← Chapters

အခန်း (၁၆၀၉)

Vol. 115 Ch. 1609

အခန်း (၁၆၀၉)

Vol. 115 Ch. 1609

ဟန်မူယဲ့က အရှေ့သို့ ဆက်လျှောက်သွားသည်။ ဓားဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

အရှေ့သို့ သူလျှောက်သွားလေ မဟာပန်သွန်ဘုံ၏ ဖိနှိပ်မှုက တဖြည်းဖြည်း ပိုအားနည်းလာလေပင်။ ထို့ကြောင့် သူထုတ်လွှတ်လိုက်သော ဓားစွမ်းအားက ပိုပြီးအားကောင်းလာသည်။

သူက လက်ထဲမှ ဓားကို မြှောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ကျန်းနှစ်ဆယ် ရှည်လျားသော ဘီလူးတစ်ကောင်အဖြစ် ထပ်မံ အသွင်ပြောင်းလဲသွားသည်။ သူက ဓားကို ဝှေ့ယမ်းလိုက်သည့်အခါ ပေတစ်ရာရှည်လျားသော ဓားအလင်းက ပျံသန်းထွက်သွားသည်။

“ ဘန်း ”

သူ့အရှေ့မှ သန္ဓေပြောင်းသားရဲဆယ်ကောင်က ဧရာမဓားပုံရိပ်ဖြင့် တိုက်ရိုက် တွေ့ဆုံသွားကြသည်။ ထိုအခါ ၎င်းတို့၏ သားရဲခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားပြီး ဖြည်းဖြည်းချင်း အက်ကွဲသွားသည်။

ဟန်မူယဲ့၏ ဓားအလင်းထဲမှာ ကိန်းအောင်းနေသော အံ့မခန်းစွမ်းအားက မိုးမြေကို တိုက်ရိုက် ဖွင့်လှစ်နိုင်သည်အထိ အလွန်အားကောင်းသည်။

စကြာဝဠာအဆင့်သို့ မရောက်ရှိသေးသော သန္ဓေပြောင်းသားရဲများက ထိုဓားချက်အောက်မှာ သေကြေပျက်စီးသွားကြသည်။

မဟာပန်သွန်ကျောက်တုံးများက အနီရောင်ငန်းအုပ်သဖွယ် မြေကြီးပေါ်သို့ မရပ်မနား ပြုတ်ကျလာကြသည်။

“ စီနီယာအကိုဟန်ရဲ့ ဓားကျင့်ကြံခြင်းက အရမ်းသန်မာတာပဲ ”

“ အဲ့ဒါ ယုဖုဓားဂိုဏ်းက ကောင်းကင်ရှင်းလင်းဓားကွက် မဟုတ်လား ”

အနောက်မှ ဂျူနီယာတပည့်များက တီးတိုးပြောလိုက်ကြသည်။ စိတ်လှုပ်ရှားမှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ ဓားကွက်များက ယခင်ကဲ့သို့ ဝေဝါးမနေဘဲ ကြည်လင်ပြတ်သားနေသည်။ ယင်းက ယုမင်ဓားဂိုဏ်းမှ တပည့်များကို ဟန်မူယဲ့၏ ဓားကွက်များအား ရှင်းလင်းစွာ မြင်နိုင်သွားစေသည်။

ဓားတစ်ချက်က မိုးမြေကြားထဲမှ အရှိန်အဟုန်ကို လှုံ့ဆော်လိုက်သည်။ ဟန်မူယဲ့၏ ဓားချက်တိုင်းက တောင်တန်းများကို သယ်ဆောင်ထားသည့်အလား အလွန်လေးလံပြီး သန်မာသည်။

မဟာပန်သွန်ဘုံ၏ ကျင့်ကြံခြင်းအမွေအနှစ်များနှင့် တိုက်ခိုက်ရေးနည်းစနစ်များက အလွန်ရိုးရှင်းပြီး ကြမ်းတမ်းသည်။ ထိုသို့ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ မဟာပန်သွန်ဘုံမှ အစွမ်းထက်ကျင့်ကြံသူများ တိုက်ပွဲထွက်ကြသည့်အခါ သူတို့၏ ခန္ဓာကိုယ်က မဟာပန်သွန်ဘုံ၏ ဖိနှိပ်မှုကို မခံရတော့သောကြောင့် ဖြစ်သည်။

သူတို့က အပြင်လောကတွင် ပေရာပေါင်းများစွာ မြင့်မားသော ဘီလူးများအဖြစ် အသွင်ပြောင်းလဲသွားကြလိမ့်မည်။ ထိုအခါ သူတို့က အလွန်သန်မာသွားပြီး သူတို့၏ လက်သီးချက်များနှင့် ခြေကန်ချက်များက ကြယ်များကိုပင် ဖျက်ဆီးပစ်နိုင်လိမ့်မည်။

ထိုသို့အခြေအနေမျိုးမှာ ရှုပ်ထွေးနက်နဲသော တိုက်ခိုက်ရေးနည်းစနစ်များက သူတို့နှင့် မသင့်တော်ပေ။ ရိုးရှင်းပြီး ခွန်အားကို စိတ်ကြိုက်ထုတ်လွှတ်နိုင်စေမည့် တိုက်ခိုက်ရေးနည်းစနစ်များကသာ သူတို့နှင့် လိုက်ဖက်သင့်တော်ပေသည်။

ထိုသို့တိုက်ခိုက်ရေးနည်းစနစ်များက လျင်မြန်မှုကို လျစ်လျူရှုထားသည်။ သူတို့က မြန်ဆန်စွာ ရွေ့လျားတိုက်ခိုက်မည့်အစား ရုပ်ခွန်အားဖြင့် အကြမ်းပတမ်း တိုက်ခိုက်ကြလိမ့်မည်။

ယင်းက မဟာပန်သွန်ဘုံ၏ ရှေးဟောင်းဘိုးဘေးများထံမှ ဆင်းသက်လာသော နိယာမဖြစ်သည်။ ယင်းကို နောက်ပိုင်းမှာ မျိုးဆက်အစဉ်အဆက် လက်ဆင့်ကမ်းပေးခဲ့ကြသည်။

သို့ဖြစ်၍ မဟာပန်သွန်ဘုံ၏ ကျင့်ကြံသူများသည် ရိုးရှင်းပြီး အားမာန်ပါသော တိုက်ခိုက်မှုများကို အထူးအလေးထားကြသည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့က သူ၏ ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို အာရုံခံမိသွားသည်။ အမှန်တကယ်ပင် ယခုအချိန်မှာ သူက လျှင်မြန်မှုနည်းစနစ်များကို အသုံးပြုရန် ခက်ခဲလာသည်။

သို့သော်လည်း ယင်းက ဟန်မူယဲ့အတွက် ပြဿနာမဟုတ်ပေ။ သူက ရက်စက်ကြမ်းတမ်းသော ရုပ်ခွန်အားကို သယ်ဆောင်ထားသည့် ဓားကွက်များကိုလည်း တတ်ကျွမ်းထားပေသည်။

သူ့အရှေ့တွင် သေခြင်းရှင်ခြင်းအဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်က ထွက်လျှောက်လာသည်။ ၎င်း၏ သွေးချီအနှစ်သာရက မူလစွမ်းအားနှင့် ပေါင်းစပ်သွားပြီး ပေသုံးရာရှည်လျားသော ဧရာမမိစ္ဆာပုံရိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

မိစ္ဆာပုံရိပ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ထံသို့ ပြေးသွားသည်။ ဤသည်မှာ ၎င်းက ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရန် စိတ်အားထက်သန်နေသည့်အလားပင်။

ဟန်မူယဲ့က သူ၏ ဓားကို မြှောက်လိုက်ပြီး မိစ္ဆာပုံရိပ်ထံသို့ တန်းမတ်စွာ ထိုးသွင်းလိုက်သည်။

“ ဝီး ”

ဓားအလင်းက တုန်ယင်သွားသည်။ ပေတစ်ရာရှည်လျားသော ဓားအလင်းကို သယ်ဆောင်ထားသည့် ဓားဖျားက မိစ္ဆာပုံရိပ်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။ တစ်ဆက်တည်းမှာ ဓားသွားက မိစ္ဆာပုံရိပ်၏ လည်ပင်းထံသို့ တိုးဝင်သွားသည်။

သန္ဓေပြောင်းသားရဲက တုန်ယင်သွားပြီး ၎င်း၏ ခြေလက်လေးချောင်းစလုံးကို အပြင်းအထန် ကန်ကျောက်လိုက်သည်။ ယင်းက ဓားဖျားပေါ်မှ စွမ်းအားကို ပျက်ပြယ်သွားစေသည်။

နောက်အခိုက်အတန့်မှာ ၎င်းက ကောင်းကင်ကို မော့ကြည့်၍ ဟိန်းဟောက်လိုက်ပြီး မူလစွမ်းအားကို ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ နောက်တစ်ကြိမ် စုစည်းလိုက်သည်။

မူလစွမ်းအားက ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ကောင်းချီးမင်္ဂလာအဖြစ် စုဝေးသွားလေရာ သေခြင်းရှင်ခြင်းအဆင့် ထိုသန္ဓေပြောင်းသားရဲက ထပ်မံ အရွယ်အစားကြီးမားသွားသည်။ ၎င်းက ကောင်းကင်တုန်လှုပ်သွားစေမည့် ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။

ဤအခိုက်အတန့်မှာ သန္ဓေပြောင်းသားရဲ၏ အစစ်အမှန်အသွင်သဏ္ဍာန်က ထွက်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရေခဲအကြေးခွံများက ဖုံးလွှမ်းနေပြီး ၎င်း၏ ခြေလက်လေးချောင်းစလုံးတွင် နှင်းပွင့်ပုံသဏ္ဍာန် အမှတ်အသားများ ရှိသည်။ အနက်ရောင်နှင့် အဖြူရောင်အလင်းက ၎င်း၏ မျက်လုံးများထဲမှာ ဝဲကတော့များသဖွယ် လှည့်ပတ်နေသည်။

ချွန်ထက်သော ဦးချိုတစ်ချောင်းက ၎င်း၏ နဖူးပေါ်မှာ ထွက်ပေါ်နေပြီး အပြာရောင်ရေခဲအလွှာများက ၎င်း၏ ဘေးပတ်ပတ်လည်မှာ ပျံဝဲနေသည်။

အစောနက ဟန်မူယဲ့ ထိုးသွင်းလိုက်သော ဓားဖျားက သန္ဓေပြောင်းသားရဲ၏ လည်ပင်းထံသို့ မရောက်သွားမီ အပြာရောင်ရေခဲအလွှာများဖြင့် တားဆီးခံလိုက်ရသည်။

“ တုံမင်ရေခဲသားရဲ ”

“ အဲ့ဒီသားရဲက သေခြင်းရှင်ခြင်းအဆင့် သန္ဓေပြောင်းသားရဲတွေထဲမှာ ခုခံကာကွယ်မှု အကောင်းဆုံးလို့ ပြောနိုင်တယ် ”

အထောက်တော်နှစ်ဦးက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ခါးသီးမှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ထိုသန္ဓေပြောင်းသားရဲ၏ ခုခံကာကွယ်မှုက သူတို့သည်ပင် ချိုးဖြတ်ရန် မလွယ်ကူပေ။

ပိုပြီးအရေးကြီးသည်မှာ သားရဲဒီရေလှိုင်းထဲမှ ယခု ထွက်ပေါ်လာကြသော သန္ဓေပြောင်းသားရဲများသည် တစ်ကောင်တည်း မလှုပ်ရှားကြတော့ချေ။ ၎င်းတို့က အုပ်စုလိုက် စတင်လှုပ်ရှားလာကြသည်။

သန္ဓေပြောင်းသားရဲများက မျိုးနွယ်စုလိုက် အုပ်စုဖွဲ၍ လှုပ်ရှားလာကြသည့်အခါ သူတို့အတွက် ခုခံတားဆီးရန် မလွယ်ကူတော့ချေ။

“ တစ်ကောင်တည်းဆိုရင် သိပ်ပြဿနာ… ”

မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲ၏ စကားမဆုံးခင်မှာ သူက ရုတ်တရက် မျက်လုံးပြူးကျယ်သွားသည်။

အဝေးမှ ချိုင့်ဝှမ်းထဲတွင် ပုံရိပ်အများအပြားက သူတို့ဆီသို့ ပြေးလာနေကြသည်။

၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးခိုးရောင်ဖြစ်လေရာ မြူခိုးထဲတွင် ၎င်းတို့ကို ရှာဖွေရန် မလွယ်ကူလှပေ။

ထို့ပြင် ၎င်းတို့၏ အလျင်က အလွန်မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းတို့က ဟန်မူယဲ့၏ အရှေ့သို့ ရောက်ရှိလာကြသည်။

၎င်းတို့က အလွန်အားကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါနှင့်အတူ ဟန်မူယဲ့ကို တိုက်ရိုက် ဖိနှိပ်လိုက်ကြသည်။

“ အနက်ရောင်အကြေးခွံ၊ မီးခိုးရောင်ခန္ဓာကိုယ်၊ ရှည်လျားတဲ့ လက်မောင်းတွေ၊ အနီရောင်မျက်လုံးတွေ… အဲ့ဒါက သွေးမိစ္ဆာမျောက်ဝံပဲ ”

“ သွေးမိစ္ဆာမျောက်ဝံက သေခြင်းရှင်ခြင်းအဆင့် သန္ဓေပြောင်းသားရဲတွေထဲမှာ အန္တရာယ်အများဆုံးပဲ… သူတို့က ရက်စက်ကြမ်းတမ်းတဲ့ အကျင့်စရိုက်ကြောင့် နာမည်ကျော်ကြားတယ် ”

သက်လတ်ပိုင်းအရွယ် အထောက်တော်၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှုက ထွက်ပေါ်လာသည်။

အတိတ်မှ သားရဲဒီရေလှိုင်းများထဲမှာ သန္ဓေပြောင်းသားရဲအများအပြား ထွက်ပေါ်လာခဲ့ကြသော်လည်း ထိုသို့သေခြင်းရှင်ခြင်းအဆင့် သန္ဓေပြောင်းသားရဲများ ထွက်ပေါ်လာခြင်းက အလွန်ရှားပါးသည်။

အဓိကသော့ချက်မှာ အတိတ်၌ ၎င်းတို့ကို ခုခံတားဆီးပေးမည့် အင်မော်တယ်မင်းဆက်၏ စစ်တပ်ရှိသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် အင်မော်တယ်မင်းဆက်၏ စစ်တပ်က မရှိပေ။

တုံမင်ရေခဲသားရဲက သေခြင်းရှင်ခြင်းအဆင့် သန္ဓေပြောင်းသားရဲများထဲ၌ ခုခံကာကွယ်မှုတွင် အသန်မာဆုံးဖြစ်သည်။ အခြားတစ်ဖက်မှာတော့ သွေးမိစ္ဆာမျောက်ဝံက တိုက်ခိုက်ခြင်းတွင် ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ကျော်ကြားသည်။

ထိုသို့အခြေအနေမျိုးမှာ ဤတစ်ကြိမ် သူတို့၏ အစောင့်အရှောက်တာဝန်က အမှန်တကယ် ပြီးမြောက်နိုင်မည်လော။

“ အားလုံးပဲ တောင့်ခံထားကြ… မိုးမြေမူလစွမ်းအားကို အသုံးပြုပြီး အဲ့ဒီသားရဲတွေကို ဖိနှိပ်ကြ ”

မုတ်ဆိတ်ဖြူအဖိုးအိုတစ်ယောက်က အရှေ့သို့ ထွက်လျှောက်သွားပြီး အော်ပြောလိုက်သည်။ သူက လက်မြှောက်လိုက်ပြီး ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ကာ မိုးမြေအတားအဆီးအလွှာ၏ စွမ်းအားကို အသက်သွင်းလိုက်သည်။

ထိုအလင်းလွှာက ချိပ်တံဆိပ်စွမ်းအားဖြင့် ဖွဲ့စည်းထားသောအရာ ဖြစ်သည်။ ယင်းက သန္ဓေပြောင်းသားရဲများကို အပြည့်အဝ မတားဆီးပေးနိုင်လျှင်ပင် ၎င်းတို့၏ စွမ်းအားကို အနည်းငယ် လျော့ကျသွားစေလိမ့်မည်။

ယင်းက အထောက်တော်များအတွက် နောက်ဆုံးအားကိုးရာ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်မှာ သူတို့က ထိုအလင်းလွှာကို စောစီးစွာ ထုတ်သုံးလိုက်ကြရသည်။

အကယ်၍ သွေးမိစ္ဆာမျောက်ဝံများက အလင်းလွှာကို ဖျက်ဆီးလိုက်မည်ဆိုလျှင် ဤနေရာမှာ ရှိနေကြသော လူတိုင်းက သေဆုံးသွားကြလိမ့်မည်။

လျောင်ဖန်းနှင့် ဝမ်ကျန်းဟိုင်က အံ့ဩသွားကြသည်။ ထို့နောက် ဒေါသနှင့် ထိတ်လန့်မှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ခင်ဗျားဘာလုပ်တာလဲ… ကျုပ်တို့ရဲ့ ဂျူနီယာညီလေးဟန်က အဲ့ဒီမှာ ရှိနေတုန်းပဲ ”

ဝမ်ကျန်းဟိုင်က သူ၏ လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်လိုက်ရင်း အံကြိတ်၍ အော်ပြောလိုက်သည်။

လျောင်ဖန်း၏ သွေးအနှစ်သာရက တုန်ယင်သွားသည်နှင့် ရွှေရောင်ကြယ်တစ်လုံးက သူ၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။

စကြာဝဠာ၏ အထက်အဆင့်သည် ယင်ယန်ခွဲထုတ်ခြင်း ဖြစ်သည်။ ယင်ယန်နယ်ပယ်၏ ပထမဆုံးအဆင့်က ကြယ်စွမ်းအင်ကို စုစည်းခြင်း ဖြစ်သည်။

ဝမ်ကျန်းဟိုင်သည်လည်း ကြယ်စွမ်းအင်ကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း သူ၏ ကြယ်စွမ်းအင်က လျောင်ဖန်းထက် ပိုပြီးအားကောင်းသည်။ သူ၏ ဦးခေါင်းပေါ်တွင် ရွှေရောင်တောက်ပသော ကြယ်ခုနစ်လုံး ထွက်ပေါ်လာကြသည်။

“ အဲ့ဒါ သွေးမိစ္ဆာမျောက်ဝံပဲ… ဘယ်သူက အဲ့ဒီကောင်ကို တားဆီးနိုင်မှာလဲ ”

မီးခိုးရောင်ဝတ်စုံဝတ် အထောက်တော်က အေးစက်စွာ အော်ပြောလိုက်သည်။

“ သူသေချာပေါက် သေလိမ့်မယ် ”

သူသေလိမ့်မယ်… ။

ဟန်မူယဲ့က သေခြင်းရှင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လျှင်ပင် ထိုမျှများပြားသော သန္ဓေပြောင်းသားရဲများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ မည်သို့လွတ်မြောက်နိုင်မည်နည်း။

ထို့ပြင် သွေးမိစ္ဆာမျောက်ဝံနှင့် တုံမင်ရေခဲသားရဲ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ မည်သို့သော ပုဂ္ဂိုလ်က အသက်ရှင်နိုင်မည်နည်း။

“ အကိုကျန်းဟိုင်… ယုမင်ဓားဂိုဏ်းကို အကို့ဆီ ကျွန်တော်လွှဲပေးခဲ့မယ် ”

လျောင်ဖန်း၏ အသံက ပဲ့တင်ထပ်သွားသည်။

ဝမ်ကျန်းဟိုင်က အံ့ဩသွားသည်။ ထို့နောက် သူမြင်လိုက်ရသည်မှာ လျောင်ဖန်းက ဓားကိုင်လျက် ရွှေရောင်အလင်းလွှာထဲသို့ ပျံသန်းသွားသည်။

လျောင်ဖန်း၏ ခန္ဓာကိုယ်က အလင်းလွှာကို ဖြတ်ကျော်သွားသည့်အခါ ပေတစ်ရာရှည်လျားသော ဘီလူးတစ်ကောင်အဖြစ် ချက်ချင်း အသွင်ပြောင်းလဲသွားသည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားက ဟန်မူယဲ့ထက် အများကြီး ပိုအားကောင်းသည်။

သို့တိုင် ဤအခိုက်အတန့်မှာ သူ့ထံမှ အရှိန်အဝါက ဟန်မူယဲ့ကို မယှဉ်နိုင်ပေ။

ဟန်မူယဲ့က ဓားအလင်းများ၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိထားသည်။ ထိုသို့အချင်းအရာက သာမန်ဓားကျင့်ကြံသူများ စွမ်းဆောင်နိုင်သောအရာ မဟုတ်ပေ။

“ လျောင်ဖန်း… မင်းရူးသွားပြီလား… ”

ဝမ်ကျန်းဟိုင်က နေရာမှာ မတ်တတ်ရပ်နေစဉ် စိတ်ရှုပ်ထွေးမှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

လျောင်ဖန်းက ဝမ်ကျန်းဟိုင်၏ စကားကို ကြားသွားသည့်အလား အနောက်သို့ လှည့်ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာက ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။ သို့တိုင် စိတ်သက်သာရာရသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။

“ ဒီနေရာကို ကျုပ်မဝင်သွားဘူးဆိုရင် ကျုပ်ရဲ့ ယုမင်ဓားသိုင်းမှာ (၁၃)ကွက်မြောက်ဓားကွက်က ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး ”

လျောင်ဖန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။ ထွန်းလင်းတောက်ပသော ဓားအလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။

“ ဂျူနီယာညီလေးဟန်… လျောင်ဖန်းက မင်းနဲ့အတူ တိုက်ခိုက်ဖို့ ရောက်လာပြီ… ”

သူက စကားသံဆုံးသွားသည်နှင့် သူ၏ လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်သည်။ တောက်ပသော ဓားအလင်းက အရှေ့သို့ ပျံသန်းသွားသည်။

သူက တုံမင်ရေခဲသားရဲကို မတိုက်ခိုက်ပေ။ ယင်းအစား သူက ဓားဖျားကို အလျားလိုက် ဝှေ့ယမ်းလိုက်ပြီး သွေးမိစ္ဆာမျောက်ဝံများကို ပိုင်းဖြတ်လိုက်သည်။

“ အဲ့ဒီလူက ရူးသွားပြီ… သူက သေလမ်းရှာနေတာပဲ ”

သက်လတ်ပိုင်းအရွယ် အထောက်တော်က ရေရွတ်လိုက်သည်။

သွေးမိစ္ဆာမျောက်ဝံလေးကောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။ ၎င်းတို့က ချက်ချင်း လူစုခွဲလိုက်ကြပြီး လေထဲသို့ ခုန်လိုက်ကြသည်။ ၎င်းတို့က လျောင်ဖန်း၏ ဓားအလင်းကို ရှောင်တိမ်းလိုက်ကြပြီး လျောင်ဖန်းဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။

လျောင်ဖန်းက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူက ဓားကို ဝှေ့ယမ်းလိုက်ပြီး ဓားအလင်းကို ဖြန့်ထုတ်လိုက်လေရာ သူ၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေက တုန်ယင်သွားသည်။

“ ကောင်းတယ်… အတူယှဉ်တွဲ တိုက်ရအောင် ”

ဟန်မူယဲ့က ရယ်လိုက်သည်။ သူ၏ လက်ထဲမှ ဓားသွားပေါ်တွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

“ ဝှစ် ”

သူက ဓားကို အရှေ့သို့ ထိုးသွင်းလိုက်သည်။

သူ၏ ဓားထိုးချက်က လျောင်ဖန်း၏ ဓားကွက်များနှင့် ထပ်တူညီသည်။

သို့သော်လည်း လျောင်ဖန်းနှင့် နှိုင်းယှဉ်လျှင် ဟန်မူယဲ့၏ ဓားချက်က ပိုမြန်ဆန်ပြီး ပိုထည်ဝါသည်။

ဟန်မူယဲ့၏ ဓားဖျားက တုံမင်ရေခဲသားရဲ၏ နဖူးပေါ်သို့ ထိုးစိုက်သွားသည်။

ထိုဓားချက်က အလွန်မြန်ဆန်လေရာ တုံမင်ရေခဲသားရဲက ပြင်းထန်စွာ တုန်ယင်သွားသည်။ ၎င်း၏ ဘေးပတ်ဝန်းကျင်မှ ရေခဲအလွှာများသည်ပင် ထိုဓားချက်ကို မတားဆီးနိုင်ပေ။ ဓားထိပ်ဖျားပေါ်တွင် အဆုံးမဲ့သော လေနှင့်မိုးကြိုးက စုဝေးသွားသည်။

“ ဝီး ”

ဓားတစ်သောင်းနည်းစနစ်… ။

ဓားတစ်သောင်းတို့ အိမ်အပြန်… ။

ဓားတစ်လက်စီတိုင်းက တုံမင်ရေခဲသားရဲ၏ နဖူးတည့်တည့်ပေါ်သို့ ထိုးစိုက်သွားကြသည်။

တုံမင်ရေခဲသားရဲ၏ ဘေးပတ်ဝန်းကျင်မှ ရေခဲအလွှာများက မည်မျှအားကောင်းပါစေ ထိုဓားချက်ကို မတားဆီးနိုင်ပေ။

“ အဲ့ဒါ… အဲ့ဒါ ယုမင်ဓားသိုင်းရဲ့ ပထမဓားကွက်ပဲ ”

လျောင်ဖန်းက တုန်ယင်သွားပြီး သူ၏ လက်ထဲမှ ဓားရိုးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။

ဤအခိုက်အတန့်မှာ သူက သူ့ဘဝတစ်လျှောက်လုံး အပတ်တကုတ် ဆင်ခြင်နားလည်ခဲ့သော ဓားသိုင်းများအပေါ် ဉာဏ်အလင်းပွင့်သွားသည်။

ဒီတော့ ဓားကို အဲ့ဒီလို အသုံးပြုသင့်တာပေါ့… ။

“ သေစမ်း ”

တိုက်ပွဲစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ပေါ်လျှိုးလာသည်။

သူ၏ ဓားက ဓားတစ်သောင်းအဖြစ် အသွင်ပြောင်းလဲသွားသည်။

“ ဘန်း ”

ဟန်မူယဲ့၏ အရှေ့တွင် တုံမင်ရေခဲသားရဲ၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း လဲကျသွားသည်။

သူ့အနောက်တွင် လူတိုင်းက အံ့ဩသွားကြသည်။

အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။

All Chapters