အခန်း (၁၅၉၉)
Vol. 115 Ch. 1599
ရှုကျိချူးသည် တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူ မဟုတ်ပေ။
သူကျင့်ကြံသော ဓားတာအိုကို အပြင်လူများက မသိကြချေ။
သို့သော်လည်း သူက ဟန်မူယဲ့၏ အရှေ့မှာ ဓားမထုတ်ရသေးမီ ခန္ဓာကိုယ်လှုပ်ရှားမှုမှတဆင့် သူ၏ သရုပ်က ထုတ်ဖော်ခံလိုက်ရသည်။
“ ကောင်းကင်ဘုံလေ့လာခြင်း ဟန်အမူအရာနဲ့ စတင်တယ်… အဲ့ဒါက ဝူယွဲ့ဓားဂိုဏ်းက အမွေအနှစ်ပဲ… ကံမကောင်းစွာပဲ မင်းက အစကတည်းက အမှားသုံးခုကို ပြုလုပ်ခဲ့တယ် ”
ထိုစကားကြောင့် ရှုကျိချူးသည် ဓားကို မဆွဲထုတ်ဝံ့တော့ချေ။
ဝူယွဲ့ဓားဂိုဏ်းသည် ကျန်းကောင်းကင်ဘုံဓားဂိုဏ်းမှ ခွဲထွက်သွားသော ဓားဂိုဏ်း(၃၆)ဂိုဏ်းအနက် အသက်ရှင်လျက် ဆက်လက်တည်ရှိနေသေးသော ဓားဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ ဝူယွဲ့ဓားဂိုဏ်းသည် ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် မိုင်နှစ်သိန်းအကွာအဝေးမှာ တည်ရှိသည်။
ဝူယွဲ့ဓားဂိုဏ်းသည် ကျန်းကောင်းကင်ဘုံဓားဂိုဏ်းမှ ခွဲထွက်သွားသော ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲတွင် အလွန်သန်မာသည်ဟု ဆိုနိုင်ပေသည်။ တခြားဓားဂိုဏ်းများက ကောင်းကင်အသင်္ချေဓားဂိုဏ်းကဲ့သို့ အင်အားနည်းပါးပြီး သူတို့ဆီမှာ အန္တိမတာအိုအဆင့် ကျင့်ကြံသူတစ်ယောက်ပင် မရှိပေ။
ဓားဂိုဏ်းအများစုသည်တော့ အချိန်မြစ်ထဲမှာ ပျောက်ကွယ်သွားကြသည်။
ဟန်မူယဲ့သည် ရှုကျိချူး၏ ဓားနည်းစနစ်ကို ဖော်ထုတ်နိုင်ရုံသာမက သူ၏ ဓားကွက်များထဲမှ အမှားများကိုလည်း ထောက်ပြပေးခဲ့သည်။
အတိတ်တွင် သူ့အား ဓားသိုင်းသင်ကြားပေးခဲ့သော ကနဦးမူလအဆင့် အကြီးအကဲတစ်ယောက်သည်လည်း ထိုသို့ပြောခဲ့ဖူးသည်။ သူ၏ အကျင့်စရိုက်ကြောင့် သူ၏ ဓားကွက်များထဲမှာ အမှားတချို့ရှိနေသည်ဟု ဆိုသည်။
သို့တိုင် ကနဦးမူလအဆင့် ထိုအကြီးအကဲသည် သူ၏ ဓားကွက်များထဲမှ အမှားများကို အတိအကျ မထောက်ပြပေးနိုင်သလို ယင်းတို့ကိုလည်း မပြုပြင်ပေးနိုင်ပေ။
ဟန်မူယဲ့ထံမှ စကားတစ်ခွန်းကို ကြားပြီးနောက် ရှုကျိချူးက ဓားပျိုးထောင်ခြင်းတဲအိမ်၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေလိုက်သည်။
ဤနေရာ၌ သူကျင့်ကြံနေသည်မှာ တစ်လမပြည့်သေးသော်လည်း ယင်းက သူ့ဘဝမှာ အကြီးမားဆုံး အခွင့်အရေးဖြစ်ကြောင်း ရှုကျိချူး နားလည်ပေသည်။
အဘယ့်ကြောင့်ဆိုသော် သူက ဤလဝက်အတွင်းမှာ သူ၏ ဓားကွက်များထဲမှ ယခင်အမှားများကို ပြင်ဆင်နိုင်ခဲ့သည်။
သူ၏ ဓားတာအိုစွမ်းအားသည်လည်း လွန်ခဲ့သော လဝက်ထက်စာလျှင် အနည်းဆုံး ငါးဆပိုအားကောင်းသွားသည်။
ယခု သူက အန္တိမတာအိုအဆင့် ကျင့်ကြံသူများကိုပင် မျက်လုံးထဲ မထည့်တော့ချေ။ တာအိုအဆင့်ကို ကျော်လွန်သွားပြီး ကိုယ်ပိုင်မူလလေဟာနယ်ကို ထိန်းချုပ်နိုင်သူများသာလျှင် သူ၏ အာရုံစိုက်မှုရရန် ထိုက်တန်ပေသည်။
လက်ရှိအချိန်တွင် ဖုန်းလန်ရှန်း၏ ဘေးပတ်ဝန်းကျင်၌ သွေးချီစွမ်းအားက သိပ်သည်းသွားပြီး သတ်ဖြတ်ခြင်းအရှိန်အဝါက ဟန်မူယဲ့ထံသို့ ဦးတည်သွားသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ မည်သည့်တပည့်မှ ထိုသွေးချီမုန်တိုင်းကို မတောင့်ခံနိုင်ပေ။
စူးရှသော အလင်းတန်းက ရှုကျိချူး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သို့တိုင် သူက မလှုပ်ရှားပေ။
ရန်သူက အန္တိမတာအိုအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။
ထိုအတွက် သူလှုပ်ရှားရန် မလိုပေ။
ထိုလူကို တားဆီးရန်အတွက်တော့ အများကြီး ပိုလွယ်ကူသည်။
ဟန်မူယဲ့၏ အရှေ့မှာ မတ်တတ်ရပ်နေသော ရှုဖုန်းယန်သည် သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်မားသလို တိုက်ပွဲစွမ်းအားသည်လည်း ပိုအားကောင်းသည်။
သူက ဤလဝက်အတွင်းမှာ ယခင်ကထက် အများကြီး ပိုသန်မာလာသော်လည်း ထိုဓားရူးကောင် ရှုဖုန်းယန်ကိုတော့ မယှဉ်နိုင်သေးပေ။
သို့တိုင် ရှုဖုန်းယန်သည် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့ထံမှ ဓားတစ်ချက်ကို တစ်ခါမှ မခုခံနိုင်ခဲ့ပေ။
မှန်ပေသည်။ ဓားတစ်ချက်ကိုပင် မတောင့်ခံနိုင်ပေ။
ထိုသို့ဓားတာအိုစွမ်းအားက ပြိုင်စံရှားသည်ဟု ဆိုနိုင်ပေသည်။
“ လူပြက်ပဲ ”
ရှုကျိချူးက ခေါင်းယမ်းလိုက်သည်။
လူတိုင်း၏ မျက်စိအရှေ့တွင် ထိုသွေးချီစွမ်းအားက ငွေရောင်တောက်ပသော ဓားသွားတစ်ခုနှင့် တွေ့ဆုံသွားသည်။
“ ထန် ”
ဓားသွားက တုန်ယင်သွားသည့်အခါ သွေးချီမုန်တိုင်းက ပြိုကွဲသွားသည်။
နောက်အခိုက်အတန့်မှာ ဖုန်းလန်ရှန်း၏ ဦးခေါင်းထက်တွင် ဒြပ်ထည်ဖွဲ့စည်းထားသော သန္ဓေပြောင်းသားရဲက ရှုဖုန်းယန်ထံသို့ ခုန်အုပ်လိုက်သည်။
ထိုသားရဲ ထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ လေထုက အေးစိမ့်သွားသည်။ တာအိုဝင်ရောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် တာအိုချိုးဖြတ်ခြငးအဆင့် ကျင့်ကြံသူများသည်ပင် သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးချီက အေးခဲသွားကြောင်း ခံစားမိကြသည်။
ရှင်းလင်းစွာပင် ယင်းသည် မူလစွမ်းအားကို ထိန်းချုပ်နိုင်ပြီး မိုးမြေစွမ်းအားကို စိတ်တိုင်းကျ ရွေ့လျားနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ တိုက်ခိုက်မှုဖြစ်သည်။
ယင်းက အန္တိမတာအိုအဆင့်၏ တိုက်ပွဲစွမ်းအား ဖြစ်သည်။
သန္ဓေပြောင်းသားရဲက သူ့ထံသို့ ခုန်အုပ်လာကြောင်း မြင်သောအခါ ရှုဖုန်းယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်မရှည်သော အမူအရာက ထွက်ပေါ်လာသည်။
သူက ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်လေရာ ဓားသွားက ဓားအလင်းတစ်ထောင်ကို ထုတ်လွှတ်လိုက်သည်။
ဓားအလင်းတစ်ခုစီသည် မီးတောက်မီးလျှံကဲ့သို့ အဖျက်စွမ်းအားကြီးမားသည်။ ဓားအလင်းများ ထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ မူလမီးစွမ်းအားက တအိအိလှုပ်ခတ်သွားသည်။
“ ခရက် ”
ရေနှင့် မီးစွမ်းအားတို့ ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ မိုးမြေစွမ်းအားက ပရမ်းပတာလှုပ်ခတ်သွားသည်။
ယင်းက ဤနယ်မြေအတွင်းမှ မူလစွမ်းအား၏ ရုန်းကန်မှု ဖြစ်သည်။
တာအိုချိုးဖြတ်ခြင်း၏ အထက်အဆင့် တိုက်ပွဲစွမ်းအားကသာလျှင် ထိုသို့သက်ရောက်မှုကို ဖန်တီးနိုင်ပေသည်။
အံ့ဩသော အမူအရာက ဖုန်းလန်ရှန်း၏ မောက်မာထောင်လွှားသော မျက်နှာပေါ်မှာ အစားထိုး ထွက်ပေါ်လာသည်။
“ တာအိုငြိမ်းသတ်ခြင်းအဆင့်… မဟုတ်ဘူး… အဲ့ဒါ အန္တိမတာအိုအဆင့်ပဲ ”
မီးတောက်ဓားအလင်းကို မြင်သွားသောအခါ ဖုန်းလန်ရှန်းက အလန့်တကြား အော်ပြောလိုက်သည်။
အန္တိမတာအိုအဆင့်မှ ပုဂ္ဂိုလ်သာလျှင် သူ့ကိုယ်ပိုင် အန္တိမတာအိုစွမ်းအားကို ခုခံနိုင်လိမ့်မည်။
“ ဘန်း ”
ရှုဖုန်းယန်က သူ့အရှေ့မှ သန္ဓေပြောင်းသားရဲကို ဓားတစ်ချက်ဖြင့် ဖျက်ဆီးပစ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ပျက်သော အမူအရာ ထွက်ပေါ်လာသည်။
သူက ဓားရှည်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။
“ ဆရာ… အဲ့ဒါက ယွင်ထျန်းတာအိုဂိတ်ရဲ့ အစွမ်းအကုန်လား ”
“ အဲ့လောက်ပဲလား… မင်းလုပ်နိုင်တာ ဒါပဲလား ”
အချင်းမိုင်တစ်သိန်းဧရိယာထဲမှာ အသန်မာဆုံးဖြစ်သော ဂိုဏ်းက ထိုသို့စော်ကားခံရသည်လော။
ဖုန်းလန်ရှန်း၏ မျက်နှာက ဒေါသကြောင့် နီမြန်းသွားသည်။ သူက ကျယ်လောင်စွာ ဟိန်းအော်လိုက်လေရာ ရွှေရောင်သံလက်စွပ်အိတ်တစ်စုံက သူ၏ လက်ပေါ်မှာ ထွက်ပေါ်လာသည်။
မဟာပန်သွန်ဘုံတွင် ကျင့်ကြံသူအများစုက သွေးချီအနှစ်သာရနှင့် ရုပ်ခွန်အားကို အထူးအလေးထားကြသည်။ ဓားကျင့်ကြံသူများသည်ပင် ရက်စက်ကြမ်းကြုတ်စွာ ခွန်အားသုံးခြင်းကို နှစ်သက်ကြသည်။
ဤအခိုက်အတန့်မှာ ဖုန်းလန်ရှန်းက သံလက်စွပ်အိတ်များကို ဝတ်ဆင်ပြီးနောက် ဆယ်ပေအကွာမှ ရှုဖုန်းယန်ထံသို့ လက်သီးထိုးလွှတ်လိုက်သည်။
ထိုလက်သီးချက်က အန္တိမတာအိုအဆင့် ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုဖြစ်သည်။ တိုက်ခိုက်မှုနည်းစနစ်က ရိုးရှင်းသော်လည်း ယင်းထဲမှာ ကိန်းအောင်းနေသော အရှိန်အဝါက ခုခံတားဆီးရန် မလွယ်ကူပေ။
လက်သီး၏ အရှိန်အဝါက လေထဲမှာ ရွှေရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ရှုဖုန်းယန်ဆီသို့ ဦးတည်သွားသည်။
စိတ်အနှောင့်အယှက်ဖြစ်သော အမူအရာက ရှုဖုန်းယန်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူလက်မြှောက်လိုက်သည့်အခါ ဓားနှစ်လက်က ဓားအိမ်ထဲမှ တစ်ပြိုင်နက် ထွက်လာသည်။
“ ရွှတ် ”
ဓားနှစ်လက်က လေထဲမှာ ကြက်ခြေခတ်သဏ္ဍာန် လှည့်ပတ်သွားပြီး ရွှေရောင်နဂါးကို အပိုင်းပိုင်း ခုတ်ဖြတ်လိုက်သည်။
ရွှေရောင်နဂါး ပြိုကွဲပျက်စီးသွားသည့်အခါ ရေခဲမူလစွမ်းအားက ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ အပူချိန်ကို မြန်ဆန်စွာ လျော့ကျသွားစေသည်။
“ မင်းက ယွင်ပြည်နယ်ရဲ့ မိုးမြေလေမိုးကြိုးစာရင်းက အဆင့်(၃၁၄) ဓားရူးကောင် ရှုထျန်းဖုန်း ”
ရှုဖုန်းယန်၏ လက်ထဲမှ ဓားနှစ်လက်ကို စိုက်ကြည့်လိုက်သည့်အခါ ဖုန်းလန်ရှန်းက မျက်လုံးပြူးကျယ်သွားသည်။
ယွင်ပြည်နယ်… ။
အချင်းမိုင်သန်းသုံးဆယ်ကျယ်ပြောသော ဧရိယာသည် ယွင်ပြည်နယ်၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်မှာ တည်ရှိသည်။
ယွင်ပြည်နယ်မှာ အဆင့်သတ်မှတ်ချက်စာရင်းလေးခု ရှိသည်။ ယင်းတို့က မိုး၊ မြေ၊ လေ၊ မိုးကြိုးတို့ ဖြစ်ကြသည်။ ထိုစာရင်းလေးခုထဲမှာ ယွင်ပြည်နယ်၏ အစွမ်းထက်ကျင့်ကြံသူများကို ဖော်ပြထားသည်။
စာရင်းတစ်ခုစီမှာ အစွမ်းထက်ကျင့်ကြံသူ(၃၆၀)ယောက် ပါရှိကြသည်။
မိုးစာရင်းတွင် သေခြင်းရှင်ခြင်းအဆင့်မှ ကျွမ်းကျင်ပညာရှင်များကို ဖော်ပြထားသည်။
မြေစာရင်းတွင် ယင်ယန်အဆင့်မှ ကျွမ်းကျင်ပညာရှင်များ ပါရှိကြသည်။
လေစာရင်းတွင် စကြာဝဠာအဆင့် အစွမ်းထက်ကျင့်ကြံသူများ ပါရှိကြသည်။
မိုးကြိုးစာရင်းတွင်တော့ ကနဦးမူလအဆင့်မှ ကျွမ်းကျင်ပညာရှင်များကို စာရင်းပြုစုထားသည်။
ထိုမိုးမြေလေမိုးကြိုးစာရင်းထဲမှာ ပါဝင်ကြသည့် လူတိုင်းသည် ယွင်ပြည်နယ်၏ အချင်းမိုင်သန်းသုံးဆယ်ဧရိယာထဲမှာ နာမည်ကျော်ကြားသူများ ဖြစ်ကြသည်။
ယွင်ထျန်းတာအိုဂိတ်က အချင်းမိုင်တစ်သိန်းဧရိယာထဲမှာ အရှင်သခင်ဖြစ်ပြီး ဂိုဏ်းအတွင်းမှာ ကျွမ်းကျင်ပညာရှင်အများအပြား ရှိကြသည်။ ထို့ပြင် ဂိုဏ်းထဲမှာ ကနဦးမူလအဆင့် အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်လည်း ရှိကြသည်။ သို့သော်လည်း သူတို့က မိုးမြေလေမိုးကြိုးစာရင်းထဲမှ ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်လျှင် အလှမ်းဝေးနေဆဲပင်။
ဖုန်းလန်ရှန်း၏ အာမေဋိတ်သံက တောင်အောက်ထိ ပျံ့လွင့်သွားသည်။
ဂိုဏ်း၏ ဂိတ်တံခါးအရှေ့မှာ စုဝေးနေကြသော ကျွမ်းကျင်ပညာရှင်များဖြစ်စေ ဓားပျိုးထောင်ခြင်းတဲအိမ်၏ အရှေ့မှ တပည့်များဖြစ်စေ သူတို့အားလုံးက အံ့ဩမှုကြောင့် မျက်လုံးပြူးကျယ်သွားကြသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းက မိုးမြေလေမိုးကြိုးစာရင်းထဲမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို တကယ် ပိုင်ဆိုင်ထားသည်လော။
ထိုသို့ပုဂ္ဂိုလ်မျိုးကို တစ်သက်မှာတစ်ခါ မြင်တွေ့ရန်ပင် ခဲယဉ်းလှ၏။
“ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်တုန်းက ဗုဒ္ဓတောင်ပေါ်က တိုက်ပွဲမှာ မိုးကြိုးစာရင်းက အစွမ်းထက်ပညာရှင်နှစ်ယောက်ကို ငါမြင်ခဲ့ဖူးတယ် ”
“ ငါလည်း လေစာရင်းက ပညာရှင်တစ်ယောက်ကို မြင်ဖူးတယ်… ဒါပေမဲ့ အဲ့ဒီလူက သူ့နာမည်ကို မပြောခဲ့ဘူး ”
ဂိတ်တံခါးအရှေ့တွင် တီးတိုးဆွေးနွေးသံများ ထွက်ပေါ်လာသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှာ ထိုသို့ပညာရှင်တစ်ယောက် ရှိနေမည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ယွင်ထျန်းတာအိုဂိတ်ကို မကြောက်ဘဲ ဆန့်ကျင်ရဲတာ မထူးဆန်းတော့ပါဘူး ”
တစ်စုံတစ်ယောက်က တိုးညင်းစွာ ရေရွတ်လိုက်သည်။
ယွင်ထျန်းတာအိုဂိတ်မှာ ကနဦးမူလအဆင့် ကျင့်ကြံသူနှစ်ယောက်သာ ရှိသည်။ ယခု ကောင်းကင်အသင်္ချေဓားဂိုဏ်းက မိုးကြိုးစာရင်းမှ အစွမ်းထက်ပညာရှင်တစ်ယောက်ကို ပိုင်ဆိုင်ထားလေရာ မည်သို့ကြောင့် ယွင်ထျန်းတာအိုဂိတ်ကို ကြောက်ရမည်နည်း။
ဂိတ်တံခါးအရှေ့တွင် ကျွမ်းကျင်ပညာရှင်များက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှာ နက်နဲသိမ်မွေ့သော အမူအရာ ထွက်ပေါ်လာသည်။
ဓားပျိုးထောင်ခြင်းတဲအိမ်၏ အရှေ့တွင် ဖုန်းလန်ရှန်းက တုန်ယင်သွားပြီး သူ၏ မျက်နှာက စက္ကူဖြူတစ်ရွက်နှယ် ဖျော့တော့သွားသည်။ သူက ဖုန်းလန်ရှန်း၏ လက်ထဲမှ ဓားနှစ်လက်ကို ကြောက်လန့်စွာ ကြည့်လိုက်သည်။
မိုးကြိုးစာရင်းမှ အစွမ်းထက်ပညာရှင်တစ်ယောက်နှင့် ယနေ့ ရင်ဆိုင်ရလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
တစ်ဖက်လူ၏ စွမ်းအားဖြင့်ဆိုလျှင် သူ့အား သတ်ရန် ဓားတစ်ချက်သာ လိုအပ်ပေသည်။
“ ခင်ဗျားလူမှားနေပြီ ”
ရှုဖုန်းယန်က တည်ငြိမ်သော အမူအရာဖြင့် ဓားနှစ်လက်ကို ဓားအိမ်ထဲသို့ ပြန်သိမ်းလိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ထံသို့ လျှောက်သွားသည်။
“ ဆရာ… သူ့ကို သတ်ပစ်ရမလား ဒါမှမဟုတ် လွှတ်ပေးရမလား ”
ထိုစကားက ဖုန်းလန်ရှန်း၏ ခြေထောက်ကို ပျော့ခွေသွားစေသည်။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်ပြီး ဖုန်းလန်ရှန်းကို ကြည့်လိုက်သည်။
“ သံတမန်ဖုန်း… ခင်ဗျားက ဒီနေ့ ကျုပ်တို့ရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ ရောက်လာတယ်… ကျုပ်တို့က ခင်ဗျားကို တလေးတစား ဆက်ဆံတယ်မဟုတ်လား ”
တလေးတစား ဆက်ဆံတယ်လား… ။
ဖုန်းလန်ရှန်းက တွေဝေသွားပြီး ခေါင်းညိတ်လိုက်သည်။
“ သံတမန်ဖုန်း… ကျုပ်တို့က ပျော်စရာကောင်းတဲ့ စကားဝိုင်းကို ဖန်တီးခဲ့ကြတယ်… ပြီးတော့ ခင်ဗျားက ဂိုဏ်းကနေ ထွက်သွားဖို့ အင်တင်တင်ဖြစ်နေတယ်… ဒါပေမဲ့လည်း ခင်ဗျားမှာ လုပ်ဆောင်ရမယ့်ကိစ္စတွေ အများကြီး ရှိနေသေးလို့ ကျုပ်တို့ ခွဲခွာကြရတော့မယ်… ကျုပ်ပြောတာ ဟုတ်သလား ”
ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။
ဖုန်းလန်ရှန်းက ထပ်မံ ခေါင်းညိတ်လိုက်သည်။
“ ဒါဆိုရင်… ခင်ဗျား ဘာလို့ မထွက်သွားသေးတာလဲ ”
ဟန်မူယဲ့က တောင်အောက်သို့ ဆင်းသော လမ်းကြောင်းကို လက်ညှိုးညွှန်လိုက်ပြီး ပြောသည်။
ဖုန်းလန်ရှန်းက အနောက်လှည့်လိုက်လေရာ သူ၏ ခြေထောက်က ပျော့ခွေသွားသည်။ သူက ပြုတ်ကျလုနီးပါး ဒယိမ်းဒယိုင်ဖြစ်သွားသည်။
ဖုန်းလန်ရှန်း၏ ဖရိုဖရဲပုံစံကို မြင်သောအခါ ဟန်မူယဲ့က ရယ်လိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး ဘေးပတ်ဝန်းကျင်မှ တပည့်များကို ကြည့်လိုက်သည်။
“ သုံးရက်အနားယူပြီးရင် မင်းတို့တွေ အတွေ့အကြုံရအောင် ခရီးတစ်ခု ငါခေါ်သွားမယ် ”
“ သေခြင်းရှင်ခြင်းက မင်းတို့ရဲ့ လက်ထဲမှာပဲ မူတည်တယ် ”