အခန်း (၁၆၀၅)
Vol. 115 Ch. 1605
“ မြေအောက်သန္ဓေပြောင်းသားရဲတွေက အနှစ်သုံးရာပြည့်တိုင်း လှုံ့ဆော်ခံရတယ်… အဲ့ဒီအခါကျရင် သားရဲဒီရေလှိုင်းက ထွက်ပေါ်လာလိမ့်မယ် ”
“ အတိတ်မှာတော့ အနှစ်သုံးရာပြည့်လို့ သားရဲဒီရေလှိုင်း ထွက်ပေါ်လာတဲ့အခါတိုင်း အင်မော်တယ်မင်းဆက်က အဲ့ဒါကို ဖိနှိပ်ဖို့ စစ်တပ်တစ်တပ်ကို စေလွှတ်ပေးတယ် ”
ကျူးယွင်ရှုက သူ့အရှေ့မှ ယုမင်ဓားဂိုဏ်းတပည့်များကို ကြည့်လိုက်သည်။ တည်ကြည်လေးနက်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အစတွင် ယုမင်ဓားဂိုဏ်းက ယုမင်အစောင့်တပ်ဖွဲ့မျှသာ ဖြစ်၏။ သူတို့က အင်မော်တယ်မင်းဆက်၏ လက်အောက်မှ စစ်တပ်အင်အားစုတစ်ခုသာ ဖြစ်သည်။
သူတို့က ကိုယ်ပိုင်တာဝန်ရှိသော စစ်သည်တော်များ ဖြစ်ကြသည်။
သို့သော်လည်း အဓိကတပ်မတော်သည် အစွမ်းထက် ရန်သူတော်များကို ဖိနှိပ်ရန် နေရာဒေသအသီးသီးမှ အစောင့်အရှောက်စစ်သည်တော်များကို အထောက်အပံ့ပေးရန် အရေးကြီးအချိန်မှသာ လှုပ်ရှားလိမ့်မည်။
“ ဘာလိုလိုနဲ့ အနှစ်သုံးရာကုန်သွားခဲ့ပြီ… ”
ဝမ်ကျန်းဟိုင်၏ ဘေးမှာ မတ်တတ်ရပ်နေသော မုတ်ဆိတ်ဖြူအကြီးအကဲက စိတ်ခံစားချက်ဖြင့် ပြောသည်။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အကြီးအကဲများက စိတ်ရှုပ်ထွေးသွားကြပြီး ငြိမ်သက်သွားကြစဉ် လူငယ်များက သံသယဖြစ်သော အကြည့်နှင့် စိတ်လှုပ်ရှားမှုကို ထုတ်ဖော်လိုက်ကြသည်။
ဟန်မူယဲ့သည် အနှစ်သုံးရာပြည့်တိုင်း ထွက်ပေါ်လာလေ့ရှိသော သားရဲဒီရေလှိုင်းအကြောင်းကို ဂိုဏ်း၏ ရှေးဟောင်းစာအုပ်များထဲမှာ ဖတ်ဖူးသည်။ ထိုထဲ၌ ဖော်ပြထားသည်မှာ သားရဲဒီရေလှိုင်းထွက်ပေါ်လာသည့်အခါတိုင်း ယုမင်ဓားဂိုဏ်းက ကြီးမားသော ဆုံးရှုံးမှုကို တွေ့ကြုံရလိမ့်မည်။
တပည့်အများအပြားက သားရဲဒီရေလှိုင်းထဲမှာ သေဆုံးသွားကြလိမ့်မည်။
ကံကောင်းသည်မှာ သားရဲဒီရေလှိုင်းထွက်ပေါ်လာသည့်အခါတိုင်း အင်မော်တယ်မင်းဆက်ထံမှ အစွမ်းထက်အင်အားစုများက ရှေ့တန်းမှ အဓိက တိုက်ခိုက်ကြလိမ့်မည်။ ယုမင်ဓားဂိုဏ်းသည်တော့ အထောက်အပံ့တစ်ခုအဖြစ်သာ ပါဝင်လုပ်ဆောင်လိမ့်မည်။ ထို့ပြင် သူတို့က သန္ဓေပြောင်းသားရဲများကို အရင်းအမြစ်အမျိုးမျိုးဖြင့် လဲလှယ်နိုင်ကြလိမ့်မည်။
“ အခု ငါတို့ရဲ့ ယုမင်ဓားဂိုဏ်းက ဖွင့်ဖြိုးတိုးတတ်နေတာဆိုတော့ ဒီတစ်ခေါက် သားရဲဒီရေလှိုင်းမှာ အကျိုးအမြတ်အများကြီး ပိုရှာဖွေရမယ် ”
တစ်စုံတစ်ယောက်က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် သူ၏ မျက်လုံးက ဝင်းလက်တောက်ပနေသည်။
တခြားလူများသည် ဝမ်ကျန်းဟိုင်ထံသို့ လှည့်ကြည့်လိုက်ကြသည်။
ယင်းက ဝမ်ကျန်းဟိုင်၏ အောင်မြင်မှုဖြစ်သည်။
ဝမ်ကျန်းဟိုင်က တိုက်ပွဲတိုင်းမှာ ယုမင်ဓားဂိုဏ်း၏ တပည့်များကို အရှေ့ဆုံးမှ ဦးဆောင်ခဲ့ပြီး အောင်ပွဲအမြောက်အများကို ရရှိခဲ့သည်။ သူက ဤအတောအတွင်းမှာ ကြွယ်ဝချမ်းသာမှုနှင့် အရင်းအမြစ်အများကြီးကို လုယက်သိမ်းပိုက်ခဲ့သည်။ ထို့ပြင် သူက အစွမ်းထက်ကျင့်ကြံသူများဖြင့်လည်း မဟာမိတ်ဖွဲ့ထားသည်။
ယင်းက ယုမင်ဓားဂိုဏ်း၏ အလုံးစုံအင်အားကို တစ်ဟုန်ထိုး တိုးမြှင့်စေခဲ့သည်။
စူးရှတောက်ပသော အလင်းတန်းက ဝမ်ကျန်းဟိုင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူက သားရဲဒီရေလှိုင်းအကြောင်းကို အစောကြီးကတည်းက သိထားသည်။ ထိုသားရဲဒီရေလှိုင်းအတွင်းမှာ သူနှင့် လျောင်ဖန်းကြားမှ ယှဉ်ပြိုင်မှုကို အဆုံးသတ်သင့်ကြောင်း ဟန်မူယဲ့က သူ့အား အကြံပေးဖူးသည်။
“ ဂျူနီယာညီလေးဟန်… မင်းပြောတဲ့ သားရဲဒီရေလှိုင်းက ရောက်လာတော့မယ်… လျောင်ရှီစန်းနဲ့ ငါကြားမှာ ဘယ်သူက ပိုပြီးသာလွန်လဲ နောက်ဆုံးတော့ အဖြေထွက်ပေါ်တော့မှာလား ”
ဝမ်ကျန်းဟိုင်က ဘေးသို့ ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တိုက်ပွဲစိတ်ဆန္ဒ ထွက်ပေါ်လာသည်။
ဟန်မူယဲ့သည် ဤနှစ်တစ်ရာအတွင်းမှာ ဂိုဏ်းထဲ၌ သူ့ကိုယ်ပိုင်အင်အားစုကို မတည်ထောင်ခဲ့ပေ။ သို့ဖြစ်၍ ဟန်မူယဲ့က ဂိုဏ်းခေါင်းဆောင်ရာထူးကို အစောကြီးကတည်းက လက်လျော့ထားသည်ဟု သူတို့က ယူဆလိုက်ကြသည်။
သူက ဝမ်ကျန်းဟိုင်နှင့် လျောင်ဖန်း၏ မျက်လုံးထဲမှာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဝမ်ကျန်းဟိုင်နှင့် လျောင်ဖန်းတို့ နှစ်ယောက်စလုံးသည် ဟန်မူယဲ့၏ ဓားတာအိုပါရမီကို သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် မှီခိုအားထားချင်ကြသည်။
ထို့ကြောင့် သူတို့နှစ်ယောက်က ဟန်မူယဲ့၏ မျက်နှာသာပေးမှုကို ရရှိရန် ကြိုးစားနေကြသည်။
ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ကျူးယွင်ရှုကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်မှာ ကျူးယွင်ရှုက ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့နှင့် ဝမ်ကျန်းဟိုင်ကို ကြည့်လိုက်သည်။
“ ဒီတစ်ကြိမ်မှာ အင်မော်တယ်မင်းဆက်ရဲ့ အင်အားစုက မလာနိုင်ဘူး… ငါတို့ယုမင်ဓားဂိုဏ်းက သားရဲဒီရေလှိုင်းကို ကိုယ့်ဘာသာ ခုခံတားဆီးရလိမ့်မယ် ”
ကျူးယွင်ရှုထံမှ စကားက မြေကွက်လပ်ထဲမှ လူအုပ်ကြီးကို ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
သားရဲဒီရေလှိုင်းကို ကိုယ့်ဘာသာ ခုခံတားဆီးရမှာလား… ။
လူတိုင်းက အံ့ဩသွားကြသည်။
ဝမ်ကျန်းဟိုင်သည်ပင် မျက်လုံးပြူးကျယ်သွားပြီး သူ၏ မျက်နှာက သုန်မှုန်သွားသည်။
သားရဲဒီရေလှိုင်းထဲတွင် သေခြင်းရှင်ခြင်းအဆင့် သက်ရှိများသည်ပင် ပါဝင်ကြလိမ့်မည်။ ထို့ပြင် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ဆင်ခြင်နားလည်ထားကြသော သန္ဓေပြောင်းသားရဲခေါင်းဆောင်များပင် ပါဝင်ကြလိမ့်မည်။
အင်မော်တယ်မင်းဆက်၏ စစ်တပ်မရှိဘဲ ၎င်းတို့အားလုံးကို မည်သို့ အမြစ်ဖြတ်သုတ်သင်ပစ်နိုင်မည်နည်း။ ယင်းက ယုမင်ဓားဂိုဏ်းကို သေတွင်းထဲသို့ စေလွှတ်လိုက်ခြင်း မဟုတ်ပါလော။
“ ဆရာ… အင်မော်တယ်မင်းဆက်က ဘာလို့… ”
ဝမ်ကျန်းဟိုင်က လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး ရိုသေစွာ မေးသည်။
တခြားလူများသည်လည်း ကျူးယွင်ရှုကို လှည့်ကြည့်လိုက်ကြသည်။
ကျူးယွင်ရှုက ခေါင်းခါလိုက်ပြီး ပြောသည်။
“ ယွင်ပြည်နယ်မှာ ပုန်ကန်မှုဖြစ်နေတယ်… အင်မော်တယ်မင်းဆက်ရဲ့ တပ်မတော်က ပုန်ကန်မှုကို ဖိနှိပ်ဖို့ အဲ့ဒီကို သွားလိမ့်မယ်… ဒါကြောင့် သူတို့က ငါတို့ကို အကူအညီမပေးနိုင်ဘူး… သူတို့က ငါတို့ကို ရိက္ခာတွေနဲ့ အရင်းအမြစ်တွေပဲ ထောက်ပံ့ပေးနိုင်လိမ့်မယ် ”
အင်မော်တယ်မင်းဆက်၏ ဩဇာအာဏာက အကန့်အသတ်မဲ့စွာ ကျယ်ပြောပြီး ၎င်းက ခေတ်အဆက်ဆက် တည်မြဲနေသည်။ သို့သော်လည်း ၎င်းက အင်အားစုအားလုံးကို ငြိမ်ဝပ်ပိပြားအောင် မလုပ်ဆောင်နိုင်ပေ။
ထို့ပြင် အင်အားကြီးမားသော ဂိုဏ်းများသည် အင်မော်တယ်မင်းဆက်ကို ပုန်ကန်၍ မဟာပန်သွန်ဘုံထဲမှ ထွက်သွားရန် ဆန္ဒရှိကြသည်။
မဟာပန်သွန်ဘုံထဲတွင် သူတို့က သေခြင်းရှင်ခြင်းကို ကိုယ်တိုင်မထိန်းချုပ်နိုင်မှတော့ မည်သို့ကြောင့် မဟာပန်သွန်ဘုံထဲမှ မထွက်သွားရမည်နည်း။ မဟာပန်သွန်ဘုံထဲမှာ နေထိုင်မည်ဆိုလျှင် သူတို့က အင်မော်တယ်မင်းဆက်၏ လက်အောက်မှာ ရှိနေမည်ဖြစ်ပြီး နောက်ထပ် အဆင့်တတ်နိုင်ကြလိမ့်မည် မဟုတ်ချေ။ အကယ်၍ မဟာပန်သွန်ဘုံ၏ အပြင်ဘက်သို့ ထွက်သွားမည်ဆိုလျှင် သူတို့က ထာဝရရှင်သန်မှုကို ပိုင်ဆိုင်နိုင်ပြီး ကိုယ်ပိုင်နယ်မြေတစ်ခုကို ထိန်းချုပ်နိုင်ကြလိမ့်မည်။
ထို့ကြောင့် အစွမ်းထက် ဂိုဏ်းကြီးများသည် မဟာပန်သွန်ဘုံထဲမှ ထွက်ခွာရန် ပုန်ကန်မှုကို အကြောင်းပြချက်အဖြစ် ရွေးချယ်ကြသည်။
သူတို့၏ အမြင်တွင် မဟာပန်သွန်ဘုံက တံတိုင်းခတ်ထားသော မြို့တစ်မြို့ သို့မဟုတ် လှောင်ချိုင့်တစ်ခုနှင့် ဆင်တူသည်။ အပြင်လူများက မဟာပန်သွန်ဘုံထဲသို့ ဝင်ရောက်ချင်ကြပြီး မဟာပန်သွန်ဘုံထဲမှ လူများက အပြင်သို့ ထွက်သွားချင်ကြသည်။
ထိုနည်းဖြင့် မဟာပန်သွန်ဘုံက လည်ပတ်နေသည်။
“ ယွင်ပြည်နယ်က ပုန်ကန်တယ်… ”
ဝမ်ကျန်းဟိုင်၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။
“ ယွင်ပြည်နယ်က မိုင်ပေါင်းသုံးသန်းဆယ်ကျော် ကျယ်ပြောပြီး အဲ့ဒီဧရိယာအတွင်းမှာ ဂိုဏ်းပေါင်း(၁၃)သန်းရှိတယ်… အဲ့ဒီထဲမှာ အင်အားကြီးမားတဲ့ ဂိုဏ်းတွေက စုစုပေါင်း(၃၀၀)ခန့်ရှိပြီး ဂိုဏ်းတစ်ခုစီကို အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က အုပ်ချုပ်တယ် ”
ထိုအခိုက်အတန့်မှာ ဟန်မူယဲ့၏ အသံက ထွက်ပေါ်လာသည်။
ယုမင်ဓားဂိုဏ်း၏ တပည့်များထဲတွင် အသိပညာဗဟုသုတ အကြွယ်ဝဆုံးလူက ဂျူနီယာညီလေးဟန်ဖြစ်သည်မှာ သံသယဖြစ်ရန် မလိုပေ။
ယွင်ပြည်နယ်သည် မိုင်ပေါင်းသန်းသုံးဆယ်ကျော် ကျယ်ပြောပြီး ထိုဧရိယာထဲမှာ မရေမတွက်နိုင်သော တောင်တန်းများ၊ တောအုပ်များ၊ မြစ်ချောင်းများနှင့် ပင်လယ်များ ရှိကြသည်။ ထိုဧရိယာထဲမှာ နယ်မြေသုံးရာခန့်ရှိပြီး နယ်မြေတစ်ခုစီကို အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက အုပ်ချုပ်ကြသည်။
ယွင်ပြည်နယ်က မဟာပန်သွန်ဘုံတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် သာမန်ဧရိယာတစ်ခုသာ ဖြစ်သော်လည်း ၎င်းက အစွမ်းထက်အင်အားစုတစ်ခု ဖြစ်နေဆဲပင်။
သို့ဖြစ်၍ ယွင်ပြည်နယ်၏ ပုန်ကန်မှုက သာမန်ကိစ္စသေးသေးလေး မဟုတ်ပေ။ ယင်းထဲမှာ သာမန်လူများမမြင်နိုင်သော တိုင်းပြည်အရှုပ်အရှင်းများ ရှိသည်။
ခါးသီးသော အမူအရာက မြေကွက်လပ်ထဲမှ လူတိုင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
အင်မော်တယ်မင်းဆက်၏ စစ်တပ်မရှိလျှင် သူတို့က သားရဲဒီရေလှိုင်းကို ထိပ်တိုက် ရင်ဆိုင်ကြရလိမ့်မည်။
သို့ဖြစ်၍ အန္တရာယ်က စိတ်ကူးမယဉ်နိုင်အောင် အလွန်ကြီးမားသည်။
“ ငါတို့ရဲ့ ယုမင်ဓားဂိုဏ်းက ဒီသားရဲဒီရေလှိုင်းကို ဖြေရှင်းဖို့အတွက် ဒီနေရာမှာ တာဝန်ပေးခြင်းခံထားရတာ… ငါလျောင်ဖန်းက ချိပ်ပိတ်နယ်မြေထဲ ကိုယ်တိုင်သွားရောက်ပြီး သန္ဓေပြောင်းသားရဲတွေကို သုတ်သင်ပစ်ဖို့ ဆန္ဒရှိပါတယ်… ”
“ အနောက်ကို တစ်လှမ်းပြန်မဆုတ်ဘဲ သားရဲတွေကို သုတ်သင်ပစ်မယ်လို့ ကျွန်တော် ကတိပေးပါတယ်… ကျေးဇူးပြုပြီး ဂိုဏ်းခေါင်းဆောင်က ခွင့်ပြုပေးပါ ”
အသံတစ်သံက လေပြေလေညင်းနှင့်အတူ ရှင်းလင်းပီသစွာ ပျံ့လွင့်လာသည်။
လူတိုင်းက ခေါင်းလှည့်လိုက်ကြလေရာ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဦးခေါင်းထက်၌ သရဖူဆောင်းထားသော လျောင်ဖန်းကို မြင်တွေ့သွားကြသည်။ သူက သုံးပေရှည်လျားသော ဓားကို ကိုင်ဆောင်လျက် အရှေ့သို့ တစ်လှမ်းချင်း လျှောက်လာနေသည်။
“ စီနီယာအကိုလျောင် ”
“ စီနီယာအကိုလျောင်က တံခါးပိတ်ကျင့်ကြံတာကနေ ပြန်ထွက်လာပြီ ”
“ စီနီယာအကိုလျောင် ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံတာ ဘယ်လိုအောင်မြင်မှုမျိုး ရရှိသွားလဲ ”
အံ့ဩသော တီးတိုးစကားသံများက ထွက်ပေါ်လာသည်။
လျောင်ဖန်း၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်နေသော ဓားအလင်းများကို မြင်သွားသောအခါ ပြင်းထန်သော တိုက်ပွဲစိတ်ဆန္ဒက ဝမ်ကျန်းဟိုင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ လျောင်ရှီစန်း… မင်းရဲ့ ဓားကွက်(၁၃)ကွက်က ပြီးပြည့်စုံသွားပြီလား ”
ယုမင်ဓားသိုင်းသည် အစတွင် သုံးကွက်တည်းသာ ရှိသည်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက် လျောင်ဖန်း၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုအောက်မှာ ယင်းက ဓားကွက်(၁၂)ကွက်အထိ တိုးမြှင့်သွားခဲ့သည်။
ယခု ထိုဓားသိုင်းက ယုမင်ဓားဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး တခြားဂိုဏ်းကြီးများထက် လုံးဝ အားမနည်းသော အမွေအနှစ်ဖြစ်လာသည်။
ထိုအောင်မြင်မှုနှင့်ပတ်သက်၍ ယုမင်ဓားဂိုဏ်းထဲမှ တပည့်အားလုံးက လျောင်ဖန်းကို ရိုသေလေးစားကြသည်။ သူတို့သည်လည်း ယုမင်ဓားကွက်များကို လေ့ကျင့်နိုင်ကြသည်။
လျောင်ဖန်းက သူ့အရှေ့မှ လူအုပ်ကြီးကို ကြည့်လိုက်သည်။ ထို့နောက် သူက ဝမ်ကျန်းဟိုင်ကို ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ စီနီယာအကိုလျောင်… ဆယ်သုံးခုမြောက် ဓားကွက်က မပြည့်စုံသေးမှတော့ မင်းဆက်ပြီး တံခါးပိတ်ကျင့်ကြံသင့်တယ် မဟုတ်ဘူးလား ”
ဆက်သုံးခုမြောက် ဓားကွက်က မပြည့်စုံသေးဘူးလား… ။
လျောင်ဖန်းက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ နတ်ဘုရားအလင်းက ထွက်ပေါ်လာသည်။
“ တကယ်ပဲ ငါ့ရဲ့ ဂျူနီယာညီလေးဟန်က အမြင်စူးရှလှပေတယ်… အဲ့ဒါကို အကြည့်တစ်ချက်တည်းနဲ့ ထွင်းဖောက်မြင်နိုင်တယ် ”
“ ဟုတ်တယ်… ငါက ဆယ့်သုံးခုမြောက် ဓားကွက်ကို တစ်ဝက်ပဲ ပြီးပြည့်စုံနိုင်ခဲ့တယ်… ကျန်တစ်ဝက်ကိုတော့ မလုပ်ဆောင်နိုင်သေးဘူး ”
“ အခု သားရဲဒီရေလှိုင်းက ဂိုဏ်းအတွက် အရေးကြီးနေမှတော့ ဆက်ပြီး တံခါးပိတ်ကျင့်ကြံနေမယ့်အစား သန္ဓေပြောင်းသားရဲတွေကို တိုက်ခိုက်ရင်း အဖြေရှာတာက ပိုကောင်းမွန်လိမ့်မယ်လို့ ငါထင်တယ် ”
“ ဘယ်သူသိနိုင်မှာလဲ… သေခြင်းရှင်ခြင်းတိုက်ပွဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဆယ်သုံးခုမြောက် ဓားကွက်ကို ငါနားလည်သွားလောက်တယ် ”
ထိုသို့ပြောပြီးနောက် သူက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ဂျူနီယာညီလေး… မင်း ငါနဲ့အတူ သားရဲဒီရေလှိုင်းကို ဖိနှိပ်ဖို့ ဆန္ဒရှိလား ”
ဟန်မူယဲ့က တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“ ငါ့ရဲ့ ဓားက တိုက်ခိုက်ဖို့ပဲ… ဘယ်အရာကိုမှ ငါမကြောက်ဘူး ”
အခြားတစ်ဖက်တွင် ဝမ်ကျန်းဟိုင်က အံ့ဩမင်သက်နေသည်။ ထို့နောက် သူ၏ မျက်နှာက ဒေါသကြောင့် နီမြန်းသွားသည်။
“ လျောင်ရှီစန်း… မင်း အဲ့ဒါဘာသဘောလဲ… သားရဲဒီရေလှိုင်းကို ဖိနှိပ်ဖို့ ငါ့ကို မဖိတ်ခေါ်ဘူးပေါ့… ဘာလဲ မင်းက ငါ့ကို အထင်သေးတာလား ”
“ ငါ့ရဲ့ အစွမ်းက မလုံလောက်ဘူးလို့ မင်းထင်နေတာလား ”
ဝမ်ကျန်းဟိုင်၏ စကားကို ကြားသောအခါ လျောင်ဖန်းက ခေါင်းခါလိုက်သည်။ သိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူက လက်မြှောက်လိုက်ပြီး ကျောက်ပြားအပိုင်းအစတစ်ခုကို အရှေ့သို့ တွန်းပို့လိုက်သည်။
“ စီနီယာအကိုဝမ်… ကျုပ်က သားရဲဒီရေလှိုင်းကို သွားဖိနှိပ်မှာပါ… ကျုပ် မင်းနဲ့ ယုမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ရာထူးကို ယှဉ်ပြိုင်မှာ မဟုတ်ဘူး… တကယ်လို့ ကျုပ်အသက်ရှင်လျက် ပြန်လာနိုင်ပြီး ယုမင်ဓားကွက်(၁၃)ကွက်ကို ပြီးပြည့်စုံအောင် ဆင်ခြင်နားလည်နိုင်မယ်ဆိုရင် ဂိုဏ်းခေါင်းဆောင်ရာထူးက ကျုပ်အတွက် အရေးမကြီးတော့ဘူး ”
လျောင်ဖန်းက နူးညံ့စွာ ပြောသည်။
“ တကယ်လို့ ကျုပ်ပြန်မလာဖြစ်ခဲ့ရင် ဒီယုမင်ဓားသိုင်းကို စီနီယာအကိုက လက်ဆင့်ကမ်းပေးပါ… ယုမင်ဓားဂိုဏ်းရဲ့ အမွေအနှစ်နဲ့ဆိုရင် ကျုပ်တို့တွေ သားရဲဒီရေလှိုင်းကို မခုခံနိုင်ရင်တောင်မှ တပည့်တွေက အမှီခိုစရာ တစ်စုံတစ်ခုကို ရှာနိုင်ပါလိမ့်မယ်… အဲ့ဒါက ကျုပ်တို့ရဲ့ အမွေအနှစ်ကို ဆက်ပြီး တည်တံ့စေလိမ့်မယ် ”
ဝမ်ကျန်းဟိုင်က ကျောက်ပြားကို ဖမ်းဆုပ်လိုက်လေရာ သူ၏ အမူအရာက ပြောင်းလဲသွားသည်။
သူက တစ်ချိန်လုံး နှုတ်ဆိတ်နေသော ဂိုဏ်းခေါင်းဆောင်ကျူးယွင်ရှုကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့နှင့် လျောင်ဖန်းကို ကြည့်လိုက်သည်။
“ ခရက် ”
သူက လက်ထဲမှ ကျောက်ပြားကို ချေမွဖျက်ဆီးလိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
“ လျောင်ရှီစန်း… ဟန်မူယဲ့… သားရဲဒီရေလှိုင်းကို ဖိနှိပ်မယ့် လူစာရင်းထဲမှာ ငါ့ကိုပါ ထည့်တွက်လိုက် ”
ထိုအခိုက်အတန့်မှာ သူတို့၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေက စတင်ပြောင်းလဲသွားသည်။
ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေစဉ် ခေါင်းခါလိုက်သည်။ သိမ်မွေ့သော အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ကောင်းပြီ ”