← Chapters

အခန်း (၁၆၀၈)

Vol. 115 Ch. 1608

အခန်း (၁၆၀၈)

Vol. 115 Ch. 1608

မည်သို့ကြောင့် ဟန်မူယဲ့က သန္ဓေပြောင်းသားရဲများကို တစ်ယောက်တည်း တိုက်ခိုက်နေသနည်း။

ယင်းက သူ့ကိုယ်ပိုင်စကြာဝဠာကို ဖွဲ့စည်းရန် မဟုတ်ပါလော။

ဤနေရာက ပုံရိပ်ယောင်လောကတစ်ခုဖြစ်သော်လည်း ယင်း၏ အခြေခံဇစ်မြစ်က စစ်မှန်သည်။

ပုံရိပ်ယောင်လောက၏ အခြေခံဇစ်မြစ်က မိုးမြေကို ချိပ်ပိတ်ထားသော အတားအဆီးအလွှာ ဖြစ်သည်။

ယင်းက ယုမင်ချောက်နက်၏ အတားအဆီးလည်း ဖြစ်သည်။ ယင်းထဲမှာ ကျန်ရှိနေသော ဝိညာဉ်စွမ်းအားက ဤပုံရိပ်ယောင်လောကကို ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။

ယခု ဟန်မူယဲ့ လုပ်ဆောင်နေသည်မှာ အတားအဆီးအလွှာ၏ အပြင်ဘက်မှ မိုးမြေစွမ်းအားကြောင့် ဖွဲ့စည်းသွားသော မူလစွမ်းအားကို အသုံးပြု၍ သူ့ကိုယ်ပိုင်စကြာဝဠာကို ဖွဲ့စည်းနေခြင်း ဖြစ်သည်။

“ ဝီး ”

အပြာရောင်ပုတီးစေ့က တုန်ယင်သွားပြီး အမြန်လှည့်ပတ်သွားသည့်အခါ ယင်းက ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲနေသော မဟာပန်သွန်ကျောက်တုံးများ၊ ရွှေရောင်မိစ္ဆာအရိုးများနှင့် သွေးချီကျောက်တုံးများကို ဆွဲဆောင်လိုက်သည်။

ယင်းတို့ကို စုပ်ယူပြီးနောက် ပုတီးစေ့က မြန်ဆန်စွာ ကြီးမားသွားသည်။ တစ်ချိန်တည်းမှာ ပုတီးစေ့၏ စွမ်းအားစုပ်ယူမှုကလည်း ပိုမိုမြန်ဆန်သွားသည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော အရှိန်အဝါက စတင်ပေါ်လျှိုးလာသည်။

“ သူက မိုးမြေစကြာဝဠာကို ဖွဲ့စည်းနေတာပဲ ”

“ သူက အခုလိုအချိန်မှာ မိုးမြေစကြာဝဠာကို ဖွဲ့စည်းရဲတာလား ”

အထောက်တော်နှစ်ဦးက မယုံကြည်နိုင်စွာ ရေရွတ်လိုက်ကြသည်။

တာအိုအဆင့်၏ အထက်အဆင့်များကို ကနဦးမူလအဆင့်၊ စကြာဝဠာအဆင့်၊ ယင်ယန်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်၊ ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်၊ သံသရာစက်ဝန်းအဆင့်နှင့် အာဏာရှင်အဆင့်ဟူ၍ ခွဲခြားထားသည်။

တာအိုအဆင့်ပြီးနောက် နောက်အဆင့်များတွင် တစ်စုံတစ်ယောက်က မိုးမြေတာအို၏ ပတ်သက်မှုအားလုံးကို ချိုးဖြတ်ရလိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်မှာ လုံလောက်သော မူလစွမ်းအားနှင့် ကျင့်ကြံခြင်းပါရမီမရှိလျှင် သူတို့က နောက်တစ်ဆင့်သို့ ချိုးဖြတ်နိုင်ကြလိမ့်မည် မဟုတ်ချေ။

ယင်းက မိုးမြေ၏ ဥပဒေဖြစ်သည်။

“ ဝေါင်း ”

အတားအဆီးအလွှာ၏ အပြင်ဘက်တွင် သန္ဓေပြောင်းသားရဲများ၏ ဟိန်းသံက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

ဟန်မူယဲ့၏ အရှေ့မှ ပုတီးစေ့က ဦးခေါင်းအရွယ်အစားခန့် ကြီးမားသွားသည်။

ထိုပုတီးစေ့က အချင်းမိုင်တစ်ရာပတ်လည်အတွင်းမှ မိုးမြေမူလစွမ်းအားကို စုပ်ယူနေသည်။

ဤအခိုက်အတန့်မှာ ချိုင့်ဝှမ်းထဲမှ သန္ဓေပြောင်းသားရဲရာထောင်ချီက ဟန်မူယဲ့ထံသို့ ခေါင်းလှည့်ကြည့်လိုက်ကြသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ၎င်းတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ယင်းက မိုးမြေစိတ်ဆန္ဒ၏ စုဝေးမှု ဖြစ်သည်။

မိုးမြေစိတ်ဆန္ဒ၏ ညွှန်ကြားမှုအောက်မှာ ၎င်းတို့က မိုးမြေမူလစွမ်းအင်အား လုယက်ဝံ့သော ဟန်မူယဲ့ကို အကြမ်းပတမ်း တိုက်ခိုက်လိုက်ကြသည်။

အနောက်မှ လူတိုင်း၏ မျက်လုံးထဲတွင် ယခုအချိန်က ဟန်မူယဲ့အတွက် အန္တရာယ်အများဆုံးအချိန် ဖြစ်သည်။

ဟန်မူယဲ့၏ စကြာဝဠာက အပြည့်အဝ မဖွဲ့စည်းသေးပေ။ ထို့ကြောင့် သူက စကြာဝဠာ၏ စွမ်းအားကို အသုံးမပြုနိုင်သေးပေ။ ထို့ပြင် သူက သူ့ကိုယ်ပိုင်စကြာဝဠာကို ပစ်မှတ်ထားလာကြမည့် အဖက်ဖက်မှ တိုက်ခိုက်မှုများကိုလည်း ကာကွယ်ပေးရလိမ့်မည်။

အကယ်၍ ထိုစကြာဝဠာသာ အက်ကွဲသွားမည်ဆိုလျှင် ဟန်မူယဲ့၏ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျသွားပြီး သူ၏ မူလစွမ်းအားက လွင့်ပြယ်သွားလိမ့်မည်။

မူလစွမ်းအား လွင့်ပြယ်သွားမည်ဆိုလျှင် ယင်းကို နောက်တစ်ကြိမ် ပြန်ဖွဲ့စည်းရန် လွယ်ကူတော့လိမ့်မည် မဟုတ်ချေ။ ထို့ပြင် တန်ပြန်ဆိုးကျိုးကြောင့် သူ၏ ခန္ဓာကိုယ်က ဆိုးဝါးစွာ ထိခိုက်ဒဏ်ရာရသွားလိမ့်မည်။ ထိုသို့ဒဏ်ရာက အနှစ်တစ်ထောင်ကြာသွားလျှင်ပင် ပြန်မသက်သာနိုင်ပေ။

“ အဲ့ဒီကောင်က တကယ် ရူးသွားပြီ… ”

ဝမ်ကျန်းဟိုင်က ခေါင်းမော့လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

လျောင်ဖန်းသည်လည်း ခေါင်းမော့လိုက်သည်။ ထို့‌နောက် သူက ခေါင်းပြန်ငုံ့လိုက်ပြီး သူ့အနောက်မှ တပည့်များကို ဦးဆောင်၍ သန္ဓေပြောင်းသားရဲများထံသို့ ပြေးသွားသည်။

ဟန်မူယဲ့က သူ၏ လက်ထဲမှာ ဓားကိုင်ထားရင်း အဆက်မပြတ် တိုက်ခိုက်နေသည်။ အရှေ့သို့ ခြေတစ်လှမ်း သူလှမ်းလိုက်တိုင်း သူ၏ မျက်လုံးက ဝင်းလက်သွားသည်။

“ ဘန်း ”

ထိုခြေတစ်လှမ်းက မိုးမြေကြားမှ စွမ်းအားကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။

သူ၏ သွေးချီအနှစ်သာရနှင့် ဓားတာအိုက ပေါင်းစပ်သွားသည်။ ထိုအခါ သူ့လက်ထဲမှ ဓားရှည်က မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။

ဓားကို ဝှေ့ယမ်းလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်မှ အလင်းနှင့် အမှောင်က တစ်လှည့်စီ ပြောင်းလဲသွားသည်။

“ ရွှတ် ”

သန္ဓေပြောင်းသားရဲနှစ်ကောင်၏ ခန္ဓာကိုယ်က ဓားသွားဖြင့် တိုက်ရိုက် ခုတ်ပိုင်းခံလိုက်ရသည်။

ပေသုံးဆယ်ရှည်လျားသော သားရဲခန္ဓာကိုယ်များက အပိုင်းပိုင်းအစစ အက်ကွဲသွားကြပြီး မဟာပန်သွန်ကျောက်တုံးများက အောက်သို့ ထွက်ကျလာကြသည်။ တစ်ချိန်တည်းမှာ ယင်းတို့အားလုံးက သူ့ကိုယ်ပိုင်စကြာဝဠာ၏ စုပ်ယူခံလိုက်ကြရသည်။

“ ဂရား ”

ပိုမိုများပြားသော သန္ဓေပြောင်းသားရဲများက အရှေ့သို့ ပြေးလာကြပြီး အသစ်ဖွဲ့စည်းနေသော စကြာဝဠာဆီသို့ ဦးတည်သွားကြသည်။

ထိုသန္ဓေပြောင်းသားရဲများက မြင့်မားသော အသိဉာဏ်ကို ပိုင်ဆိုင်ထားကြသည်။ သို့ဖြစ်၍ ယခုအချိန်မှာ ဟန်မူယဲ့၏ အားနည်းချက်က စကြာဝဠာဖြစ်ကြောင်း ၎င်းတို့နားလည်ကြသည်။

ဟန်မူယဲ့က သူ၏ ဓားကို ဝှေ့ယမ်းလိုက်သည်။ သူ၏ ဓားချက်တိုင်းက ဘေးပတ်ဝန်းကျင်မှ မိုးမြေကို အက်ကွဲသွားစေသည်။

ဓားအလင်းများက ဝဲကတော့တစ်ခုနှယ် လှည့်ပတ်သွားကြပြီး ဓားပုံရိပ်များက မိုင်ထောင်ချီအဝေးသို့ ပျံသန်းသွားကြသည်။

မည်သည့်သန္ဓေပြောင်းသားရဲမှ စကြာဝဠာဆီသို့ မချဉ်းကပ်နိုင်ကြချေ။

“ ဂရား ”

ချိုင့်ဝှမ်းထဲတွင် ကျယ်လောင်သော သားရဲမြည်ဟိန်းသံက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

ဆယ်ပေရှည်လျားသော ဦးချိုတစ်ချောင်းပါ သန္ဓေပြောင်းသားရဲတစ်ကောင်က အရှေ့သို့ ဒုန်းစိုင်းပြေးလာသည်။ ၎င်းထံမှ မီးတောက်မီးလျှံများက ဘေးပတ်ဝန်းကျင်မှ မိုးမြေကို မီးလောင်တိုက်သွင်းပစ်လိုက်သည်။

“ ဝူး ”

မီးတောက်မူလစွမ်းအား၏ ရိုက်ခတ်မှုအောက်မှာ ဟန်မူယဲ့၏ အရှေ့မှ မိုးမြေက ပိုပြီးဝေဝါးလာသည်။

ဦးချိုတစ်ချောင်းပါ ထိုသန္ဓေပြောင်းသားရဲက ကိုယ်ပိုင်စကြာဝဠာကို ဖွဲ့စည်းထားပြီးသော အစွမ်းထက်သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းက အလွန်အားကောင်းသော မီးတောက်မူလစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ဟန်မူယဲ့ပေါ်သို့ တိုက်ရိုက် ဖိချလိုက်သည်။

အကယ်၍ ဟန်မူယဲ့က သူ့ကိုယ်ပိုင်စကြာဝဠာကို ပြီးပြည့်စုံစွာ ဖွဲ့စည်းထားသည်ဆိုလျှင် သူက ထိုသန္ဓေပြောင်းသားရဲကို တိုက်ရိုက် ရင်ဆိုင်နိုင်လိမ့်မည်။ သူက ၎င်းကိုပင် ဝါးမျိုနိုင်လောက်၏။

သို့သော်လည်း ယခုအချိန်မှာ သူ၏ စကြာဝဠာက အပြည့်အဝ မဖွဲ့စည်းသေးပေ။ အကယ်၍ သူက ထိပ်တိုက် ရင်ဆိုင်မည်ဆိုလျှင် သူ၏ စကြာဝဠာက ဖျက်ဆီးခံရလိမ့်မည်။

ဟန်မူယဲ့က ဓားကိုင်လျက် မတ်တတ်ရပ်နေစဉ် သူ၏ သွေးချီအနှစ်သာရက သွေးနီရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ အဲ့ဒီကောင်လေးက စကြာဝဠာအဆင့် သန္ဓေပြောင်းသားရဲကို သူ့ရဲ့ ရုပ်ခွန်အားသက်သက်နဲ့ စိန်ခေါ်နေတာပဲ ”

မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အထောက်တော်က အံ့အားသင့်စွာ ပြောသည်။

ယင်းက ကိုယ့်ထက် တစ်ဆင့်မြင့်သော ရန်သူကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

မဟာပန်သွန်ဘုံထဲတွင် အင်မော်တယ်မင်းဆက် သို့မဟုတ် အစွမ်းထက်ဂိုဏ်းကြီးများ၏ လက်ရွေးစင်တပည့်များသာလျှင် ထိုသို့စွမ်းဆောင်နိုင်ပေသည်။

သာမန်ဓားဂိုဏ်းငယ်တစ်ခုမှ တပည့်တစ်ယောက်က အဆင့်ကျော်ပြီး တိုက်ခိုက်ဝံ့သော သတ္တိကို မည်သို့ပိုင်ဆိုင်ထားသနည်း။

“ အဲ့ဒီလို တစ်ကိုယ်တော်သူရဲကောင်းတွေရှိလို့ပဲ မဟာပန်သွန်ဘုံက ဖွင့်ဖြိုးတိုးတတ်နေတာ မဟုတ်ဘူးလား ”

သက်လတ်ပိုင်းအရွယ် အထောက်တော်က ပြုံးလိုက်ပြီး ပြောသည်။ ဟန်မူယဲ့ကို ငေးကြည့်နေစဉ် သူ၏ မျက်လုံးထဲမှာ ဝိညာဉ်အလင်းတန်းတစ်ခု ပေါ်လျှိုးလာသည်။

ယခု ဟန်မူယဲ့ ထုတ်ဖော်ပြသနေသော တိုက်ပွဲစွမ်းအားနှင့် ရဲစွမ်းသတ္တိသည် အင်မော်တယ်မင်းဆက်ထဲမှာ သူတို့မြင်တွေ့ဖူးသော လက်ရွေးစင်များထက် လုံးဝ မလျော့ချေ။

“ သေစမ်း ”

ဟန်မူယဲ့၏ အော်သံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

သူက ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်သည်။

ဤတစ်ကြိမ်တွင် သူက မည်သည့်ဓားသိုင်းကိုမှ အသုံးမပြုချေ။ ယင်းအစား သူက ရိုးရှင်းသော ဓားချက်ကိုသာ ထုတ်ဖော်လိုက်သည်။

သို့တိုင် သူ၏ တောက်ပသော ဓားအလင်းက စကြာဝဠာအဆင့် သန္ဓေပြောင်းသားရဲနှင့် တွေ့ဆုံသွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က တစ်လက်မချင်းစီ အက်ကွဲသွားသည်။

“ မိုးမြေကို ရှင်းလင်းတယ် ”

“ အဲ့ဒီဓားချက်က အားကောင်းလှချည်လား ”

“ သွေးချီစွမ်းအားကို အသုံးပြုပြီး မိုးမြေမူလစွမ်းအားကို စုဝေးတယ်… အဲ့ဒါက ငါတို့ယုမင်ဓားဂိုဏ်းရဲ့ အမွေအနှစ်ပဲ ”

တီးတိုးစကားသံများက ထွက်ပေါ်လာသည်။

လူတိုင်း၏ မျက်စိအရှေ့တွင် ဟန်မူယဲ့၏ ဓားက စကြာဝဠာအဆင့် သန္ဓေပြောင်းသားရဲ၏ ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ တစ်ဆက်တည်းမှာ သူ၏ ဓားသွားက သန္ဓေပြောင်းသားရဲ၏ စကြာဝဠာကို တိုက်ရိုက် ဖျက်ဆီးလိုက်သည်။

လေဟာနယ်က တစ်လက်မချင်းစီ အက်ကွဲသွားပြီး မီးတောက်မီးလျှံများက ဟန်မူယဲ့၏ အရှေ့မှာ ပေါက်ကွဲသွားသည်။

ဝိညာဉ်အလင်းအမျိုးမျိုးက ဟန်မူယဲ့၏ စကြာဝဠာကြောင့် ဆွဲဆောင်ခံလိုက်ရပြီး သိမ်းဆည်းခံလိုက်ရသည်။

“ ခရက် ”

သူ့အရှေ့မှ လေဟာနယ်က တစ်လက်မချင်းစီ အက်ကွဲသွားပြီး ကြေးမုံအပိုင်းအစများနှယ် ပြန့်ကျဲသွားသည်။

ယင်းက စကြာဝဠာတစ်ခု ပျက်စီးသွားခြင်း ဖြစ်သည်။ စကြာဝဠာ၏ ပျက်စီးမှုက မိုးမြေကြားထဲမှ မူလစွမ်းအားကို လှုံ့ဆော်လိုက်သည်။

မီးတောက်မီးလျှံများက လေဟာနယ်အက်ကွဲကြောင်းများထဲမှ ပေါ်လျှိုးလာသည်။

ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက သူ့အနောက်မှ အပြာရောင်ပုတီးစေ့နှင့်အတူ ပျောက်ကွယ်သွားသည်။

နောက်အခိုက်အတန့်မှာ သူက မီးတောက်မီးလျှံများဖြင့် ပြည့်နှက်နေသော စကြာဝဠာနယ်မြေတစ်ခုထဲမှာ ထွက်ပေါ်လာသည်။

ကောင်းကင်ယံတွင် ပေတစ်သောင်းရှည်လျားသော ဦးချိုတစ်ချောင်းသားရဲက ဒေါသတကြီး ဟိန်းဟောက်နေသည်။ ၎င်း၏ ရန်လိုသော အကြည့်က ဟန်မူယဲ့ပေါ်သို့ ကျရောက်လာသည်။

၎င်းက စကြာဝဠာနယ်မြေထဲမှ သားရဲဝိညာဉ် ဖြစ်သည်။ ၎င်း၏ ပိုင်ရှင်က အစောနက သေဆုံးသွားခဲ့သော ဦးချိုတစ်ချောင်းသားရဲ ဖြစ်သည်။

စကြာဝဠာအဆင့်တွင် စကြာဝဠာက ဖျက်ဆီးမခံရနိုင်သောအရာဖြစ်ပြီး ဝိညာဉ်က ထာဝရမသေမျိုး ဖြစ်သည်။

မိုးမြေစကြာဝဠာက ဆက်လက် တည်ရှိနေသေးသရွေ့ ဝိညာဉ်က ဆက်လက် ရှင်သန်နေလိမ့်မည်။ ထို့ပြင် ဝိညာဉ်က ရုပ်ခန္ဓာကိုယ်နှင့် တစ်ပုံစံတည်း ဆင်တူလိမ့်မည်။

သို့ဖြစ်၍ တစ်စုံတစ်ယောက်က စကြာဝဠာအဆင့်သို့ တတ်လှမ်းသွားမည်ဆိုလျှင် အပြင်လူများက သူတို့ကို သတ်ပစ်ရန် မလွယ်ကူတော့ပေ။

တစ်စုံတစ်ယောက်ဆီမှာ မိုးမြေစကြာဝဠာကို ဖွင့်လှစ်နိုင်သော စွမ်းအားမရှိလျှင် စကြာဝဠာအဆင့် ပညာရှင်တစ်ယောက်ကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုသို့စွမ်းအားကို ယင်ယန်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များသည်သာ ထုတ်လွှတ်နိုင်ကြသည်။

ထို့ကြောင့် ဦးချိုတစ်ချောင်းပါ သန္ဓေပြောင်းသားရဲက ကိုယ်ပိုင်စကြာဝဠာ မဖွဲ့စည်းရသေးသော ဟန်မူယဲ့ကို အထင်သေးခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူက ၎င်း၏ စကြာဝဠာနယ်မြေကို တစ်ချက်တည်းဖြင့် အက်ကွဲစေနိုင်လိမ့်မည်ဟု ၎င်းက မမျှော်လင့်ထားခဲ့ပေ။

ထိုသို့စွမ်းအားကို ယင်ယန်ပညာရှင်များကသာ ထုတ်လွှတ်နိုင်ကြသည်။

“ ဝီး ”

ဟန်မူယဲ့၏ လက်ထဲမှ ဓားအလင်းက သားရဲဝိညာဉ်၏ ပုံရိပ်ကို ချက်ချင်း အက်ကွဲသွားစေသည်။

သူ့အနောက်မှ အပြာရောင်ပုတီးစေ့က မြန်ဆန်စွာ လှည့်ပတ်သွားပြီး ဘေးပတ်ဝန်းကျင်မှ မီးတောက်မီးလျှံအားလုံးကို ဝါးမျိုစုပ်ယူလိုက်သည်။

ဦးချိုတစ်ချောင်းသားရဲ၏ စကြာဝဠာနယ်မြေထဲမှ မူလစွမ်းအားနှင့် စွမ်းအင်အနှစ်သာရအားလုံးက ဤအခိုက်အတန့်မှာ လုယက်ခံလိုက်ရသည်။

ဟန်မူယဲ့၏ စကြာဝဠာပုတီးစေ့က အချင်းပေတစ်ရာခန့် ကျယ်ပြောသွားသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ စကြာဝဠာနယ်မြေက သူ၏ လက်ဖဝါးပေါ်သို့ ကျဆင်းလာသည်။ ထို့နောက် သူက နေရာမှ ပျောက်ကွယ်သွားသည်။

သူပြန်ပေါ်လာသည့်အခါ သူ့အရှေ့၌ အက်ကွဲနေသော လေဟာနယ်က လုံးဝ ပျောက်ကွယ်သွားသည်။

ယင်းတို့အားလုံးက ဝါးမျိုခံလိုက်ရသည်။

ဦးချိုတစ်ချောင်းသားရဲ၏ စကြာဝဠာနယ်မြေထဲသို့ သူဝင်ရောက်သွားပြီး ပြန်ထွက်လာသည့် ကြာချိန်သည် မျက်တောင်တစ်ခတ်မျှသာ ဖြစ်သည်။

အပြင်လူများ၏ မျက်လုံးထဲတွင် သူ၏ ပုံရိပ်က တဒင်္ဂ ဝေဝါးသွားပြီး ပြန်ထင်ရှားလာသည်။ သို့သော် သူ့အရှေ့မှ စကြာဝဠာအပိုင်းအစအားလုံးက ဖျက်ဆီးခံလိုက်ရသည်။

“ ဝီး ”

ဟန်မူယဲ့၏ အရှေ့တွင် အပြာရောင်ပုတီးစေ့တစ်လုံး ထွက်ပေါ်လာသည်။

ယင်းက လက်မအရွယ်အစားခန့် ရှိသည်။

နောက်ထပ် စကြာဝဠာပုတီးစေ့တစ်လုံး ဖြစ်သည်။

သူက ထိုသို့ပုတီးစေ့များကို စုစုပေါင်း (၃၆၀)လုံး ပိုင်ဆိုင်ထားသည်။

“ ဘန်း ”

ချိုင့်ဝှမ်းက တုန်ယင်သွားပြီး ကျယ်ပြောသော လွင်ပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သူ့အရှေ့တွင် မျောက်ဝံတစ်ကောင်က မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေသည်။ ဤအခိုက်အတန့်မှာ ၎င်းက ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။

၎င်း၏ ခန္ဓာကိုယ်က ပေတစ်ရာရှည်လျားပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးခိုးရောင်ဖြစ်သည်။ ထူးခြားချက်တစ်ခုမှာ ၎င်း၏ မျက်လုံးနှစ်လုံးတွင် တစ်လုံးက အဖြူရောင်ဖြစ်ပြီး အခြားတစ်လုံးက အနက်ရောင်ဖြစ်သည်။

“ သေခြင်းရှင်ခြင်းအဆင့် ”

ဝမ်ကျန်းဟိုင်က ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

အခြားတစ်ဖက်တွင် လျောင်ဖန်းက ခေါင်းမော့လိုက်သည်။ တိုက်ပွဲစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဟန်မူယဲ့က ဓားကိုင်ထားလျက် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သေခြင်းရှင်ခြင်းအဆင့်ဖြစ်တော့ရော ဘာအရေးလဲ… ။

ငါ့လက်ထဲမှာ ဓားရှိနေသေးသရွေ့ အရှေ့ကို ချီတတ်သွားမယ်… ။

သေခြင်းရှင်ခြင်းဆိုတာ ဘာမှမဟုတ်ဘူး… ။

All Chapters