အခန်း (၁၅၉၇)
Vol. 115 Ch. 1597
နှစ်ရက်ကြာပြီးနောက်… ။
သတင်းများက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးအပြင်ဘက်မှာ ပျံ့နှံ့သွားသည်။
မိုင်ရှစ်ထောင်အဝေးမှာ တည်ရှိသော ကျင့်ကြံခြင်းမိသားစုကြီးတစ်ခုဖြစ်သည့် ယုမိသားစုသည် သူတို့၏ ဘိုးဘေးအမွေအနှစ်အတွက် အလဲအလှယ်လုပ်ရန် မိသားစုထဲမှ တာအိုအဆင့်ကျင့်ကြံသူဆယ်ယောက်ကို ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီသို့ ဝင်ရောက်စေခဲ့သည်။
မည်သို့ဖြစ်ပါစေ ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ ဓားများနှင့် အမွေအနှစ်များသည် တန်ဖိုးကြီးရတနာများ ဖြစ်ကြသည်။
ယန်ကျူးဓားက ယုမိသားစုဘိုးဘေး၏ အမွေအနှစ်မဟုတ်လျှင်ပင် ယင်းက မိသားစုတစ်ခု အလောင်းအစားပြုလုပ်ရန် ထိုက်တန်ပေသည်။
ထိုဓားများနှင့် အမွေအနှစ်များက အင်အားဆုတ်ယုတ်နေသော မိသားစုတစ်ခုကို ပြန်လည်နာလန်ထူနိုင်စေရန် အမှန်တကယ် လုပ်ဆောင်ပေးနိုင်သည်။ ဂိုဏ်းငယ်တချို့သည်ပင် ယင်းက စွန့်စားရန် ထိုက်တန်ကြောင်း သတိပြုမိကြသည်။
ပိုမိုမြင့်မားသော ဈေးနှုန်းကို မပေးဘဲ ဓားများကို လက်လွှတ်ခဲ့ကြသော ကျွမ်းကျင်ပညာရှင်များက ယခုအချိန်မှာ စတင်နောင်တရသွားကြသည်။
ယခု ထိုဓားများ၏ အစစ်အမှန် တန်ကြေးက ထွက်ပေါ်လာသည့်အခါ ဈေးနှုန်းက အဆပေါင်းများစွာ မြင့်တတ်သွားသည်။ ယခင်ကဲ့သို့ ဓားများကို မဟာပန်သွန်ကျောက်တုံးလေးငါးရာဖြင့် မဝယ်ယူနိုင်တော့ပေ။
မှန်ပေ၏။ နောက်ထပ် ထွက်ပေါ်လာသည့် တာအိုဓားရှည်၏ ဈေးနှုန်းက မဟာပန်သွန်ကျောက်တုံးရှစ်ထောင်အထိ ချက်ချင်း မြင့်တတ်သွားသည်။
သို့သော် ပြဿနာမှာ မဟာပန်သွန်ကျောက်တုံးများ မဟုတ်ပေ။ ဂိုဏ်းတစ်ခုက ဓားနှင့် အမွေအနှစ်အတွက် တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၊ တာအိုဝင်ရောက်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်နှင့် တာအိုရှာဖွေခြင်းအဆင့် ကျင့်ကြံသူကိုးယောက်ကို အလဲအလှယ်လုပ်လိုက်သည်။
ထိုဂိုဏ်းက ပြောကြားခဲ့သည်မှာ ဓားက သူတို့ဂိုဏ်း၏ ဘိုးဘေးအမွေအနှစ်နှင့် ဆက်စပ်နေသည်။ သို့သော်လည်း ထိုဂိုဏ်းအကြောင်း ကောင်းမွန်စွာ သိထားကြသော မည်သူမဆို ဂိုဏ်း၏ ဘိုးဘေးအမွေအနှစ်က ဓားနှင့် ဘာမှမသက်ဆိုင်ကြောင်း သိကြသည်။
သူတို့က ဓားနှင့် အမွေအနှစ်ကို ရယူရန် ရှင်းပြချက်တစ်ခုပေးခြင်းသာ ဖြစ်သည်။
သုံးလကြာပြီးနောက်… ။
ကောင်းကင်အသင်္ချေတောင်အောက်မှာ စုဝေးနေကြသော ကျွမ်းကျင်ပညာရှင်များ၏ အရေအတွက်က နှစ်သောင်းကျော်သွားသည်။
ထိုထဲမှာ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများသာမက အစွမ်းထက်အင်အားစုများထံမှ သံတမန်များလည်း ပါရှိကြသည်။
ဤသုံးလအတွင်းမှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဓားပေါင်း(၅၂)လက်ကို ရောင်းချနိုင်ခဲ့သည်။ အပြန်အလှန်အနေဖြင့် ဂိုဏ်းက မဟာပန်သွန်ကျောက်တုံးသုံးသောင်းနှင့် တာအိုကျင့်ကြံသူလေးရာကျော်ကို ပိုင်ဆိုင်သွားခဲ့သည်။
ရုတ်တရက်ဆိုသလို ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂုဏ်သတင်းက အချင်းမိုင်တစ်သောင်းဧရိယာအတွင်း၌ တစ်ဟုန်ထိုး နာမည်ကျော်ကြားသွားသည်။ ထိုသို့ဖြင့် ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်မည့် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အလုံးစုံအင်အားက တဖြည်းဖြည်း တိုးပွားလာသည်။
ကံကောင်းစွာဖြင့် ကောင်းကင်ဘုံစစ်ပွဲ၏ ရလဒ်ကို တာအိုအဆင့်၏ အထက်မှ ကျင့်ကြံသူများသာ အဆုံးအဖြတ်ပေးနိုင်ကြောင်း ထိုကျွမ်းကျင်ပညာရှင်များက သိထားကြသည်။
တစ်စုံတစ်ယောက်မှာ တာအိုအဆင့်၏ အထက်မှ ကျင့်ကြံခြင်းစွမ်းအားမရှိလျှင် ကောင်းကင်ဘုံစစ်ပွဲမှ အသက်ရှင်လျက် ပြန်လာနိုင်ရန် မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ဓားရောင်းချခြင်းဖြင့် တဖြည်းဖြည်း တိုးပွားလာသော ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အလုံးစုံအင်အားသည် ဘေးပတ်ဝန်းကျင်မှ တခြားအင်အားစုများအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာသည်။
အထူးသဖြင့် ကောင်းကင်အသင်္ချေဓားဂိုဏ်းသည် ဓားများနှင့် အမွေအနှစ်များမှတဆင့် အင်အားစုအများအပြားဖြင့် မဟာမိတ်ဖွဲ့နိုင်ခဲ့သည်။
ဓားများနှင့် အမွေအနှစ်များကို ရရှိသွားကြသော ထိုဂိုဏ်းများက ကောင်းကင်ဘုံစစ်ပွဲအတွင်းမှာ အပြန်အလှန် ကူညီပေးရန် သဘောတူထားကြသည်။
အင်အားဆုတ်ယုတ်တော့မည်ဟု လူတိုင်းထင်မှတ်ထားကြသော ကောင်းကင်အသင်္ချေဓားဂိုဏ်းက ထိုမျှအချိန်တိုလေးအတွင်းမှာ တစ်ဟုန်ထိုး အင်အားကြီးမားလာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။
သို့တိုင် ယင်းကို ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားများအား ရောင်းချခြင်းဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ကြီးမားစွာ ထိခိုက်စေသည်။
…..
ဓားပျိုးထောင်ခြင်းတဲအိမ်… ။
ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်၌ ရွှေရောင်သံကြိုးများက တုန်ယင်သွားသည်။
သူ၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
သူ၏ အရှေ့တွင် ရွှေရောင်ပုတီးစေ့(၃၆၀)က လှည့်ပတ်နေကြသည်။
ပုတီးစေ့တစ်လုံးစီက စကြာဝဠာနယ်မြေတစ်ခုကို ကိုယ်စားပြုသည်။
ကနဦးနယ်မြေတစ်ခုက အခြေခံနယ်မြေ ဖြစ်သည်။ ယင်းက မိုးမြေစကြာဝဠာ၏ မူလအစလည်း ဟုတ်၏။
မဟာပန်သွန်ဘုံထဲတွင် စကြာဝဠာတစ်ခုကို ထိန်းချုပ်ခြင်း၊ ယင်ယန်ကို ခွဲထုတ်ခြင်း၊ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးခြင်းနှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ထိန်းချုပ်ခြင်း အစရှိသည်တို့ကို အစွမ်းထက်ကျင့်ကြံသူများသာ လုပ်ဆောင်နိုင်ကြသည်။
မိုးမြေစကြာဝဠာနှစ်ခုကို ထိန်းချုပ်နိုင်သူသည် ကျွမ်းကျင်ပညာရှင်များထဲမှ လက်ရွေးစင်များ ဖြစ်ကြသည်။
သို့သော်လည်း မိုးမြေစကြာဝဠာနှစ်ခုကို ထိန်းချုပ်ရန် အရင်းအမြစ်နှစ်ဆနှင့် မူလစွမ်းအားနှစ်ဆကို လိုအပ်လိမ့်မည်။
တစ်စုံတစ်ယောက်က အရေအတွက် ပိုမိုများပြားသော မိုးမြေစကြာဝဠာများကို ထိန်းချုပ်နိုင်လေ ပိုပြီးသန်မာလေ ဖြစ်၏။ သို့သော်လည်း ထိုအတွက် လိုအပ်မည့် အရင်းအမြစ်များက တခြားလူများထက် အဆပေါင်းများစွာ ပိုပြီးများပြားလိမ့်မည်။
ကောလဟာလအရ မိုးမြေစကြာဝဠာကိုးခုကို ပိုင်ဆိုင်ခြင်းက ကျင့်ကြံသူများ၏ အကန့်အသတ်ဖြစ်သည်။
မဟာပန်သွန်ဘုံထဲတွင် အာဏာရှင်အဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ်တချို့သာလျှင် လုံလောက်သော အရင်းအမြစ်များနှင့် တာအိုဉာဏ်အလင်းများကြောင့် စကြာဝဠာနယ်မြေအများအပြားကို ဖွင့်လှစ်နိုင်ကြသည်။
ကျင့်ကြံသူအများစုတွင် စကြာဝဠာနယ်မြေအများအပြားကို ပိုင်ဆိုင်ထားသော အစွမ်းထက်ပညာရှင်များသည်ပင် နောက်ပိုင်းမှာ လုံလောက်သော အရင်းအမြစ်များနှင့် စွမ်းအားမရှိတော့သည့်အခါ စကြာဝဠာများကို ပေါင်းစည်းရန် ရွေးချယ်ကြလိမ့်မည်။
ထိုသို့ပေါင်းစပ်ခြင်းက ကြီးမားသော စွမ်းအားဆုံးရှုံးမှုကို ဖြစ်ပေါ်စေလိမ့်မည်။ သို့သော်လည်း ယင်းက စကြာဝဠာများကို မထိန်းချုပ်နိုင်တော့ခြင်းထက်စာလျှင် အများကြီး ပိုကောင်းပေသည်။ သို့မဟုတ်လျှင် စကြာဝဠာများက ပျက်စီးသွားကြလိမ့်မည်။
ဟန်မူယဲ့သည် ယင်ယန်ကို ခွဲထုတ်ရန် မဟာပန်သွန်ဘုံ၏ မိုးမြေစွမ်းအားကို သူ၏ ပထမဆုံး စကြာဝဠာနယ်မြေထဲသို့ မထည့်သွင်းနိုင်သောကြောင့် ယင်ယန်အဆင့်သို့ မတတ်လှမ်းနိုင်ပေ။ ယင်ယန်အဆင့်သို့ မတတ်လှမ်းနိုင်မှတော့ သူ၏ စွမ်းအားကို စကြာဝဠာအဆင့်မှာသာ အုတ်မြစ်ခိုင်မာအောင် ပြုလုပ်နိုင်တော့သည်။
စကြာဝဠာနယ်မြေ(၃၆၀)က သူ၏ တိုက်ပွဲစွမ်းအားကို ဆက်လက် တိုးမြှင့်ပေးနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သည်။
မဟာပန်သွန်ဘုံ၏ အပြင်ဘက်မှ မရေမတွက်နိုင်သော မူလစွမ်းအားများကို နားလည်ထားသည့် သူတစ်ယောက်တည်းသာလျှင် အမျိုးမျိုးသော မူလစွမ်းအားများကို စကြာဝဠာနယ်မြေများအဖြစ် ပြောင်းလဲပစ်နိုင်သည်။
သူ၏ ဘေးပတ်ပတ်လည်၌ လှည့်ပတ်နေသော စကြာဝဠာနယ်မြေ(၃၆၀)ထဲတွင် ကိန်းအောင်းနေသည့် စွမ်းအားသည် မဟာပန်သွန်ဘုံထဲတွင် ယခင်က တစ်ခါမှ မဖြစ်ပေါ်ဖူးသောအရာ ဖြစ်သည်။
ယခု သူ့ကို မဟာပန်သွန်ဘုံ၏ စကြာဝဠာအဆင့် ကျင့်ကြံသူများထဲမှာ အသန်မာဆုံးဟု ဆိုနိုင်သွားပေသည်။
ဤသုံးလအတွင်း ဟန်မူယဲ့ရရှိခဲ့သော အကြီးမားဆုံး အကျိုးအမြတ်က စကြာဝဠာနယ်မြေ(၃၆၀)အပြင် ဓားတာအိုဆင်ခြင်သုံးသပ်မှုလည်း ရှိသေးသည်။
သူက ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားများကို ထုတ်ရောင်းရုံသာမက ယင်းတို့ကို သူ့ဘာသာ ဆင်ခြင်နားလည်ခဲ့သည်။
ထို့ပြင် သူက တခြားဓားတာအိုကျင့်ကြံသူများထံမှ ဓားသိုင်းများကို လေ့ကျင့်ခဲ့ပြီး ဓားတာအိုနှင့်ပတ်သက်သော ဉာဏ်အလင်းများကို ရှာဖွေခဲ့သည်။
ထိုလူများ၏ ဓားသိုင်းများက သာမန်ဖြစ်သည်ဆိုလျှင်ပင် ယင်းတို့ထံမှ သူရရှိခဲ့သော အမြင်နှင့် အယူအဆများက မတူကွဲပြားသည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က အကြမ်းထည်နှင့် ချောမွေ့မှုကြားမှ နက်နဲသိမ်မွေ့သော ဓားတာအိုကို နားလည်သွားသည်။
အလွန်အားကောင်းသော ဓားသိုင်းများက သိမ်မွေ့ပျော့ပျောင်းမှုအပေါ်မှာ အခြေခံဟန် ရ၏။
ဥပမာ နာမည်ကျော်ကြားသော လက်မှုပညာရှင်တစ်ယောက်၏ အနှစ်သာရက သူ၏ အနုစိတ်လက်ရာများပေါ်မှာ အခြေခံသည်။
ကောင်းကင်နှင့် မြေကြီးကြားမှ အရှိန်အဟုန်က ထိုအတိုင်း လှည့်ပတ်နေဟန် ရ၏။
အဆင့်မြင့်ဘုံတစ်ခုမှာပင် မိုးမြေမူလစွမ်းအားသည် ကြမ်းတမ်းမှုနှင့် သိမ်မွေ့မှုကြားထဲမှ မလွတ်မြောက်နိုင်ပေ။
ဟန်မူယဲ့က အနာဂတ် သူ၏ ယင်ယန်ကျင့်ကြံခြင်းအဆင့်အကြောင်း တွေးတောလိုက်သည်။
“ ရွှတ် ”
“ ဝှစ် ”
အဝေးတွင် ဓားအလင်းများက ဝင်းခနဲ လက်ခနဲ ထွက်ပေါ်နေသည်။
သူတို့က ဓားသိုင်းလေ့ကျင့်နေကြသော ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ လက်ရွေးစင်တပည့်များ ဖြစ်ကြသည်။ သူတို့အားလုံးက တာအိုအဆင့်မှာ ဖြစ်ကြသည်။
ယခု ကောင်းကင်အသင်္ချေဓားဂိုဏ်းတွင် ဟန်မူယဲ့၏ လက်အောက်၌ အသန်မာဆုံး ကျွမ်းကျင်ပညာရှင်က စုကြွယ်ရှန့် မဟုတ်တော့ပေ။
အနည်းဆုံး ကျင့်ကြံသူငါးယောက်က စုကြွယ်ရှန့်ထက် သာလွန်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
သူတို့က ကျင့်ကြံခြင်းအဆင့်တွင်ဖြစ်စေ တိုက်ပွဲစွမ်းအားတွင်ဖြစ်စေ စုကြွယ်ရှန့်ထက် သာလွန်ကြသည်။
သူတို့ထဲမှ တစ်ယောက်က တာအိုငြိမ်းသတ်ခြင်းအဆင့် တစ်ကိုယ်တော်ဓားသမား ဝူရှီလန် ဖြစ်သည်။ ဝူရှီလန်သည် လွန်ခဲ့သော အနှစ်တစ်သောင်း၌ ဖျက်ဆီးခံခဲ့ရသော ရေလှိုင်းဓားဂိုဏ်း၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားသည်။
ရေလှိုင်းဓားဂိုဏ်း၏ အမွေအနှစ်များသည် လွန်ခဲ့သော အနှစ်သုံးထောင်တွင် ဖြတ်တောက်ခံခဲ့ရသည်။
ဟန်မူယဲ့က ဝူရှီလန်၏ သစ္စာရှိမှုကို ရေလှိုင်းဓားဂိုဏ်း၏ အထွတ်အမြတ်ဓားဖြင့် အလဲအလှယ်လုပ်ခဲ့သည်။
ရေလှိုင်းများကဲ့သို့ အထပ်ထပ် လွှမ်းခြုံနေသော ဓားအလင်းများ၏ အရှေ့တွင် စုကြွယ်ရှန့်က မည်သို့မှ မလှုပ်ရှားနိုင်ပေ။
တခြားတစ်ယောက်က အလယ်အလတ် တာအိုငြိမ်းသတ်ခြင်းအဆင့် စုန်းယုရုံ ဖြစ်သည်။ သူက ဖျက်ဆီးခံခဲ့ရသော ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော ယုဟုန်ဓားဂိုဏ်း၏ အမွေဆက်ခံသူတစ်ယောက် ဖြစ်သည်။
သူ၏ အသွင်ပြောင်းကြယ်ဓားသိုင်းက ကောင်းကင်ပေါ်မှ ကြယ်စွမ်းအားကို လှုံ့ဆော်နိုင်သည်။ ကြယ်စွမ်းအားကို သူအသက်သွင်းလိုက်မည်ဆိုလျှင် သူ၏ ဓားချက်တိုင်းက ပေါင်တစ်သောင်းလေလံသွားလိမ့်မည်။ ထို့ပြင် သူက ကြယ်စွမ်းအားကို အသုံးပြု၍ သူ၏ ဘေးပတ်ဝန်းကျင်၌ ကြယ်တာရာဓားအကာအကွယ်ကိုလည်း ဖန်တီးနိုင်ပေသည်။ ထိုအကာအကွယ်ကို အထွတ်အထိပ် တာအိုငြိမ်းသတ်ခြင်းအဆင့် တိုက်ပွဲစွမ်းအားမရှိလျှင် မချိုးဖြတ်နိုင်ပေ။
လျူကန်နှင့် လျူယန်ဟူသော ညီအကိုနှစ်ယောက်လည်း ရှိကြသေးသည်။ သူတို့နှစ်ယောက်စလုံးက တာအိုငြိမ်းသတ်ခြင်းအဆင့်မှာ ဖြစ်ကြသည်။
တောင်ခြေတွင် စုကြွယ်ရှန့်ကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သော ရှုကျီချူးသည်လည်း တာအိုငြိမ်းသတ်ခြင်းအဆင့်မှာ ဖြစ်သည်။
ဓားရူးကောင် ရှုဖုန်းယန်ကိုတော့ ထည့်ပြောနေစရာ မလိုပေ။ သူက တောင်ပေါ်သို့ တတ်လာပြီး ဟန်မူယဲ့ကို တိုက်ရိုက် စိန်ခေါ်ခဲ့သူ ဖြစ်သည်။
ဟန်မူယဲ့၏ ဓားတစ်ချက်အောက်မှာ ရှုံးနိမ့်သွားပြီးနောက် ရှုဖုန်းယန်သည် ဓားပျိုးထောင်ခြင်းတဲအိမ်၏ အပြင်ဘက်မှာ တံခါးပိတ်ကျင့်ကြံလိုက်သည်။
ထိုဓားရူးကောင်၏ အမွှာဓားနှစ်လက်က မူလရေစွမ်းအားနှင့် မူလမီးစွမ်းအားအဖြစ် အသွင်ပြောင်းလဲနိုင်သည့်အပြင် ကောင်းကင်ဘုံအပြောင်းအလဲများကိုလည်း လှုံ့ဆော်နိုင်သည်။ သူ၏ ကျင့်ကြံခြင်းက ကနဦးမူလအဆင့်မှာ ဖြစ်သည်။
သူက ဓားကျင့်ကြံခြင်းအတွက် မိုင်တစ်သန်းအကွာအဝေးကို ခရီးနှင်လာခဲ့သူ ဖြစ်သည်။
ဟန်မူယဲ့၏ ဓားတစ်ချက်အောက်မှာ ရှုံးနိမ့်သွားပြီးနောက် ရှုဖုန်းယန်သည် သူ့ကိုယ်သူ ဟန်မူယဲ့၏ တပည့်အဖြစ် သတ်မှတ်လိုက်ပြီး ဓားပျိုးထောင်ခြင်းတဲအိမ်၏ အပြင်ဘက်မှာ အတင်းအကျပ် နေထိုင်လိုက်သည်။ သူက ထွက်သွားရန် ငြင်းဆန်သည်။
“ ဒေါင်… ဒေါင်… ဒေါင်… ”
သတိပေးခေါင်းလောင်းသံက အဝေးမှ တောင်တန်းများထံမှ ပဲ့တင်ထပ်လာသည်။
ဟန်မူယဲ့၏ အရှေ့မှ စကြာဝဠာနယ်မြေများက လွင့်ပြယ်သွားပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ မြူခိုးထုက ပျောက်ကွယ်သွားသည်။
ထို့နောက် ပုံရိပ်တစ်ခုက သူ့အရှေ့သို့ ဆင်းသက်လာသည်။
ထိုသူက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ကျောပေါ်တွင် သုံးပေရှည်လျားသော အနက်ရောင်ဓားတစ်လက်ကို သယ်ဆောင်ထားသည်။ သူ၏ မျက်လုံးထဲတွင် သာမန်ကျင့်ကြံသူများ တိုက်ရိုက် မကြည့်နိုင်သော လူသတ်ငွေ့က ထွက်ပေါ်နေသည်။
ထိုသူသည် ဟန်မူယဲ့နောက်သို့ လိုက်ရန် ဆန္ဒပြင်းပြနေသော ကနဦးမူလအဆင့်ကျင့်ကြံသူ ရှုဖုန်းယန်ဖြစ်သည်။
“ ဆရာ… ကျုပ်သွားစစ်ဆေးလိုက်ပါ့မယ် ”
ရှုဖုန်းယန်က အေးတိအေးစက် အသံဖြင့် ပြောသည်။
ဘေးပတ်ဝန်းကျင်တွင် ဓားသိုင်းလေ့ကျင့်နေကြသော ကျင့်ကြံသူများက ရပ်တန့်လိုက်ကြပြီး ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ဤသုံးလအတောအတွင်းမှာ သူတို့၏ ကောင်းကင်အသင်္ချေဓားဂိုဏ်းသည် ပြင်ပရန်သူများ၏ ကျူးကျော်မှုကို တစ်ခါမှ မကြားခဲ့ရပေ။
ဟန်မူယဲ့က တည်ငြိမ်သော အမူအရာဖြင့် လက်ယမ်းပြလိုက်သည်။
“ အဲ့ဒါ ယွင်ထျန်းတာအိုဂိတ်က လူတွေပဲ… သူတို့လာကြပါစေ… သူတို့ဘာလုပ်ချင်တာလဲ ကြည့်ရအောင် ”
ကြည့်ရသည်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဓားရောင်းချခြင်းမှတဆင့် အစွမ်းထက်ကျင့်ကြံသူများကို ဆွဲဆောင်နေသည်ဟူသော သတင်းက ယွင်ထျန်းတာအိုဂိတ်ဆီသို့ ရောက်ရှိသွားပုံပေါ်သည်။
ယွင်ထျန်းတာအိုဂိတ်က မည်သည့်အတွက်ကြောင့် လူလွှတ်လိုက်ကြောင်း ဟန်မူယဲ့ မြင်ချင်မိသည်။
“ အဲ့ဒါ အန္တိမတာအိုအဆင့် ကျင့်ကြံသူပဲ ”
“ အို ဘုရားရေ… အန္တိမတာအိုအဆင့် ကျင့်ကြံသူကို ဒီနေ့ ငါမြင်ဖူးသွားပြီ ”
အံ့ဩသော အော်ဟစ်သံများက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးအပြင်ဘက်မှာ ထွက်ပေါ်လာသည်။