အခန်း (၁၆၀၆)
Vol. 115 Ch. 1606
ကောင်းကင်နှင့် မြေပြင်က တုန်လှုပ်သွားသည်။ ဟန်မူယဲ့၏ အရှေ့မှ မြင်ကွင်းက ပုံရိပ်ယောင်အဖြစ် စတင်ပြောင်းလဲသွားသည်။
ဤနေရာတွင် အရာအားလုံးက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။
ထိုပုံရိပ်ယောင်၏ အခြေခံအုတ်မြစ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ပျက်စီးပြိုကွဲသွားခဲ့သော ယုမင်ဓားဂိုဏ်း၏ အကြွင်းအကျန်များနှင့် ကြွေလွင့်သွားခဲ့ကြသော အစွမ်းထက်ပညာရှင်များ၏ ဝိညာဉ်များ ဖြစ်ကြသည်။
ယင်းတို့ကို လှုံ့ဆော်ခဲ့သည်မှာ သားရဲတစ်သောင်းဓားဘုရင်၏ အစွမ်းဖြစ်သည်။
သားရဲတစ်သောင်းဓားဘုရင် ဝမ်ကျန်းဟိုင်သည် အတိတ်မှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် အစွမ်းထက်ပညာရှင်တစ်ဦး ဖြစ်သည်။ သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ဖမ်းဆုပ်နိုင်သော ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်သို့ တတ်လှမ်းနိုင်ခဲ့သည်။
သူက မိုးမြေကြားမှ မြင်ကွင်းများကို ပြောင်းလဲပစ်ပြီး အတုအယောင်နှင့် အစစ်အမှန်ကို မခွဲခြားနိုင်မည့် ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလိုက်သည်။
“ မဖြစ်နိုင်တာ… လျောင်ရှီစန်းက သားရဲဒီရေလှိုင်းကို ဖိနှိပ်ဖို့ ဘယ်လိုလုပ် သတ္တိရှိသွားတာလဲ ”
“ အတိတ်မှာ သူက သားရဲဒီရေလှိုင်းကို ထိပ်တိုက် မရင်ဆိုင်ရဲခဲ့ဘူး… အဲ့ဒါကြောင့် ဆရာက သေဆုံးသွားခဲ့တယ်… ပြီးတော့ ငါက မြေအောက်ထဲမှာ ပျောက်ဆုံးသွားခဲ့တယ်… ”
ဒေါသတကြီး အော်သံက ဟန်မူယဲ့၏ နားထဲသို့ ဝင်ရောက်လာသည်။
ထိုအသံထဲမှာ စိတ်ရှုပ်ထွေးမှု၊ ဆန္ဒမရှိမှုနှင့် မထိန်းချုပ်နိုင်သော ဒေါသတို့ ကိန်းဝပ်နေသည်။
ယင်းက သားရဲတစ်သောင်းဓားဘုရင်၏ အသံဖြစ်သည်။
ဟန်မူယဲ့က တည်ငြိမ်သော အမူအရာဖြင့် သူ့အရှေ့မှ အရာအားလုံးကို ကြည့်လိုက်သည်။
အရှေ့သို့ သူခြေလှမ်း လှမ်းလိုက်သည့်အခါ ပုံရိပ်ယောင်ထဲမှ မြင်ကွင်းများက စတင်ပြောင်းလဲသွားသည်။
လျောင်ဖန်းနှင့် ဝမ်ကျန်းဟိုင်သည် လက်ရွေးစင်တပည့်သုံးထောင်ကို ကိုယ်စီဦးဆောင်၍ ချိပ်ပိတ်နယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့ထဲမှာ ဟန်မူယဲ့လည်း ပါဝင်သည်။
သူတို့ထဲမှ ကျင့်ကြံသူသုံးရာသည် တခြားဂိုဏ်းအသီးသီးမှ တပည့်များဖြစ်ကြပြီး ကျင့်ကြံသူနှစ်ဆယ်သည် အင်မော်တယ်မင်းဆက်၏ အထောက်တော်များ ဖြစ်ကြသည်။
သားရဲဒီရေလှိုင်း ထွက်ပေါ်လာတော့မည့်အခါတိုင်း ဘေးပတ်ဝန်းကျင်မှ ဂိုဏ်းများက လာရောက်ကူညီပေးကြလိမ့်မည်။
ရထားလုံးထဲတွင် ဟန်မူယဲ့နှင့် ဝမ်ကျန်းဟိုင်က ဘေးချင်းကပ်လျက် ထိုင်နေကြသည်။ သူတို့၏ မျက်နှာချင်းဆိုင်ဘက်ခြမ်းတွင် တိတ်ဆိတ်နေသော လျောင်ဖန်းနှင့် အစိမ်းရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူနှစ်ယောက် ရှိကြသည်။
လေမတိုက်နေသော်လည်း သူတို့နှစ်ယောက်၏ အစိမ်းရောင်တာအိုဝတ်စုံက တဖျပ်ဖျပ်လှုပ်ခတ်နေပြီး သူတို့၏ ဦးခေါင်းထက်မှ သရဖူက ရွှေရောင်တလက်လက် တောက်ပနေသည်။
မိုးမြေစွမ်းအားက သူတို့နှစ်ယောက်ထံမှ တိတ်တဆိတ် ထွက်ပေါ်နေသည်။
သူတို့သည် ဤတစ်ကြိမ် သားရဲဒီရေလှိုင်းကို ခုခံကာကွယ်ရန် အင်မော်တယ်မင်းဆက်မှ စေလွှတ်ထားသော အထောက်တော်နှစ်ဦး ဖြစ်ကြသည်။
“ အင်မော်တယ်မင်းဆက်ရဲ့ စည်းမျဉ်းတွေအရ သားရဲဒီရေလှိုင်းအတွင်းမှာ ရရှိတဲ့ အကျိုးပြုမှုတုံကင်တွေကို ဆုလာဘ်နှစ်ဆ ချီးမြှင့်ပေးမယ် ”
“ မင်းတို့နှစ်ယောက်က ယုမင်ဓားဂိုဏ်းရဲ့ အနာဂတ် ဂိုဏ်းခေါင်းဆောင်ရာထူးအတွက် အသန်မာဆုံး ယှဉ်ပြိုင်သူတွေလို့ ငါကြားတယ် ”
တာအိုကျင့်ကြံသူတစ်ယောက်က စကားပြောနေရင်း ဝမ်ကျန်းဟိုင်နှင့် လျောင်ဖန်းကို ကြည့်လိုက်သည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
တခြားတာအိုကျင့်ကြံသူက မထူးမခြားနား အမူအရာဖြင့် ဆက်ရှိနေသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူက စကားမပြောပေ။
တာအိုကျင့်ကြံသူ၏ စကားကို ကြားသောအခါ လျောင်ဖန်းက မျက်လုံးဖွင့်လိုက်ပြီး သူ့အရှေ့မှ ဝမ်ကျန်းဟိုင်ကို ကြည့်လိုက်သည်။
ဝမ်ကျန်းဟိုင်က ပေါ့ပါးစွာ ရယ်လိုက်ပြီး သူ့အရှေ့မှ လျောင်ဖန်းကို ကြည့်လိုက်သည်။
“ ဒီနေရာကို မလာခင် မင်းတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကျူးယွင်ရှုနဲ့ ငါတို့ဆွေးနွေးခဲ့တယ် ”
“ ဒီတစ်ခေါက်မှာ အင်မော်တယ်မင်းဆက်က သားရဲဒီရေလှိုင်းကို ဖိနှိပ်ဖို့ စစ်တပ်ကို မစေလွှတ်ပေးနိုင်ဘူးဆိုတော့ ငါတို့က ယုမင်ဓားဂိုဏ်းကိုပဲ အဓိကအင်အားအဖြစ် မှီခိုရလိမ့်မယ် ”
“ တကယ်လို့ မင်းတို့က သားရဲဒီရေလှိုင်းကို ခုခံတားဆီးပေးနိုင်မယ်ဆိုရင် အင်မော်တယ်မင်းဆက်က မင်းတို့ဂိုဏ်းကို အပိုဆုလာဘ်တွေ ချီးမြှင့်ပေးလိမ့်မယ် ”
အင်မော်တယ်မင်းဆက်က အပိုဆုလာဘ်တွေ ပေးမှာလား… ။
ထိုသူက အင်မော်တယ်မင်းဆက်၏ အထောက်တော်တစ်ဦးဖြစ်လေရာ သူ၏ စကားများက အင်မော်တယ်မင်းဆက်ကို ကိုယ်စားပြုသည်။
သူက အပိုဆုလာဘ်ပေးမည်ဟု ပြောလာမှတော့ အင်မော်တယ်မင်းဆက်က အမှန်တကယ် ရက်ရက်ရောရော ပေးလိမ့်မည်။ ထိုသို့အခွင့်အရေးသည် အစောင့်အရှောက်ဂိုဏ်းတစ်ခုသာဖြစ်သော သူတို့အတွက် တစ်ခါမှ အိမ်မက်မမက်ဝံ့သောအရာ ဖြစ်သည်။
အင်မော်တယ်မင်းဆက်သည် မဟာပန်သွန်ဘုံတစ်ခုလုံး၏ ထိပ်တန်းအရင်းအမြစ်များကို ပိုင်ဆိုင်ထားသည်။ သတ္ထုအရင်းအမြစ်များဖြစ်စေ သို့မဟုတ် ကျင့်ကြံခြင်းအမွေအနှစ်များဖြစ်စေ မည်သည့်ဂိုဏ်းမှ ယင်းတို့ကို မယှဉ်ပြိုင်နိုင်ပေ။
ယုမင်ဓားဂိုဏ်းကို မည်သူထိန်းချုပ်ပါစေ အင်မော်တယ်မင်းဆက်၏ ဆုလာဘ်က သူတို့၏ အလုံးစုံအင်အားကို နောက်တစ်ဆင့်သို့ သေချာပေါက် မြင့်တတ်သွားရန် သေချာစေလိမ့်မည်။
လျောင်ဖန်းနှင့် ဝမ်ကျန်းဟိုင်က ပြိုင်တူ ပြုံးလိုက်ကြသည်။ တိုက်ပွဲစိတ်ဆန္ဒက သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
အထောက်တော်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
လျောင်ဖန်း၊ ဝမ်ကျန်းဟိုင်နှင့် ဟန်မူယဲ့က ရထားလုံးထဲမှ ထွက်သွားတော့မည့်အချိန် ဟန်မူယဲ့၏ ပုံရိပ်က တဒင်္ဂ ရပ်တန့်သွားသည်။ ထို့နောက် သူက ရထားလုံးထဲသို့ ပြန်ဝင်သွားသည်။
“ ဘာလို့ အထောက်တော်နှစ်ဦးက ကျုပ်ကို ပြန်လာစေချင်တာလဲ သိခွင့်ရှိမလား ”
ရထားလုံးထဲမှ သူထွက်သွားတော့မည့်အချိန် အထောက်တော်နှစ်ဦးက သူ့ကို ပြန်ဝင်လာရန် အသံပို့လွှတ်ခဲ့သည်။
“ သန္ဓေပြောင်းသားရဲတွေကို ဖိနှိပ်နေတဲ့အတောအတွင်း ငါတို့က ထူးချွန်တဲ့ လူတစ်စုကို ရွေးထုတ်လိမ့်မယ်… အရွေးခံရတဲ့လူတွေက ကောင်းကင်ဘုံအစောင့်တပ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ် ”
“ မင်းရဲ့ ကျင့်ကြံခြင်းပါရမီက မဆိုးဘူးဆိုတာ ငါတို့သိတယ်… မင်းက ယုမင်ဓားဂိုဏ်းထဲမှာ ကိုယ်ပိုင်အင်အားစုကို မတည်ဆောက်ခဲ့ဘူး… ဒီတော့ ဒီတစ်ခေါက် သားရဲဒီရေလှိုင်းမှာ ကောင်းကောင်း အကျိုးဆောင်ပါ… မင်းမှာ အကျိုးပြုမှုတုံကင် အလုံအလောက်ရှိမယ်ဆိုရင် ငါတို့ မင်းကို အင်မော်တယ်မင်းဆက်ဆီ ခေါ်ဆောင်သွားနိုင်တယ် ”
အထောက်တော်နှစ်ဦးက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
ကောင်းကင်ဘုံအစောင့်တပ်ကို ဝင်ရောက်ဖို့လား… ။
ထိုသရုပ်အဆင့်အတန်းနှင့်ပတ်သက်၍ ဟန်မူယဲ့က အနည်းအကျဉ်း နားလည်ထားသည်။
ယင်းက ဂိုဏ်းအသီးသီးထံမှ တစ်ကိုယ်တော်အစွမ်းထက်ပုဂ္ဂိုလ်များကို အင်မော်တယ်မင်းဆက်က ခေါ်ယူစုဆောင်းကာ ဖွဲ့စည်းထားသော စစ်တပ်တစ်တပ် ဖြစ်သည်။ ကောင်းကင်ဘုံစစ်တပ်ကို အင်မော်တယ်မင်းဆက်ထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များက ဦးဆောင်ကြသည်။
ကောင်းကင်ဘုံစစ်တပ်သည် အင်မော်တယ်မင်းဆက်၏ စည်းမျဉ်းအများစုဖြင့် ချုပ်နှောင်မခံထားရပေ။ အမှန်မှာ ယင်းက ဂိုဏ်းများအတွက် အင်မော်တယ်မင်းဆက်က တည်ဆောက်ထားသော စစ်တပ်တစ်တပ် ဖြစ်သည်။ အထူးသဖြင့် သူတို့က သာမန်စစ်တပ်များ မလုပ်ဆောင်နိုင်သော အထူးကိစ္စကြီးများကို လုပ်ဆောင်ကြသည်။
ထိုထဲမှာ တရားဝင်သောကိစ္စများ ပါရှိသလို တရားမဝင်သော ကိစ္စများလည်း ပါရှိသည်။
သို့သော်လည်း မည်သို့ဖြစ်ပါစေ ကောင်းကင်ဘုံအစောင့်တပ်က ထိပ်တန်းအင်အားစုတစ်ခု ဖြစ်သည်။ ကောင်းကင်ဘုံအစောင့်တပ်ထဲမှ ကျွမ်းကျင်ပညာရှင်အများစုက အင်မော်တယ်မင်းဆက်ထဲမှ အင်အားစုများ၏ ကျောထောက်နောက်ခံကို ပိုင်ဆိုင်ထားကြသည်။
ထို့ပြင် အင်မော်တယ်မင်းဆက်၏ တော်ဝင်မိသားစုထဲမှ လူငယ်လူရွယ်များသည်ပင် ကောင်းကင်ဘုံအစောင့်တပ်ထဲမှာ တာဝန်ထမ်းဆောင်ကြသည်။
“ ဝမ်ကျန်းဟိုင်က ကောင်းကင်ဘုံအစောင့်တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ ကတိပေးခံရတဲ့လူ မဟုတ်ဘူးလား ”
ဟန်မူယဲ့က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
ဤပုံရိပ်ယောင်သည် သားရဲတစ်သောင်းဓားဘုရင်၏ စွမ်းအားနှင့် မှတ်ဉာဏ်များ၏ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသောအရာ ဖြစ်သည်။ သို့ဆိုလျှင် အင်မော်တယ်မင်းဆက်မှ အထောက်တော်နှစ်ဦး၏ ကတိပေးမှုက ဝမ်းကျန်းဟိုင်၏ မှတ်ဉာဏ်များထဲမှ ဆင်းသက်လာခြင်း မဟုတ်ပေဘူးလော။
“ မဟုတ်ဘူး… အဲ့ဒီအချိန်တုန်းက သူတို့ ငါ့ကို အဲ့ဒီလို ကတိမပေးခဲ့ဘူး ”
သားရဲတစ်သောင်းဓားဘုရင်၏ အသံက ထွက်ပေါ်လာသည်။
“ သူတို့ပြောတာက သန္ဓေပြောင်းသားရဲတွေကို ငါမတားဆီးနိုင်ဘူးဆိုရင် အင်မော်တယ်မင်းဆက်က ယုမင်ဓားဂိုဏ်းကို အပြစ်ဒဏ်ပေးလိမ့်မယ်… ပြီးတော့ ဂိုဏ်းတစ်ခုလုံးရဲ့ အမွေအနှစ်က ဖျက်ဆီးခံရလိမ့်မယ် ”
အဲ့ဒီအချိန်တုန်းက ကတိမပေးခဲ့ဘူးလား… ။
ဟန်မူယဲ့က သူ့အရှေ့မှ အထောက်တော်နှစ်ဦးကို စိုက်ကြည့်လိုက်လေရာ အလင်းတန်းတစ်ခုက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်… ။
အထောက်တော်နှစ်ဦးသည် သေခြင်းရှင်ခြင်းကို ကျော်လွန်သွားပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်သို့ ရောက်ရှိနေကြသည်။ သို့ဖြစ်၍ အချိန်နှင့် ပုံရိပ်ယောင်က သူတို့ကို မထိန်းချုပ်နိုင်ကြချေ။
သူတို့က လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက သေဆုံးသွားခဲ့ကြသည်ဆိုလျှင်ပင် သူတို့၏ စိတ်ဆန္ဒက ဆက်လက် ရှိနေသေးသည်။ ထို့ကြောင့် သူတို့က ရွေးချယ်မှုကို ကိုယ်တိုင်ပြုလုပ်နိုင်ကြသည်။
မည်သို့ဖြစ်ပါစေ သူတို့က ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်မှာ ဖြစ်ကြသည်။
မိုးမြေမပျက်စီးသွားသရွေ့ ကောင်းကင်ဘုံလျှို့ဝှက်ချက်က မပျက်စီးနိုင်ပေ။
“ ကောင်းပြီ ”
ဟန်မူယဲ့က တုံ့ပြန်လိုက်ပြီး ထွက်သွားရန် အနောက်လှည့်လိုက်သည်။
…..
မိုးမြေက ဖရိုဖရဲဖြစ်နေသည်။
မြူခိုးအလွှာက ဧရာမချိုင့်ဝှမ်းတစ်ခုကို ဖုံးလွှမ်းထားသည်။
ထိုနေရာတွင် သွေးစွန်းနေသော အစိမ်းရောင်ကျောက်တုံးများက မြေကြီးပေါ်မှာ ပြန့်ကျဲနေပြီး နေရာတိုင်းမှာ စစ်ပွဲ၏ သဲလွန်စများကို မြင်တွေ့နိုင်သည်။
ဤနေရာက သန္ဓေပြောင်းသားရဲများကို ချိပ်ပိတ်ထားသောနေရာ ဖြစ်သည်။ ဤနေရာက မြေအောက်လောကလည်း ဟုတ်၏။
ယုမင်ဓားဂိုဏ်းမှ လက်ရွေးစင်တပည့်များသည် ချိုင့်ဝှမ်း၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေကြသည်။ သူတို့အားလုံး၏ မျက်နှာက တည်ကြည်လေးနက်နေသည်။
ဟန်မူယဲ့က လျောင်ဖန်း၊ ဝမ်ကျန်းဟိုင်နှင့်အတူ ပခုံးချင်းယှဉ်၍ မတ်တတ်ရပ်နေသည်။ ဤအခိုက်အတန့်မှာ သူက အနည်းငယ် မျက်မှောင်ကြုတ်ထားသည်။
ဤနေရာတွင် မိုးမြေစွမ်းအားက တုန်ယင်နေပြီး ပရမ်းပတာဖြစ်နေကြောင်း သူအာရုံခံနိုင်သည်။
မဟာပန်သွန်ဘုံ၏ မူလစွမ်းအားသည်ပင် ဤနေရာကို မထိန်းချုပ်နိုင်ပေ။
တစ်နည်းဆိုရသော် ဤနေရာကို ကျော်လွန်သွားသော ဧရိယာက မဟာပန်သွန်ဘုံ၏ ထွက်ပေါက်တစ်ခု ဖြစ်သည်။
မှန်ပေသည်။ ထိုဧရိယာတစ်လျှောက်တွင် သန္ဓေပြောင်းသားရဲများက မရေမတွက်နိုင်အောင် ပေါများလှသည်။ သို့ဖြစ်၍ ထိုနေရာသို့ သွားရောက်သော မည်သူမဆို သေကြေပျက်စီးသွားလိမ့်မည်။
သို့သော်လည်း ဟန်မူယဲ့အတွက်တော့ သူရှာဖွေနေသည့်အရာက ဤနေရာတွင် အသက်ရှင်သန်ရန် မဟုတ်ပေ။ ယင်းအစား ဤနေရာ၏ မူလဇစ်မြစ် ဖြစ်သည်။
တစ်စုံတစ်ယောက်က မိုးမြေအပိုင်းအစတစ်ခုကို ချေးငှားပြီး ယင်းကို သူ့ကိုယ်ပိုင်စကြာဝဠာအဖြစ် ပြောင်းလဲနိုင်မည်ဆိုလျှင် စကြာဝဠာအဆင့်သို့ တတ်လှမ်းနိုင်လိမ့်မည်။
သူက စကြာဝဠာနယ်မြေ(၃၆၀)ခုကို ဖွဲ့စည်းပြီးပြီ ဖြစ်၏။ ထိုစကြာဝဠာများထဲသို့ မူလစွမ်းအားကို ဖြည့်သွင်းပေးရန် သူစောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ဤနေရာသည် သူ၏ ကျင့်ကြံခြင်းစွမ်းအား နောက်တစ်ဆင့်သို့ မြင့်တတ်သွားမည့်နေရာ ဖြစ်သည်။
“ ဝီး ”
ချိုင့်ဝှမ်း၏ အပေါ်မှ ကောင်းကင်ယံတွင် အက်ကွဲကြောင်းများက စတင်ထွက်ပေါ်လာကြသည်။
ထိုအက်ကွဲကြောင်းများ၏ အနောက်တွင် မရေမတွက်နိုင်သော သန္ဓေပြောင်းသားရဲများကို မြင်တွေ့နိုင်ပေသည်။
ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက အက်ကွဲကြောင်းများ၏ အနောက်မှ ပေါ်လျှိုးလာသည်။ ယင်းက လူတိုင်း၏ စိတ်ဝိညာဉ်ကို တုန်ယင်သွားစေသည်။
၎င်းတို့က အနိမ့်ဆုံး တာအိုအဆင့်မှာ ရှိကြသော သန္ဓေပြောင်းသားရဲများ ဖြစ်ကြသည်။
“ ညီအကိုတို့… ငါ့နောက်လိုက်ခဲ့ကြ… ဒီနှစ်တွေမှာ ငါဝမ်ကျန်းဟိုင်က မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို ဆင်နွှဲခဲ့တယ်… ဒီတစ်ခေါက် တိုက်ပွဲက ငါ့ဘဝမှာ အကြီးအကျယ်ဆုံးတိုက်ပွဲ ဖြစ်လာလိမ့်မယ် ”
ဝမ်ကျန်းဟိုင်က အရှေ့သို့ လျှောက်သွားပြီး အော်ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“ မင်းတို့ ကြောက်ကြလား ”
သူ့အနောက်တွင် ရယ်သံများ ထွက်ပေါ်လာသည်။
“ စီနီယာအကိုဝမ်… ငါတို့တွေ ဘာကိုမှ မကြောက်ဘူး ”
“ စီနီယာအကိုဝမ်… မင်းကြောက်နေရင် ငါအရှေ့ကနေ ဦးဆောင်ပေးမယ် ”
“ အဓိပ္ပာယ်မရှိတာတွေ ပြောမနေကြနဲ့… တိုက်ကြရအောင် ”
ဓားဆွဲထုတ်သော မြည်သံက လေထဲမှာ ပဲ့တင်ထပ်သွားသည်။
သွေးချီအနှစ်သာရက မီးခိုးလုံးများသဖွယ် သူတို့၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာပြီး ဘေးပတ်ဝန်းကျင်မှ မြူခိုးထုနှင့် တွေ့ဆုံသွားသည်။
အခြားတစ်ဖက်တွင် လျောင်ဖန်းက ခေါင်းယမ်းလိုက်သည်။ တည်ကြည်လေးနက်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ရှုဖုန်း… မင်းက တာအိုငြိမ်းသတ်ခြင်းအဆင့် တပည့်တွေကို ဦးဆောင်ပြီး ဘယ်ဘက်ခြမ်းကနေ တိုက်ခိုက်ပါ ”
“ ရှုကျိ… မင်းနဲ့ အကြီးအကဲသုံးယောက်က ဓားဝင်္ကပါကို ဖွဲ့စည်းပြီး တပည့်တွေကို ကာကွယ်ပေးပါ ”
တစ်ဖက်က တိုက်ပွဲစိတ်ဆန္ဒကြောင့် သွေးဆူပွက်နေစဉ် အခြားတစ်ဖက်က စည်းစနစ်ကျစွာ အမိန့်ပေးနေသည်။
အထောက်တော်နှစ်ဦးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့က ခေါင်းလှည့်လိုက်ပြီး အရှေ့ဆုံးမှာ မတ်တတ်ရပ်နေသော ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
“ သူ… သူ ဘာလုပ်နေတာလဲ ”
“ သူရူးသွားပြီ… သူက သေလမ်းရှာနေတာပဲ ”