ထျန်းယုမျိုးနွယ်ဘိုးဘေး၏ ဒေါသ...
Vol. 52 Ch. 762
" ငါ အခု မူလစိတ်ဝိညာဉ်ဖြစ်နေတာ စိတ်မကောင်းစရာပဲ။ မူလခန္ဓာကိုယ်နဲ့သာဆို ဒီလက်သီးချက်က ထျန်းယုမျိုးနွယ်ရဲ့ ဘိုးဘေးကို အနည်းဆုံး ဒဏ်ရာရသွားစေနိုင်တယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
သူ၏ မူလခန္ဓာကိုယ်နှင့် ယှဉ်လျှင် ထိုက်ယန်မူလစိတ်ဝိညာဉ်က များစွာ နိမ့်ကျသည်။ သူ၏ မူလခန္ဓာကိုယ်မှ အတွင်းကမ္ဘာက အလင်းနှစ် ဆယ့်တစ်နှစ် ရှိသော်လည်း ထိုက်ယန်မူလစိတ်ဝိညာဉ်၏ အတွင်းကမ္ဘာက အလင်းနှစ် တစ်နှစ်သာရှိသည်။
အတွင်းကမ္ဘာများ ကွာခြားမှုတစ်တည်းကပင် ချောက်ကမ်းပါးတစ်ခုကဲ့သို့ ဖြစ်နေသည်။ အချိန်လေဟာနယ် သတ္တမအဆင့်နှင့် ဖရိုဖရဲနိယာမ၏ ထောက်ပံ့မှုသာ မရှိလျှင် သူ၏ စွမ်းအားအားလုံးကို ထုတ်သုံးလျှင်တောင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို နောက်ဆုတ်စေနိုင်မည်မဟုတ်ပေ။
" ဘာလဲဟ။ "
" လင်းယွမ်ရဲ့ လက်သီးချက်က ထျန်းယုမျိုးနွယ်က အဘိုးကြီးကို နောက်ဆုတ်စေခဲ့တာလား။ "
ကြီးမြတ်သူရွှမ်ယွမ်က အနည်းငယ် အံ့ဩသွားသည်။ သူကလည်း လင်းယွမ်၏ မူလခန္ဓာကိုယ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ရှိနေကြောင်း သိထားပြီး ထိုနေရာတွင် ရှိနေသည်မှာ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။ ကိုယ်ပွားတစ်ခုက ရတနာများ အသုံးပြုခြင်းမရှိဘဲ အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်ကို နောက်ဆုတ်စေခဲ့သည်။
လင်းယွမ်က အလွှာဆယ့်တစ်သာ ရှိသေးပြီး သူ၏ အတွင်းကမ္ဘာနှင့် အသက်အဆင့်တို့က အလွှာဆယ့်နှစ် ကြီးမြတ်သူနှင့် များစွာ ကွာခြားလှသည်။ သို့သော် သူက ကိုယ်ပိုင်စွမ်းအားနှင့် အလွှာဆယ့်နှစ် ကြီးမြတ်သူအဆင့်တိုက်ခိုက်မှုကို ထုတ်လွှတ်ခဲ့သည်။
" သူ့ရဲ့ နိယာမတွေအပေါ် နားလည်မှုက မြင့်မားပြီး အချိန်လေဟာနယ်က ဆဋ္ဌမအဆင့် ဒါမှမဟုတ် သတ္တမအဆင့်ကို ရောက်နေရင်တောင် အလွှာဆယ့်တစ်က အလွှာဆယ့်နှစ်ကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်တာလဲ။ " ကြီးမြတ်သူရှချင်က မယုံကြည်နိုင်ဖြစ်နေသည်။
ကပ်ဘေးမျိုးနွယ်ရှိ သစ်သားအိမ်လေးတစ်လုံးရှေ့တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူက ထိုင်နေပြီး ကြီးမြတ်သူဆယ်ယောက်ကျော်က လင်းယွမ်ကို ဝန်းရံထားသော မြင်ကွင်းတစ်ခု ပေါ်လာသည်။
" အထင်ကြီးစရာပဲ။ " သစ်သားအိမ်အပြင်ဘက်ရှိ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူက ရေရွတ်လိုက်သည်။
လင်းယွမ်က ထျန်းယုမျိုးနွယ်၏ ဘိုးဘေးအား လက်သီးဖြင့် ထိုးလိုက်သည်ကို သူက မြင်လိုက်ရပြီး ထိုလက်သီးချက်တွင် ပါဝင်သော ကြောက်မက်ဖွယ်ရာကောင်းသည့် နိယာမလှိုင်းများကို ခံစားလိုက်ရသည်။
" ကိုယ်ပွားတစ်ခုက အလွှာဆယ့်နှစ် စွမ်းအားကို ထုတ်လွှတ်နိုင်တာလား။ " သစ်သားအိမ်အတွင်းမှ အံ့အားသင့်သော အသံတစ်ခု ထွက်ပေါ်လာသည်။
" မကြာသေးခင်က ဒီနေရာကို စူးစမ်းခဲ့တဲ့သူက နဂါးငွေ့တန်းကြယ်သခင် ဖြစ်လိမ့်မယ်။ " အပြင်မှ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူက ရေရွတ်လိုက်သည်။
လင်းယွမ်က ထိုလက်သီးချက်ကို မည်သို့ထိုးခဲ့သည်ကို သူ မသိသော်လည်း ပါဝင်သော အချိန်လေဟာနယ် နားလည်မှုက သူ့ထက် ကျော်လွန်နေသည်။ ထိုအခြေအနေတွင် သူတို့်ကို ထောက်လှမ်းခဲ့သော အကြည့်ကို စဉ်းစားကြည့်လျှင် နဂါးငွေ့တန်းကြယ်သခင် အမှန်ပင် ဖြစ်နိုင်သည်။
" ငါတို့ ကပ်ဘေးမျိုးနွယ်က စကြာဝဠာခေတ်တွေအပြင် စကြာဝဠာပျက်ဆီးခြင်းကို ဖြတ်ကျော်ခဲ့ပြီး ပါရမီရှင်အများကြီးကို မြင်တွေ့ဖူးပေမယ့် နဂါးငွေ့တန်းကြယ်သခင်ကရော။ " အပြင်ဘက်မှ ကြီးမြတ်သူက ကြောက်ရွံ့မှုအနည်းငယ်ဖြင့် ပြောလိုက်သည်။
အခြားအထွတ်အထိပ်မျိုးနွယ်များက ကပ်ဘေးမျိုးနွယ်ကို နောက်ဆုံး စကြာဝဠာခေတ်မှ ဆင်းသက်လာသည်ဟု ထင်ကြသော်လည်း ကပ်ဘေးမျိုးနွယ်၏ သမိုင်းက စကြာဝဠာခေတ်တစ်ခုထက် ကျော်လွန်သည်။ စကြာဝဠာခေတ်များစွာတွင် ကပ်ဘေးမျိုးနွယ်က တည်ရှိခဲ့သော်လည်း ကြီးမားသော စကြာဝဠာပျက်ဆီးခြင်းက သူတို့နှင့် ပက်သက်သော အချက်အလက်များစွာကို ဖျက်ဆီးခဲ့ပြီး နောက်ဆုံးစကြာဝဠာခေတ်မှ အပိုင်းအစများသာ ကျန်နေခဲ့သည်။
ထိုစကြာဝဠာခေတ်အားလုံးတွင် ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က မရေတွက်နိုင်သော ပါရမီရှင်များကို မြင်တွေ့ခဲ့ရသည်။ စကြဝဠာပျက်ဆီးခြင်းမတိုင်မီ လမ်းစဉ်ခွဲထွက်ခြင်အဆင့် အထွတ်အထိပ်သို့ တက်လှမ်းခဲ့သော ပါရမီရှင်များပင် နဂါငွေ့တန်းကြယ်သခင်နှင့် နှိုင်းယှဉ်ရန် အရည်အချင်း မပြည့်မီကြပေ။
" ကံကောင်းတာက နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်မယ့် အစီအစဉ်ကို မင်းဝင်မပါခဲ့ဘူး။ " သစ်သားအိမ်ထဲမှ အသံထွက်ပေါ်လာသည်။
နဂါးငွေ့တန်းကြယ်သခင်၏ လက်ရှိခွန်အားကို ကြည့်လျှင် ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက် လှုပ်ရှားခဲ့လျှင်တောင် အများဆုံး နဂါးငွေ့တန်းကြယ်သခင်ကို သတ်နိုင်ရုံသာ ဖြစ်ပေလိမ့်မည်။ နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်သို့ မတက်လှမ်းမီကပင် အလွှာဆယ့်နှစ် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့ပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ခဲ့လျှင် နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားကို စဉ်းစားကြည့်နိုင်သည်။
ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူများက အစတွင် နဂါးငွေ့တန်းကြယ်သခင်ကို အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် စကြာဝဠာခေတ်မကုန်ဆုံးမီ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းခဲ့သည်။
သို့သော် ယခု စကြာဝဠာခေတ်အဆုံးထိ ဘာလို့ကြာနေမှာလဲ။ နဂါးငွေ့တန်းကြယ်သခင်က အမြင့်ဆုံးခုန်ပျံကျော်လွှားခြင်းကို ပြုလုပ်ပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် ဤစကြာဝဠာတွင် ဘယ်သူက နဂါးငွေ့တန်းကြယ်သခင်ကို ယှဉ်နိုင်မှာလဲ။
" အဲ့ဒီအချိန်က နဂါးငွေ့တန်းကြယ်သခင်က သူ့ရဲ့ ခွန်အားကို ဖုံးကွယ်ထားတာထင်တယ်။ မင်းရဲ့ အလိုလိုအသိစိတ်က စကြာဝဠာခေတ်တွေတစ်လျှောက် အမြဲတမ်း မှန်ခဲ့ပါတယ်။ " အပြင်မှ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူက ပြောလိုက်သည်။
ဝန်းရံတိုက်ခိုက်မှုက သက်ရောက်မှုမရှိလျှင် ပါဝင်ခဲ့သော အလွှာဆယ့်နှစ် ကြီးမြတ်သူများက နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်နှစ်သို့ တက်လှမ်းချိန်တွင် သူတို့၏ လုပ်ရပ်ကို တာဝန်ယူရပေလိမ့်မည်။ ကပ်ဘေးမျိုးနွယ်၏ အခြေခံဖြင့် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် သက်ရှိများ၏ လက်တုန့်ပြန်မှုကို မကြောက်ရွံ့သော်လည်း ၎င်းက စိတ်အနှောက်အယှက် ဖြစ်စရာကောင်းလှသည်။
စကြာဝဠာအတွင်းရှိ အလွှာဆယ့်တစ် အင်အားကြီးသူများကလည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိကြသည်။
" ဒါ ဒါက အလွှာဆယ့်နှစ် ကြီးမြတ်သူတွေရဲ့ တိုက်ခိုက်မှုလား..."
" အလွှာဆယ်နှစ် ကြီးမြတ်သူတွေမှာ ဘယ်သူတွေ တိုက်ခိုက်နေကြတာလဲ။ "
" ဘုရားရေ အလွှာဆယ့်နှစ် ကြီးမြတ်သူတွေ လှုပ်ရှားခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ။ "
အလွှာဆယ့်တစ် အင်အားကြီးသူများက ထိတ်လန့်သွားကြသည်။ သူတို့က တိကျသော မြင်ကွင်းကို မမြင်နိုင်သော်လည်း တိုက်ပွဲ၏ သက်ရောက်မှုနှင့် ဖြစ်ပေါ်လာသော အချိန်လေဟာနယ်လှိုင်းများမှတစ်ဆင့် အလွှာဆယ့်နှစ် ကြီးမြတ်သူများ တိုက်ခိုက်နေကြသည်ကို သိနိုင်သည်။
သူတို့က အမှန်တကယ် ကြောက်ရွံ့ခြင်းမရှိကြပေ။ သူတို့၏ မျိုးနွယ်များတွင်လည်း ကြီးမြတ်သူများ ရှိသောကြောင့် ခြိမ်းခြောက်မှုမရှိပေ။
သို့သော် အားနည်းသော မျိုးနွယ်များက ထိတ်လန့်နေကြသည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ တိုက်ခိုက်မှုက စကြာဝဠာလျို့ဝှက်နယ်မြေများစွာကို ဖျက်ဆီးနိုင်ပြီး ကံမကောင်းလျှင် သူတို့၏ မျိုးနွယ်များက မျိုးသုဉ်းခြင်းကို ရင်ဆိုင်ရနိုင်သည်။
ယခင် စကြာဝဠာထဲသို့ မရေတွက်နိုင်သော ရတနာများ ကျဆင်းလာခဲ့ပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ တိုက်ခိုက်မှုကြောင့် စကြာဝဠာတစ်လျှောက်လုံး သက်ရှိများ အစုလိုက်အပြုံလိုက် သေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအဖြစ်အပျက်ပြီးနောက် လူသားမျိုးနွယ်ကလည်း တိုးတက်မည့် အခွင့်အရေးကို ရရှိခဲ့သည်။ ယခုအခါ အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ ရုတ်တရက် တိုက်ခိုက်မှုက အလွှာဆယ့်တစ်အင်အားကြီးသူများစွာကို ထိတ်လန့်စေခဲ့သည်။
အချိန်လေဟာနယ်တွင်းနက်၏ ရှေ့တွင် ထျန်းယုမျိုးနွယ်ဘိုးဘေး၏ မျက်နှာက မဲမှောင်နေသည်။ နဂါးငွေ့တန်းကြယ်သခင်၏ လက်သီးချက်က အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများကို အံ့ဩစေခဲ့သော်လည်း သူ့အတွက် ကြီးမားသော အရှက်ရမှုဖြစ်သည်။
နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ် တိုက်ခိုက်ရေးစွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားသော်လည်း နောက်ဆုံးတွင် သူက အလွှာဆယ့်တစ်သာ ဖြစ်သည်။ ယနေ့နောက်ပိုင်း နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားကို ဖော်ပြသည့်အချိန်တိုင်း သူ့အတွက် အရှက်ရစရာဖြစ်နေပေလိမ့်မည်။
" ကောင်းတယ်။ နဂါးငွေ့တန်းကြယ်သခင် မင်းက ငါ့ကို တကယ်ဒေါသထွက်စေခဲ့ပြီ။ " ထျန်းယုမျိုးနွယ် ဘိုးဘေး၏ အော်ရာက လျင်မြန်စွာ မြင့်တက်လာပြီး သူ၏ စိတ်စွမ်းအားကလည်း စုစည်းလာသည်။
နဂါးငွေ့တန်းကြယ်သခင်၏ စိတ်စွမ်းအားတိုက်ခိုက်ခြင်းက ထူးဆန်းသော်လည်း သူပြင်ဆင်ထားလျှင် ခြိမ်းခြောက်မှု လျော့နည်းသွားပေလိမ့်မည်။ အနည်းဆုံးတော့ သူ၏ စိတ်စွမ်းအားက ထိန်းချုပ်ခံရမည်မဟုတ်တော့ပေ။
နဂါးငွေ့တန်းကြယ်သခင်၏ တိုက်ခိုက်ရေးစွမ်းအားက အလွှာဆယ့်နှစ်သို့ ရောက်နေသော်လည်း ၎င်းက အလွှာဆယ့်နှစ် သတ်မှတ်ချက်သာ ဖြစ်သည်။ သူက အလွှာဆယ့်နှစ်တွင် နှစ်သန်းပေါင်းများစွာ ရှိနေပြီး အစွမ်းကုန်တိုက်ခိုက်လျှင် နဂါးငွေ့တန်းကြယ်သခင်က ခုခံနိုင်မည်မဟုတ်ပေ။
နဂါးငွေ့တန်းကြယ်သခင်၏ ကိုယ်ပွားကို သတ်နိုင်ခဲ့လျှင် အနည်းဆုံးတော့ သူ၏ ကိုယ်ပွားကို အနည်းငယ် အဖတ်ဆယ်နိုင်ပေလိမ့်မည်။ သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို ဝန်းရံခဲ့သောကြောင့် မည်သို့ပင်ဖြစ်စေ အနာဂတ်တွင် နဂါးငွေ့တန်းကြယ်သခင်၏ လက်တုန့်ပြန်မှုကို သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။
" ထျန်းယုချန်က တကယ်ဒေါသထွက်သွားပြီ။ "
" ငါသာ သူ့နေရာမှာဆိုရင် အဲ့လိုပဲ ခံစားရလိမ့်မယ်။ "
ပတ်ဝန်းကျင်ရှိ အလွှာဆယ့်နှစ် ကြီးမြတ်သူများက အခြေအနေကို အံ့ဩခြင်းမရှိကြပေ။ ထျန်းယုမျိုးနွယ် ဘိုးဘေး၏ နေရာတွင် မည်သူမဆို ဒေါသထွက်ပေလိမ့်မည်။
" ဒီတစ်ခါတော့ တကယ်အရှက်ကွဲတာပဲ။ "
" ဘယ်လိုပဲဖြစ်ဖြစ် နဂါးငွေ့တန်းကြယ်သခင်ရဲ့ ဒီကိုယ်ပွားကတော့ သေရမယ်။ "
" ထျန်းယုချန်ကို လှုပ်ရှားခိုင်းလိုက်။ လူသားမျိုးနွယ်ရဲ့ ကြီးမြတ်သူကိုးယောက်လာနေပြီ။ ငါတို့ သူတို့ကို တားဆီးရမယ်။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက အချင်းချင်း ဆက်သွယ်လိုက်ကြပြီး ယခု သူတို့၏ ရည်ရွယ်ချက်မှာ နဂါးငွေ့တန်းကြယ်သခင်၏ ကိုယ်ပွားကို သတ်ဖြတ်ပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းကို ထိခိုက်စေရန်ဖြစ်သည်။