အခန်း (၁၅၉၈)
Vol. 115 Ch. 1598
ဝိညာဉ်အလင်းများ ယှက်ထွေသွားသည့်အခါ မဟာတာအိုစွမ်းအားက ပေါ်လျှိုးလာသည်။ မူလစွမ်းအားက ထူးဆန်းသော ပုံရိပ်များအဖြစ် အသွင်ပြောင်းလဲသွားသည်။
အန္တိမတာအိုအဆင့်… ။
ယင်းက တာအိုအဆင့်၏ အထွတ်အထိပ် ဖြစ်သည်။ ယင်းက ကိုယ်ပိုင်မူလလေဟာနယ်ကို ပိုင်ဆိုင်ရန် ခြေတစ်လှမ်းသာ လိုအပ်တော့သော အဆင့်ဖြစ်သည်။
အချင်းမိုင်တစ်သိန်းဧရိယာထဲမှာ ထိုသို့ကျွမ်းကျင်ပညာရှင်များကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်သည်။
ကောင်းကင်အသင်္ချေတောင်ထွတ်ပေါ်တွင် ရှုကျိချူးနှင့် ရှုဖုန်းယန်၏ တည်ရှိမှုကို အပြင်လူများက မသိထားကြချေ။ ထို့ကြောင့် သူတို့က ယခုရောက်ရှိလာသော အန္တိမတာအိုအဆင့် ကျင့်ကြံသူကို အသန်မာဆုံးဟု ထင်မှတ်နေကြသည်။
“ အန္တိမတာအိုအဆင့် ကျင့်ကြံသူ ရောက်လာတယ်… သူက ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီကနေ ဓားဝယ်ဖို့ ရောက်လာတာလား… ဒါမှမဟုတ် တခြားကိစ္စလား ”
တစ်စုံတစ်ယောက်က ခေါင်းမော့လိုက်လေရာ ထွန်းလင်းတောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဓားဝယ်ဖို့လား ဒါမှမဟုတ် လုယက်ဖို့လား… ။
“ အဲ့ဒါ ယွင်ထျန်းတာအိုဂိတ်က လူပဲ ”
အလန့်တကြား အော်သံက ထွက်ပေါ်လာသည်။
ယွင်ထျန်းတာအိုဂိတ်သည် ဤအချင်းမိုင်တစ်သိန်းဧရိယာထဲမှာ အရှင်သခင်ကဲ့သို့ တည်ရှိမှုဖြစ်သည်။
ဤအချင်းမိုင်တစ်သိန်းဧရိယာထဲမှ ဂိုဏ်းငယ်၊ ဂိုဏ်းကြီး အင်အားစုအားလုံးသည် ယွင်ထျန်းတာအိုဂိတ်၏ လက်အောက်မှာ တည်ရှိကြသည်။ ထို့ကြောင့် ယွင်ထျန်းတာအိုဂိတ်မှ တပည့်များသည် မည်သည့်နေရာသို့ သွားရောက်ပါစေ မောက်မာထောင်လွှားကြသည်။
“ ဒေါင် ”
“ ဒေါင် ”
ခေါင်းလောင်းမြည်သံ ပဲ့တင်ထပ်သွားသည့်အခါ ကောင်းကင်ယံမှာ ပျံသန်းနေသော ဓားအလင်းက ရုတ်ချည်း ရပ်တန့်သွားသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးအရှေ့မှာ စုဝေးနေကြသော အစွမ်းထက်ပုဂ္ဂိုလ်အားလုံးက ခေါင်းမော့လိုက်ကြပြီး ကောင်းကင်ယံပေါ်မှ ဓားအလင်းတန်းကို ကြည့်လိုက်ကြသည်။
“ ယွင်ထျန်းတာအိုဂိတ်ရဲ့ အကြီးအကဲဖုန်းလန်ရှန်း ရောက်လာပြီ… ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က နှုတ်ဆက်ဖို့ ဘာလို့ မထွက်လာတာလဲ ”
လေထဲမှာ မတ်တတ်ရပ်နေသော ပုံရိပ်က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးကို ကြည့်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
အသံလှိုင်းက မိုင်ထောင်ပေါင်းများစွာ အဝေးသို့ ပျံ့လွင့်သွားပြီး ဘေးပတ်ဝန်းကျင်မှ မိုးမြေကို တုန်ယင်သွားစေသည်။
တောက်ပသော ရောင်စဉ်တန်းများက ပြန့်ကျဲသွားသည်။ ထို့နောက် ရောင်စဉ်တန်းများကြားထဲတွင် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က ဓားမော့တစ်လက်ကို ကိုင်ဆောင်ထားလျက် ထွက်ပေါ်လာသည်။
သူက အသက်လေးဆယ်ခန့်ရှိသော လူရွယ်တစ်ယောက်ဖြစ်ပြီး သတ်ဖြတ်ခြင်းအရှိန်အဝါက သူ၏ မျက်လုံးထဲမှ ထွက်ပေါ်နေသည်။ အနီရောင်မြူခိုးက သူ၏ ဘေးပတ်ဝန်းကျင်မှာ လွင့်မျောနေသည်။
ရှင်းလင်းစွာပင် ထိုလူက သတ်ဖြတ်ခြင်း၌ ကျွမ်းကျင်သော ပညာရှင်တစ်ယောက် ဖြစ်သည်။
အန္တိမတာအိုအဆင့် ပညာရှင်ကျင့်ကြံသူတစ်ဦး ရောက်ရှိလာခြင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်းအပေါ် မျက်နှာသာပေးခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ထွက်ကြိုဆိုခြင်းက ယုတ္တိမရှိသောအရာ မဟုတ်ပေ။
သို့တိုင် ယခုအချိန်ထိပင် ဂိတ်တံခါးနားမှာ ဟန်မူယဲ့၏ အရိပ်အယောင်ကို မည်သူမှ မမြင်ကြချေ။
ကောင်းကင်အသင်္ချေဓားဂိုဏ်းက ယွင်ထျန်းတာအိုဂိတ်မှ သံတမန်ကို မကြိုဆိုဘူးလော။
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့က ယွင်ထျန်းတာအိုဂိတ်က သံတမန်ကို ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှာ စောင့်နေပါတယ် ”
ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာသည်။
ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှာ စောင့်နေတာလား… ။
တခမ်းတနား ထွက်မကြိုဆိုဘူးလား… ။
ထိုစကားကို ကြားသောအခါ ဖုန်းလန်ရှန်း၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းအရှိန်အဝါက ပရမ်းပတာလှုပ်ခါသွားသည်။
သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က မြန်ဆန်စွာ ရွေ့လျားသွားသည်။ သူက ကျယ်လောင်သော မြည်သံနှင့်အတူ ကောင်းကင်အသင်္ချေတောင်ထွတ်ပေါ်သို့ တစ်ဟုန်ထိုး ပြေးတတ်သွားသည်။
ဂိတ်တံခါး၏ အပြင်ဘက်တွင် ကျွမ်းကျင်ပညာရှင်များက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှာ စိတ်ခံစားချက်အမျိုးမျိုး ထွက်ပေါ်နေသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းက ယွင်ထျန်းတာအိုဂိတ်ကို ဆန့်ကျင်ရန် ကြံစည်နေသည်လော။
“ ဒီတစ်ခေါက် ကောင်းကင်ဘုံစစ်ပွဲနဲ့ပတ်သက်ပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်းအပေါ် ယွင်ထျန်းတာအိုဂိတ်ရဲ့ တောင်းဆိုမှုက အရမ်းပြင်းထန်တယ်လို့ ငါကြားတယ် ”
“ တောင်းဆိုမှုက ဘယ်လောက်ပြင်းထန်လဲဆိုတာ မေးနေစရာတောင် မလိုဘူး… ဓားပျိုးထောင်ခြင်းတဲအိမ်ထဲက ဓားတွေကို ထုတ်ရောင်းနေရတာကိုပဲ ကြည့်လေ ”
ထိုသို့အခြေအနေမျိုးမှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ မည်သူမှ ယွင်ထျန်းတာအိုဂိတ်မှ လူများကို ဝမ်းပန်းတသာ မကြိုဆိုချင်ကြချေ။
သို့သော်လည်း အကယ်၍ သူတို့က ထိုအတွက်ဖြင့် ယွင်ထျန်းတာအိုဂိတ်မှ လူများကို ဆန့်ကျင်လိုက်မည်ဆိုလျှင် ကောင်းကင်ဘုံစစ်ပွဲမှ အသက်ရှင်လျက် ပြန်လာနိုင်မည်လော။
ဆွေးနွေးသံများက ဂိတ်တံခါး၏ အပြင်ဘက်မှာ စတင်ထွက်ပေါ်လာသည်။
ဖုန်းလန်ရှန်းက အံ့ဖွယ်ကောင်းသော အလျင်ဖြင့် မြန်ဆန်စွာ ပြေးသွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက ဓားပျိုးထောင်ခြင်းတဲအိမ်၏ တည်နေရာဆီသို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် ကောက်ရိုးတဲအိမ်များက စီတန်းရှိနေကြသည်။ တဲအိမ်များ၏ အနောက်ဘက်တွင် အစိမ်းရောင်ကျောက်တုံးများဖြင့် ခင်းကျင်းထားသော မြေကွက်လပ်တစ်ခုနှင့် ကျောက်တုံးလှေကားများရှိသည်။
“ အရှေ့ကို ဆက်သွားရင် ကျုပ်တို့ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဓားပျိုးထောင်ခြင်းတဲအိမ်ဆီ ခင်ဗျားရောက်သွား… ”
အော်သံထွက်ပေါ်လာသည်နှင့် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တပည့်ဝတ်စုံကို ဝတ်ဆင်ထားကြသော လူငယ်သုံးယောက်က အရှေ့ထွက်လာကြသည်။
သို့သော်လည်း စကားမဆုံးခင်မှာ ဖုန်းလန်ရှန်းက အရှေ့သို့ ပြေးသွားသည်။ သူ့ထံမှ သတ်ဖြတ်ခြင်းအရှိန်အဝါက လူငယ်သုံးယောက်ကို ရိုက်ခတ်သွားသည်။
ကျောက်တုံးမြေကွက်လပ်၏ အရှေ့မှာ ရပ်နေသော စုကြွယ်ရှန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။
“ ချွင် ”
ဓားဆွဲထုတ်သော မြည်သံက ရှင်းလင်းပီသစွာ ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်ယောင်ဓားအလင်းတစ်ခုက ဖုန်းလန်ရှန်း၏ ဘေးမှာ ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းအရှိန်အဝါနှင့် တွေ့ဆုံသွားသည်။
သတ်ဖြတ်ခြင်းအရှိန်အဝါက အကာအကွယ်အလွှာအဖြစ် သိပ်သည်းသွားသော်လည်း ယင်းပေါ်မှာ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
ဖုန်းလန်ရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ခြေလှမ်းက ရပ်တန့်သွားသည်။ အံ့ဩသော အရိပ်အမြွက်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
စုကြွယ်ရှန့်က လေထဲမှာ ပြန်ပေါ်လာပြီး ဖုန်းလန်ရှန်းကို အာရုံစိုက်လိုက်သည်။ သူက ဓားကို အရှေ့သို့ ချိန်ရွယ်လိုက်သည်။
ဖုန်းလန်ရှန်းက သူ၏ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က အရှေ့မှ ကျောက်တုံးလှေကားပေါ်မှာ မတ်တတ်ရပ်နေသော ဟန်မူယဲ့ထံသို့ ကျရောက်သွားသည်။
“ မင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဟန်မူယဲ့မလား ”
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဓားပျိုးထောင်ခြင်းတဲအိမ်ထဲက ဓားတွေကို ရောင်းချပြီး မဟာပန်သွန်ကျောက်တုံးတွေကို စုဆောင်းနေတယ်လို့ ငါကြားတယ် ”
ဖုန်းလန်ရှန်းက ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်သည့်အခါ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ကျောက်စိမ်းပေလွှာက လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်သွားပြီး ဟန်မူယဲ့ထံသို့ ပျံသန်းသွားသည်။
“ ထျန်မင်ဂိုဏ်းနဲ့ သံမဏိဂိုဏ်းက သူတို့ရဲ့ စိတ်ရင်းစေတနာကို ဖော်ပြပြီးသွားကြပြီ… ကောင်းကင်ဘုံစစ်ပွဲအတွင်းမှာ ယွင်ထျန်းတာအိုဂိတ်က သူတို့ကို ကာကွယ်ပေးလိမ့်မယ် ”
“ မင်းရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းကရော အသင့်ဖြစ်ပြီလား ”
ဖုန်းလန်ရှန်း၏ အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားပြီး တောင်တန်းတစ်လျှောက် ပျံ့လွင့်သွားသည်။
ဂိတ်တံခါးအပြင်ဘက်မှ တာအိုအဆင့်ကျင့်ကြံသူများသည်ပင် သူ့စကားသံကို ကြားနိုင်ကြသည်။
ထျန်မင်ဂိုဏ်းနှင့် သံမဏိဂိုဏ်းသည် ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် ယှဉ်ပြိုင်နိုင်သော အစွမ်းထက်ဂိုဏ်းများဖြစ်ကြပြီး ယခု ယွင်ထျန်းတာအိုဂိတ်ကို ကျောထောက်နောက်ခံအဖြစ် ရရှိထားကြသည်။ သို့ဖြစ်၍ ကောင်းကင်ဘုံစစ်ပွဲအတွင်းနှင့် စစ်ပွဲပြီးနောက်တွင် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အခြေအနေက ပိုပြီးဆိုးဝါးသွားနိုင်သည်။
ထို့ကြောင့် ကောင်းကင်အသင်္ချေဓားဂိုဏ်းက ယွင်ထျန်းတာအိုဂိတ်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံရန် လာဘ်ထိုးမည်လော မည်သူသိနိုင်မည်နည်း။
“ စိတ်ချစမ်းပါ… ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့က ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကိုတောင် ရောင်းရဲတဲ့ လူပဲ… ဒီတစ်ကြိမ် သူက ယွင်ထျန်းတာအိုဂိတ်ဆီ ရတနာအလုံအလောက် ပေးလိမ့်မယ် ”
ဂိတ်တံခါးအပြင်ဘက်မှ တစ်စုံတစ်ယောက်က ပေါ့ပါးစွာ ရယ်လိုက်သည်။
ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားများကို ထုတ်ရောင်းဝံ့သောလူက မည်သို့ကြောင့် ရတနာများကို တွန့်တိုနေမည်နည်း။
“ အဲ့ဒါ မှန်တယ်… ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့က ဒီလောက်ရက်ရောတာ… ဓားပျိုးထောင်ခြင်းတဲအိမ်တစ်ဝက်ကို မျက်တောင်တစ်ချက်မခတ်ဘဲ ပေးပစ်လိုက်မယ်ဆိုရင်တောင် ငါအံ့ဩမှာ မဟုတ်ဘူး ”
လူအများအပြားက စိတ်ဝင်စားသွားကြပြီး တောင်ပေါ်သို့ စိတ်အားထက်သန်စွာ လှမ်းကြည့်လိုက်ကြသည်။ ကောင်းကင်အသင်္ချေဓားဂိုဏ်းက မည်သည့်တန်ကြေးကို ပေးမည်လော သူတို့သိချင်ကြသည်။
ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကို ဖမ်းယူလိုက်သည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ တာအိုလက်နက်သုံးဆယ်… မဟာပန်သွန်ကျောက်တုံးတစ်သောင်း… ဓားအမွေအနှစ်အားလုံးရဲ့ မိတ္တူတစ်စုံ ”
“ ယွင်ထျန်းတာအိုဂိတ်ရဲ့ တောင်းဆိုမှုက မများလွန်းဘူးလား… ”
ဓားပျိုးထောင်ခြင်းတဲအိမ်ထဲတွင် တာအိုအဆင့်ဓားများက တစ်ရာခန့် ရှိသည်။
ယင်းတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အမွေအနှစ်ဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာကြာ စုဆောင်းထားခဲ့သောအရာ ဖြစ်သည်။
ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားအများစုသည် မပြည့်စုံသောအရာများ သို့မဟုတ် အရည်အသွေးမကောင်းမွန်သောအရာများ ဖြစ်ကြသည်။ ယခင်စီနီယာများက သူတို့၏ ဓားအရိုးများဖြင့် ပျိုးထောင်ပေးခဲ့သောကြောင့်သာ ထိုဓားများက တာအိုလက်နက်များအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့ကြခြင်း ဖြစ်သည်။
တာအိုလက်နက်သုံးဆယ်ကို တောင်းဆိုခြင်းသည် ဓားပျိုးထောင်ခြင်းတဲအိမ်ကို ဗလာကျင်းသွားစေရန် ရည်ရွယ်သည်။
မဟာပန်သွန်ကျောက်တုံးတစ်သောင်းသည်တော့ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အရင်းအမြစ်ကို ထိခိုက်စေလိမ့်မည်။
“ ဂိုဏ်းခေါင်းဆောင်ဟန်… မင်းလက်ထဲက ကျောက်စိမ်းပေလွှာက ယွင်ထျန်းတာအိုဂိတ်ရဲ့ ပဏာမတောင်းဆိုမှုပဲ ရှိပါသေးတယ် ”
ဖုန်းလန်ရှန်း၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
သူက လက်ထဲမှ ရွှေရောင်ပေလွှာနောက်တစ်ခုကို ဖြန့်လိုက်ပြီး ပြောသည်။
“ သခင်လေးယန်က အမိန့်ပေးလိုက်တယ်… ကောင်းကင်အသင်္ချေဓားဂိုဏ်းက တာအိုလက်နက်ဆယ့်ငါးခု၊ မဟာပန်သွန်ကျောက်တုံးတစ်သောင်း၊ ကျင့်ကြံခြင်းဆေးလုံးငါးဆယ်နဲ့ ဓားတာအိုအမွေအနှစ် မိတ္တူဆယ်စုံကို ပေးရမယ် ”
ဖုန်းလန်ရှန်းက ပေလွှာကို ပြန်လိပ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ဂိုဏ်းရဲ့ တောင်းဆိုမှုက သက်သက် သခင်လေးယန်ရဲ့ တောင်းဆိုမှုက သက်သက်… အဲ့နှစ်ခုက မတူဘူး… ဒီတစ်ခေါက် ကောင်းကင်ဘုံစစ်ပွဲမှာ သခင်လေးယန်ကိုယ်တိုင် ဦးဆောင်လိမ့်မယ်… သခင်လေးယန်ရဲ့ တောင်းဆိုမှုက အရေးကြီးတယ်… တစ်ခုမှ လစ်ဟင်းလို့မရဘူး ”
ထိုသို့ပြောပြီးနောက် ဖုန်းလန်ရှန်းက ခပ်ရေးရေး ပြုံးလိုက်သည်။
“ ပြီးတော့… ကျုပ်ဖုန်းလန်ရှန်း ဒီခရီးကို လာရတာ မလွယ်ကူပါဘူး… ဂိုဏ်းခေါင်းဆောင်ဟန်က ကျုပ်အတွက် နစ်နာကြေးတချို့ ပေးမယ်လို့ ကျုပ်မျှော်လင့်ပါတယ် ”
သူ့စကားဆုံးသွားသည်နှင့် သတ်ဖြတ်ခြင်းအရှိန်အဝါက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။
ဓားပျိုးထောင်ခြင်းတဲအိမ်၏ အရှေ့တွင် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များက တစ်ယောက်ကိုတစ်ယောက် ဒေါသတကြီး ကြည့်လိုက်ကြသည်။
သို့တိုင် ရန်သူက အန္တိမတာအိုအဆင့် အစွမ်းထက်ပညာရှင်တစ်ဦးဖြစ်လေရာ မည်သူမှ ဓားမဆွဲထုတ်ဝံ့ကြချေ။
တပည့်တချို့က မျက်မှောင်ကြုတ်လိုက်ကြသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါက သူတို့ထံမှ ထွက်ပေါ်လာသည့်အခါ သူတို့က ဟန်မူယဲ့၏ အရှေ့မှာ ရပ်နေသော ရှုဖုန်းယန်ကို လှည့်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က အရှိန်အဝါကို ပြန်ဖိနှိပ်လိုက်ကြသည်။
ရှုဖုန်းယန်နှင့် ရှုကျိချူးက နှုတ်ဆိတ်နေကြလေရာ မည်သို့ကြောင့် သူတို့က သတ္တိရှိကြောင်း ပြရမည်နည်း။
“ သခင်လေးယန်… ယွင်ထျန်းတာအိုဂိတ်က ဟဲချန်းယန်လား… သူက ဒီတစ်ခေါက်အဖွဲ့ကို ဦးဆောင်မှာလား ”
ဟန်မူယဲ့က ဖုန်းလန်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ လက်ထဲမှ ကျောက်စိမ်းပေလွှာကို လှုပ်လိုက်သည်။ သူ့လက်ထဲမှ ပေလွှာက ချက်ချင်း မီးလောင်ကျွမ်းသွားသည်။
“ တကယ်လို့ ယွင်ထျန်းတာအိုဂိတ်က ဓားလိုချင်တယ်ဆိုရင် မဟာပန်သွန်ကျောက်တုံးတွေနဲ့ လဲလှယ်ပါ ”
“ တကယ်လို့ သူတို့က တခြားလူတွေလို အမွေအနှစ်လိုချင်တာဆိုရင် ကောင်းကင်အသင်္ချေဓားဂိုဏ်းအတွက် အကျိုးရှိစေမယ့် တစ်စုံတစ်ရာနဲ့ လဲလှယ်ပါ ”
“ တခြားကိစ္စကိုတော့ မေ့လိုက်ပါ ”
မေ့လိုက်ပါ… ။
ဖုန်းလန်ရှန်း၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းအရှိန်အဝါ ထွက်ပေါ်လာသည်။ ရက်စက်ကြမ်းကြုတ်သော ဧရာမပုံရိပ်တစ်ခုက သူ၏ ဘေးမှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။
အဝေး၌ တင်ပျဉ်ခွေလျက် တရားထိုင်နေသော သက်လတ်ပိုင်းအမျိုးသားက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူက လက်ဖဝါးနှစ်ဖက်ကို သူ၏ ဒူးနှစ်ချောင်းကြားမှ ဓားရှည်ပေါ်သို့ ဖိလိုက်ပြီး ဓားရိုးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။
ထိုလူ၏ နာမည်က ရှုကျိချူးဖြစ်သည်။
သူက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အပြင်ဘက်မှာ စုကြွယ်ရှန့်ကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သူ ဖြစ်သည်။