အခန်း (၁၆၀၇)
Vol. 115 Ch. 1607
လူတိုင်း၏ အရှေ့တွင် ဟန်မူယဲ့သည် သုံးပေရှည်လျားသော ဓားကို ကိုင်ဆွဲ၍ အရှေ့သို့ ဒုန်းစိုင်းပြေးသွားသည်။
သူက ချိုင့်ဝှမ်းဆီသို့ တန်းမတ်စွာ ပြေးသွားသည်။
ယင်းက ချိပ်ပိတ်ထားသော မြေအောက်ဧရိယာဖြစ်သည်။ ထိုလမ်းကြောင်းက အဆုံးမရှိသော သန္ဓေပြောင်းသားရဲများ၏ အသိုက်ဆီသို့ ခေါ်ဆောင်သွားလိမ့်မည်။
တစ်စုံတစ်ယောက်က ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် မဟာပန်သွန်ဘုံမှ မူလစွမ်းအား၏ ဖိနှိပ်မှုကို ခံရတော့မည် မဟုတ်ချေ။ သို့သော်လည်း သူတို့က မဟာပန်သွန်ဘုံမှ မိုးမြေစွမ်းအား၏ ကာကွယ်ပေးမှုကို ရရှိတော့မည် မဟုတ်ချေ။
သို့ဖြစ်၍ သန္ဓေပြောင်းသားရဲများ၏ အသိုက်ထဲသို့ ဝင်ရောက်ခြင်းက အလွန်အန္တရာယ်များသည်။ ကနဦးမူလအဆင့်မှာသာ ရှိသေးသော ဟန်မူယဲ့ကို မဆိုထားနှင့် သေခြင်းရှင်ခြင်းအဆင့် သို့မဟုတ် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် ကျွမ်းကျင်ပညာရှင်များသည်ပင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရန် အာမခံချက်မရှိပေ။
“ ဟန်မူယဲ့… မင်းဘာလုပ်နေတာလဲ ”
ဝမ်ကျန်းဟိုင်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏ လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ သူ၏ မျက်လုံးက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသည်။ သူက အရှေ့သို့ ပြေးသွားပြီး ဟန်မူယဲ့ကို တားဆီးရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ့ဘေးမှ အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲတစ်ယောက်က ဝမ်ကျန်းဟိုင်၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ စီနီယာအကိုဝမ်… မင်းသွားလို့ မဖြစ်ဘူး… ဂျူနီယာညီလေးဟန်ရဲ့ သွေးအနှစ်သာရက အဲ့ဒီအတားအဆီးနဲ့ ဆက်သွယ်ပြီးပြီ… တကယ်လို့ မင်းသွားမယ်ဆိုရင် သန္ဓေပြောင်းသားရဲတွေ အများကြီး စုဝေးနေတဲ့ နယ်မြေထဲ ကျရောက်သွားလိမ့်မယ် ”
“ ဟုတ်တယ်… စီနီယာအကိုဝမ်… တကယ်လို့ မင်းသွားမယ်ဆိုရင် ငါတို့ညီအကိုတွေကို ဘယ်သူက ဦးဆောင်ပေးမှာလဲ ”
တခြားတပည့်တစ်ယောက်က အရှေ့ထွက်လာပြီး ပြောသည်။
တခြားလူများသည်လည်း အရှေ့သို့ ပြေးသွားနေသော ဟန်မူယဲ့ကို လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က တုံ့ဆိုင်းနေသော ဝမ်ကျန်းဟိုင်ကို ကြည့်လိုက်ကြသည်။
ဝမ်ကျန်းဟိုင်က အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ လက်သီးကို ဘယ်ညာဝှေ့ယမ်းလိုက်သည်။
လျောင်ဖန်းက ဟန်မူယဲ့ထံသို့ လှမ်းကြည့်လိုက်သည်။ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဂရောင်း ”
အရှေ့မှ ချိုင့်ဝှမ်း၏ ထောင့်တစ်နေရာတွင် သားရဲတစ်ကောင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်းက နှစ်ပေရှည်လျားပြီး မီးတောက်မီးလျှံများက ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ထို့ပြင် ၎င်း၏ လည်ပင်းတစ်ဝိုက်မှာ ရှည်လျားသော အမွှေးများ ရှိသည်။
၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး အရှေ့သို့ ပြေးထွက်သွားသည်။ ၎င်းက ဟန်မူယဲ့ထံသို့ ပြေးသွားနေစဉ် မီးတောက်မီးလျှံများက ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်သိုင်းခြုံသွားသည်။
သန္ဓေပြောင်းသားရဲက အရှေ့သို့ လှမ်းခုန်လိုက်ပြီး ၎င်း၏ မီးတောက်ခြေဖဝါးများဖြင့် ဟန်မူယဲ့ပေါ်သို့ ရိုက်ချလိုက်သည်။
အလွန်ပြင်းထန်သော မီးတောက်စွမ်းအားက ပေါ်လျှိုးလာပြီး အရပ်မျက်နှာအဘက်ဘက်တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
“ ကနဦးမူလအဆင့် ”
“ အဲ့ဒီကောင်ရဲ့ တိုက်ခိုက်မှုက တာအိုအဆင့်ကျင့်ကြံသူတွေကို ချက်ချင်း သတ်ပစ်နိုင်တယ် ”
တီးတိုးစကားသံများက လူတစ်ယောက်ပြီးတစ်ယောက်ထံမှ ထွက်ပေါ်လာသည်။
အထောက်တော်နှစ်ဦးက တည်ကြည်လေးနက်သော မျက်နှာဖြင့် ဟန်မူယဲ့ကို လှမ်းကြည့်လိုက်ကြသည်။
အကယ်၍ ဟန်မူယဲ့က တစ်ချက်တည်းဖြင့် သေဆုံးသွားမည်ဆိုလျှင် ယင်းက သူတို့ဘက်မှ စစ်သည်တော်များ၏ တိုက်ပွဲစိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်သွားစေလိမ့်မည်။
“ အဲ့ဒီကောင်လေး… သူက သတ္တိရှိတာလား ဒါမှမဟုတ် ရူးနေတာလား ငါမခွဲခြားနိုင်ဘူး ”
မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အထောက်တော်တစ်ဦးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။
“ ကျူးယွင်ရှုတောင်မှ အဲ့ဒီကောင်လေးရဲ့ ပါရမီကို ချီးကျူးခဲ့တယ်မလား ”
တခြားအထောက်တော်က ဟန်မူယဲ့ကို အာရုံစူးစိုက်လိုက်လေရာ သူ၏ လက်ဖဝါးထဲတွင် ရွှေရောင်ဖျော့ဖျော့အလင်း ထွက်ပေါ်လာသည်။
အကယ်၍ ဟန်မူယဲ့က ထိုသန္ဓေပြောင်းသားရဲကို မခုခံနိုင်ဘူးဆိုလျှင် သူက ရှေ့တန်းမှ စစ်သည်တော်များကို တိုက်ရိုက် ထိန်းချုပ်ပြီး တိုက်ပွဲစိတ်ဓာတ်ကို ပြန်လည်တည်ငြိမ်စေမည်။
မနီးမဝေးတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လျောင်ဖန်းသည်လည်း ထိုသို့လုပ်ဆောင်လိုက်သည်။ သူက ဓားရိုးပေါ်မှာ လက်တင်ထားပြီး အသင့်ပြင်ဆင်ထားသည်။
အရှေ့တွင် ဟန်မူယဲ့က ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။
ကြီးမားသော ဖိအားတစ်ခုက ဤအခိုက်အတန့်မှာ သူ့အပေါ်သို့ ကျဆင်းလာနေကြောင်း အပြင်လူများက မသိနိုင်ပေ။
ထိုသန္ဓေပြောင်းသားရဲက ၎င်း၏ မူလလေဟာနယ်စွမ်းအားကို ထုတ်လွှတ်လိုက်လေရာ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက သိမ့်သိမ့်တုန်သွားသည်။
အကယ်၍ အတားအဆီးအလွှာသာ မရှိဘူးဆိုလျှင် သူ့အနောက်မှ ယုမင်ဓားဂိုဏ်း၏ တပည့်များတွင် ကနဦးမူလအဆင့်အောက်မှ တပည့်များက အဝေးသို့ လွင့်စင်သွားကြလိမ့်မည်။
ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားရိုးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။
ထိုဓားက သူ၏ မူလဓားခန္ဓာကိုယ်မှ ဖွဲ့စည်းသွားသောအရာ ဖြစ်သည်။
ဤအခိုက်အတန့်မှာ အစောနကတည်းက သူစုစည်းထားခဲ့သော ဓားဆန္ဒက သူ၏ လက်ထဲမှ ဓားနှင့် ပေါင်းစည်းသွားသည်။
“ ဝီး ”
ဓားကို အရှေ့သို့ ထိုးသွင်းလိုက်သည့်အခါ ဓားဖျားပေါ်တွင် ဓားအလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာသည်။
“ အဲ့ဒါ… အဲ့ဒါ မုတိုင်ဓားဂိုဏ်းရဲ့ ပျံလွှားဓားသိုင်းမဟုတ်လား ”
အနောက်မှ တပည့်များထဲ၌ တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
သူက အကြည့်တစ်ချက်တည်းဖြင့် ယင်းကို မှတ်မိသွားခြင်းမှာ သူက ထိုဓားသိုင်းကို နှစ်အတော်ကြာ ကျင့်ကြံခဲ့သောကြောင့် ဖြစ်၏။
ဝမ်ကျန်းဟိုင်သည်လည်း ဟန်မူယဲ့၏ ဓားသိုင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“ ပျံလွှားဓားသိုင်းလား… ဘာလို့ ယုမင်ဓားသိုင်းမဟုတ်တာလဲ ”
လူတိုင်း၏ မျက်စိအရှေ့တွင် ဓားအလင်းတန်းက ပျံလွှားတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။
ဓားအလင်းတန်းက အလွန်မြန်ဆန်လေရာ အပေါ်မှ မီးတောက်များကို ဖြတ်ကျော်သွားပြီး သန္ဓေပြောင်းသားရဲ၏ လည်ပင်းတည့်တည့်ကို ထိုးဖောက်သွားသည်။ သန္ဓေပြောင်းသားရဲက ပြင်းထန်သော အရှိန်အဟုန်ကြောင့် အဝေးသို့ လွင့်စင်သွားသည်။
“ ဘန်း ”
၎င်း၏ ဦးခေါင်းက တိုက်ရိုက် ပေါက်ကွဲသွားပြီး မဟာပန်သွန်ကျောက်တုံးများက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ကျလာသည်။ အလွန်အားကောင်းသော သွေးချီအနှစ်သာရနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းတချို့က ဘေးပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားသည်။
ဤနေရာက နယ်မြေနှစ်ခုကြားမှာဖြစ်ပြီး အတားအဆီးအလွှာ၏ တည်ရှိမှုကြောင့် ဤနေရာမှာ သေဆုံးသွားကြသော သက်ရှိများက မဟာပန်သွန်ကျောက်တုံးများအဖြစ် တိုက်ရိုက် ဖွဲ့စည်းသွားကြလိမ့်မည် မဟုတ်ချေ။ တချို့အစိတ်အပိုင်းများက အသွေးအသားများအဖြစ် ဆက်လက် ကျန်ရှိနေလိမ့်မည်။
မဟာပန်သွန်ကျောက်တုံးများအပြင် ရွှေရောင်မိစ္ဆာအရိုးများနှင့် သွေးချီကျောက်တုံးအမြောက်အများသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
“ ရွှတ် ”
သုံးပေရှည်လျားသော ဓားသည် သွေးစွန်းနေလျက် ဟန်မူယဲ့၏ လက်ထဲသို့ ပြန်ရောက်လာသည်။ ဤအခိုက်အတန့်မှာ ဓားက အနည်းငယ် တုန်ယင်နေလေရာ သတ်ဖြတ်ပွဲတော်အတွက် စိတ်လှုပ်ရှားနေဟန် ရ၏။
ဟန်မူယဲ့က သူ့လက်ထဲမှ ဓားနှင့်အတူ အရှေ့သို့ နောက်တစ်ကြိမ် ပြေးသွားသည်။
“ ပျံလွှားဓားသိုင်းထဲက ‘ ပျံလွှားပြန်လာ ’ ဓားကွက်က အဲ့လောက်တောင် သန်မာတာလား ”
“ အဲ့ဒါပျံလွှားဓားသိုင်းပဲ… ပျံလွှားဓားသိုင်းက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ တစ်ခါမှ ငါမတွေးဖူးဘူး ”
“ ငါ့မှာလည်း ပျံလွှားဓားသိုင်းရှိတယ်… တကယ်လို့ ငါသာ အဲ့ဒီလိုစွမ်းအားကို ထုတ်လွှတ်နိုင်မယ်ဆိုရင်… ”
ချိုင့်ဝှမ်းအပြင်ဘက်တွင် အံ့ဩသော အာမေဋိတ်သံများနှင့် တီးတိုးစကားသံများ ထွက်ပေါ်လာသည်။
“ သူ့မှာ အရည်အချင်းနည်းနည်း ရှိတယ် ”
သက်လတ်ပိုင်းအရွယ် အထောက်တော်က သူ၏ လက်ဖဝါးထဲမှ ရွှေရောင်အလင်းကို ဖြည်းဖြည်းချင်း ပြန်ရုပ်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ပထမဆုံးအကျိုးဆောင်မှုက သူ့ဆီ ရောက်သွားပြီ ”
“ ဘန်း ”
ဟန်မူယဲ့က ချိုင့်ဝှမ်းထဲသို့ လျှောက်သွားသည်နှင့် ကျယ်လောင်သော မြည်သံက သူ၏ ခန္ဓာကိုယ်ထဲမှ ပဲ့တင်ထပ်လာသည်။
သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် စတင်ကြီးထွားသွားသည်။
မဟာပန်သွန်ဘုံ၏ မူလစွမ်းအားက အလွန်အုတ်မြစ်ခိုင်မာသည်။ ထို့ကြောင့် မဟာပန်သွန်ဘုံ၏ မူလစွမ်းအားကို ခန္ဓာကိုယ်ထဲမှာ ဖွဲ့စည်းထားသူက ဘုံ၏ အပြင်ဘက်သို့ ထွက်ခွာမည်ဆိုလျှင် ဘီလူးတစ်ကောင်အဖြစ် ကြီးထွားသွားလိမ့်မည်။
မှန်ပေသည်။ ဘီလူးအဖြစ်သို့ ပြောင်းလဲသွားသည့်အခါ သူ၏ ရုပ်ခွန်အားက အဆပေါင်းများစွာ တိုးမြှင့်သွားလိမ့်မည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ ခန္ဓာကိုယ်က ပေသုံးဆယ်အထိ ကြီးထွားသွားသည်။ သူက ဓားကို ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းက ချိုင့်ဝှမ်းထဲမှ လမ်းကြောင်းတစ်လျှောက် ဖုံးလွှမ်းသွားသည်။
“ ဂရား ”
“ ဂရောင်း ”
“ ဝေါင်း ”
သားရဲဟိန်းသံများက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ ထို့နောက် သန္ဓေပြောင်းသားရဲများက ဟန်မူယဲ့ထံသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။
သူက ဓားရှည်ကို ပင့်မြှောက်လိုက်သည်။ ဓားအလင်းက ကြည်လင်တောက်ပသော မိုးကြိုးသွားတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
“ လေမိုးကြိုးဓားသိုင်း ”
“ ကောင်းကင်ပေါ်က ဝိညာဉ်ဓားသုံးလက် ”
“ အဲ့ဒါက ယုမင်ဓားသိုင်းရဲ့ တတိယမြောက် ဓားကွက်ပဲ ”
ဟန်မူယဲ့ အသုံးပြုနေသော ဓားကွက်များသည် ရှုပ်ထွေးနက်နဲသောအရာ မဟုတ်ပေ။ ယင်းတို့ကို ယုမင်ဓားဂိုဏ်းထဲမှ တပည့်အများအပြားက လေ့ကျင့်ဖူးကြသည်။
ဤနှစ်များတွင် ယုမင်ဓားဂိုဏ်းက တခြားဓားဂိုဏ်းအမြောက်အများကို ဖျက်ဆီးပစ်ခဲ့ပြီး သူတို့၏ အမွေအနှစ်များကို လုယက်ခဲ့သည်။ သို့ဖြစ်၍ ယုမင်ဓားဂိုဏ်းက အမွေအနှစ်အများအပြားကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။ ယုမင်ဓားဂိုဏ်းမှ တပည့်အများစု၏ အမြင်တွင် ထိုဓားသိုင်းများက သူတို့အတွက် တန်ဖိုးသိပ်မရှိပေ။
ယခု ဟန်မူယဲ့၏ လက်ထဲမှာ ထိုဓားသိုင်းများက အံ့မခန်းအစွမ်းထက်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေလေသည်။
ယင်းမှာ သစ်သားတုံးက ကျောက်စိမ်းတုံးအဖြစ် ပြောင်းလဲသွားခြင်းပင်။
အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်သည်။
“ မင်းတို့ဘာကို စောင့်နေတာလဲ… အရှေ့ကို ချီတတ်လာနေကြတဲ့ သန္ဓေပြောင်းသားရဲတွေကို ခုခံတားဆီးကြ ”
ဝမ်ကျန်းဟိုင်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏ လက်ထဲမှ ဓားနှင့်အတူ အရှေ့သို့ ပြေးသွားသည်။ သူက ချိုင့်ဝှမ်းထဲမှ အပြင်သို့ ပြေးထွက်လာနေကြသော သန္ဓေပြောင်းသားရဲများထံသို့ ဦးတည်သွားပြီး တိုက်ခိုက်လိုက်သည်။
ချိုင့်ဝှမ်းထဲတွင် တိုက်ပွဲက အလွန်ပြင်းထန်နေသည်။
ဓားအလင်းရောင်က ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။
ဝမ်ကျန်းဟိုင်က တပည့်တစ်ထောင်ကျော်ကို ဦးဆောင်၍ ဘေးပတ်ဝန်းကျင်၌ ထွက်ပြေးလွတ်မြောက်လာသော သန္ဓေပြောင်းသားရဲများကို အဆက်မပြတ် သုတ်သင်လိုက်သည်။
သူတို့၏ ဓားအလင်းက သန္ဓေပြောင်းသားရဲ၏ အရေပြားကို မထိုးဖောက်နိုင်လျှင်ပင် ဓားအလင်းတစ်ထောင်၏ ပေါင်းစပ်စွမ်းအားက သန္ဓေပြောင်းသားရဲများ၏ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်ပေသည်။
ပထမလှိုင်းမှ သန္ဓေပြောင်းသားရဲအားလုံးက မြန်ဆန်စွာ အမြစ်ဖြတ်သုတ်သင်ခံလိုက်ရပြီး မဟာပန်သွန်ကျောက်တုံးများအဖြစ် ပြောင်းလဲသွားသည်။
အရှေ့တွင် ချိုင့်ဝှမ်းထဲမှ ဟန်မူယဲ့၏ ဘေးမှာ မဟာပန်သွန်ကျောက်တုံးရာပေါင်းများစွာနှင့် ရွှေရောင်မိစ္ဆာအရိုးများက စုပုံနေသည်။
“ ဝှီး ”
ချိုင့်ဝှမ်းထဲ၌ မြူခိုးက စတင်လွင့်ပြယ်သွားသည်။
ချိုင့်ဝှမ်း၏ ဝင်ပေါက်က အစတွင် ပေတစ်ရာသာ ကျယ်ပြောသော်လည်း တဖြည်းဖြည်း ထပ်တိုးချဲ့သွားသည်။
အရေအတွက်ပိုမိုများပြားသော သန္ဓေပြောင်းသားရဲများက အမြန်ပြေးထွက်လာကြသည်။
ထိုသားရဲများသည် ပေသုံးဆယ်မှ ပေငါးဆယ်အထိ ကြီးမားကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို မဟူရာရွှေအကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ ထို့ပြင် ၎င်းတို့၏ ခြေသည်းလက်သည်းများက မီးတောက်မီးလျှံများကို ထုတ်လွှတ်နေသည်။
၎င်းတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါအရ ၎င်းတို့က ကနဦးမူလအဆင့်မှာ ဖြစ်ကြသည်။
ဟန်မူယဲ့၏ ဓားက သန္ဓေပြောင်းသားရဲအများစုကို ခုခံတားဆီးလိုက်သည်။ ကျန်သန္ဓေပြောင်းသားရဲများသည်တော့ သူ့ကို ဖြတ်ကျော်သွားကြပြီး ဝမ်ကျန်းဟိုင်နှင့် တခြားလူများထံသို့ ပြေးသွားကြသည်။
“ သတ် ”
ဝမ်ကျန်းဟိုင်က ဟိန်းဟောက်လိုက်ပြီး သူ၏ ဓားရှည်ကို အောက်သို့ လွှဲခုတ်လိုက်သည်။
အရှေ့တွင် ဟန်မူယဲ့၏ ဓားရှည်က သွေးနီရောင်တောက်ပလာသည့်အခါ သူ၏ မျက်လုံးထဲတွင် ရွှေရောင်အလင်း ထွက်ပေါ်လာသည်။ သူက ဓားတစ်ချက်ဖြင့် ကနဦးမူလအဆင့် သန္ဓေပြောင်းသားရဲသုံးကောင်ကို သတ်ပစ်လိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ ဓားအလင်းက ပိုပြီးလေးလံလာပြီး ပိုပြီးတောက်ပလာသည်။
“ ဂျူနီယာညီလေးဟန်ရဲ့ ဓားတာအိုက ပင်လယ်ကြီးလောက် နက်ရှိုင်းပေတယ်… ”
လျောင်ဖန်းက ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူက တည်ငြိမ်သော အမူအရာဖြင့် ဓားကို ဆွဲထုတ်လိုက်သည်။
သူ၏ အနောက်မှ တပည့်များသည်လည်း ဓားဆွဲထုတ်၍ အသင့်ပြင်လိုက်ကြသည်။
“ တိုက်ပွဲစိတ်ဆန္ဒကို စုဝေးတယ်… အဲ့ဒီဟန်မူယဲ့က အရည်အချင်းရှိသားပဲ ”
မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အထောက်တော်က အံ့ဩသော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်သည်။
“ ဘန်း ”
ဟန်မူယဲ့၏ ဓားက သူ့ဆီသို့ ချဉ်းကပ်လာနေကြသော သန္ဓေပြောင်းသားရဲများကို ဖျက်ဆီးလိုက်သည်။ ထိုစဉ် တောက်ပသော ပုတီးစေ့တစ်လုံးက လေထဲမှာ ထွက်ပေါ်လာသည်။
မူလပုတီးစေ့… ။
ယင်းက စကြာဝဠာကို ဖွဲ့စည်းနိုင်သော စွမ်းအားဖြစ်သည်။