← Chapters

သွေးနှင့် သားရဲ

Vol. 1 Ch. 4

သွေးနှင့် သားရဲ

Vol. 1 Ch. 4

သားရဲ ဗီဇပြောင်းလဲခြင်း...

ကျိကျစ်ရှို့ တစ်ယောက် ထိတ်လန့်တုန်လှုပ်မှုကြောင့် ထိုင်ခုံမှ ချက်ချင်း ထရပ်မိလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော်လည်း နောက်ဆုံးသော အခိုက်အတန့်တွင် သူမ စိတ်အားထက်သန်မှုကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

ထိုစကားလုံးက အချိန် အတော်ကြာသည် အထိ သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့ကာ အလွန်ခိုင်မာစွာ ကပ်ငြိနေသည်။ ထိုပူလောင်သည့် နာကျင်မှုမှာ အမှတ်တံဆိပ်ရိုက်ခံရသောအခါ ခံစားရသည့် အရာမျိုးလားဟု သူမ တွေးလိုက်မိသည်။

သားရဲ အသွင်ပြောင်းလဲခြင်း... သွေးမှ စွမ်းအားကို ထုတ်ယူခြင်းနှင့် သွေးကို အသုံးပြု၍ ထိန်းချုပ်ခြင်း…

ကျိကျစ်ရှို့၏ မျက်ခွံများမှာ တုန်ယင်သွားခဲ့ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် စာအုပ်ကို ကိုင်ထားခဲ့မိ၏။

‘ဒါက ဘာလဲ...’

မုဆိုးများသည် အိပ်မက်သားရဲများ၏ ညစ်ညမ်းသောသွေးမှ သူတို့၏ ခွန်အားကို ရယူကြသည်။ ညစ်ညမ်းသောသွေးဖြင့် ပြုလုပ်ထားသည့် ဆေးရည်ကြည်ကို ခန္ဓာကိုယ်ထဲ ထိုးသွင်းခြင်းဖြင့် နက်ရှိုင်းသော စွမ်းအင် တစ်စိတ်တစ်ပိုင်းကို ရရှိနိုင်ကြသည်။ သို့သော်လည်း... ထိုသို့သောလုပ်ရပ်မှာ အလွန်အန္တရာယ်များပြီး ပထမအကြိမ် ဆေးထိုးသွင်းခြင်းတွင်ပင် သေဆုံးနိုင်ခြေ မြင့်မားသည်။

ထို့အပြင် ဆေးရည် ပမာဏမှာ သတ်မှတ်ထားသည့် ကန့်သတ်ချက်ထက် ကျော်လွန်ပါက မုဆိုးမှာ ခန္ဓာကိုယ် အတွင်းရှိ ညစ်ညမ်းသည့် သွေးများ၏ အဖျက်စွမ်းအားကို မထိန်းချုပ်နိုင်ဘဲ ကူးစက် ခံရကာ ထူးခြားသော ဖြစ်စဉ်များ ဖြစ်ပေါ်လာမည်။

ထိုဖြစ်စဉ်ကို အဆင့်သုံးဆင့်ခွဲခြားနိုင်သည်။ စရိုက် ပုံပျက်ခြင်း၊ ဆင်ခြင်တုံတရား ဆုံးရှုံးခြင်း၊ နှင့် ရုပ်ပိုင်းဆိုင်ရာ ဗီဇပြောင်းလဲခြင်းတို့ပင် ဖြစ်သည်။

ညစ်ညမ်းသောသွေး၏ အာနိသင်က ပိုမို မြင့်မားလေလေ၊ မုဆိုး၏ စွမ်းအားနှင့် အသွင်ကူးပြောင်းမှု စွမ်းရည်က ပို၍ မြင့်မားလေလေ ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ဗီဇပြောင်းလဲမှု အမျိုးအစားများထဲတွင် အတွေ့ရအများဆုံးမှာ သားရဲ ဗီဇပြောင်းလဲမှု ဖြစ်သည်။

သို့သော်လည်း... ထိုသားရဲ ဗီဇပြောင်းလဲမှုကို ထိန်းချုပ်ရန် မဖြစ်နိုင်လောက်နီးပါးပင်...။

ညစ်ညမ်းသောသွေးကို အလွန်အကျွံ ထိုးသွင်းမိသည့် အချို့သော မုဆိုးများမှာ စိတ်ကူးမယဉ်နိုင်လောက်သည့် ခွန်အားကို ပိုင်ဆိုင်ကြသော်လည်း တစ်ချိန်တည်းမှာပင် သားရဲ ဗီဇပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် ကြီးမားသော ဆင်းရဲဒုက္ခများကို ခံစားကြရသည်။

ကျိကျစ်ရှို့ တစ်ယောက် လက်စားချေရန် လိုအပ်သော ခွန်အားကို ရရှိရန်အတွက် ဒုတိယအကြိမ် ဆေးထိုးရန် စဉ်းစားထားခဲ့သည်။ ထိုနည်းဖြင့် ‘လူသားဆန်မှုကို ဖယ်ရှားပစ်ရန်’ ရည်ရွယ်ခဲ့သည်မှာ မှန်ကန်ပါသည်။

သို့သော် ဤလျှို့ဝှက်ဆန်းကြယ်သည့် စာအုပ်ဆိုင်ပိုင်ရှင်မှာ ညစ်ညမ်းသောသွေးကို ထိန်းချုပ်ရန် နည်းလမ်းအား တကယ်တကယ်ပင် သူမအား ပေးလိမ့်မည်ဟု တစ်ခါမျှ မတွေးမိခဲ့ချေ။

ဆိုလိုသည်က... မုဆိုးများရော မှော်ဆရာများပါ ရှေးဟောင်းခေတ်များ ကတည်းက မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာ တစ်ခု ဖြစ်သည့် သားရဲ ဗီဇပြောင်းလဲမှုကို သူမ ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

“ဝန်ခံချက်များ…”

ခန္ဓာကိုယ်အတွင်းရှိ သွေးများက တဖြည်းဖြည်းချင်း ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာသည်ကို ခံစားမိသော အခိုက်တွင်တော့ ကျိကျစ်ရှို့ တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ကတုန်ကယင် မေးလိုက်တော့သည်။

“ဒါက ရှင် ကျွန်မကို လုပ်စေချင်တဲ့အရာလား...”

သူမ ရှေ့၌ ရပ်နေသည့် လူငယ်မှာ ရူးသွယ်လောက်ဖွယ်ရာ ဖြစ်တည်မှု တစ်ခု ဖြစ်သည်။ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်သူ တစ်ဦးဖြစ်သည်။

ထိုစာအုပ်ထဲမှ အသိပညာများ မုဆိုး အဖွဲ့များ၏ လက်ရှိစနစ် တစ်ခုလုံးကို မှောက်လှန်ပစ်ရန် လုံလောက်သည်ကို သိရှိထားရပေမည်။ ဤနည်းလမ်းသာ လူအများကြား ပျံ့နှံ့သွားပါက မုဆိုးများ အနေဖြင့် ညစ်ညမ်းသောသွေးများ အပေါ်မှီခိုနေရမှုမှ လွတ်မြောက်နိုင်လိမ့်မည် ဖြစ်သည်။

၎င်းမှာ ကမ္ဘာဟောင်းကို ပြောင်းလဲရန် စစ်ပွဲတစ်ပွဲဆင်နွှဲခြင်းနှင့် ညီမျှသော လုပ်ငန်းဖြစ်သည်။ ဤအရာမှ မည်သည့် ရလဒ် ထွက်ပေါ်လာမည်ကို သူမ မသိချေ။ သူမ အနေဖြင့် သူတော်စင် တစ်ဦး အဖြစ် ချီးမြှောက်ခံရနိုင်သလို၊ အပြစ်သား တစ်ဦး အဖြစ်လည်း ရှုတ်ချခံရနိုင်သည်။

မည်သို့ပင်ဆိုစေ... ကံကြမ္မာ၏ ရွေးချယ်မှုမှာ လက်ရှိတွင် သူမ၏ လက်ထဲတွင် ရှိနေခဲ့ပြီ ဖြစ်သည်။ စည်းစနစ် မကျတော့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည့် ကမ္ဘာဟောင်းကို သူမ ပြောင်းလဲလိုသည်။

ကျိကျစ်ရှို့၏ အသက်ရှူသံများမှာ ပိုမို၍လေးလံလာကာ လက်ထဲရှိ စာအုပ်ကို ငုံ့ကြည့်လိုက်လေ၏။ သူမ၏ ဝင်သက်ထွက်သက်များက တိတ်ဆိတ်သော စာအုပ်ဆိုင်ငယ်လေးထဲတွင် ထူးထူးခြားခြား ကျယ်လောင်စွာ ပဲ့တင်ထပ်နေခဲ့လေသည်။

တစ်ဖက်တွင်တော့ လင်ကျဲသည် သူ့ရှေ့တွင် ခေါင်းငုံ့ကျသွားပြီး တုန်ယင်နေသည့် မိန်းကလေးကို ကြည့်ကာ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိသည်။

‘ဘယ်လောက်ပဲ သန်မာတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ်... ချစ်သူနဲ့ လမ်းခွဲရတဲ့အခါ တခြား မိန်းကလေးငယ်တွေနဲ့ မခြားပါဘူးလေ... သူက အမှီအခိုကင်းတဲ့ ပုံကို ဖမ်းထားပေမဲ့ ထိလွယ်ရှလွယ်တဲ့ဘက်ခြမ်းလည်း ရှိနေခဲ့တာပဲ... ငါ အားပေးစကားလေး နည်းနည်း ပြောလိုက်ရုံနဲ့တင် ငိုတော့မလို ဖြစ်နေပြီ...’

သို့သော်လည်း... မျက်ရည်များက ဝမ်းနည်းခြင်း တစ်ခုတည်းကိုသာ ကိုယ်စားပြု နေတတ်သည် မဟုတ်ပါချေ။ ပိုမို တောက်ပသည့် အနာဂတ်ဆီ ဦးတည်ဖို့အတွက် အတိတ်ကို စွန့်လွှတ်ဖို့ အသင့်ဖြစ်နေပြီ ဆိုသည့် နိမိတ်လက္ခဏာလည်း ဖြစ်နိုင်ပေသည်။

ထိရှလွယ်သည့် ဘက်ခြမ်းကို ထုတ်ဖော်ပြီးတဲ့နောက် မိန်းကလေး အတွက် လိုအပ်တာကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးမြှင့်ပေးဖို့ပဲ ဖြစ်သည်။ ကမ္ဘာလောက၏ ကြမ်းတမ်းမှုများကို ရင်ဆိုင်ကာ ဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့အတွက် သူ့ကိုယ်သူ ယုံကြည်ဖို့ သတ္တိ ပေးသင့်သည်။

“ဟုတ်တယ်... ခင်ဗျား လုပ်ရမယ်... လုပ်ကိုလုပ်ရမယ်... နောင်တရတာတွေကို ဖယ်ထားပြီး ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ ရင်ဆိုင်ပါ”

လူငယ်လေးက လေသံနှိမ့်ရင်း ပြောလိုက်၏။ သူက သူမကို စကားပြောနေသလို၊ တစ်ချိန်တည်း၌ ကိုယ့်ကိုယ်ကိုပါ စကားပြောနေပုံ ရသည်။

“နောက်ဆုံးသော တံပိုးသံ မြည်လာတဲ့အခါ ဒီစာအုပ်ကို လက်ထဲမှာ ကိုင်ပြီး တရားသူကြီးရဲ့ရှေ့မှောက်မှာ ကျုပ်ကိုယ်ကျုပ် တင်ပြမယ်... အကျယ်ကြီး ကြွေးကြော်မယ်... ကျုပ် ဒီလိုလုပ်ခဲ့ပါတယ်... ဒါတွေက ကျုပ်ရဲ့ အတွေးတွေပါ... ကျုပ်က ဒီလိုလူပါ... ကျုပ်က တစ်ခါတစ်ရံ ယုတ်မာပြီး ရွံစရာကောင်းပါတယ်... တစ်ခါတစ်ရံမှာတော့ သီလ စောင့်ထိန်းပြီး ရက်ရော မြင့်မြတ်ပါတယ်... ခင်ဗျား ကျုပ်ရဲ့ အနက်ရှိုင်းဆုံးစိတ်ဝိညာဉ်ကို ဖတ်ခဲ့တဲ့ အတိုင်း အတိအကျပါပဲ ဆိုပြီးတော့...”

လင်ကျဲ ရေရွတ်ခဲ့သည်က ဝန်ခံချက်များ စာအုပ်ထဲရှိ မူရင်းစာသားမှ ကောက်နုတ်ချက်တစ်ခု ဖြစ်သည်။ သူက ကျိကျစ်ရှို့ကို ပြုံးရင်း ကြည့်ကာ ဆက်ပြောလိုက်၏

“သားရဲရိုင်းတွေလိုပဲ လူတိုင်းမှာ ဟိုးမူလ အစတည်းက ဆန္ဒတွေ ရှိပါတယ်... ဒါက လက်တွေ့ဘဝပဲ မဟုတ်လား”

ကျိကျစ်ရှို့ ခေါင်းမော့ကြည့်လိုက်ရာ လင်ကျဲက ခွက်ကို မြှောက်လိုက်ရင်း သူမ၏ ခွက်နှင့် ခွက်ချင်း တိုက်လိုက်သည်ကို တွေ့မြင်လိုက်ရ၏။

“မနက်ဖြန် အသစ်တစ်ခုအတွက် ဂုဏ်ပြုလိုက်ရအောင်... ခင်ဗျား ဘယ်လို သဘောရလဲ”

အချိန်အတော်ကြာပြီးနောက်…

ကျိကျစ်ရှို့က စာအုပ်ကို ချထားပြီး ခွက်ကို ရိုရိုသေသေ ကောက်ကိုင်လိုက်သည်။ ထို့နောက်... သူမ ပြုံးလိုက်ရင်း သတိရှိရှိ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်... ဆရာ့ ဆန္ဒအတိုင်း လိုက်နာပါ့မယ်”

ထို့နောက် သူမက ရေနွေးခွက်ကို တစ်ကျိုက်တည်း မော့သောက် လိုက်လေ၏။

“...”

လင်ကျဲ တစ်ယောက် သူမ၏ လုပ်ရပ်ကို သတိထားမိရာ ဆွံ့အ သွားခဲ့သည်။

ထိုမိန်းကလေးက ရေနွေးကြမ်း တစ်ခွက်လုံးကို တစ်ကျိုက်တည်း မော့ချလိုက်သည်လား။ တကယ်တော့ သူက သူမ နွေးထွေးစေဖို့အတွက် ရေနွေးပူပူလေး နည်းနည်း သောက်စေချင်ရုံသာ ဖြစ်သည်။

ထို့အပြင်... သူက ရေနွေးခွက်ကို ခုနကမှ ထပ်ဖြည့်ပေးထားခြင်း ဖြစ်သည်။ ၎င်းက ပွက်ပွက်ဆူနေတုန်း ရှိသေးသည်။

သူမ မည်ကဲ့သို့ တစ်ခွက်လုံးကို မျက်စိတစ်မှိတ်အတွင်း မော့ချနိုင်သနည်း။

‘ထားလိုက်ပါလေ...’

လင်ကျဲ စိတ်ထဲမှ တွေးလိုက်သည်။ ထိုသနားစရာ မိန်းမလှလေးမှာ ချစ်သူနှင့် အခုမှ လမ်းခွဲထားခြင်း ဖြစ်လေရာ စိတ်အခြေအနေက သိပ်မမှန်သေးတာ ဖြစ်နိုင်သည်။

လင်ကျဲ စိတ်မသက်မသာဖြင့် လက်ထဲမှ ခွက်ကို ချလိုက်၏။ ခဏတာမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် သူက မေးရန် ဆုံးဖြတ်လိုက်သည်။

“ဆေးရုံသွားဖို့ လိုသေးလား”

ကျိကျစ်ရှို့က ခေါင်းခါပြလိုက်သည်။

“စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်... ကျွန်မ အဆင်ပြေပါတယ်”

သူမ၏ ဒဏ်ရာအများစုမှာ စကားပြောဆိုနေစဉ်အတွင်း ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။ ၎င်းက ညစ်ညမ်းသောသွေး၏ စွမ်းအားပင်။

‘အင်းလေ... ဒီလို ဆိုတော့လည်း သူ အဆင်ပြေတယ်လို့ပဲ ယူဆလိုက်မယ်... တကယ်ကြီး ပါးစပ်ကို ရေနွေးပူလောင်သွားရင် ဒီလို ပေါ့ပေါ့ပါးပါးမျိုးတော့ ဆက်ပြောနိုင်မှာ မဟုတ်ဘူး...’

“ခင်ဗျား နားချင်သေးလား...”

လင်ကျဲ ကောင်တာအောက်မှ ထီးနက်တစ်ချောင်းကို ထုတ်ယူလိုက်ရင်း လှုပ်ခါလိုက်သည်။

“ကျွန်တော့်ရဲ့ ဆိုင်လေးက အတော်လေး ကျဉ်းတော့ နေရာသိပ်မရှိတာ တောင်းပန်ပါတယ်... ဒါကြောင့် ညနေခင်းလောက် အထိတော့ ခင်ဗျား ဒီမှာ ဆက်နေလို့ ရပါတယ်”

“ဒီမှာ ထီးပါ... ဒီစာအုပ်နဲ့အတူ ယူသွားလို့ရပါတယ်... စာအုပ်ပြန်အပ်ရမယ့်ရက်က တစ်လဖြစ်ပါတယ်... နောက်ထပ် ခုနစ်ရက်အထိ အများဆုံး သက်တမ်းတိုးနိုင်ပါတယ်... စာအုပ်ပြန်အပ်ဖို့ လာတဲ့အခါ ထီးကိုလည်း တစ်ပါတည်း ယူလာဖို့ မမေ့ပါနဲ့”

လင်ကျဲ၏ ဆိုင်လေးကို စာအုပ်ဆိုင် ထက် စာအုပ်ဂိုဒေါင်လို့ ခေါ်တာက ပိုသင့်တော်ပေလိမ့်မည်။ ဆိုင်ထဲ၌ စာအုပ်များမှလွဲ၍ စာအုပ်စင်များသာ ရှိသည်။

“ခဏနေ ကျွန်မ သွားမှာပါ...”

ကျိကျစ်ရှို့က ထီးကို ယူလိုက်သည်။ ထို့နောက်... လင်ကျဲ ကမ်းပေးသည့် စာရင်းစာအုပ်ကို လက်ခံလိုက်ရင်း ပေးထားသည့် ဇယားအတိုင်း နာမည်နှင့် စာအုပ် အမည်တို့ကို ဖြည့်စွက်လိုက်သည်။

ထို့နောက် သူမက လင်ကျဲကို မော့ကြည့်ရင်း စကားလုံး အသုံးအနှုန်းများကို သတိထားကာ မေးလိုက်သည်။

“ဆရာ့အကြောင်း နည်းနည်းလောက် ပိုသိလို့ ရမလား”

“...”

***

All Chapters