ကပ်ဘေးမျိုးနွယ်၏ ငြင်းပယ်မှု...
Vol. 52 Ch. 767
" ငါ ကုမင်ကို သတင်းပို့ရမယ်။ " ဖရိုဖရဲနဂါးသားရဲက ခဏစဉ်းစားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်က ချက်ချင်း ကျုံ့ဝင်ကာ ဆယ်မီတာအရွယ်အစားသို့ ပြောင်းလဲသွားသည်။
ဖရိုဖရဲကုန်းမြေ၏ နက်ရှိုင်းရာတွင် ပုံရိပ်တစ်ခုက ထိုင်နေပြီး ဖရိုဖရဲစွမ်းအားများက သူ့ကို ဝန်းရံနေသည်။ ထိုပုံရိပ်က အမြင့်ပေနှစ်ဆယ်သာ ရှိသော်လည်း စကြာဝဠာတစ်ခုလုံးကို ခန္ဓာကိုယ်ထဲ ထည့်သွင်းထားသကဲ့သို့ ဖြစ်သည်။
" ကုမင် ကုမင်..." ဖရိုဖရဲနဂါးသားရဲက လျင်မြန်စွာ ရောက်ရှိလာသည်။
အရှင်သခင်ကုမင်က သူ၏ မျက်လုံးများကို ဖွင့်ပြီး ဖရိုဖရဲနဂါးသားရဲကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ဖရိုဖရဲနဂါးသားရဲက အရှင်သခင်ကုမင်ကို အညံ့ခံခဲ့သော်လည်း သူတို့၏ အဆင့်က တူညီပြီး သခင်နှင့် ကျွန် ဆက်ဆံရေးမဟုတ်ပေ။
" ငါ အန္တရာယ်တစ်ခုကို ခံစားရတယ်။ ကြီးမားတဲ့ အန္တရာယ်တစ်ခုပဲ။ " ဖရိုဖရဲနဂါးသားရဲက သူအာရုံခံမိသည်ကို ပြောပြလိုက်သည်။
" အန္တရာယ်... " အရှင်သခင်ကုမင်က အနည်းငယ် အံ့ဩသွားသည်။
ပုံမှန်အားဖြင့် ဖရိုဖရဲနဂါးသားရဲ အာရုံခံမိသော အန္တရာယ်များက နှစ်ပေါင်းတစ်သိန်းအတွင်း ဖြစ်ပေါ်တတ်သည်။ သို့သော် သူက ဤနှစ်ပေါင်းတစ်သိန်းအတွင်း ဖရိုဖရဲကုန်းမြေမှ ထွက်ခွာခြင်းမရှိသကဲ့သို့ ဖရိုဖရဲနဂါးသားရဲကိုလည်း ထွက်သွားစေရန် ရည်ရွယ်ချက်မရှိပေ။ ဆိုလိုသည်မှာ သူတို့နှစ်ယောက်က ဤနှစ်တစ်သိန်းအတွင်း ဖရိုဖရဲကုန်းမြေမှ ထွက်ခွာမည်မဟုတ်ပေ။
အရှင်သခင်ကုမင်က ဖရိုဖရဲကုန်းမြေကို ဖွင့်လှစ်ပြီး ကိုယ်ပိုင်နယ်မြေကို ထူထောင်ခဲ့သည်။ သူ၏ စွမ်းရည်များနှင့် ဖရိုဖရဲအဆင့်နီးပါး ဖရိုဖရဲနဂါးသားရဲကို ထည့်တွက်လျှင် ဤနေရာတွင် အန္တရာယ်ရှိရန် မဖြစ်နိုင်ပေ။
သို့သော် အရှင်သခင်ကုမင်၏ အတွေးများက လျင်မြန်စွာ လှုပ်ရှားသွားသည်။ သူက ဖရိုဖရဲနဂါးသားရဲကို အလွန်ယုံကြည်ပြီး ၎င်း၏ ကြိုတင်သိမြင်နိုင်စွမ်းကလည်း ပြဿနာမရှိနိုင်ပေ။ ဖရိုဖရဲဟင်းလင်းပြင်တွင် ဖရိုဖရဲအရှင်သခင်တစ်ပါးကို ခြိမ်းခြောက်နိုင်သော အန္တရာယ်က မများလှပေ။
" ဒီကိစ္စကို အလျင်မလိုနဲ့။ ငါတို့မှာ အချိန်ရှိပါသေးတယ်။ " အရှင်သခင်ကုမင်က စဉ်းစားနေသည်။
ဖရိုဖရဲနဂါးသားရဲ အာရုံခံမိသော အန္တရာယ်များက နှစ်တစ်သောင်း၊ နှစ်တစ်ထောင်အတွင်း ဖြစ်ပျက်ခြင်းက အလွန်ရှားသည်။ အကယ်၍ အန္တရာယ်က ထိုမျှ လျင်မြန်စွာ ရောက်ရှိလာလျှင် ပြင်ဆင်ခြင်းက အဓိပ်ပါယျမရှိပေ။
" အန္တရာယ်က ဘယ်အဆင့်လဲ။ " အရှင်သခင်ကုမင်က ဆက်မေးလိုက်သည်။
ထိုမေးခွန်းက အရေးကြီးသည်။ အကယ်၍ ၎င်းက သေရေးရှင်ရေးဖြစ်ပါက သူ၏ ပိုင်ဆိုင်မှုအားလုံးနှင့်အတူ ထွက်ပြေးရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ ဖရိုဖရဲကုန်းမြေနှင့် သက်ရှိများအတွက် ကိုယ်ပိုင်အသက်နှင့် ပက်သက်လာသောအခါ အရှင်သခင်ကုမင်က ထိုမျှအထိ ဂရုစိုက်နေမည်မဟုတ်ပေ။
" ဒါက သေရေးရှင်ရေးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒဏ်ရာအပြင်းအထန်ရနိုင်တယ်လို့ ငါခံစားရတယ်။ " ဖရိုဖရဲနဂါးသားရဲက ပြောလိုက်သည်။
" သေရေးရှင်ရေးမဟုတ်ဘူးလား။ " အရှင်သခင်ကုမင်က အနည်းငယ် တည်ငြိမ်သွားသည်။ သေရေးရှင်ရေးမဟုတ်သရွေ့ ၎င်းကို စီမံနိုင်သေးသည်။
မလိုအပ်လျှင် သူက အရာအားလုံးနှင့်အတူ ထွက်ပြေးမည်မဟုတ်ပေ။ သူက ဖရိုဖရဲကုန်းမြေကို ကြိုးစားအားထုတ်၍ ဖန်တီးခဲ့ပြီး သက်ရှိများစွာ၏ ကုန်သွယ်မှုမှ အကျိုးအမြတ်များစွာ ရရှိနေသည်။
" ငါ့မိတ်ဆွေတွေကို ဆက်သွယ်ပြီး ဖရိုဖရဲဟင်းလင်းပြင်ရဲ့ ဒီဒေသမှာ ဘာထူးခြားတာဖြစ်နေလဲ မေးကြည့်လိုက်မယ်။ " အရှင်သခင်ကုမင်က သူ၏ မိတ်ဆွေများကို စတင်ဆက်သွယ်လိုက်သည်။
အရှင်သခင်ကုမင်၏ မိတ်ဆွေများကလည်း ဖရိုဖရဲအရှင်သခင်များဖြစ်ကြပြီး သတင်းအချက်အလက်များကို စုဆောင်းထားကြသည်။ ထို့အပြင် အန္တရာယ်တစ်ခု ထွက်ပေါ်လာခြင်းက ရုတ်တရက် ထွက်ပေါ်လာခြင်းမဟုတ်ဘဲ အချို့လက္ခဏာများကို ပြသလေ့ရှိသည်။ သူတို့တွင် လုံလောက်သော အချက်အလက်များ ရှိနေသရွေ့ အန္တရာယ်ကို ရင်ဆိုင်နိုင်ပေလိမ့်မည်။
VR ကမ္ဘာတွင် လင်းယွမ်၏ ပုံရိပ်ပေါ်လာသည်။
" ရှောင်ယွမ်..." လင်းယွမ်၏ မိဘများနှင့် လင်းယိတို့က အချိန်တော်ကြာ စောင့်ဆိုင်းနေကြသည်။
" အဲ့ဒီသတင်းက အမှန်ပဲလား။ " မိခင်လုချုံးက တိုးညှင်းစွာ မေးလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို ဖိနှိပ်သည့်သတင်းက လူသားမျိုးနွယ်အတွင်း ပျံ့နှံ့နေပြီဖြစ်သည်။ အစတွင် လင်းချောင်ချန်နှင့် လုချုံးတို့က ၎င်းကို ကောလဟာလဟုသာ ထင်ခဲ့ကြသည်။
သို့သော် သတင်းက ပို၍ ပျံ့နှံ့လာပြီး လူသားမျိုးနွယ်၏ ကြီးမြတ်သူများကလည်း ထိုသတင်းကို ငြင်းဆိုခြင်းမရှိပေ။ ထို့အပြင် လင်းယိကလည်း ရှမိသားစုမှ ပို၍ တိကျသော သတင်းအချက်အလက်များကို ရရှိခဲ့သည်။
" အကို အကိုက ထျန်းယုမျိုးနွယ်ရဲ့ ဘိုးဘေးကို တကယ်ဖိနှိပ်ခဲ့တာလား။ " လင်းယိက မနေနိုင်တော့ဘဲမေးလိုက်သည်။
ထိုကိစ္စကြောင့် ရှမိသားစုခေါင်းဆောင်က ရာထူးမှ နုတ်ထွက်ခဲ့ပြီး သူမ၏ ခင်ပွန်းက ရှမိသားစု၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။
" လုံးဝဖိနှိပ်နိုင်တာတော့ မဟုတ်ပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
အကယ်၍ အချန်မြစ်ကို ဘေးဖယ်ထားလျှင် လင်းယွမ်က ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို များစွာထိခိုက်အောင် လုပ်နိုင်ခြင်းမရှိပေ။ သူ၏ ဝှက်ဖဲများဖြစ်သော ကမ္ဘာနတ်စွမ်းရည်နှင့် ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်တို့ကို အသုံးပြုခဲ့လျှင်တောင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို ခေါင်းကိုက်စေရုံသာ ဖြစ်သည်။
အချိန်လေဟာနယ် နားလည်မှု၏ ကွာခြားမှုအောက်တွင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက သူ၏ တည်နေရာအတိအကျကို ရှာဖွေနိုင်ခြင်းမရှိဘဲ သူက ခုခံနေရုံသာတတ်နိုင်သည်။
" လုံးဝလွှမ်းမိုးနိုင်တာတော့ မဟုတ်ဘူးလား။ " လင်းယိက တုန်လှုပ်သွားသည်။ ဒါဆို သူမ၏ အကိုက ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကဲ့သို့ ကြီးမြတ်သူတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တာလား။
ကြယ်စကြာဝဠာတွင် ခမ်းနားသော ပုံရိပ်များက စုဝေးနေကြသည်။ လွန်ခဲ့သော ရာစုနှစ်က နဂါးငွေ့တန်းကြယ်သခင်မှာ သူတို့ကို စိတ်အနှောက်အယှက်ဖြစ်စေသော လူငယ်လေးတစ်ယောက်သာ ဖြစ်သည်။ သို့သော် သူက သူတို့နှင့် အဆင့်အတန်းတူညီလာရုံသာမက နဂါးငွေ့တန်းကြယ်သခင်က တိုးတက်ရန် အလားအလာရှိနေဆဲ ဖြစ်သည်။
" အခုဘာလုပ်ကြမလဲ။ "
" နဂါးငွေ့တန်းကြယ်သခင်ကို ဘယ်လိုထိန်းချုပ်ကြမလဲ။ " အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်က ပြောလိုက်သည်။
သူတို့က ယခု နဂါးငွေ့တန်းကြယ်သခင်ကို ရှင်းလင်းရန် ရည်ရွယ်ချက်မရှိကြပေ။ အကြောင်းမှာ သူတို့ မလုပ်နိုင်သောကြောင့် ဖြစ်သည်။
" အသွင်ပြောင်းလဲခြင်းဧကရီက ကပ်ဘေးမျိုးနွယ်ရဲ့ ကြီးမြတ်သူနှစ်ယောက်ကို ဆက်သွယ်ဖို့သွားနေတယ်။ "
" သူတို့ကို ဆွဲဆောင်နိုင်ရင် နဂါးငွေ့တန်းကြယ်သခင်ကို ယှဉ်ပြိုင်နိုင်ဖို့ အခွင့်အရေးရှိသေးတယ်။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
ကပ်ဘေးမျိုးနွယ်၏ အလွှာဆယ့်နှစ် ကြီးမြတ်သူနှစ်ယောက်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တွင် ရှိကြသည်။ အကယ်၍ သူတို့သာ လူသားမျိုးနွယ်ကို ရင်ဆိုင်ပြီး နဂါးငွေ့တန်းကြယ်သခင်ကို ကိုင်တွယ်ရန် ဆန္ဒရှိလျှင် အခြေအနေက ထင်သလောက် မဆိုးနိုင်ပေ။
နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်သို့ ရောက်ရှိပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ကပ်ဘေးမျိုးနွယ်မှ ကြီးမြတ်သူနှစ်ယောက်က သူတို့၏ စွမ်းအားအပြည့်အဝကို မထုတ်ဖော်နိုင်လျှင်တောင် နဂါးငွေ့တန်းကြယ်သခင်ကို ထိန်းထားနိုင်ပေလိမ့်မည်။
ထိုသို့သာ မဖြစ်လျှင် လူသားမျိုးနွယ်က ယုမျိုးနွယ်နှင့် ကပ်ဘေးမျိုးနွယ်ကို ကျော်လွန်ပြီး အစွမ်းထက်ဆုံး အင်အားစု ဖြစ်လာပေလိမ့်မည်။ တစ်ချိန်က လူသားမျိုးနွယ်ကို တိုက်ခိုက်ခဲ့သော မျိုးနွယ်များက ပူးပေါင်းခုခံရုံသာ တတ်နိုင်ပေလိမ့်မည်။
" မှန်တယ်။ ကပ်ဘေးမျိုးနွယ်ရဲ့ ကြီးမြတ်သူတွေလည်း ရှိသေးတယ်။ "
စကြာဝဠာထဲရှိ အထွတ်အထိပ်မျိုးနွယ် ဆယ့်နှစ်ခုထဲမှ တစ်ခုဖြစ်သော ကပ်ဘေးမျိုးနွယ်က လူသားမျိုးနွယ်ကို လွတ်လပ်စွာ ကြီးထွားခွင့်ပေးမည်မဟုတ်သကဲ့သို့ သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သက်ရောက်မှုရှိပေလိမ့်မည်။
ယခင် ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူများက နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်ရာတွင် နုတ်ထွက်ခဲ့သော်လည်း သူတို့က အလွှာဆယ့်တစ်သက်ရှိတစ်ယောက်ကို မတိုက်ခိုက်လိုသောကြောင့်ဟုသာ အားလုံးက ထင်ခဲ့ကြသည်။
သို့သော် ယခုအခြေအနေက ကွဲပြားသည်။ ကပ်ဘေးမျိုးနွယ်ကသာ ဘာမှမလုပ်လျှင် အနာဂတ်တွင် လူသားမျိုးနွယ်၏ ဖိနှိပ်မှုကို ခံရပေလိမ့်မည်။ လက်ရှိတွင် ထျန်းယုမျိုးနွယ်၊ အင်းဆက်မျိုးနွယ်နှင့် အခြားအထွတ်အထိပ်မျိုးနွယ်များက လူသားမျိုးနွယ်၏ ကြီးထွားမှုကို ခုခံရန် တူညီသော ဘက်တွင် ရပ်တည်နေကြသည်။
ကြီးမြတ်သူများက စောင့်ဆိုင်းနေကြစဉ် အသွင်ပြောင်းလဲခြင်းဧကရီ၏ ပုံရိပ်က ပေါ်လာသည်။
" ဘယ်လိုလဲ။ ကပ်ဘေးမျိုးနွယ်ရဲ့ ကြီးမြတ်သူနှစ်ယောက်က ဘာပြောလဲ။ "
" သူတို့တောင်းဆိုတာရှိရင် ပြောပါ။ ငါတို့ကြိုးစားပေးလို့ရတယ်။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက ချက်ချင်း ပြောလိုက်ကြသည်။ အသွင်းပြောင်းလဲခြင်းဧကရီက ကြီးမြတ်သူများ၏ မျှော်လင့်သော အကြည့်များကို ကြည့်ပြီး ခဏတိတ်ဆိတ်သွားသည်။
" ကပ်ဘေးမျိုးနွယ်က သဘောမတူဘူးလား။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက အနည်းငယ် စိုးရိမ်သွားသည်။
ကပ်ဘေးမျိုးနွယ်မှ ကြီးမြတ်သူနှစ်ယောက်က နဂါးငွေ့တန်းကြယ်သခင်ကို ရင်ဆိုင်ရန် သဘောတူခဲ့လျှင် အသွင်ပြောင်းလဲခြင်းဧကရီက ထိုပုံစံမျိုး ဖြစ်နေမည်မဟုတ်ပေ။
" မှန်တယ်။ သူတို့က ငါတို့ကို ငြင်းလိုက်တယ်။ " အသွင်ပြောင်းလဲခြင်းဧကရီကပြောလိုက်သည်။ သူမ ဘာမှမပြောရသေးမီ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က သူမကို ထွက်သွားခိုင်းခဲ့ကြသည်။
ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က သူမကို စကားပြောခွင့်မပေးခဲ့ပေ။ သူတို့က အစကတည်းက နဂါးငွေ့တန်းကြယ်သခင်ကို ဆန့်ကျန်ရတ် စဉ်းစားထားခြင်းမရှိသည်မှာ ထင်ရှားနေသည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက မယုံကြည်နိုင်ဖြစ်သွားသည်။
ပုံမှန်အားဖြင့် အထွတ်အထိပ်မျိုးနွယ်များကြား ဟန်ချက်ညီနေချိန်တွင် ကပ်ဘေးမျိုးနွယ်က ရှင်သန်ရန် အသက်သာဆုံးဖြစ်သည်။ ထိုအထွတ်အထိပ်မျိုးနွယ်များ ကျဆုံးသွားလျှင် ကပ်ဘေးမျိုးနွယ်တစ်ခုတည်း ကျန်ခဲ့မည်မဟုတ်ပေ။
" ငါလည်း မသေချာဘူး။ " အသွင်ပြောင်းလဲခြင်းဧကရီက ခေါင်းခါပြီး ပြောလိုက်သည်။
သူမကလည်း နားမလည်နိုင်ပေ။ အကယ်၍ ကပ်ဘေးမျိုးနွယ်က တောင်းဆိုမှုများပြုလုပ်ရန် ရည်ရွယ်ခဲ့လျှင် အနည်းဆုံးတော့ သူတို့က သူမကို စကားပြောခွင့် ပေးရမည်ဖြစ်သည်။ သို့သော် ထိုသို့မဖြစ်ခဲ့ပေ။