အခန်း (၁၆၁၀)
Vol. 115 Ch. 1610
တုံမင်ရေခဲသားရဲသည် သေခြင်းရှင်ခြင်းအဆင့် သန္ဓေပြောင်းသားရဲများထဲတွင် အစွမ်းထက်သော ခုခံကာကွယ်မှုကြောင့် နာမည်ကျော်ကြားသည်။
သို့တိုင် ယခု ထိုတုံမင်ရေခဲသားရဲက ဓားတစ်ချက်ဖြင့် အသတ်ခံလိုက်ရသည်။
ပိုပြီးအံ့ဩစရာကောင်းသည့်အချက်မှာ ၎င်းကို သတ်ဖြတ်ခဲ့သည့်လူက အစောနကမှ ကိုယ်ပိုင်စကြာဝဠာကို ဖွဲ့စည်းခဲ့သူ ဖြစ်သည်။
စကြာဝဠာအဆင့် ကျင့်ကြံသူက သေခြင်းရှင်ခြင်းအဆင့် သန္ဓေပြောင်းသားရဲကို သတ်ပစ်လိုက်သည်လား။
ဟန်မူယဲ့၏ ဓားချက်က လူတိုင်းကို အံ့ဩသွားစေသည်။
အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။
အဆင့်ကွာခြားမှုက စွမ်းအားတစ်ခုတည်း မဟုတ်ပေ။ မူလစွမ်းအားအပေါ် ထိန်းချုပ်နိုင်မှုနှင့် မိုးမြေစွမ်းအားအပေါ် ဆင်ခြင်နားလည်မှုသည်လည်း ကျင့်ကြံခြင်းအဆင့်ပေါ်မူတည်၍ ကွဲပြားခြားနားပေသည်။
အကယ်၍ ကျင့်ကြံခြင်းစွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့်က အရေးမကြီးဘူးဆိုလျှင် မည်သို့ကြောင့် လူတိုင်းက ကျင့်ကြံနေတော့မည်နည်း။
စကြာဝဠာအဆင့်၊ ယင်ယန်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်… ။
ဟန်မူယဲ့က ယင်ယန်အဆင့်ကို ဖြတ်ကျော်ပြီး သေခြင်းရှင်ခြင်းအဆင့်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် သူက တိုက်ခိုက်နိုင်ရုံမျှသာ မဟုတ်ပေ။ သူက ခုခံကာကွယ်မှုတွင် နာမည်ကျော်ကြားသော တုံမင်ရေခဲသားရဲကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။
“ ဓားတာအိုအပေါ် သူ့ရဲ့ နားလည်သဘောပေါက်မှုက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ထက် အများကြီး ကျော်လွန်နေတယ် ”
မီးခိုးရောင်ဝတ်စုံဝတ် အထောက်တော်က ဟန်မူယဲ့၏ ပုံရိပ်ကို ကြည့်နေရင်း တီးတိုးရေရွတ်လိုက်သည်။
ယင်းက ထိုအခြေအနေအတွက် တစ်ခုတည်းသော ရှင်းပြချက်ဖြစ်သည်။
ဟန်မူယဲ့၏ ဓားတာအိုကျင့်ကြံခြင်းက သူ၏ ကျင့်ကြံခြင်းစွမ်းအားထက် အများကြီး ကျော်လွန်နေသည်။ ထို့ကြောင့် သူ၏ တိုက်ပွဲစွမ်းအားကို သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် မတိုင်းတာနိုင်ပေ။ ယင်းအစား သူ၏ တိုက်ပွဲစွမ်းအားက ဓားတာအိုကျင့်ကြံခြင်းပေါ်မှာသာ မူတည်သည်။
“ သူ့ရဲ့ ဓားတာအိုကျင့်ကြံခြင်းက… ”
တခြားအထောက်တော်က ခေါင်းညိတ်လိုက်ပြီး ထောက်ခံသည်။
“ အရမ်းသန်မာတယ် ”
ဟန်မူယဲ့က အတိအကျ မည်မျှသန်မာကြောင်း သူမပြောနိုင်ပေ။
သို့သော်လည်း သူသည်ပင် အစောနက ဓားချက်ကို မခုခံနိုင်ကြောင်း သိသည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် အထောက်တော်နှစ်ဦးသည်ပင် ထိုမျှထိတ်လန့်သွားခဲ့လေရာ တခြားလူများကိုတော့ ပြောနေစရာ မလိုပေ။
ဟန်မူယဲ့၏ တိုက်ပွဲစွမ်းအားက ပိုပြီးအားကောင်းလေ သူတို့၏ အသက်ရှင်နိုင်ခြေက ပိုပြီးမြင့်မားလေ ဖြစ်သည်။
“ ဘန်း ”
လျောင်ဖန်း ထုတ်လွှတ်လိုက်သော ဓားချက်က သွေးမိစ္ဆာမျောက်ဝံနှစ်ကောင်၏ လက်မောင်းဖြင့် တားဆီးခံလိုက်ရသည်။
တခြားသွေးမိစ္ဆာမျောက်ဝံတစ်ကောင်က အရှေ့သို့ ခုန်လိုက်ပြီး လျောင်ဖန်းထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
လျောင်ဖန်းက သူ၏ လက်ထဲမှ ဓားကို သူ၏ ရင်ဘက်အရှေ့မှာ အမြန်ထောင်လိုက်ပြီး သွေးမိစ္ဆာမျောက်ဝံ၏ လက်သီးထိုးချက်ကို ခုခံတားဆီးလိုက်သည်။
သို့တိုင် ပြင်းထန်လွန်းသော ခွန်အားကြောင့် လျောင်ဖန်းက အဝေးသို့ လွင့်စင်သွားသည်။
ကံကောင်းစွာဖြင့် သူက အစွမ်းကုန်သုံး၍ ခုခံခဲ့သောကြောင့် ဒဏ်ရာမရရှိသွားပေ။
သို့သော်လည်း လျောင်ဖန်းက လေထဲမှာ လွင့်မျောနေစဉ် သွေးမိစ္ဆာမျောက်ဝံလေးကောင်က သူ့ထံသို့ ခုန်အုပ်လိုက်ကြသည်။
“ ယုမင်ဓားသိုင်းရဲ့ တတိယမြောက်ဓားကွက်… လောကတစ်သောင်းအာရုဏ်ဦး ”
ဟန်မူယဲ့က အော်ပြောလိုက်သည်။
လျောင်ဖန်း၏ မျက်စိအရှေ့တွင် ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ ဓားက အပေါ်သို့ ပင့်မြှောက်သွားသည်။ ထို့နောက် တောက်ပသော ဓားအလင်းတစ်ခုက လေပေါ်သို့ ပျံတတ်သွားပြီး မရေမတွက်နိုင်သော ရောင်ခြည်တန်းများကို ထုတ်လွှတ်လိုက်သည်။
ရောင်ခြည်တန်းတစ်ခုစီက ကြယ်တစ်လုံးနှင့် ဆင်တူသည်။
ကြယ်တာရာစက်ဝန်းက ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုဓားကွက်က ခုခံကာကွယ်မှုကို အထူးပြုသည်။
ဓားအလင်းများက ကြယ်များသဖွယ် အံ့ဩဖွယ်ကောင်းသည်။
ယင်းက လျောင်ဖန်းကိုပင် ဆွံ့အသွားစေသည်။
သူသည်လည်း ယုမင်ဓားသိုင်းကို ကျင့်ကြံသည်။ သို့သော်လည်း သူ၏ ဓားကွက်များက ထိုမျှအတိုင်းအတာအထိ တစ်ခါမှ မရောက်ရှိခဲ့ပေ။
အရမ်း… အရမ်း သန်မာတယ်… ။
လျောင်ဖန်းက အမြန်လက်လှုပ်ရှားလိုက်ပြီး သူ၏ ဓားကို ထိုးသွင်းလိုက်သည်။
“ ထန် ”
အဆုံးမဲ့သော ကြယ်အလင်းရောင်က ရစ်ခွေသွားပြီး ကြယ်ပင်လယ်က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။
သန္ဓေပြောင်းသားရဲသုံးကောင်က ဓားအလင်းကြောင့် ရပ်တန့်သွားကြပြီး ၎င်းတို့၏ လှုပ်ရှားမှုများက နှေးကွေးသွားကြသည်။
ယင်းက လျောင်ဖန်းအတွက် အချိန်တစ်ခဏ ဆွဲပေးနိုင်ခဲ့သည်။
ထိုအခိုက်အတန့်မှာ ဟန်မူယဲ့က သူ့အရှေ့မှ မိုးမြေအပျက်အစီးထဲသို့ ခြေချလိုက်သည်။
ထိုနေရာက တုံမင်ရေခဲသားရဲ၏ မိုးမြေစကြာဝဠာဖြစ်သည်။
ထို့နောက် အပြာရောင်ပုတီးစေ့တစ်လုံးက ထွက်ပေါ်လာသည်။ သူ့အရှေ့တွင် ရေခဲဒြပ်စင်သန္ဓေပြောင်းသားရဲများက အစုလိုက်အပြုံလိုက် ချီတတ်လာနေကြသည်။
ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်သည်။ သူ၏ ဓားချက်တိုင်းက ရေခဲဒြပ်စင်သန္ဓေပြောင်းသားရဲအမြောက်အများကို သတ်ဖြတ်လိုက်သည်။ ထိုအခါ ပုတီးစေ့က အမြန်လှည့်ပတ်သွားပြီး ယင်း၏ အရွယ်အစားက ကြီးမားသွားသည်။ တစ်ချိန်တည်းမှာ ယင်းက ဘေးပတ်ဝန်းကျင်မှ စွမ်းအင်အားလုံးကို စုပ်ယူလိုက်သည်။
နောက်အခိုက်အတန့်မှာ ပြင်းထန်သော အအေးဓာတ်က ပုတီးစေ့ထဲမှ ထွက်ပေါ်လာသည်။
တခြားလူများက သူတို့၏ စကြာဝဠာထဲသို့ မူလစွမ်းအားတစ်မျိုးတည်းကိုသာ ထည့်သွင်းနိုင်ကြသည်။ သို့သော်လည်း ဟန်မူယဲ့ဆီမှာ စကြာဝဠာပုတီးစေ့များက စုစုပေါင်း (၃၆၀)လုံး ရှိသည်။
ထို့ကြောင့် သူက မူလစွမ်းအား(၃၆၀)မျိုးကို ထိန်းချုပ်နိုင်သည်။
“ ဘန်း ”
ရေခဲစကြာဝဠာနယ်မြေက ပျက်စီးသွားသည့်အခါ ရေခဲမူလစွမ်းအားက အပြာရောင်ပုတီးစေ့ထဲသို့ တိုးဝင်သွားသည်။ ထို့နောက် ဟန်မူယဲ့က အပြင်လောကမှာ ပြန်ထွက်ပေါ်လာသည်။ သူ၏ အရှေ့တွင် အပြာရောင်ပုတီးစေ့က ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်နှင့် စူးရှသော အလင်းကို ထုတ်လွှတ်နေသည်။
အဝေးတွင် တခြားတုံမင်ရေခဲသားရဲများက ဒေါသတကြီး မာန်ဖီလိုက်ကြပြီး ဟန်မူယဲ့ထံသို့ ချီတတ်လာကြသည်။
ဟန်မူယဲ့က ဘေးသို့ လှည့်လိုက်ပြီး သူ၏ ဓားကို ထိုးသွင်းလိုက်သည်။
“ ဓားသိုင်းက အသေဖြစ်ပြီး လူက အရှင်ဖြစ်တယ် ”
ထိုစကားကို ပြောလိုက်သည်နှင့် သူ၏ လက်ထဲမှ ဓားအလင်းက သူ၏ ခန္ဓာကိုယ်ကို အနောက်သို့ တွန်းထုတ်လိုက်သည်။
နောက်အခိုက်အတန့်မှာ ဓားအလင်းက သူ့အား အရှေ့သို့ သယ်ဆောင်သွားပြီး သွေးမိစ္ဆာမျောက်ဝံတစ်ကောင်ကို တားဆီးလိုက်သည်။
သွေးမိစ္ဆာမျောက်ဝံက ရပ်တန့်သွားပြီး လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။
ဟန်မူယဲ့၏ ကျန်းနှစ်ဆယ်ရှည်လျားသော ဘီလူးခန္ဓာကိုယ်က ရပ်တန့်သွားသည်။ သူက ဓားရှည်ကို စက်ဝိုင်းပုံသဏ္ဍာန် ဝှေ့ယမ်းလိုက်သည်။
“ ရွှတ် ”
ဓားက သွေးမိစ္ဆာမျောက်ဝံ၏ ရင်ဘက်ပေါ်သို့ ဦးတည်သွားသည်။ သို့သော်လည်း ဓားက သွေးမိစ္ဆာမျောက်ဝံ၏ ခန္ဓာကိုယ်ကို မထိုးဖောက်သွားဘဲ ဘေးသို့ ရုတ်တရက် ရွှေ့ပြောင်းသွားသည်။
ဓားသွားက တုန်ယင်သွားပြီး တခြားသွေးမိစ္ဆာမျောက်ဝံတစ်ကောင်၏ ကျောရိုးတစ်လျှောက်ကို လှီးဖြတ်သွားသည်။
ထိုသွေးမိစ္ဆာမျောက်ဝံက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ၎င်းက အနောက်လှည့်၍ ဟန်မူယဲ့ကို ဖမ်းဆုပ်ရန် ပြင်လိုက်သည်။ သို့သော်လည်း ဟန်မူယဲ့က ဓားကို အရှေ့သို့ ထိုးသွင်းလိုက်ပြီး ၎င်း၏ လက်ဖဝါးကို ထိုးဖောက်လိုက်သည်။
ဓားဖျားက သွေးမိစ္ဆာမျောက်ဝံ၏ လက်ဖဝါးကို ဖောက်ထွက်သွားသည်။
ဟန်မူယဲ့က ရိုးရှင်းသော ဓားချက်များကိုသာ ထုတ်လွှတ်နေသော်လည်း သွေးမိစ္ဆာမျောက်ဝံလေးကောင်က သူ၏ အရူးလုပ်ခြင်းခံနေကြရသည်။ တဖြည်းဖြည်း ၎င်းတို့၏ ဒဏ်ရာများက ပိုပြီးဆိုးဝါးလာသည်။
လျောင်ဖန်း၏ အမြင်တွင် ဟန်မူယဲ့က မည်သည့်ခွန်အားမှ အသုံးမပြုထားဟန် ရ၏။
သို့သော်လည်း ထိုသို့မဟုတ်ပေ။
“ အဲ့ဒါက ယုမင်ဓားသိုင်းရဲ့ ဒသမမြောက်ဓားကွက်… ပန်းခြွေလ ”
“ အဲ့ဒါက ယုမင်ဓားသိုင်းရဲ့ သတ္တမမြောက်ဓားကွက်… ခြေရာမဲ့ကောင်းကင် ”
“ အဲ့ဒါက… အဲ့ဒါက… ”
ဓားချက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ယင်းတို့အားလုံးက ယုမင်ဓားသိုင်းမှ ဓားကွက်များ ဖြစ်ကြသည်။
သို့သော်လည်း ဟန်မူယဲ့အတွက်တော့ သူ၏ ဓားကွက်တိုင်းက ခမ်းနားထည်ဝါပြီး သူ၏ ဓားချက်တိုင်းက အနှောင်အဖွဲ့မဲ့သည်။ တစ်ခါတစ်ရံမှာ သူက ဓားကွက်တစ်ခုကို တစ်ဝက်သာ ထုတ်ဖော်ပြီး အခြားဓားကွက်တစ်ခုကို ပြောင်းလဲထုတ်ဖော်လိမ့်မည်။ တစ်ခါတစ်ရံမှာ သူက ဓားကွက်တစ်ခုကို နှစ်ခါပြန်အသုံးပြုလိမ့်မည်။
ယင်းက သူ၏ ဓားသိုင်းကျွမ်းကျင်မှုကို ဖော်ပြနေသည်။
ထိုသို့ဓားစွမ်းရည်ကြောင့် သွေးမိစ္ဆာမျောက်ဝံ့လေးကောင်က ဟန်မူယဲ့၏ အရှေ့မှာ ရုပ်သေးရုပ်များ ဖြစ်လာကြသည်။
သူ၏ အနောက်တွင် ယုမင်ဓားဂိုဏ်းမှ တပည့်များက ဟန်မူယဲ့၏ တိုက်ပွဲကို ကြည့််နေရင်း စိတ်လှုပ်ရှားသွားကြသည်။ သူတို့အတွက်တော့ အံ့ဖွယ်ကောင်းသော ထိုဓားကွက်များက ပိုပြီးရိုးရှင်းပုံပေါ်သည်။
ဓားကွက်များကို သူတို့၏ အရိုးများထဲမှာ တံဆိပ်ရိုက်ခတ်ထားသည့်အလား ယင်းတို့ကို သူတို့ဆန္ဒရှိသည့်အတိုင်း အသုံးပြုနိုင်ကြသည်။
“ အခု ငါနားလည်သွားပြီ… ”
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တပည့်တစ်ယောက်က တီးတိုးရေရွတ်လိုက်ပြီး သူ၏ ဓားကို အရှေ့သို့ ထိုးသွင်းလိုက်သည်။
“ ဝီး ”
ထိုဓားထိုးချက်က မိုးမြေကို ဖုံးလွှမ်းသွားမည့် တောက်ပသော အလင်းတန်းတစ်ခုကို သယ်ဆောင်သွားသည်။
ထိုဓားထိုးချက်၏ စွမ်းအားက ယခင်က သူထုတ်လွှတ်ခဲ့ဖူးသော ဓားချက်အားလုံးထက် အများကြီး ပိုသန်မာသည်။ ယင်းက တစ်ခါမှ သူစိတ်ကူးမယဉ်ဖူးသော စွမ်းအားဖြစ်သည်။
“ မူလစွမ်းအား ပေါင်းစည်းခြင်း… မိုးမြေဆန္ဒ သဟဇာတဖြစ်ခြင်း… ငါ့ရဲ့ ဓားချက်က မိုးမြေရဲ့ ဓားချက်ပဲ ”
ထိုတပည့်က မျက်လုံးဝင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ပြေးထွက်သွားပြီး အလင်းလွှာကို ဖြတ်ကျော်သွားသည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ပေသုံးဆယ်အထိ ကြီးမားသွားသည်။
“ သေစမ်း ”
သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။ ယခု သူ၏ လက်ထဲမှ ဓားသိုင်းက လုံးဝ ပြောင်းလဲသွားပြီး ယခင်နှင့်မတူတော့ပေ။
သူ၏ သာမန်ဓားချက်များထဲမှာ မိုးမြေစွမ်းအားက ကိန်းအောင်းနေသည်။
“ ငါနားလည်ပြီ ”
အနီးနားတွင် တစ်စုံတစ်ယောက်က တိုးညင်းစွာ ရေရွတ်လိုက်သည်။ ထို့နောက် သူသည်လည်း အရှေ့သို့ ပြေးသွားသည်။
ထို့နောက် တခြားနေရာတွင် တစ်စုံတစ်ယောက်က ရုတ်တရက် အော်ရယ်လိုက်သည်။
ဟန်မူယဲ့၏ ဓားသိုင်းက တပည့်ဒါဇင်ခန့်ကို ဉာဏ်အလင်းပွင့်သွားစေသည်။ ထို့နောက် သူတို့က အတားအဆီးအလွှာ၏ အပြင်ဘက်သို့ ပြေးသွားကြသည်။
“ သေစမ်း… ဓားတာအိုက ဆင်ခြင်နားလည်ဖို့ အဲ့လောက်လွယ်တာလား ”
ဝမ်ကျန်းဟိုင်က အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူက ဟန်မူယဲ့အတွက် ကောင်းမွန်သော ဓားတာအိုအမွေအနှစ်များကို ရှာဖွေပေးခဲ့ပြီး ဟန်မူယဲ့က သူ့အတွက် ယင်းတို့ကို သရုပ်ဖော်ပြပေးခဲ့သည်။
အတိတ်မှာ သူက ယင်းတို့ကို လျောင်ဖန်းအား ရင်ဆိုင်ရန်သာ လေ့လာခဲ့သည်။
ထိုဓားကွက်များကို ပြီးပြည့်စုံစွာ တတ်ကျွမ်းသွားလျှင် ကိုယ့်ထက် အဆင့်ပိုမြင့်သော ရန်သူများကိုပင် သတ်ဖြတ်နိုင်ကြောင်း တစ်ခါမှ သူမစဉ်းစားဖူးပေ။
“ ဝီး ”
ဟန်မူယဲ့၏ ဓားက သွေးမိစ္ဆာမျောက်ဝံတစ်ကောင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ ထို့နောက် သူက အနောက်လှည့်မကြည့်ဘဲ အရှေ့သို့ ဆက်လျှောက်သွားသည်။
ထိုနေရာတွင် တုံမင်ရေခဲသားရဲနှစ်ကောင်က သူ့ထံသို့ တစ်ပြိုင်နက် ပြေးလာနေကြသည်။ ၎င်းတို့၏ ဧရာမခန္ဓာကိုယ်ပေါ်မှာ ရေခဲနှင့် နှင်းဖြင့် ပြည့်နှက်နေသည်။
ရေခဲပွင့်ချပ်တစ်ခုစီမှာ အံ့ဖွယ်ကောင်းသော စွမ်းအားက ကိန်းအောင်းနေသည်။
ထိုရေခဲပွင့်ချပ်ထဲမှ စွမ်းအားက မိုးမြေကို တုန်လှုပ်သွားစေရန် လုံလောက်၏။
မိုးကြိုးသွားကို သယ်ဆောင်ထားသော ဟန်မူယဲ့၏ ဓားအလင်းက ရေခဲပွင့်ချပ်များနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
သူ၏ ဓားချက်ထဲမှာ မည်သည့်ခွန်အားမှ မပါဝင်ဟန် ရ၏။
သို့တိုင် ရေခဲပွင့်ချပ်များက အက်ကွဲသွားကြသည်။
ဟန်မူယဲ့၏ ဓားအလင်းက ရေခဲအလွှာကို ဖောက်ထွင်းသွားပြီး တုံမင်ရေခဲသားရဲနှစ်ကောင်ထံသို့ ပျံသန်းသွားသည်။
ယင်းက ဓားတစ်ချက်ဖြစ်ဟန် ရ၏။ သို့သော်လည်း တခြားလူများ၏ အမြင်တွင် ထိုဓားအလင်းက အဆက်မပြတ် တုန်ယင်နေပြီး ထောင်သောင်းချီသော ဓားများအဖြစ် တိုးပွားသွားသည်။
တုံမင်ရေခဲသားရဲ၏ ခုခံကာကွယ်မှုက ဟန်မူယဲ့၏ ထောင်သောင်းချီသော ဓားအလင်းအောက်မှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားသည်။
“ ဘန်း ”
ဓားအလင်းက ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး တုံမင်ရေခဲသားရဲနှစ်ကောင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။ တုံမင်ရေခဲသားရဲနှစ်ကောင်က နေရာမှာတင် အေးခဲသွားကြသည်။
စကြာဝဠာနယ်မြေတစ်ခုက ထွက်ပေါ်လာသည်။
“ သူရူးသွားပြီ ”
အထောက်တော်နှစ်ဦးက နောက်တစ်ကြိမ် အံ့ဩသွားကြသည်။
ဟန်မူယဲ့က သူ့ကိုယ်ပိုင်စကြာဝဠာနယ်မြေကို အသုံးပြု၍ တုံမင်ရေခဲသားရဲနှစ်ကောင်ကို ချုပ်နှောင်လိုက်ကြောင်း သူတို့မြင်လိုက်ကြသည်။
ယင်ယန်ကို မဖွင့်လှစ်ရသေးသော ကျင့်ကြံသူတစ်ယောက်က သေခြင်းရှင်ခြင်းအဆင့် သန္ဓေပြောင်းသားရဲနှစ်ကောင်ကို သူ့ကိုယ်ပိုင်စကြာဝဠာနယ်မြေထဲသို့ ထည့်သွင်းဝံ့သည်လော။
သူ့ရဲ့ စကြာဝဠာနယ်မြေ ပျက်စီးသွားမှာကို မစိုးရိမ်ဘူးလား… ။
ဟန်မူယဲ့က ဓားကိုင်ထားလျက် နေရာမှာ မတ်တတ်ရပ်နေပြီး သူ့အရှေ့မှ စကြာဝဠာကို စိုက်ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ စကြာဝဠာနယ်မြေက အပြင်းအထန် တုန်ယင်နေပြီး အက်ကွဲသွားတော့မည့် လက္ခဏာကို ဖော်ပြလာသည်။
“ အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား ”
ဟန်မူယဲ့က ပေါ့ပါးစွာ စကားပြောလိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က စကြာဝဠာထဲမှာ ထွက်ပေါ်လာသည်။
သူက လက်ထဲမှ ဓားဖြင့် အောက်သို့ ဖိချလိုက်သည်။
ဤအခိုက်အတန့်မှာ စကြာဝဠာနယ်မြေထဲတွင် မိုးမြေက တုန်ယင်သွားပြီး ယင်ယန်က ကွဲထွက်သွားသည်။
ဓားတစ်ချက်ဖြင့် ယင်ယန်က ဖွင့်လှစ်သွားသည်။