မိုးပြာနဂါး အင်ပါယာ၏ အကြံအစည်
Vol. 1 Ch. 219
ကောင်းကင် ကျောက်တုံးငါးခု ... ရှေးဟောင်း နတ်ဘုရားလက်စွပ် တစ်ကွင်း ... မိုးပြာနဂါး အင်ပါယာမှာ ရတနာတွေ သိမ်းထားစရာ အခန်း မရှိတော့လို့လား ...
ကျန်းရီသည် အတွေးပေါင်းစုံနှင့် လျှောက်လှမ်း သွားလိုက်ပြီး ခုနစ်ပေခန့် ရှည်လျားသော ဓားသေတ္တာကို ကြည့်လိုက်သည်။ သူသည် မီးနဂါးဓားနှင့် နီးကပ် လာလေလေ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ခက်ခဲလာလေလေ ဖြစ်သည်။ မီးဝိညာဉ် ပုလဲသည်ပင် စိတ်လှုပ်ရှား နေသည့်အလား တောက်ပ လာလေသည်။
ဘာလား ... ဒီမီးနဂါးဓားနဲ့ မီးဝိညာဉ်ပုလဲက တကယ်ကြီး ဆက်စပ် နေတာလား ...
ကျန်းရီစိတ်ထဲမှ ရေရွတ်လိုက်သည်။ သူသည် သေတ္တာကိုဖွင့်၍ ဓားကို အလွန်အမင်း ကြည့်ချင် နေသော်လည်း လူအများကြီး ရှိနေရာ မဖွင့်ရဲပါချေ။ ထို့ကြောင့် မီးဝိညာဉ်ပုလဲကို ထုတ်၍ အကုန်လုံးကို အထဲတွင် သိမ်းဆည်းလိုက်သည်။ ပြန်ရောက်မှသာ သူသေချာ စစ်ဆေးတော့မည်။
"သခင်လေးကျန်း ... ဒီသူတော်စင် အဆင့် လက်နက်က နည်းနည်း ထိခိုက်ထားလို့ သူတော်စင်အဆင့် လက်နက်ရဲ့ အစစ်အမှန် စွမ်းအား မရှိပါဘူး၊ ဒါပေမဲ့လို့ ကောင်းကင်အဆင့် လက်နက်တွေ ထက်တော့ သာလွန်နေပါ သေးတယ်၊ ဒါကြောင့် ဧကရာဇ်က ရှေးဟောင်း နတ်ဘုရား လက်စွပ်နဲ့ ကောင်းကင်ကျောက်တုံး ငါးခုကို တောင်းပန်တဲ့ အနေနဲ့ ထပ်ထည့်ပေး ထားတာပါ။ ကောင်းကင် ကျောက်တုံးတွေကို အသုံးပြုဖို့ နည်းလမ်းကတော့ ရှင်နည်းနည်း စုံစမ်းလိုက်ရင် သိသွား ပါလိမ့်မယ်"
ကျန်းရီသည် လက်နှစ်ဖက်ကို ဆန့်၍ ဦးညွှတ် လိုက်သောအခါ မင်းသမီး လင်းရွှယ်သည် ရှေ့သို့ ခြေနှစ်လှမ်းတိုး၍ ကျန်းရီကို ထူပေးလိုက်သည်။ တစ်ပြိုင်နက်လည်း တီးတိုး ပြောလာခဲ့သည်။
"ဒီကောင်းကင် ကျောက်တုံး ငါးခုကို သုံးပြီး သွားတာနဲ့ သခင်လေးကျန်းက စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်ကို မြန်မြန်ရောက် သွားလိမ့်မယ်"
"ဒါက ဧကရာဇ်ရဲ့ သဘောထားကို ပြသတဲ့ သဘောပါ၊ သခင်လေးကျန်း နေ့လယ်က လင်းရွှယ်ပြောခဲ့တဲ့ ကိစ္စကို အလေးထား စဉ်းစားမယ်လို့ မျှော်လင့်ပါတယ် ... ရှင်က အင်ပါယာ အတွက် အမှုထမ်းပေးမယ် ဆိုရင် အကန့်အသတ် မရှိတဲ့ ကောင်းကင် ကျောက်တုံးတွေနဲ့ သူတော်စင် အဆင့် ရတနာ အစစ်တွေ ရှိနေပါသေးတယ်။ ပြီးတော့ သခင်လေးကျန်းက လက်တွဲဖော်ကောင်း ဖြစ်တာကြောင့် လင်းရွှယ် ကိုယ်တိုင်လည်း ရှင့်ကို သေချာ စဉ်းစားစေချင်တယ်"
မင်းသမီးလင်းရွှယ်၏ ကျောက်စိမ်းသွယ် လက်များသည် ကျန်းရီ၏ လက်ဝါးပေါ်မှ ဖယ်ခွာ သွားခဲ့သည်။ ကျောက်စိမ်းကဲ့သို့ ပြစ်မျိုးမှဲ့မထင်သော အသားအရေ၊ ညှို့ငင် နိုင်စွမ်းသော အပြုံး၊ မွှေးရနံ့ဖျော့ဖျော့ လွှမ်းသည့် နူးညံ့လှသော ပုံရိပ်၊ ကျန်းရီ၏ နားထဲတွင် ကြောင်ကလေး တစ်ကောင်၏ အသံအလား ပဲ့တင်ထပ် သွားသော ပျော့ပျောင်းလှသည့် အသံလေး စသည့် အရာများသည် ကျန်းရီအား တစ်ခဏ မှင်တက် သွားစေလေသည်။
ထိုမိန်းမသည် ယောက်ျား တစ်ယောက်ကို မည်သို့ ဆွဲဆောင်ရမည်ကို ကောင်းကောင်း သိလေသည်။ သူမ၏ အဆင့်အတန်း အပြုအမူတို့သည် အမျိုးသားတိုင်း၏ စိတ်နှလုံးအား ကိုင်လှုပ်နိုင်စွမ်း ရှိနေလေသည်။
"ကျွန်တော် သေချာ စဉ်းစားပါ့မယ်"
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ပြန်မတ်မတ် ရပ်၍ သူ့နေရာသို့ သူပြန်သွား လိုက်သည်။ စိတ်ထဲမှလည်း ဧကရာဇ်၏ ဗျူဟာများကို တိတ်တဆိတ် ချီးကျူး လိုက်လေသည်။
ထိခိုက်ထားတဲ့ သူတော်စင်အဆင့် လက်နက် ... သူ့အား သူတော်စင်အဆင့် လက်နက် တစ်ခု၏ အစွမ်းကို မြည်းစမ်းခိုင်း၍ အပြစ်အနာဆာ ကင်းသော သူတော်စင်အဆင့် လက်နက် တစ်ခုကို သူလိုချင် လာအောင် လုပ်နေခြင်း မဟုတ်ပါလော ...
ကောင်းကင် ကျောက်တုံးသည် ကျင့်ကြံခြင်းတွင် အသုံးပြုနိုင်သည်။ သူထိုကဲ့သို့သော ပစ္စည်းမျိုးကို မကြားဖူးခဲ့ပေ။ အင်ပါယာ မိသားစုတွင်သာ ထိုကဲ့သို့သော ပစ္စည်းများ ရှိပုံပေါ်သည်။ မိုးပြာနဂါး အင်ပါယာသည် ကျန်းရီကို ပစ္စည်းကောင်းများ၏ အရသာကို ခံစားခိုင်း၍ သူပိုလိုချင် လာလျှင် ရွေးချယ်စရာ မရှိဘဲ အင်ပါယာ၏ လက်အောက်သို့ ခိုဝင်ရပေမည်။
အရေးကြီးဆုံး ကဏ္ဍ ပြီးခဲ့ပြီဖြစ်ရာ စားသောက်ပွဲ အခမ်းအနားလည်း ပြီးဆုံးခဲ့လေပြီ။
မင်းသမီး လင်းရွှယ်သည် ဆွဲဆောင်မှု ရှိလာသော နောက်ကျောကို ချန်ရစ်၍ အရင်ဆုံး ထွက်သွားခဲ့သည်။ ထို့နောက် ကျန်းရီနှင့် ကျန်လူများ ထွက်ခွာ ကြလေသည်။ သူတို့ ညအိပ်နေချင်သည် ဆိုလျှင် အင်ပါယာ မိသားစုသည် သေချာပေါက် စီစဉ်ပေးပေ လိမ့်မည်။ သို့သော် အားလုံးသည် ဆုလာဘ်များ ရယူပြီးပြီဖြစ်ရာ ပြန်၍ သတင်းကောင်းကို မိမိတို့ ဂိုဏ်းအား ဝေမျှပေးချင် ကြသည်သာ။ ထို့ကြောင့် သူတို့သည် ရထားလုံး အသီးသီးထက် တက်၍ အင်ပါယာ နန်းတွင်းမှ ထွက်ခွာ လာခဲ့သည်။
ကျောင်းအုပ်ချီ၊ ချမ်ဝမ်ကွမ်နှင့် အခြားသူများသည် ကြယ်ကောင်းကင်မြို့ တောင်ဘက်ရှိ ရှင်းဟူ တည်းခိုခန်းတွင် တည်းနေကြသည်။ ကျန်းရီ ရှင်းဟူ တည်းခိုဆောင်သို့ ရောက်သောအခါ ညသန်းခေါင်သို့ ရောက်နေလေပြီ။ ကြယ်ကောင်းကင် မြို့အတွင်း တိုက်ခိုက်ခြင်းကို တားမြစ်ထားပြီး အင်ပါယာ အစောင့်အရှောက်များ လိုက်ပါ ပို့ဆောင်ခြင်းလည်း ဖြစ်ရာ လမ်းတစ်လျှောက်တွင် ဘေးကင်းခဲ့သည်။
ရှင်းဟူ တည်းခိုဆောင်သည် လင်းထိန်နေဆဲ ဖြစ်ပြီး အားလုံးသည် ကျန်းရီ ပြန်အလာကို စောင့်ကြို နေကြသည်။ ချမ်ဝမ်ကွမ်သည် တည်းခိုဆောင် အပြင်ဘက်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေခဲ့သည်။ သူသည် ရထားလုံးတစ်စီး ချဉ်းကပ် လာသည်ကို မြင်သောအခါ အလျင်အမြန် ပြေးလာ၍ ဝမ်းသာအားရ ဆီးကြိုတော့သည်။
"အရင်ဆုံး ဝင်ကြတာပေါ့ ...”
ကျန်းရီသည် ချမ်ဝမ်ကွမ်ကို စကားအများကြီး ပြောမနေဘဲ အထဲသို့သာ အရင်ဦးတည် လိုက်သည်။ သူခြံဝင်းအတွင်း ဝင်သွား လိုက်သည်နှင့် သူ့ကို စောင့်နေသော ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ လူစုအား တွေ့လိုက် ရလေသည်။ သူသည် အားလုံး စိတ်ဝင်စား နေသည့်အရာကို သိနေသောကြောင့် တန်းပြောလိုက်သည်။
"ကျွန်တော့်ကို သူတော်စင် အဆင့် လက်နက်တစ်ခု၊ ရှေးဟောင်း နတ်ဘုရား လက်စွပ် တစ်ကွင်းနဲ့ ... ကောင်းကင်ကျောက်တုံး ငါးခု ချီးမြှင့်လိုက်တယ်"
"ဘာ ...”
ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်နှင့် ယွင်ဖေးတို့ အံ့အားသင့် နေကြပြီး ကျောင်းအုပ်ချီနှင့် ကျန်လူများလည်း မှင်တက် သွားကြသည်။ ကျောင်းအုပ်ချီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခပ်တိုးတိုး ရေရွတ် လာခဲ့သည်။
"အင်ပါယာက ကောင်းကင် ကျောက်တုံးတွေကို ချီးမြှင့်လိုက်တယ် ... သူတို့ ဘာလုပ်ဖို့ ကြိုးစား နေကြတာလဲ ... မကြာခင် နယ်မြေမှာ မုန်တိုင်းတစ်ခု အစပျိုးတော့မယ်နဲ့ တူတယ်"
ကျန်းရီသည် အခြားလူများထံမှ မနာလိုခြင်း၊ စိုးရိမ်ခြင်း၊ ပျော်ရွှင်ခြင်းစသည့် ခံစားချက်ပေါင်းစုံအား တွေ့ရသောအခါ စိတ်ဝင်တစား မေးလိုက်သည်။
"ကောင်းကင် ကျောက်တုံးက ဘာလဲ ... အဲဒါက ကျင့်ကြံရာမှာ သုံးတယ်လို့ပဲ ငါသိထားတာ"
"အစ်ကိုကြီး ... နယ်မြေရဲ့ ကျင့်ကြံရာမှာ သုံးတဲ့ အကောင်းဆုံး ရတနာဆယ်မျိုး အကြောင်း ကျွန်တော် မပြောခဲ့ဘူးလား ... မီးလင်ဇီးမှိုက နံပါတ်ခြောက် ဖြစ်ပြီး အစ်ကိုကြီးမှာ ရှိနေတဲ့ ကောင်းကင် ကျောက်တုံးတွေက နံပါတ်တစ်ပဲ၊ အဲဒီ ကျောက်တုံးတွေက ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ ဥက္ကာခဲတွေ ဖြစ်နိုင်တယ် လို့တောင် ကောလာဟလတွေ ရှိတယ်။ အဲဒီ ကျောက်တုံးတွေမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ အဆီအနှစ်တွေ ပါဝင်နေတယ်၊ အဲဒါတွေကို စုပ်ယူ လိုက်တာနဲ့ ကျင့်ကြံနှုန်းက အများကြီး မြန်ဆန် သွားလိမ့်မယ်။ အဲဒီ ကျောက်တုံးတွေက မိုးပြာနဂါး အင်ပါယာမှာပဲ ရှိပြီး ဝယ်လို့ မရနိုင်ဘူး၊ တခြား တော်ဝင်မိသားစု ခြောက်ခုမှာ မရှိသလောက် ရှားပါးတယ်။ ကျွန်တော်တို့လို ချမ်ဂိုဏ်းနဲ့ ကျန့်ဂိုဏ်းမှာဆို တစ်တုံးမှ မရှိဘူး။ မိုးပြာနဂါး အင်ပါယာမှာ ကောင်းကင် ကျောက်တုံးတွေ ရှိတာ နယ်မြေ တစ်ခုလုံးက သိထားကြပေမဲ့ သူတို့တွေ တစ်ခါမှ နိုင်ငံအဆင့် ပြိုင်ပွဲရဲ့ ဆုလာဘ်အဖြစ် မချီးမြှင့်ဖူးဘူး။ ဒီတစ်ခေါက် သူတို့တွေ ကျောက်တုံး အများကြီးကို ရုတ်တရက် ချီးမြှင့် လိုက်တာက ဘာအဓိပ္ပာယ်မှန်း အစ်ကိုကြီးလည်း သိလောက်မှာပါ"
ချမ်ဝမ်ကွမ်သည် ကြောင်တောင်တောင် ဖြစ်နေသော ကျန်းရီကို အသာရှင်းပြ လိုက်သည်။ ကျန်းရီသည် ကျောင်းအုပ်ချီနှင့် အခြားလူများ ဘာကိုစိုးရိမ် နေကြသည်ကို နားလည် သွားခဲ့သည်။
မိုးပြာနဂါး အင်ပါယာသည် ကောင်းကင် ကျောက်တုံးများကို ကျန်းရီနှင့် အခြား လူများထံ ချီးမြှင့် လိုက်ခြင်းသည် တစ်လောကလုံးအား အင်ပါယာမှ အရည်အချင်း ရှိသူများ စုစည်းနေခြင်း ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ကြေညာလိုက်ခြင်း ဖြစ်လေသည်။ မိုးပြာနဂါး အင်ပါယာနှင့် ပူးပေါင်းလိုက်လျှင် ကျင့်ကြံရာတွင် အထောက်အပံ့ ဖြစ်သော ကောင်းကင် ကျောက်တုံးများ ရရှိလိမ့်မည်။
အင်အားများ မတိုးတက်ချင်သူ ရှိပါမည်လော ...
မိုးပြာနဂါး အင်ပါယာသည် ကောင်းကင် ကျောက်တုံးများ ပိုင်ဆိုင်ထားရာ ပါရမီရှင်များ သွားရောက်ပူးပေါင်း ကြလိမ့်မည်။ သို့နှင့် မိုးပြာနဂါး အင်ပါယာသည် အရည်အချင်း ရှိသူများကို မွေးထုတ်နိုင်ပြီး ပိုမို အင်အားကြီး လာပေလိမ့်မည်။
မိုးပြာနဂါး အင်ပါယာသည် အဖွဲ့ဝင်သစ်များ အဆက်မပြတ် စုဆောင်းနေခဲ့ သော်လည်း ပေါ်ပေါ်ထင်ထင် မပြုလုပ်ခဲ့ဖူးပေ။ ၎င်းသည် နိုင်ငံခြောက်ခုအား စစ်ကြေညာခြင်းနှင့် မခြားသောကြောင့် ဖြစ်လေသည်။ ယခု သူတို့သည် ကောင်းကင် ကျောက်တုံးများကို ထုတ်သုံး လိုက်လေပြီ။ အင်ပါယာသည် အင်အား စုဆောင်းခြင်းကို လုပ်ဆောင်လိုက်ခြင်း ဖြစ်လေသည်။ သူတို့ကို နိုင်ငံခြောက်ခုမှ ဆန့်ကျင်မည်ကို စိုးရိမ် မနေတော့ပေ။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့ပြီ ဖြစ်သော နိုင်ငံ ခြောက်ခုသည် အင်ပါယာ တန်ခိုးကြီးထွား လာမည်ကို ထိုင်ကြည့်နေနိုင် ပါမည်လော ... သူတို့သည် အင်ပါယာမှ လောကကြီးအား နောက်တစ်ကြိမ် အုပ်စိုးမည်ကို ခွင့်ပြုလိုက် နိုင်မည်လော ...
လုံးဝ မဖြစ်နိုင်ပါချေ။
ထို့ကြောင့် ကျောင်းအုပ်ချီ၊ ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်နှင့် ကျန်လူများ စိုးရိမ် နေကြခြင်း ဖြစ်လေသည်။ စစ်ပွဲစတင်လျှင် နယ်မြေ၏ အင်အားကြီး အဖွဲ့အစည်းများ အပြောင်းအလဲ ဖြစ်သွားနိုင်သည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းလည်း လွတ်မည် မဟုတ်ပေ။ ဝိညာဉ်သားရဲ သင်တန်းကျောင်း၊ ကျန့်ဂိုဏ်း၊ ချမ်ဂိုဏ်းနှင့် အခြား ဂိုဏ်းကြီးများ သမိုင်းထဲမှ ကွယ်ပျောက် သွားသည်လည်း ဖြစ်နိုင်လေသည်။
"အားလုံးပဲ ... စောစော အနားယူကြ၊ မနက်ဖြန် မနက်စောစော ရှန်ဝူနိုင်ငံဆီ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်နဲ့ ထွက်ခွာပြီး သင်တန်းကျောင်းဆီ ပြန်ကြမယ် ...”
ကျောင်းအုပ်ချီသည် အမိန့်ပေးပြီးနောက် ဒုကျောင်းအုပ်များ၊ ဆရာများနှင့် ထွက်ခွာ သွားခဲ့သည်။ ကျန်ကျောင်းသားများလည်း အလျင်အမြန် လူစုခွဲ လိုက်ကြသည်။
ယွင်ဖေးသည်လည်း ထွက်ခွာရန် ပြင်နေသောကြောင့် ကျန်းရီသည် အလျင်အမြန် လက်ကာပြ၍ သူမအား ရပ်ရန်တား လိုက်ရသည်။
"ယွင်ဖေး ... ခဏနေဦး ...”
မီးဝိညာဉ်ပုလဲ တောက်ပသွားပြီး ကျန်းရီ၏ လက်ထဲတွင် ရှေးဟောင်း နတ်ဘုရား လက်စွပ်နှင့် ကျောက်စိမ်းသေတ္တာ နှစ်လုံး ပေါ်ထွက် လာခဲ့သည်။ သူသည် ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးကို ကြည့်ကာ ပြောလိုက်သည်။
"ငါ နိုင်ငံအဆင့် ပြိုင်ပွဲရဲ့ ပထမနေရာ ရရင် အကျိုးအမြတ်ကို ခွဲပေးမယ်လို့ ပြောခဲ့တယ်၊ ဒီရှေးဟောင်း နတ်ဘုရား လက်စွပ်နဲ့ ကောင်းကင်ကျောက်တုံး နှစ်ခုက မင်းတို့ အတွက်ပဲ။ မင်းတို့သာ မကူညီရင် ငါယွင်ဟဲနဲ့ သူ့လူတွေကို သတ်နိုင်ခဲ့မှာ မဟုတ်ဘူး၊ မင်းတို့ ဒါတွေကို ဘယ်လိုခွဲယူမလဲ ဆိုတာတော့ မင်းတို့လင်မယား ကြိုက်သလို ဆုံးဖြတ်ကြ"
"အမ် ...”
ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းသည် ဆွံ့အနေခဲ့ပြီး ချမ်ဝမ်ကွမ် သည်လည်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့သည်။ ကျန့်ဝူရွှမ်း၏ မျက်နှာသည် တည်ကြည်သွားပြီး အေးစက်စက် ပြောလာခဲ့သည်။
"ကျန်းရီ ... မင်းဘာလုပ်တာလဲ ... ပြန်ယူထား ...”
ယွင်ဖေးသည်လည်း ခေါင်းညိတ်လိုက်သည်။
"ငါတို့ ဘာမှသိပ်မလုပ် ခဲ့ရဘူး၊ ပြီးတော့ နင်ကသာ ယွင်ဟဲကို သတ်ပေးပြီး ငါ့အစ်ကိုကြီး အတွက် လက်စားချေ ပေးခဲ့တာ၊ နင့်အပေါ် အစတည်းက ကျေးဇူးကြွေး တင်နေပြီ။ ဒါတွေကို ငါတို့ လက်မခံနိုင်ဘူး"
"အဲဒီလို ပြောလို့ မရဘူးလေ ...”
ကျန်းရီသည် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ကျန့်ဝူရွှမ်းသည် သူ့ကို ကြည့်ကာ ရှေးဟောင်းနတ်ဘုရား လက်စွပ်ကိုယူ၍ ယွင်ဖေးအား ပေးလိုက်သည်။
"ကျန်းရီ ... မင်းမှာ ပစ္စည်းသိမ်း ရတနာတစ်ခု ရှိနေပြီးသား ဆိုတော့ ဒီလက်စွပ်ကို ယွင်ဖေးယူပါစေ၊ ကောင်းကင် ကျောက်တုံးတွေ ကတော့ ... မင်းကသာ ကျင့်ကြံဆင့် မြန်မြန်တက်ဖို့ လိုနေတာ၊ အကုန်လုံးကို သိမ်းလိုက်။ အဓိပ္ပာယ် မရှိတာတွေ ထပ်ပြောမယ် ဆိုရင် မင်းကို ငါ့ညီအစ်ကိုလို့ မသတ်မှတ်တော့ဘူး"
***