာ ဟန့်တားထား နေရခြင်း ဖြစ်လေသည်။
ကျန်းရီ၏ ခန့်မှန်းမိ သည်မှာ အတိတ် တစ်ချိန်က နိုင်ငံခြောက်ခု၏ စစ်တပ်များ အင်ပါယာ မြို့တော်၏ နယ်မြေ အစွန်အဖျားသို့ ရောက်ရှိစဉ်က အလွန် အင်အားကြီးသော သိုင်းသမား တစ်ဦး၏ အရှိန်အဝါဖြင့် ဖိနှိပ်ခံရခြင်း ဖြစ်ပေလိမ့်မည်။ ကမ္ဘာပေါ်တွင် သတ်ဖြတ်ခြင်း ဧကရာဇ် ကဲ့သို့သော စစ်သည် တစ်သန်းပါသော စစ်တပ်အား တစ်ဦးတည်းနှင့် ရင်ဆိုင်နိုင်သော လူများ ရှိလေသည်။ ဧကရာဇ်တွင် ဧကရာဇ်အဆင့် သိုင်းသမား တစ်ဦး ရှိနေပါက စစ်တပ်ခြောက်ခု ပေါင်းလျှင်တောင် ထိုသူ သတ်ဖြတ်ရန် လောက်မည် မဟုတ်ပေ။
ကျန်းရီသည် ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း နိုင်ငံအဆင့် ပြိုင်ပွဲအတွင်း အားလုံးကို ဖိနှိပ်၍ ပထမနေရာကို ရခဲ့သည်။ သူမည်သို့ လုပ်ခဲ့သည် ဖြစ်စေ၊ သူလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ကျန်းရီထင်ထား သလို ဧကရာဇ်သည် သူ့ကို သိမ်းသွင်းရန် ကြိုးစားခဲ့သည်။
ကျန်းရီ သိမ်းသွင်းခံ လိုက်ရမည်လား ...
ထိုအရာသည် အနည်းဆုံး သူအချိန်တို အတွင်း ဆုံးဖြတ်နိုင်သည့် အရာ မဟုတ်ပေ။ သူသည် တစ်ခဏ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။
"မင်းသမီး၊ ကျွန်တော့်လို ဘာမဟုတ်တဲ့ သူကို အရေးပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ... ကျွန်တော် ဒီကိစ္စကို မဆုံးဖြတ် ရသေးပါဘူး၊ ကျွန်တော် အင်အားကြီး အဖွဲ့တစ်ခုခုနဲ့ ပူးပေါင်းမယ် ဆိုရင် မင်းသမီးရဲ့ ကမ်းလှမ်းချက်ကို ဦးစားပေး စဉ်းစားပါ့မယ်"
"ကောင်းပြီ ...”
ကျန်းရီ၏ အဖြေသည် မင်းသမီးလင်းရွှယ် ထင်ထားသလိုပင်။ သူမသည် ခေါင်းအသာ ညိတ်ကာ ပြောလိုက်သည်။
"လင်းရွှယ် ပြောချင်သေးတာက သခင်လေးကျန်းသာ အင်ပါယာ အတွက် အမှုထမ်းပေးမယ် ဆိုရင် ကျွန်မတို့က သခင်လေးကျန်း ပြိုင်ဘက်ကင်း သိုင်းသမား တစ်ယောက် ဖြစ်လာတဲ့ အထိ အားလုံးထောက်ပံ့ ပေးမှာပါ၊ ချမ်းသာ ကြွယ်ဝမှုနဲ့ အဆင့်အတန်း မပြောနဲ့ ... အင်ပါယာရဲ့ ကြင်ရာတော် မင်းသားတောင် ဖြစ်နိုင်ပါတယ်"
"ကြင်ရာတော် မင်းသား ...”
ကျန်းရီ ပြုံးလိုက်ပြီး မင်းသမီး လင်းရွှယ်ကို ကြည့်ကာ မေးလိုက်သည်။
"မင်းသမီးလင်းရွှယ် အတွက် ကြင်ရာတော် မင်းသားလား ...”
မင်းသမီး လင်းရွှယ်သည် မတ်တတ်ရပ်၍ ငွေဆည်းလည်းသံလေး ကဲ့သို့သော ရယ်သံ တစ်ချက်ပြုကာ လျှောက်လှမ်း သွားခဲ့သည်။ တံခါးဝသို့ ရောက်သော် သူမသည် ပြန်လှည့်လာပြီး ချိုသာစွာ ပြုံးပြလာသည်။
"လင်းရွှယ်ရဲ့ အမျိုးသား ဖြစ်လာမလာက သခင်လေးကျန်းရဲ့ အစွမ်းအစ ပေါ်မှာ မူတည်ပါတယ်၊ လင်းရွှယ်ကို ပိုးပန်းနေတဲ့ ဂုဏ်သရေရှိ သခင်လေးတွေ အများကြီးပဲ ... သခင်လေးကျန်း ကြိုးစားပါ ...”
မိန်းမလှလေး ထွက်ခွာ သွားသော်လည်း အခန်းလေးသည် သူမ၏ ကိုယ်သင်းနံ့များ မွှေးပျံ့ ကျန်ရစ်သည်။ ထိုမင်းသမီးသည် အခြား သခင်လေး ကိုးယောက်ကိုလည်း သွားရှာဦးမည်ကို သိနေသည့် အတွက် ကျန်းရီသည် ရယ်စရာ ကောင်းသည်ဟု ခံစားလိုက်ရ၍ ခေါင်းယမ်းလိုက်သည်။ သူမသည် သူတို့ တစ်ယောက်ချင်းစီအား စကားပြော၍ အင်ပါယာ အတွက် အမှုထမ်းခိုင်း လိမ့်မည်။ သူတို့အားလည်း ကြင်ရာတော် မင်းသား ဖြစ်လာနိုင်ရန် အခွင့်အရေး ရှိသည်ဟု ပြောလိမ့်မည်။
ကျန်းရီသည် ထိုသို့သော ဂိုဏ်းကြီးများ၏ သခင်မလေးများ၊ မင်းသမီးများ၏ ရှေ့ရေးကို သိထားလေသည်။ သူတို့၏ အဆင့်အတန်းနှင့် ရုပ်ရည် သွင်ပြင်တို့သည် ငြိမ်းချမ်းရေး အတွက် လက်ထပ်ခြင်းနှင့် လက်ထပ်ခြင်းကို အကြောင်းပြ၍ အဖွဲ့ဝင်သစ်များ စုဆောင်းခြင်း တွင်သာ အသုံးချရသည်။ ထိုကဲ့သို့ မိန်းမများ မည်မျှပင် လှပနေပါစေ ကျန်းရီ၏ မျက်လုံးထဲတွင် အရိုးစု တစ်ခုထက်ပို၍ မမြင်ပေ။ အပြန်အလှန် ခံစားချက်များ မရှိသော လက်ထပ်ခြင်း တစ်ခုသည် ဘာလုပ်ရ မည်နည်း ...
အခန်းငယ်လေး ထဲတွင် နှစ်နာရီကျော် ကြာအောင် ထိုင်နေပြီး နောက်တွင်တော့ စားသောက်ပွဲ အခမ်းအနား စတင် တော့ပေမည်။
စားသောက်ပွဲ အခမ်းအနားကို ညီလာခံ ခန်းမအတွင်း ကျင်းပ၍ အင်ပါယာ၏ အရေးပါသော လူများသာ တက်ရောက် ကြလေသည်။ သို့သော်လည်း တစ်ယောက်ကိုမှ ကျန်းရီ မသိပေ။ ဧကရာဇ်သည် အင်ပါယာ မင်းသားများနှင့် အင်ပါယာ မိသားစုဝင်များကို တက်ရောက်ရန် စေလွှတ်ခြင်း မရှိခဲ့ပေ။ မင်းသမီး လင်းရွှယ်ကသာ သခင်လေးများကို ရည်ရွယ်ချက် ရှိရှိ ပြုံးရွှင်စွာ စကားပြော ဧည့်ခံနေ လေသည်။
မင်းသမီး လင်းရွှယ်သည် ကျန်းရီမှလွဲ၍ ကျန်သခင်လေး ကိုးယောက်လုံးအား ဆွဲဆောင်နိုင်စွမ်း ရှိလေသည်။ တကယ်တမ်းတွင်တော့ ထိုသခင်လေးများသည် သူမကို အမှန်တကယ် လေးစား မြတ်နိုးသည်လော၊ ဟန်လုပ် နေခြင်းလော ... ဘယ်သူမှ သိနိုင်မည် မဟုတ်ပေ။
ကျန်းရီသည် တစ်ယောက်တည်း နှုတ်ဆိတ်၍ ထိုင်နေခဲ့သည်။ သူ့အား တစ်ယောက်ယောက်မှ အရက်ခွက် ကမ်းပေးလာ တိုင်းတွင် သူသည် တစ်ခွက်လုံးအား တစ်ကျိုက်တည်း မော့ချပေ လိမ့်မည်။ သူသည် ဘဝကို မည်သို့ ကုန်ဆုံးရမှန်း မသိသည့်နှယ် ပြုမူနေလေသည်။
အင်ပါယာ အရာရှိများ၊ မှူးမတ်များသည် ကျန်းရီကို ဂုဏ်ပြုကြသော်လည်း ကျန်းရီ ငြိမ်၍သာ နေကြောင်း မြင်ရသောအခါ သူ့အား သီးသန့်နေခွင့် ပြုလိုက်ကြ လေသည်။ အခြား သခင်လေးများကမူ ကျန်းရီအား မနှစ်မြို့ကြသည့် အပြင် သူတံဆိပ်ပြားများ ဘယ်လို ရရှိခဲ့သနည်းဟု သံသယပင် ဝင်နေကြသောကြောင့် သူနှင့် စကားစမြည် ပြောဆိုခြင်း မရှိကြပေ။
"ဒါဆိုရင် နိုင်ငံအဆင့် ပြိုင်ပွဲအတွက် ဆုတွေကို ဧကရာဇ်ကိုယ်စား လင်းရွှယ်က ချီးမြှင့်ပေးပါ့မယ်၊ အားလုံးက ကြိုးစားကြပြီး ပြိုင်ဘက်ကင်း သိုင်းသမားတွေ ဖြစ်လာမယ်လို့ ကျွန်မ မျှော်လင့်ပါတယ် "
မင်းသမီးလင်းရွှယ် ထရပ်၍ ပြောလိုက်ချိန်တွင် ကျန်းရီ၏ ဝိုင်ငုံ့သောက်နေသော ခေါင်းသည် မော့လာခဲ့ လေသည်။ ကျန်သခင်လေးများ၏ မျက်လုံးများ ထဲတွင်လည်း စိတ်ပါဝင်စားသည့် အရိပ်အယောင်များ ပေါ်ထွက် လာခဲ့သည်။ ပထမအဆင့်အတွက် သူတော်စင် အဆင့် လက်နက်မှ တစ်ပါး ကျန်ဆုလာဘ်များကို မကြေညာ ရသေးပေ။ ယခု အရေးကြီးသော အချိန်သို့ ရောက်လာခဲ့လေပြီ။
"ဒသမအဆင့် ကနေ စတုတ္ထအဆင့် ထိကို ကောင်းကင်အဆင့် လက်နက် တစ်ခုစီ ချီးမြှင့်မှာပါ ... သခင်လေးတို့ လာပြီး ဆုလာဘ်တွေကို လက်ခံပေးပါ"
မင်းသမီးလင်းရွှယ်၏ လက်ဟန်ပြခြင်း အပြီးတွင် အလျားမတူသော သေတ္တာ အသီးသီးကို ကိုင်ဆောင်ထားသည့် အပျိုတော်လေးများ ထွက်လာ ကြလေသည်။ သခင်လေးများ အားလုံး၏ မျက်နှာထက်တွင် အပြုံးကိုယ်စီ ထွက်ပေါ် လာကြလေသည်။ စတုတ္ထ အဆင့်ပင်လျှင် ကောင်းကင်အဆင့် လက်နက်တစ်ခုစီ ရမည်ဖြစ်ရာ သူတို့ဆုများသည် ပို၍ တန်ဖိုးကြီးဖွယ် ရာသာ ရှိသောကြောင့် တောက်ကျန့်နှင့် ယင်းသောက်တို့ နှစ်ယောက်လုံး အံ့သြပျော်ရွှင် နေကြသည်။ အင်ပါယာ မိသားစုသည် အမှန်တကယ် ရက်ရောလှသည်။
"မင်းသမီးကို ကျေးဇူးအများကြီး တင်ပါတယ် ... ဧကရာဇ်ကိုလည်း ကျေးဇူးအထူး တင်ပါတယ်"
သခင်လေး ခုနစ်ယောက်သည် ကောင်းကင်အဆင့် ရတနာ တစ်ခုစီကို လက်ခံ လိုက်ကြပြီး နေရာ အသီးသီးဆီသို့ ပြုံးရွှင်စွာ ပြန်လာကြသည်။ မင်းသမီး လင်းရွှယ်သည် ယင်းသောက်ကို ကြည့်ကာ ပြုံးပြလိုက်သည်။
"တတိယအဆင့် ရတဲ့ သခင်လေး ယင်းသောက်ကို ကောင်းကင်အဆင့် လက်နက် တစ်ခုနဲ့ ကောင်းကင်ကျောက်တုံး တစ်ခု ချီးမြှင့်ပါမယ်"
တောက်ကျန့်နှင့် ယင်းသောက်သည် 'ကောင်းကင်ကျောက်တုံး'ဟူသော စကားလုံးကို ကြားသောအခါ ဆတ်ခနဲ ဖြစ်သွားကြသည်။ အထူးသဖြင့် ယင်းသောက်သည် ချက်ချင်း ထရပ်ကာ ဒူးထောက် ထိုင်ချ၍ ကျေးဇူးတင်စကား အကျယ်ကြီး ပြောကြားလိုက်သည်။
"မင်းသမီးကို ကျေးဇူးတင်ပါတယ် ... ဧကရာဇ်ရဲ့ ကြင်နာမှု အတွက်လည်း ကျေးဇူးတင်ပါတယ်"
ကောင်းကင်ကျောက်တုံးက ဘာလဲ ... ဘာလို့ ယင်းသောက်က အရမ်း စိတ်လှုပ်ရှား နေတာလဲ ...
ကျန်းရီ အကဲခတ် လိုက်သော် အပျိုတော်လေး တစ်ယောက်သည် သေတ္တာရှည် တစ်ခုနှင့် ကျောက်တုံး သေတ္တာတစ်လုံး သယ်ဆောင် လာသည်အား တွေ့လိုက် ရလေသည်။ သူ တစ်ယောက်ယောက်အား မေးကြည့်ချင်ပါသော်လည်း ယင်းသောက်မှတစ်ပါး သူနှင့် ရင်းနှီးသူ တစ်ယောက်မှ မရှိသည်ကို သတိရ သွားခဲ့သည်။ ယင်းသောက်သည် ဆုကို ရယူပြီးသော် မထီတထီ အပြုံးနှင့် ပြန်လာခဲ့သည်။ ကျန်းရီ ယင်းသောက်ကို ယခု မေးလိုက်လျှင် အဖြေရမည့်ပုံ မပေါ်ချေ။
"သခင်လေးတောက်ကျန့်၊ ကောင်းကင်အဆင့် ရတနာတစ်ခုနဲ့ ကောင်းကင်ကျောက်တုံး သုံးတုံး"
မင်းသမီး လင်းရွှယ်သည် ဆုများကို ဆက်လက်ချီးမြှင့် လိုက်သောအခါ တောက်ကျန့်၏ မျက်နှာ ထက်တွင်လည်း အမြင်ကပ်ဖွယ် အပြုံးတစ်ခု ရှိနေခဲ့ပြန်သည်။ အခြား ခုနစ်ယောက်သည် ကျောက်စိမ်း သေတ္တာကို အရည်ဖျော်ပစ် နိုင်လောက်သည့် မျက်လုံးကြီးများနှင့် မနာလိုစွာ စိုက်ကြည့် နေကြလေသည်။
"သခင်လေးကျန်းရီ ... ရှင်က နိုင်ငံအဆင့် ပြိုင်ပွဲရဲ့ ပထမအဆင့် ဆိုတော့ ရှင့်ကို သူတော်စင်အဆင့် လက်နက် မီးနဂါးဓား၊ ရှေးဟောင်း နတ်ဘုရားလက်စွပ် တစ်ကွင်းနဲ့ ကောင်းကင်ကျောက်တုံး ငါးတုံး ချီးမြှင့်ပါ့မယ်"
မင်းသမီးလင်းရွှယ် နောက်ဆုံး ဆုလာဘ်အား ကြေညာ လိုက်သောအခါ ခန်းမတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ လူတိုင်းသည် ကျန်းရီကို လေးစားသော၊ အားကျသော၊ မနာလိုသော မျက်လုံးများနှင့် အရှင်လတ်လတ် ဝါးစားတော့မတတ် စိုက်ကြည့် နေကြလေသည်။
***