← Chapters

အခန်း (၁၆၀၃)

Vol. 115 Ch. 1603

အခန်း (၁၆၀၃)

Vol. 115 Ch. 1603

“ ဟန်မူယဲ့လား… နာမည်ကောင်းပဲ ”

အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော လျောင်ဖန်းက အနောက်လှည့်ကြည့်လိုက်ပြီး ပြောသည်။ ဝိညာဉ်အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ ဆိုးလိုက်တဲ့ နာမည် ”

အခြားတစ်ဖက်မှ ဝမ်ကျန်းဟိုင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။

“ နာမည်က သာမန်ဖြစ်မှတော့ လူကလည်း သာမန်ပဲ ဖြစ်လိမ့်မယ်… မင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားက သိပ်မမြင့်လောက်ဘူး ”

မြေကွက်လပ်ထဲတွင် လူတချို့က ပြုံးလိုက်ကြပြီး လူတချို့က အမူအရာကင်းမဲ့စွာ ဆက်ရှိနေကြသည်။

“ ဟား ဟား… ရှိစေတော့ ရှိစေတော့… ဒီနေ့က ဂိုဏ်းတပည့်တွေ စုဝေးတဲ့ ပွဲအခမ်းအနားပဲ… ငါ့အရှေ့မှာ စကားမများကြနဲ့ ”

အရှေ့ဆုံးမှ မုတ်ဆိတ်ဖြူအကြီးအကဲက နူးညံ့စွာ ပြောသည်။

အဖိုးအို စကားပြောလိုက်သည့်အခါ သူတို့၏ ဘေးပတ်ဝန်းကျင်မှ လောကက ချက်ချင်း ကြည်လင်ပြတ်သားသွားသည်။ လူတိုင်းက ခေါင်းငုံ့လိုက်ကြသည်။ သူတို့ထဲမှ မည်သူမှ မော့မကြည့်ဝံ့ကြချေ။

ဂိုဏ်းခေါင်းဆောင်ကျူးယွင်ရှု… ။

သူက ယုမင်ဓားဂိုဏ်း၏ လက်ရှိဂိုဏ်းခေါင်းဆောင် ဖြစ်သည်။

ဟန်မူယဲ့က ဦးညွတ်လိုက်သည်။ မှိန်ဖျော့သော ဝိညာဉ်အလင်းလွှာတစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

ဝိညာဉ်အလင်းလွှာက ဆက်တိုက် တုန်ယင်နေပြီး သူ၏ ဝိညာဉ်ကို လှုပ်နှိုးနေသည်။ ယင်းက သူ့အား ဤပုံရိပ်ယောင်လောကထဲမှာ မနစ်မြုပ်သွားစေရန် ကာကွယ်ပေးသည်။

ရှုဖုန်းယန်နှင့် တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားရှိသော ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တခြားတပည့်များသည် မြေကွက်လပ်ဆီသို့ လျှောက်သွားကြပြီး ထိုနေရာမှာ မတ်တတ်ရပ်လိုက်ကြသည်။ တာအိုငြိမ်းသတ်ခြင်းအဆင့် တိုက်ပွဲစွမ်းအားရှိသော သန္ဓေပြောင်းသားရဲများသည်လည်း ထို့အတူပင်။

သူတို့က ကျူးယွင်ရှု၏ တပည့်ဖြစ်လာရန် အရည်အချင်းမပြည့်မီကြပေ။ သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်းစွမ်းအားအရ ယုမင်ဓားဂိုဏ်း၏ တရားဝင်တပည့်ဖြစ်လာရန် သူတို့အတွက် မခက်ခဲပေ။

ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များသည် သူတို့၏ ဝိညာဉ်ကို ဆုံးရှုံးသွားကြသည်။ သန္ဓေပြောင်းသားရဲများမှ အသွင်ပြောင်းလဲသွားသော တပည့်များသည်လည်း ၎င်းတို့၏ ဝိညာဉ်ကို ဆုံးရှုံးသွားကြသည်။ သူတို့အားလုံးက မြေကွက်လပ်၏ အပြင်ဘက်မှာ မတ်တတ်ရပ်လိုက်ကြပြီး ဂါရဝပြုလိုက်ကြသည်။

ယင်းက အဆင့်အတန်းခွဲခြားမှု ဖြစ်သည်။ လူတိုင်း၏ ကျင့်ကြံခြင်းစွမ်းအားနှင့် ပါရမီပေါ်မူတည်၍ အဆင့်အတန်းက ကွာခြားသွားလိမ့်မည်။ တရားဝင်တပည့်ဖြစ်လာသူများသည် သာမန်ပါရမီသာ ပိုင်ဆိုင်ထားကြသည်။

“ ဒေါင် ”

“ ဒေါင် ”

“ ဒေါင် ”

…..

ခေါင်းလောင်းမြည်သံ ပဲ့တင်ထပ်သွားသည့်အခါ ယုမင်ဓားဂိုဏ်း၏ ဂိတ်တံခါးထဲတွင် နန်းတော်များ ထွက်ပေါ်လာကြသည်။

ကျူးယွင်ရှုက လက်နောက်ပစ်လျက် ဂိတ်တံခါးထဲသို့ လမ်းလျှောက်သွားသည်။ သူက လမ်းလျှောက်နေရင်း စကားပြောသည်။

“ ငါတို့ယုမင်ဓားဂိုဏ်းက မိုးမြေကြားထဲက ဒီချောက်နက်ကို နှစ်ပေါင်းသုံးသိန်းကြာအောင် ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်… ယုမင်ဓားဂိုဏ်းက တပည့်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ ချောက်နက်ထဲက သန္ဓေပြောင်းသားရဲတွေက အပြင်လောကကို ခြေတစ်လှမ်းတောင် မထွက်လာရဲကြဘူး ”

“ နှစ်ပေါင်းသုံးသိန်းကြာပြီးနောက် ငါ့ရဲ့ ယုမင်ဓားဂိုဏ်းက ဂိုဏ်းသားတစ်ရာပဲရှိတဲ့ ဂိုဏ်းငယ်တစ်ခုကနေ ဂိုဏ်းသားတစ်သောင်းရှိတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းအဖြစ် ဖွင့်ဖြိုးတိုးတတ်လာခဲ့တယ် ”

“ အင်မော်တယ်မင်းဆက် ပေးအပ်ထားတဲ့ အစောင့်အကြပ်တာဝန်ကို ဟိုးယခင်ကတည်းက ဖြည့်ဆည်းပေးပြီးပြီ… အခု ငါတို့လုပ်ရမှာ ကိုယ့်ကိုယ်ကိုယ် တိုးတတ်လာအောင် လုပ်ဖို့ပဲ ”

“ ငါဂိုဏ်းခေါင်းဆောင်က သေခြင်းရှင်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ဖြစ်တယ်… တကယ်လို့ ငါက သေခြင်းရှင်ခြင်းရဲ့ ကပ်ဘေးဒုက္ခကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်ကို ရောက်ရှိသွားလိမ့်မယ်… ဒါပေမဲ့ သေခြင်းရှင်ခြင်းရဲ့ ကပ်ဘေးဒုက္ခက ကျော်ဖြတ်ဖို့ အရမ်းခက်ခဲတယ်… ကျင့်ကြံသူအများအပြားက ကပ်ဘေးဒုက္ခကျော်ဖြတ်နေချိန်အတွင်း ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ဆုံးရှုံးသွားကြတယ် ”

ကျူးယွင်ရှု၏ အသံက တိုးညင်းသော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းပီသစွာ ပျံ့လွင့်သွားသည်။

လူအုပ်ကြားထဲတွင် ဟန်မူယဲ့က မနှေးလွန်း မမြန်လွန်း လမ်းလျှောက်နေသည်။

ယုမင်ဓားဂိုဏ်း၏ တည်ထောင်သူဘိုးဘေးသည် အင်မော်တယ်မင်းဆက်၏ အစောင့်အရှောက်တစ်ဦးဖြစ်ပြီး သူ၏ လက်အောက်တွင် စစ်သည်တော်တစ်ရာ ရှိသည်။

မဟာပန်သွန်ဘုံထဲတွင် ဂိုဏ်းအများစုသည် အင်မော်တယ်မင်းဆက်၏ စစ်တပ်အင်အားစုများမှ ဖွင့်ဖြိုးတိုးတတ်သွားခြင်းသာ ဖြစ်ကြသည်။ နောက်ပိုင်းမှာ သူတို့က ကိုယ်ပိုင်အခွင့်အာဏာရှိသော အရှင်သခင်များ ဖြစ်လာကြသည်။

မိုင်ပေါင်းမရေမတွက်နိုင်အောင် အဝေးမှာရှိသော အင်မော်တယ်မင်းဆက်သည် ၎င်း၏ စစ်တပ်အင်အားစုများက ဂိုဏ်းများအဖြစ် ပြောင်းလဲသွားခြင်းကို လျစ်လျူရှုထားသည်။ မည်သို့ဖြစ်ပါစေ အင်မော်တယ်မင်းဆက်၏ အင်အားက ပြိုင်ဘက်ကင်းလေရာ မည်သည့်အရာကမှ ၎င်းကို မလှုပ်ခါပစ်နိုင်ပေ။

ယုမင်ဓားဂိုဏ်း၏ တည်ထောင်သူဘိုးဘေးသည် ချောက်နက်ကို စောင့်ကြပ်ရသော ယုမင်အစောင့်အရှောက်တစ်ဦး ဖြစ်သည်။ သူက ချောက်နက်ကို အနှစ်သုံးသိန်းကြာ ကာကွယ်စောင့်ရှောက်ပေးနေစဉ်အတွင်း တပည့်များကို ခေါ်ယူစုဆောင်းခဲ့သည်။ နောက်ပိုင်းမှာ သူ၏ စစ်တပ်က ယုမင်ဓားဂိုဏ်းအဖြစ် ဖွင့်ဖြိုးတိုးတတ်သွားသည်။

“ ငါတို့ယုမင်ဓားဂိုဏ်းက အရာအားလုံး ကောင်းမွန်ပေမဲ့ အမွေအနှစ်ကတော့ အရမ်းသာမန်ဖြစ်လွန်းတယ် ”

“ ယုမင်ဓားကွက်(၃)ကွက်က ရန်သူတွေကို သတ်ဖြတ်တဲ့ စစ်တပ်ဓားသိုင်းတစ်ခုပဲ ဖြစ်တယ်… အဲ့ဒါကို ငါတို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ထားတာကြောင့် ဂိုဏ်းရဲ့ အမွေအနှစ်က အတော်လေး နိမ့်ကျတယ် ”

ထိုစဉ် ကျူးယွင်ရှု၏ အနောက်မှ လိုက်ပါလာသော ဝမ်ကျန်းဟိုင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ဆရာ… တပည့်အမြင်မှာတော့ ဘေးပတ်ဝန်းကျင်က တခြားဂိုဏ်းတွေရဲ့ အမွေအနှစ်တွေကို လုယက်ပြီး ကျွန်တော်တို့ ယုမင်ဓားဂိုဏ်းရဲ့ အမွေအနှစ်ထဲ ပေါင်းထည့်သင့်ပါတယ်… အဲ့ဒါဆိုရင် ကျွန်တော်တို့ဂိုဏ်းရဲ့ အမွေအနှစ်က ပိုပြီးသန်မာလာလိမ့်မယ် မဟုတ်ဘူးလား ”

ဝမ်ကျန်းဟိုင်က စကားပြောပြီးသည်နှင့် အနောက်လှည့်လိုက်ပြီး တခြားတပည့်များကို ကြည့်လိုက်သည်။

“ မင်းတို့တွေ ဘယ်လိုမြင်ကြလဲ ”

လူတချို့က မျက်နှာတင်းမာသွားကြပြီး လူတချို့က ခေါင်းညိတ်လိုက်ကြသည်။ တခြားလူများသည်တော့ စိတ်ရှုပ်ထွေးနေကြဟန် ရ၏။

“ စီနီယာအကိုကြီး… အဲ့ဒီနည်းလမ်းက မသင့်တော်ပါဘူး… ဂိုဏ်းရဲ့ အမွေအနှစ်ကို ငါတို့ဘာသာ ဆက်လက် တိုးတတ်အောင် လုပ်ဆောင်သင့်ပါတယ်… ဘာလို့ တခြားဂိုဏ်းတွေဆီကနေ… ”

လျောင်ဖန်းက ခေါင်းခါလိုက်ပြီး စိတ်ပျက်သော လေသံဖြင့် ပြောသည်။ သို့သော်လည်း သူ့စကားမဆုံးခင်မှာ ဝမ်ကျန်းဟိုင်က လက်ဝှေ့ယမ်းလိုက်ပြီး ကြားဖြတ်ပြောသည်။

“ လျောင်ရှီစန်း… အဲ့ဒါ မင်းရဲ့ ပုံစံပဲ… ဒီနှစ်တွေမှာ ယုမင်ဓားသိုင်းကို ဖွင့်ဖြိုးတိုးတတ်အောင် မင်းလုပ်နိုင်ခဲ့လို့လား ”

ဝမ်ကျန်းဟိုင်က စကားပြောပြီးနောက် ဟန်မူယဲ့ထံသို့ လှမ်းကြည့်လိုက်သည်။

“ ကောင်လေးဟန် မင်းရော ဘယ်လိုထင်လဲ… တခြားဂိုဏ်းတွေဆီက အမွေအနှစ်တွေကို လုယက်သင့်တယ်လို့ မင်းထင်လား… ဒါမှမဟုတ် လျောင်ရှီစန်းပြောသလို ကိုယ့်ဘာသာ တိုးတတ်အောင် လုပ်သင့်လား ”

ထိုအခိုက်အတန့်မှာ တခြားလူများသည်လည်း ဟန်မူယဲ့ထံသို့ ခေါင်းလှည့်ကြည့်လိုက်ကြသည်။

အရှေ့ဆုံးမှ လမ်းလျှောက်နေသော ကျူးယွင်ရှုသည်လည်း အနောက်လှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ စီနီယာအကိုကြီး… ကျုပ်တို့ယုမင်ဓားဂိုဏ်းရဲ့ အမွေအနှစ်က တခြားဂိုဏ်းတွေထက် ပိုပြီးသန်မာတယ်လို့ ခင်ဗျားထင်လား ”

ဟန်မူယဲ့က ဝမ်ကျန်းဟိုင်ကို ကြည့်လိုက်ပြီး သိမ်မွေ့သော အသံဖြင့် မေးသည်။

“ ဒါပေါ့ဟ… ယုမင်ဓားကွက်(၃)ကွက်တည်းဆိုပြီး အထင်မသေးလိုက်နဲ့… အဲ့ဒါတွေက လူသတ်ဓားကွက်တွေချည်းပဲ… အဆင့်တစ်ခုထိ ကျင့်ကြံပြီးသွားရင် လူတွေကို ပုရွက်ဆိတ်တွေလို အလွယ်တကူ သတ်ပစ်နိုင်လိမ့်မယ် ”

ဝမ်ကျန်းဟိုင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ ဒါဆိုရင် ကျုပ်တို့က ဘာလို့ တခြားဂိုဏ်းတွေရဲ့ အမွေအနှစ်တွေကို အားကျနေမှာလဲ ”

ဟန်မူယဲ့၏ စကားက ဝမ်ကျန်းဟိုင်နှင့် တခြားတပည့်များကို အံ့ဩသွားစေသည်။

“ ဂျူနီယာညီလေးဟန်ပြောတာ မှန်တယ်… ယုမင်ဓားသိုင်းကို နက်နက်နဲနဲ ဆင်ခြင်နားလည်နိုင်မယ်ဆိုရင် ငါတို့တွေ… ”

လျောင်ဖန်းက စိတ်အားထက်သန်စွာ ပြောသည်။ သို့သော်လည်း သူ့စကားမဆုံးမီ ဟန်မူယဲ့က ဘေးသို့ လှည့်ကြည့်လိုက်ပြီး ကြားဖြတ်ပြောသည်။

“ စီနီယာအကိုလျောင်ဖန်း… ကျုပ်တို့ယုမင်ဓားဂိုဏ်းရဲ့ အမွေအနှစ်က တခြားဂိုဏ်းတွေထက်စာရင် အနည်းငယ်ပဲ ပိုသန်မာတယ်လို့ တစ်ခါမှ ခင်ဗျားမတွေးကြည့်ဖူးဘူးလား… ဒါ့အပြင် သာမန်တပည့်တွေက ဒီဓားသိုင်းရဲ့ စစ်မှန်တဲ့ အနှစ်သာရကို နားမလည်နိုင်ကြဘူး ”

“ အဲ့ဒီလိုအမွေအနှစ်နဲ့ဆိုရင် ဂိုဏ်းက ဘယ်လိုလုပ် ဖွင့်ဖြိုးတိုးတတ်မှာလဲ… ကျုပ်တို့တွေ လမ်းမှားနောက်လိုက်နေတာ မလုံလောက်သေးဘူးလား ”

ဟန်မူယဲ့၏ အသံက တောင်တန်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

အံ့ဩသော အမူအရာက ကျူးယွင်ရှု၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ အခြားတစ်ဖက်မှာတော့ ဝမ်ကျန်းဟိုင်က မျက်မှောင်ကြုတ်လိုက်ပြီး လျောင်ဖန်းက မျက်လုံးပြူးကျယ်သွားသည်။

“ ငါပြောတာလည်း မဟုတ်ဘူး… လျောင်ရှီစန်းပြောတာလည်း မမှန်ဘူးဆိုတော့ မင်းက ဘာကို အကြံပေးချင်တာလဲ ”

“ ဟုတ်တယ်… ငါတို့ဘာလုပ်သင့်လဲဆိုတာ မင်းပြောကြည့် ”

“ ဟွန့်… ပါးစပ်ကနေတော့ လူတိုင်း ပြောနိုင်တာပဲ… လက်တွေ့ကိုတော့ လူတိုင်း မလုပ်ဆောင်နိုင်ဘူး ”

ဘေးပတ်ဝန်းကျင်မှ တခြားတပည့်များက တစ်ယောက်တစ်ပေါက် ပြောကြသည်။

ထိုစဉ် ကျူးယွင်ရှုက လည်ချောင်းရှင်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ မင်းဘယ်လိုစဉ်းစားထားလဲ ငါ့ကို ပြောကြည့်ပါ ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အရိုအသေပေးသည်။

“ စီနီယာအကိုဝမ်ပြောတဲ့ နည်းလမ်းအရ တခြားဂိုဏ်းတွေဆီက အမွေအနှစ်တွေကို လုယက်တာဟာ ကျုပ်တို့ယုမင်ဓားဂိုဏ်းရဲ့ အင်အားကို အပြင်ထုတ်ပြလိုက်တာပဲ… အဲ့ဒါက တခြားဂိုဏ်းတွေကို သေချာပေါက် ကြောက်လန့်သွားစေလိမ့်မယ်… ဘာပဲပြောပြော ဒီလောကမှာ ခွန်အားက အရေးကြီးဆုံးပါပဲ ”

“ စီနီယာအကိုလျောင်ဖန်းပြောတဲ့ နည်းလမ်းကျတော့ အဲ့ဒါက ကျုပ်တို့ယုမင်ဓားဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်… ယုမင်ဓားဂိုဏ်းရဲ့ အမွေအနှစ်ဓားသိုင်းကို နက်နက်ရှိုင်းရှိုင်း ဆင်ခြင်နားလည်ဖို့ လိုအပ်ပါတယ်… အဲ့ဒါကို တခြားဂိုဏ်းတွေရဲ့ အမွေအနှစ်တွေနဲ့ အစားထိုးလို့ မဖြစ်ပါဘူး ”

ဟန်မူယဲ့က သူ၏ ဘေးပတ်ဝန်းကျင်မှ လူများကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ဒီတော့ ဓားသိုင်းအားလုံးကို စုစည်းဖို့ ကျုပ်အကြံပေးချင်တယ်… အမျိုးအစားစုံလင်တဲ့ ဓားသိုင်းတွေပေါ် အခြေခံပြီး ယုမင်ဓားသိုင်းကို တိုးတတ်အောင် ပြုလုပ်မယ်… ယုမင်ဓားသိုင်းနဲ့ သဟဇာတဖြစ်တဲ့ ဓားသိုင်းကို ရှာဖွေနိုင်တဲ့ ဘယ်သူမဆို ယုမင်ဓားသိုင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ခံရလိမ့်မယ် ”

“ ယုမင်ဓားကွက်(၃)ကွက်ကို (၁၃)ကွက်ထိ တိုးတတ်အောင် လုပ်မယ်… ပြီးသွားရင် (၂၃)ကွက်၊ ပြီးတော့ (၃၃)ကွက်ထိ ထပ်တိုးမြှင့်မယ် ”

“ ဓားကွက်တစ်ကွက်စီက ကိုယ်ပိုင်ဓားအမွေအနှစ်တစ်ခုအဖြစ် ခွဲထွက်သွားမယ် ”

ဟန်မူယဲ့၏ စကားသံ ပဲ့တင်ထပ်သွားသည့်အခါ သူတို့၏ ဘေးပတ်ဝန်းကျင်မှ တိမ်တိုက်များက ထူထဲသွားသည်။ မီးခိုးရောင်အလင်းလွှာများက ဝမ်ကျန်းဟိုင်နှင့် လျောင်ဖန်း၏ ဘေးပတ်ဝန်းကျင်မှာ ရစ်ပတ်သွားကြသည်။

အရှေ့မှ ကျူးယွင်ရှု၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။

“ ကောင်းတယ်… အဲ့ဒါက နည်းလမ်းကောင်းပဲ ”

“ ဝမ်ကျန်းဟိုင်… တကယ်လို့ မင်းက တခြားဂိုဏ်းတွေဆီက အမွေအနှစ်တွေကို လုယက်ချင်တယ်ဆိုရင် လုယက်ပါ ”

“ လျောင်ဖန်း… တကယ်လို့ မင်းက ငါတို့ဂိုဏ်းရဲ့ အမွေအနှစ်ကို နက်နက်နဲနဲ ဆင်ခြင်နားလည်ချင်တယ်ဆိုရင် အဲ့ဒီလို လုပ်ဆောင်ပါ ”

“ ငါတို့ဂိုဏ်းရဲ့ အမွေအနှစ်ကို ဆက်လက် ဖွင့်ဖြိုးတိုးတတ်အောင် ပြုလုပ်ပေးနိုင်တဲ့ ဘယ်သူမဆို အနာဂတ် ယုမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်လာလိမ့်မယ် ”

ကျူးယွင်ရှုက အကြောအခြင်ဆန့်လိုက်ပြီး သူ၏ လက်ညှိုးကို ဝမ်ကျန်းဟိုင်ထံသို့ ညွှန်လိုက်သည်။ ထို့နောက် သူက လျောင်ဖန်းနှင့် ဟန်မူယဲ့ထံသို့ ညွှန်လိုက်သည်။

“ မင်းတို့ထဲက ဘယ်သူမဆို အနာဂတ်ဂိုဏ်းခေါင်းဆောင် ဖြစ်လာနိုင်တယ် ”

ကျူးယွင်ရှ၏ စကားက ဝမ်ကျန်းဟိုင်ကို မျက်လုံးပြူးကျယ်သွားစေသည်။

“ ဆရာ… ဆရာပြောတာက ကျုပ်လည်းပဲ ယုမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်လာနိုင်တယ်လား ”

“ ဆရာက ကျုပ်ကို အမြဲအထင်သေးခဲ့တာ မဟုတ်ဘူးလား… ”

ကျူးယွင်ရှက အော်ရယ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။

“ မင်းက ယုမင်ဓားဂိုဏ်းရဲ့ အမွေအနှစ်ကို ပိုပြီးသန်မာလာအောင် လုပ်ပေးနိုင်မယ်ဆိုရင် ဘာလို့ ဂိုဏ်းခေါင်းဆောင် မဖြစ်လာနိုင်ရမှာလဲ ”

“ ဝမ်ကျန်းဟိုင်… မင်းမှာ ယုံကြည်ချက်မရှိဘူးလား ”

All Chapters