မျက်နှာမဲ့ မဟူရာ အကြေးခွံ ပိုင်ရှင်
Vol. 1 Ch. 5
လင်ကျဲ တစ်ယောက် မိန်းကလေးထံမှ တောင်းဆိုမှုကြောင့် ဆွံ့အ သွားခဲ့၏။
‘ငါ့အကြောင်း ဟုတ်လား... ငါ့စကားတွေက လွန်တော့ မသွားပါဘူးနော်... ဒါမှမဟုတ် အသည်းကွဲနေတဲ့ မိန်းကလေးတွေက ဒီလောက် ထိရှလွယ်တာလား..’
သူ၏ မျက်လုံးများမှာ ပြူးထွက် လာတော့မလို ဖြစ်သွားသော်လည်း ထိုအမူအရာကို မပေါ်အောင် ဖုံးကွယ်ကာ အမြန် ပြုံးပြလိုက်သည်။
“ကျွန်တော်က လင်ကျဲပါ... တခြားသူတွေကို ကူညီရတာ ကြိုက်တဲ့ သာမန် စာအုပ်ဆိုင်ပိုင်ရှင်လေး တစ်ယောက်ပါ”
သူက စာအုပ်ကို ပလတ်စတစ်အိတ်ထဲသို့ ထည့်လိုက်ရင်း စာရင်းစာအုပ်၌ မိန်းကလေး ရေးထားသည့် အမည်ကို ကြည့်လိုက်သည်။
‘ကျိကျစ်ရှို... ဟမ်...’
မြေအောက်အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းရှင်ကြီး ကျိပိုတုန်း၏ တစ်ဦးတည်းသော သမီးမှာလည်း ကျိကျစ်ရှို့ပင် ဖြစ်သည်။
လင်ကျဲ သူ့ရှေ့ရှိ မိန်းကလေးကို ပြန်ကြည့်လိုက်သည်။ သူမက သေချာ ချုပ်လုပ်ထားပုံ ရသည့် ညနေခင်း ဝတ်စုံကို ဝတ်ဆင်ထားသည်။ ၎င်းက သာမန်လူတစ်ယောက် တတ်နိုင်သည့် ဝတ်စုံတော့ မဟုတ်ချေ။
စာရင်းစာအုပ်ကို တိတ်တဆိတ် ပြန်လည် ယူလိုက်ရင်း လင်ကျဲ တစ်ယောက် စိတ်တည်ငြိမ်အောင် မနည်း ထိန်းသိမ်းနေရ၏။
‘အတော်လေး ကြီးတဲ့ငါးပဲ... ငါ သေချာပေါက် လိမ်လို့… အဲလေ... စာအုပ်ဆိုင်ကို ပြန်မွမ်းမံဖို့ လုံလောက်တဲ့ ငွေတွေ ရှာနိုင်ဖို့ အခွင့်အရေးပဲ”
အခြားတစ်ဖက်၌ ကျိကျစ်ရှို့ကတော့ လင်ကျဲက သူ့ အကြောင်းကို ထုတ်ဖော်ရန် ဆန္ဒမရှိဟု ယူဆလိုက်သည်။ ထိုတုံ့ပြန်မှုကြောင့် သူမ စိတ်ပျက်မသွားခဲ့ပေ။ ဆန့်ကျင်ဘက်ပင်... မျှော်လင့်ချက်များ ပို၍ တိုးပွားလာသည်ဟု ခံစားလိုက်ရ၏။
ဤသည်က စမ်းသပ်မှု တစ်ခု ဖြစ်ကာ သူမကိုယ်သူမ ထိုက်တန်ကြောင်း သက်သေပြရမည်ဟု တွေးလိုက်မိသည်။ သူမ အနေဖြင့် သစ္စာဖောက်အားလုံးကို ကိုယ်ပိုင်ခွန်အားဖြင့် ဖယ်ရှားပစ်ကာ သတ်မှတ်ထားသည့် တစ်လအတွင်း ပြန်လာရန် လိုအပ်သည်။
ထို့နောက်... ဤဆရာသခင်ထံတွင် သူမ နောက်တစ်ဆင့်ကို ရှာဖွေနိုင်လိမ့်မည် ဖြစ်သည်။
ကျိကျစ်ရှို့သည် ကောင်တာမှ နောက်သို့ နှစ်လှမ်းဆုတ်လိုက်သည်။ လက်မောင်းကြားတွင် ကြိမ်လုံးကို ညှပ်ရင်း လက်တစ်ဖက်စီတို့၌ စာအုပ်နှင့် ထီးကို ကိုင်ဆောင်ကာ ခါးကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်သည်။
“အေးချမ်းသာယာတဲ့ ညလေး ဖြစ်ပါစေ...”
လင်ကျဲ ခေါင်းကုတ်လိုက်သည်။ ကျိကျစ်ရှို့မှာ ချမ်းသာသည့် သူဌေးသမီး တစ်ဦး ဖြစ်သော်လည်း ယဉ်ကျေး ပျူငှာသူလေး တစ်ယောက် ဖြစ်ပုံ ရသည်။ ထိုမျှ ချစ်စရာ ကောင်းသည့် မိန်းကလေးကို ဘယ်လို ငမိုက်သားက ထားသွားသနည်း။
ကျိကျစ်ရှို့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ခန္ဓာကိုယ်ကို ပြန်လည် မတ်တပ်ရပ်လိုက်သည်။ သူမ ဆိုင်ထဲမှ ထွက်လာကာ တံခါးကို ပိတ်လိုက်၏။ ထို့နောက်... ထီးကိုဖွင့်ကာ မိုးရေထဲသို့ လမ်းလျှောက် ထွက်ခွာသွားတော့သည်။
သို့သော်လည်း... ရုတ်တရက်ပင် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက တောင့်တင်းသွားကာ ကြိမ်လုံး၏ ခလုတ်ကို အချိန်မရွေး နှိပ်ဖို့ အသင့်ပြင်လိုက်၏။ ထီးဆောင်းထားသည့် ခါးကုန်း လူအိုကြီး တစ်ယောက်မှာ သူမဆီသို့ လျှောက်လာနေသည်။ သူက လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသည်။
မိုးသည်းထန်စွာ ရွာသွန်းနေသည့် ကြားမှပင် ကျိကျစ်ရှို့ တစ်ယောက် မလှုပ်မယှက် ရပ်နေခဲ့မိ၏။ လူအိုကြီး ဖြည်းညင်းစွာပင် ဖြတ်ကျော်သွားသည့် အချိန်အထိ သူမ မဟူရာ ကြိမ်လုံး၏ ယန္တရားကို အသက်သွင်းနိုင်ခဲ့ခြင် မရှိပါချေ။
သူမ မလုပ်ချင်လို့ မဟုတ်ချေ။ မမြင်နိုင်သည့် စွမ်းအား တစ်ခုက ဝန်းရံကာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို တောင့်တင်း သွားစေခဲ့သောကြောင့် ဖြစ်သည်။ မိန်းကလေး၏ ကျောပြင်မှာ ချွေးအေးများနှင့် စိုရွှဲ လာခဲ့၏။
လူအိုကြီးမှာ ဦးထုပ်တစ်လုံးကို ဆောင်ထားကာ ခေတ်နောက်ကျသည့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ အကြည့်က ကျိကျစ်ရှို့ ကိုင်ထားသည့် စာအုပ်ဆီသို့ ထူးဆန်းစွာ ရောက်ရှိသွား၏။
“ဒီစာအုပ်ပါလား... ကံကောင်းလိုက်တဲ့ မိန်းကလေး...”
သူက ခပ်ကြမ်းရှရှ အသံဖြင့် တီးတိုးပြောလိုက်သည်။
အနက်ရောင်ထီးအောက်မှ နေ၍ လူအိုကြီး၏ မျက်နှာကို ဖုံးကွယ်ထားသည့် ရှေးဟောင်း မဟူရာသံ မျက်နှာဖုံးကို ကျိကျစ်ရှို့ ဝါးတားတား လှမ်းမြင်လိုက်ရ၏။ ထိုမျက်နှာဖုံးအောက်တွင်တော့ ပုလဲလုံး သဏ္ဌာန် မြွေမျက်လုံးများက စူးရှစွာ တောက်ပရင်း သူမကို လှမ်းကြည့် နေခဲ့သည်။
စက္ကန့်ပိုင်း အတွင်းမှာပင် လူအိုကြီးမှာ အတော်လေး ကျော်သွားခဲ့၏။ ကျိကျစ်ရှို့ အဘိုးကြီး ဆွဲလာသည့် စာအုပ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အနက်ရောင် မျက်နှာဖုံးထက်၌ အနီရောင် စာလုံးများဖြင့် “ဟင်းလင်းပြင် ငြိမ်းသတ်ခြင်း“ ဟု ရေးသားထားသည်ကိုသာ တစ်ချက် လှမ်းမြင်လိုက်ရသည်။
အေးအေးစက်စက်နှင့် ထူးဆန်းသည့် ခံစားချက် တစ်ခုက သူမ၏ အရည်ပြားများပေါ် တွားသွားတက်လာသလို ခံစားလိုက်ရ၏။
“ဟူး…”
ကျိကျစ်ရှို့ သက်ပြင်းတစ်ချက် ချရင်း စာအုပ်ဆိုင်ဘက်ဆီသို့ ပြန်လှည့်ကြည့်လိုက်သည်။ တံခါးကို ဖြည်းဖြည်းချင်း ပိတ်လိုက်ချိန်တွင် ခပ်တိုးတိုး ထွက်ပေါ်လာသည့် အသံများကို သူမ ကြားလိုက်ရ၏။
“ကြိုဆိုပါတယ်… အဘိုးဝယ်လ်... ခင်ဗျား စာအုပ်ပြန်အပ်ဖို့ လာတာလား”
“ဆရာလေးလင်... ဒီနာမည်က ကျွန်တော်တို့ရဲ့ ခင်မင်မှုကို ကိုယ်စားပြုတယ် ဆိုပေမဲ့လို့ နည်းနည်းတော့ ထူးဆန်းနေတုန်းပဲ... ကျွန်တော့်ကို နာမည်ရင်းပဲ ခေါ်လို့ မရဘူးလား”
“ဒါပေါ့... ရတာပေါ့... မစ္စတာဝယ်လ်”
“ဟူး… ဒါမှ ပိုပြီး သက်သောင့်သက်သာ ရှိတာပေါ့... ဒါနဲ့ ဆရာလေးလင်... ခင်ဗျား ဖောက်သည်အသစ် ရထားတာကို ကျွန်တော် သတိထားမိတယ်...”
“ဟုတ်တယ် အဘိုးဝယ်လ်”
“ကျွန်တော့် နာမည်… ထားပါတော့... ခင်ဗျား အမြဲတမ်း ဖတ်နေပုံရတဲ့ စာအုပ်ကို အဲဒီ ဖောက်သည်အသစ်ဆီ ငှားပေးလိုက်တာ ကျွန်တော် သတိထားမိတယ်... ကြည့်ရတာ ဆရာလေးလင်က သူ့ကို သဘောကျတဲ့ ပုံပဲ... ဘာပဲဖြစ်ဖြစ်... ကျွန်တော် ငှားခဲ့တဲ့ စာအုပ်က ဒီမှာ”
“ဟုတ်တယ်... ကျွန်တော် မကြာခဏဖတ်ဖြစ်တဲ့ စာအုပ်ပါပဲ... ဒီစာအုပ်က သူနဲ့ အံကိုက်ဖြစ်နေတယ်... ဒါနဲ့ ကျွန်တော် မှတ်မိသလောက်ဆိုရင် လောင်းကြေးက ရက် ၃၀ မလား... ခင်ဗျားက ရက် ၂၀ အတွင်း ပြန်လာတယ် ဆိုတော့ ကျွန်တော် နိုင်ပြီပေါ့... ဒီစာအုပ်က အသက်ကြီးတဲ့သူတွေအတွက် အရမ်းရှုပ်ထွေးတယ်လို့ ကျွန်တော် ပြောတုန်းက ခင်ဗျား ကျွန်တော့်ကို မယုံခဲ့ဘူး...”
“ဆရာလေးရဲ့ စကားကို သံသယဝင်မိတဲ့အတွက် တောင်းပန်ပါတယ်... ကျွန်တော် ရှုံးတယ် ဆိုတာ ဝန်ခံပါတယ်... ဒီစာအုပ်က အရမ်းနက်နဲလွန်းတယ်... လျှို့ဝှက် ဆန်းကြယ်ပြီး မသိနားမလည်နိုင်တဲ့ အရာတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီး တစ်ခုလိုပဲ... အာကာသ၊ အချိန်၊ မွေးဖွားခြင်း၊ ဘဝနဲ့ သေခြင်းတရားရဲ့ ကန့်သတ်ချက်တွေကိုတောင် ကျော်လွန်နေတယ်... ကျွန်တော့်ရဲ့ မဖြစ်စလောက် အသိဉာဏ်လေးနဲ့ ခန့်မှန်းရမယ် ဆိုရင် ဒီလို အထင်ကရလက်ရာမျိုးကို ရေးသားသူက ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ရမယ်လို့ပဲ စိတ်ကူးကြည့်လို့ ရပါတယ်”
“ဟုတ်တာပေါ့... သူက စာပေလောကရဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီး တစ်ဦးပါ... ခုတော့ ကွယ်လွန်သွားပါပြီလေ...”
“အထင်ကရ ပုဂ္ဂိုလ်ကြီး... အံ့ဩစရာ မရှိတော့ပါဘူး…”
အဘိုးဝယ်လ်၏ အသံက တဖြည်းဖြည်းချင်း တိုးဝင် သွားခဲ့၏။
...
ကျိကျစ်ရှို့၏ အာရုံစိုက်မှုများက သူမ၏ လက်ထဲရှိ စာအုပ်နှင့် ထီးဆီသို့ ပြန်လည် ကျရောက်သွားသည်။ စာအုပ်ဆိုင် ပိုင်ရှင်နှင့် ပုံမှန်ဖောက်သည်ကြားမှ စကားပြောဆိုမှုက တကယ်ကို ပေါ့ပေါ့ပါးပါး ဖြစ်သည်။ နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့သည့် ခင်မင်ရင်းနှီးမှု၏ ပြရုဂ်တစ်ခု ဖြစ်ပုံရသည်။
သို့သော်လည်း ထိုအဖိုးကြီးနှင့် တွေ့ဆုံခဲ့မှု အကြောင်း ပြန်ပြောင်း သတိရမိသောအခိုက်၌ ကျိကျစ်ရှို့ ချွေးအေးများ စီးကျလာခဲ့၏။
‘မျက်နှာမဲ့ မဟူရာ အကြေးခွံ ပိုင်ရှင် ဖရန့်ခ် ဝယ်လ်...
ဖျက်ဆီးခြင်း အဆင့် အောက်လမ်း ပညာရှင် တစ်ဦး...
မြွေလူသား သွေးမျိုးဆက်မှ ပေါ်ထွန်းလာသည့် အစိမ်းရင့်ရောင် မျက်ဝန်းများနှင့် မဟူရာ သံမျက်နှာဖုံးတို့မှာ သူ၏ ထူးခြားသည့် လက္ခဏာရပ်များပင် ဖြစ်သည်။
ကြင်နာသည့် ရုပ်ရည်ရှိသော်လည်း ထိုအဖိုးကြီးသည် ကြောက်မက်ဖွယ်ကောင်းလောက်သည့် ဂုဏ်သတင်းမျိုး ရှိသူ ဖြစ်သည်။ သူကို ထောင်ပေါင်းများစွာသော လူများ၏ သွေးဖြင့် စွန်းထင်းနေသည့် ရက်စက်သော လူသတ်သမားအဖြစ် လူသိများသည်။
တစ်ချိန်က မျက်နှာမဲ့ မဟူရာ အကြေးခွံ ပိုင်ရှင်မှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ မဟာ ရောင်စဉ် သူရဲကောင်း ဆယ်ဦးနှင့် ရင်ဆိုင်ခဲ့ကာ အချင်း ကီလိုမီတာ ထောင်ချီသည့် ဧရိယာကို ဖျက်ဆီး ပစ်ခဲ့သည်။ ထို့ကြောင့်ပင် အခြားသူများက သူ့ကို ဖျက်ဆီးခြင်း အဆင့် အောက်လမ်း ပညာရှင် အဖြစ် အသိအမှတ် ပြုခဲ့ကြသည်။
သို့သော်လည်း... ထိုဖြစ်ရပ်နောက်ပိုင်းတွင် မျက်နှာမဲ့ မဟူရာ အကြေးခွံ ပိုင်ရှင်မှာ အမည်မသိ အကြောင်းပြချက်အချို့ကြောင့် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့တော့သည်။
***