ချို့ယွင်းနေသည့် သူတော်စင်အဆင့် လက်နက်
Vol. 1 Ch. 220
အားလုံး အနားယူရန် ပြန်သွားကြ ပြီးနောက် ချမ်ဝမ်ကွမ်သည် ကျန်းရီကို သူစီစဉ် ပေးထားသော အခန်းဆီ ခေါ်လာခဲ့သည်။ အခန်းဆီ ရောက်သော် ကျန်းရီသည် ချမ်ဝမ်ကွမ်ကို ရုတ်တရက် စကားပြော လိုက်သည်။
"ချမ်ဝမ်ကွမ် ... အပြင်မှာ ခဏလောက် စောင့်ကြည့် ထားပေးပါ"
ချမ်ဝမ်ကွမ်သည် ရပ်လိုက်ကာ လေးလေးနက်နက် ပြောလာတော့သည်။
"အစ်ကိုကြီး ... ကောင်းကင် ကျောက်တုံးက စွမ်းအားတွေကို စုပ်ယူတော့ မလို့လား ... ဒီလောက်ကြီး အလျင် မလိုပါနဲ့ ... ကောင်းကင် ကျောက်တုံးက စွမ်းအားတွေ စုပ်ယူတဲ့နည်းကို ကျွန်တော်လည်း သေချာမသိဘူး၊ ကျောက်တုံး တစ်တုံးက စွမ်းအားတွေကို စုပ်ယူဖို့ အနည်းဆုံး နှစ်ပတ်လောက် ကြာတယ်လို့ပဲ ကြားဖူးတာ"
"အဲဒါ မဟုတ်ဘူး ...”
ကျန်းရီသည် ခေါင်းယမ်းလိုက်ကာ အများကြီး ရှင်းမပြတော့ဘဲ လိုရင်းကိုသာ ပြောလိုက်သည်။
"အပြင်မှာ ခဏရပ်ပြီး ကူကြည့်ထားပေး၊ ဘယ်သူမှ အနားကို မလာစေနဲ့"
"ဒါဆိုလည်း ကောင်းပြီ"
ချမ်ဝမ်ကွမ်သည် ကျန်းရီ ဘာလုပ်ချင်သည်ကို မသိသော်လည်း ကျန်းရီသည် လေးနက်လှသော လေသံဖြင့် ပြောနေရာ မငြင်းတော့ပေ။
ကျန်းရီသည် တံခါးကို ပိတ်လိုက်ပြီးနောက် စိတ်လှုပ်ရှား လာခဲ့လေသည်။ သူသည် ပြတင်းပေါက်ကို ဖွင့်၍ အနီးအနားတွင် ပုန်းနေသူများ ရှိမရှိလည်း အကဲခတ် လိုက်သေးသည်။ ထို့နောက် သူ့လက်ထဲမှ မီးဝိညာဉ် ပုလဲသည် လင်းလက်လာခဲ့ပြီး ဓားထည့်ထားသည့် သေတ္တာရှည် ပေါ်ထွက် လာခဲ့သည်။
"မီးနဂါးဓား ...”
ကျန်းရီ၏ မျက်လုံးများလည်း တောက်ပလာသလို မီးဝိညာဉ် ပုလဲသည်လည်း အသက်ဝင်ကာ မီးနဂါးဓား အနီး သွားချင်ပါသည်ဟု ကျန်းရီကို ပြောနေသည့်နှယ် တောက်ပ လင်းလက် နေခဲ့သည်။
ဖြည်းဖြည်းချင်း ဓားသေတ္တာကို ဖွင့်ကာ ကြည့်လိုက်သော် ကျန်းရီ မှင်တက် သွားရသည်။ မီးနဂါးဓားသည် အမှန်တကယ် ချို့ယွင်းချက် ရှိနေခဲ့သည်။ ဓား၏ လက်ကိုင် နေရာတွင် ကျောက်တုံးငယ် တစ်ခုစာ အနက်ရောင် အချိုင့်လေးတစ်ခု ရှိနေခဲ့သည်။ သို့သော် ထိုချိုင့်ခွက်လေးသည် မီးဝိညာဉ်ပုလဲ၏ အရွယ်အစားနှင့် အတူတူခန့်ပင် ဖြစ်လေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... မီးဝိညာဉ်ပုလဲက ပစ္စည်းသိမ်း ရတနာ မဟုတ်ဘူးလား ...”
ကျန်းရီသည် မီးနဂါးဓားကို မကြည့် လိုက်သောအခါ မီးဝိညာဉ်ပုလဲမှာ ပိုမို တောက်ပ လာခဲ့သည်။ ထိုခဏတွင် မီးနဂါးဓားပေါ်မှ အနီရောင် အလင်းလေး တောက်ပ လာခဲ့ပြီး နဂါးတစ်ကောင် ပုံစံအဖြစ်သို့ ပြောင်းလဲသွားကာ ဓားထက်တွင် ကူးခပ်သွားလာ နေလေသည်။ ဓားထိပ်သည်လည်း အနည်းငယ် တုန်ခါသွားကာ တူရိယာသံအလား မြည်သံထွက် လာလေသည်။ ကျန်းရီသည် မီးနဂါးဓားနှင့် မီးဝိညာဉ် ပုလဲမှာ ကွဲကွာနေသော ချစ်သူများအလား အတူတူ ရှိချင်နေကြ သည်ဟု ခံစားလိုက် ရလေသည်။
"မင်းတို့ နှစ်ယောက်က အရမ်းကို အတူရှိချင် နေမှတော့ ငါမင်းတို့ကို ပေါင်းပေးမယ် ဟုတ်ပြီလား"
ကျန်းရီသည် ခဏစဉ်းစား လိုက်ပြီး မီးဝိညာဉ် ပုလဲကို မီးနဂါးဓား၏ လက်ကိုင်ထက်ရှိ အချိုင့်ထံ ဖြည်းဖြည်းချင်း ဖိထည့်လိုက်သည်။ ထူးဆန်းသည်မှာ မီးဝိညာဉ် ပုလဲနှင့် မီးနဂါးဓား အနီရောင်ရင့်ရင့် အလင်းတို့ ထုတ်လွှတ်၍ အတူတကွ ပေါင်းစပ် သွားကြလေသည်။
မီးဝိညာဉ် ပုလဲသည် ထိုသို့လုပ်လိုက်မှ ပြီးပြည့်စုံ သွားသည့်နှယ် ထင်ရလေသည်။ ယခု ကျန်းရီသည် မီးနဂါးဓားနှင့် စိတ်ချင်း ဆက်သွယ်မှု တစ်ခု ရှိနေသည်ဟု ခံစားလိုက် ရသည်။
"စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ပြီး သွားတာလား ...”
ကျန်းရီ မျက်တောင် တဖျတ်ဖျတ် ခတ်လိုက် မိလေသည်။ သူသည် မီးဝိညာဉ်ပုလဲကို စိတ်ဝိညာဉ်နှင့် ပေါင်းစပ် ထားခဲ့သည်။ မီးဝိညာဉ် ပုလဲသည် မီးနဂါးဓားနှင့် ပေါင်းလိုက်သော အခါ မီးနဂါးဓားပါ သူ့စိတ်ဝိညာဉ်နှင့် ပေါင်းစပ် သွားခဲ့လေပြီ။
"တစ်ခုခုတော့ မှားနေ သလိုလိုပဲ ...”
ကျန်းရီသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိ သွားလေသည်။ မီးဝိညာဉ် ပုလဲသည် ပစ္စည်းသိမ်း ရတနာတစ်ခု ဖြစ်သည်။ ယခု ၎င်းသည် မီးနဂါးဓားနှင့် ပေါင်းစပ် လိုက်သောအခါ ပစ္စည်းသိမ်း၍ ရပါဦးမည်လော ... ၎င်းသည် မီးတောက်များကို ခံနိုင်ရည်ရှိ၍ မီးများကို စုပ်ယူနိုင်ပါ ဦးမည်လော ...
ကျန်းရီသည် စိတ်ကို မီးဝိညာဉ် ပုလဲအတွင်း အလျင်အမြန် နှစ်လိုက်သည်။ မီးဝိညာဉ်ပုလဲ အတွင်း နေရာလွတ်များ တွေ့သောအခါမှ သူစိတ်အေး သွားခဲ့သည်။
"မီးနဂါးဓားနဲ့ မီးဝိညာဉ်ပုလဲ ပေါင်းစပ်ထားတယ် ဆိုရင် မီးနဂါးဓားကို မီးဝိညာဉ် ပုလဲထဲ သိမ်းလို့ရပါဦး မလား ... ငါသူတော်စင် အဆင့် ဓားကြီးကိုင်ပြီး မြို့ထဲ လျှောက်သွားနေလို့ မရဘူးလေ"
အတွေးပေါ် လာသည်နှင့် ကျန်းရီသည် မီးနဂါးဓားကို သိမ်းဆည်းရန် မီးဝိညာဉ် ပုလဲကို စိတ်ဖြင့် ထိန်းချုပ်လိုက်သည်။ ရလဒ်မှာ ရတနာနှစ်ခု ပေါင်းစည်းခြင်း မရှိတော့ဘဲ မီးနဂါးဓား ပျောက်ကွယ်သွားပြီး မီးဝိညာဉ် ပုလဲကသာ လေထဲတွင် မျောလွင့်၍ ကျန်ရစ်ခဲ့သည်။
"ထွက်လာခဲ့ ...”
အော်သံတစ်ခု အဆုံးတွင် မီးနဂါးဓားသည် မီးဝိညာဉ် ပုလဲနှင့် ပေါင်းလျက် အနေအထားဖြင့် ပေါ်ထွက် လာခဲ့လေသည်။
"ချို့ယွင်းနေတဲ့ လက်နက် ... ဒါဆိုရင်တော့ ပြည့်စုံသွားတဲ့ လက်နက်လို့ ပြောလို့ရပြီပေါ့"
ကျန်းရီသည် မီးနဂါးဓားကို ကြည့်ရှုစစ်ဆေး ပြီးသောအခါ ပို၍ပင် သဘောကျနှစ်ခြိုက် လာခဲ့သည်။ မီးနဂါးဓားသည် သူ့အတွက် သီးသန့် ပြုလုပ်ထားသည့် အလားပင်။ ၎င်းကို ကိုင်ထားသော အချိန်တွင် သူ့ကိုယ်၏ အစိတ်အပိုင်း တစ်ခုအလား သက်သောင့်သက်သာ ဖြစ်နေသော ခံစားချက်ကို ရလေသည်။
"မီးဝိညာဉ်ပုလဲနဲ့ မီးနဂါး ဓားပေါ်မှာ ရှိနေတဲ့ နဂါးပုံက ဘာလို့ ငါ့ဒန်တျန်းကို ချိပ်ပိတ်ထားတဲ့ စည်းပေါ်က နဂါးပုံနဲ့ ဘာလို့ တူနေရတာလဲ ... သူတို့ရဲ့ ပိုင်ရှင်က ငါ့ဒန်တျန်းကို ချိပ်ပိတ်ထားတာ များလား ... ဒါက ဖြစ်နိုင်ချေ မရှိဘူး ... မီးဝိညာဉ်ပုလဲက နဂါးတစ်သောင်းတောင်ကြားက ကောင်းကင်ဧကရာဇ်ရဲ့ အုတ်ဂူထဲမှာ နှစ်ပေါင်း တစ်သောင်းကျော် ကောင်းကင်ဧကရာဇ် သေဆုံးခဲ့တဲ့ အချိန်လောက်တည်းက ရှိခဲ့တာ ... ငါ့ဒန်တျန်းကို ချိပ်ပိတ်တဲ့သူ ဘယ်လိုလုပ် သူဖြစ်နိုင်မှာလဲ ... ဒါက တိုက်ဆိုင် နေတာပဲ ဖြစ်ရမယ်"
ကျန်းရီသည် သူ့ဟာသူ ရေရွတ်လိုက်ပြီး မီးနဂါးဓားကို စစ်ဆေးရန် အလို့ငှာ စိတ်အာရုံကို ဓားထံ စူးစိုက်လိုက်သည်။ ထိတ်လန့်စရာတစ်ခု ထပ်မံ ဖြစ်ပွား ခဲ့ပြန်သည်။
သူ့စိတ်သည် ဓားအတွင်း ရောက်သွားသောအခါ အပိုင်းပိုင်း စုတ်ဖြဲခံရတော့ မတတ် နာကျင်သွားကာ အသံတစ်ခု မြည်ဟည်းသွားခဲ့ပြီး အနက်ရောင် စာလုံးလေးများ ထွက်ပေါ်လာခဲ့သည်။
"ဒါ ... ဒါက"
ကျန်းရီသည် သူ၏ စိတ်အာရုံအမြင်ကို သုံး၍ ရင်းနှီးပုံ ရသော်လည်း မရင်းနှီးသော စာလုံးများကို ကြည့်လိုက်လေသည်။ ကျန်းရီ၏ စိတ်သည် နာကျင်သည်ထက် ပို၍ တုန်လှုပ် သွားမိလေသည်။
အမည်မဲ့ကျင့်စဉ်၏ တတိယပိုင်း ပေါ်ထွက်နေခဲ့ခြင်း ...
ထိုစာလုံးသည် ယခင် စာလုံးများနှင့် ပုံစံတူ၍ အမည်မဲ့ ကျင့်စဉ်၏ တတိယ အဆင့်ပါဟု ပြောနေသည့်အလား ဒုတိယအဆင့်နှင့် ဆက်စပ် နေလေသည်။
ပြဿနာမှာ သူမီးနဂါးဓားကို လေ့လာရန် လုပ်နေချိန်တွင် အဘယ့်ကြောင့် ထိုစာလုံးများ ပေါ်လာရ သနည်း ...
ကျန်းရီသည် မီးဝိညာဉ်ပုလဲကို စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ရန် ပုလဲထဲသို့ အနက်ရောင် အတွင်းအားများ ထည့်လိုက်စဉ် အခါက အမည်မဲ့ ကျင့်စဉ်၏ ဒုတိယအဆင့် ပေါ်ထွက် လာသည်ကို အသေအချာကြီး မှတ်မိနေပါသည်။ ထိုအခါက သူ့ကိုယ်ထဲမှ အနက်ရောင် အတွင်းအားကို မီးဝိညာဉ်ပုလဲမှ စုပ်ယူ လိုက်သောကြောင့် ထူးထူးဆန်းဆန်း အဖြစ်အပျက်ကြီး ဖြစ်ပေါ် သွားခဲ့သည်။
တစ်ကြိမ်သာ ဖြစ်ခဲ့လျှင် တိုက်ဆိုင်မှုသာ ဖြစ်လေသည်။ ယခုမူ တိုက်ဆိုင်ရုံ သက်သက် မဟုတ်တော့ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ...
ကျန်းရီ၊ မီးဝိညာဉ် ပုလဲနှင့် မီးနဂါး ဓားတို့သည် တစ်နည်းနည်းဖြင့် ဆက်စပ် နေပြီးသား ဖြစ်လေသည်။
မီးနဂါးဓားကို ဖယ်ထားလျှင်တောင် မီးဝိညာဉ် ပုလဲသည် ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းထဲတွင် နှစ်ပေါင်း တစ်သောင်းကျော်ကြာ တည်ရှိနေခဲ့သည်။ သူသည် ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ မည်သို့ ဆက်စပ် နေနိုင်မည်နည်း ...
"ဘန်း ...”
သူထိုသို့ တွေးမိသည်နှင့် ကျန်းရီ၏ လက်သည် တုန်သွားကာ မီးနဂါးဓားအား ပစ်ချမိ လိုက်လေသည်။ သူသည် မီးနဂါးဓားအား မကောင်းဆိုးဝါး ပစ္စည်းဟု ခံစားမိ လိုက်ရကာ မမြင်ရသော လက်ကြီးတစ်ဖက်က သူ့ဘဝကို ကြိုးကိုင်ထိန်းချုပ် နေသည်ဟု တွေးမိ လိုက်လေသည်။
ထိုအတွေး ခံစားချက်သည် သူ့အား အလွန်အမင်း ထိတ်လန့်ကာ မသက်မသာ ဖြစ်စေလေသည်။ လက်ရှိတွင် သူသည် မီးနဂါးဓားနှင့် မီးဝိညာဉ်ပုလဲကို လွှင့်ပစ်ချင်စိတ်ပင် ဖြစ်နေခဲ့သည်။ သူသည် အမည်မဲ့ ကျင့်စဉ်နှင့် အနက်ရောင် အတွင်းအားတို့ကိုလည်း ထပ်မံ မသုံးချင်တော့ပေ။
သို့သော် ... ၎င်းတို့ကို သူမည်သို့ စွန့်ပစ်နိုင်ပါ မည်နည်း ...
ကျန်းရီသည် စိတ်ငြိမ်ငြိမ် ထားလိုက်သည်။ သူ့တွင် ရန်သူများ ပတ်လည် ဝိုင်းနေပြီး ရှားထျန်းနှင့် ကျန်းစွန်းဝူကျိကလည်း သူ့အား သေစေချင် နေခဲ့သည်။ ကျန်းရိလျှို နေအိမ် အကျယ်ချုပ်မှ ထွက်လာလျှင်လည်း သူ့ကို သတ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားပေ လိမ့်မည်။ အင်ပါယာ နန်းတော်တွင်လည်း မိုးပြာနဂါး သင်တန်းကျောင်း၏ နံပါတ်တစ် ပါရမီရှင်၊ မြောက်ဘက်မန့် နိုင်ငံမှ တောက်ဂိုဏ်း၏ ဆက်ခံသူ တောက်ကျန့်သည် သူ့ကို လူသတ်ငွေ့များ လွှမ်းသော မျက်လုံးအစုံနှင့် စိုက်ကြည့် သွားခဲ့သည်။ ထို့ပြင် သူသည် ရှန်မိနိုင်ငံ၏ မင်းသား ယွင်ဟဲအားလည်း သတ်ခဲ့သည် ဖြစ်ရာ ရှန်မိနိုင်ငံမှ လူများက သူ့အား အလွတ်မပေး လောက်ပေ။
သူ့တွင် ရန်သူ အမြောက်အမြား ရှိနေသည့်အပြင် ကျန်းပိုင်လီအားလည်း သူ့အမေ၏ အုတ်ဂူရှေ့တွင် ဒူးထောက်ခိုင်းစေ ချင်သေးသည်။ သူ့တွင် အစွမ်းအစ မရှိသောကြောင့် ကျန်းယွင်ဟိုင် မည်သည့်အခြေအနေ ရောက်နေမှန်းလည်း မသိရသေးပေ။ သူပို၍ အားကောင်း သန်မာလာရန် လိုနေသည်။
မီးဝိညာဉ်ပုလဲ၊ မီးနဂါးဓားတို့ကို စွန့်ပစ်လိုက်လျှင် သူသည် ခရမ်းရောင် နန်းတော်ရှင် ဒုတိယအဆင့်သာ ရှိသေးသည့် သာမန်လူငယ်လေး တစ်ယောက်သာ ဖြစ်လေသည်။ သူ့ရန်သူများက သူ့အား အလွယ်တကူ တက်နင်း သွားကြလိမ့်မည်။
ထို့နောက် သူသည် အံကြိတ်၍ မီးနဂါးဓားကို ပြန်ကောက်လိုက်သည်။ သူ့စိတ်ထဲမှ နာကျင်မှုလည်း ပျောက်ကွယ်သွားပြီ ဖြစ်ရာ အခြားအရာများကို ဘေးဖယ်၍ အနက်ရောင် စာလုံးများကို မှတ်သား နေလိုက်သည်။ သူသည် စိတ်မငြိမ်မသက် ဖြစ်နေရာ အမည်မဲ့ ကျင့်စဉ်၏ တတိယ အဆင့်ကို နားလည်အောင် မကြိုးစား နိုင်သေးပေ။
"မီးနဂါးဓား ... မင်းက မကောင်းဆိုးဝါး ဓားလား ... ငါ့ကို မိစ္ဆာ လမ်းကြောင်းဆီ ဆွဲခေါ် သွားမှာလား ...”
ကျန်းရီသည် မီးနဂါးဓားကို ကြည့်၍ တီးတိုး ရေရွတ်လိုက်ပြီး သူ့စိတ်ကို ဓားအတွင်း ထပ်မံ စူးစိုက်လိုက်သည်။ ယခု တစ်ခေါက်တွင် မည်သည့် အံ့ဖွယ်မှ ဖြစ်မလာတော့ဘဲ မြင်ရုံနှင့် မူးနောက်နောက် ဖြစ်သွားစေသည့် ရှုပ်ထွေးလှသော အစီအရင် တစ်ခုသာ ဓားအတွင်း ရှိနေခဲ့လေသည်။
ဝိညာဉ်လက်နက်၊ ကောင်းကင်အဆင့် လက်နက်နှင့် သူတော်စင် အဆင့် လက်နက်များ ထဲတွင် အစီအရင်များ ပါဝင်ကြလေသည်။ ထိုအစီအရင်များသည် လက်နက် ကိုင်ဆောင်သူ၏ စွမ်းအင်ကို မြှင့်တင်ပေးသည်။
လက်နက်၏ အဆင့်သည် အစီအရင်၏ စွမ်းအားကို ဆုံးဖြတ်လေသည်။ လက်နက်၏ အဆင့် မြင့်လေလေ၊ အစီအရင်များသည် ပိုမို ရှုပ်ထွေး၍ ဆန်းကြယ်လေလေ ဖြစ်လေသည်။ ကျန်းရီသည် အစီအရင်များကို ထဲထဲဝင်ဝင် မလေ့လာဖူးရာ မြင်သည်နှင့် မူးနောက်နောက် ဖြစ်သွားခဲ့ခြင်း ဖြစ်လေသည်။
"အမ် ...”
ကျန်းရီသည် တစ်ခဏ လေ့လာ နေပြီးနောက် နောက်ထပ် ပြဿနာတစ်ခု ရှိနေသေးသည်ကို သဘောပေါက် သွားခဲ့သည်။ ဤသူတော်စင် အဆင့် လက်နက်သည် အမှန်တကယ် ချို့ယွင်းနေခဲ့သည် ထင်သည်။
မီးနဂါးဓား၏ အရင်းပိုင်းတွင် အနီရောင် အလင်းများ ရစ်သိုင်းနေသည့် အစီအရင်တို့က ကြောက်စရာ အရှိန်အဝါကို ထုတ်လွှင့်၍ ပြီးပြည့်စုံစွာ တည်ရှိ နေလေသည်။ အဖျားပိုင်းတွင်မူ အလားတူ အစီအရင်များ ရှိနေသော်လည်း ချို့ယွင်းနေသည့် အလား အနီရောင် အလင်းများ မှိန်ဖျော့ နေလေသည်။ အနက်ရောင် အကြေးခွံဓားကို ကျန်းရီ စစ်ဆေးကြည့်သည့် အခါ အစီအရင်များသည် ပြီးပြည့်စုံ နေခဲ့သည်။
*****