ဘဝ ကူးပြောင်းလာသူ လင်ကျဲ
Vol. 1 Ch. 6
၁၇၈၈ ခုနှစ်တွင် အမှန်တရား အသင်းတော်မှ သတ်မှတ်ပြဋ္ဌာန်းခဲ့သည့် စည်းမျဉ်းများအရ ထူးခြားသော သတ္တဝါများကို အဆင့် လေးမျိုး ခွဲခြားသတ်မှတ်ခဲ့သည်။ ၎င်းကို ‘ထူး၊ ရဲ၊ ဖျက်၊ ရာ ခွဲခြားသတ်မှတ်ခြင်း ဥပဒေ’ အဖြစ် လူသိများခဲ့သည်။ ထိုအချိန်မှစ၍ အမှန်တရား အသင်းတော်မှာ ထူးခြားသော သတ္တဝါများ၏ စာရင်းအပြင် သူတို့၏ အဆင့်ပြောင်းလဲမှုများကိုပါ နှစ်စဉ် ထုတ်ပြန်ခဲ့သည်။
ထူး၊ ရဲ၊ ဖျက်၊ ရာ ခွဲခြားမှုမှာ အောက်ပါအတိုင်း ဖြစ်သည်။
• ထူးခြား အဆင့်
• ငရဲဘုံ အဆင့်
• ဖျက်ဆီးခြင်း အဆင့်
• အခရာ အဆင့်
ဝယ်လ်၏ နာမည်မှာ ထိုစာရင်းတွင် ‘တည်နေရာ မသိ’ ၊ ‘လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်မှ မျက်နှာမဲ့ မဟူရာ အကြေးခွံ ပိုင်ရှင်၏ တည်နေရာအတွက် ဆုငွေပေးမည်’ ဟူသော မှတ်ချက်များဖြင့် မကြာခဏ ဆိုသလို ဖော်ပြခြင်း ခံရသော်လည်း သူ၏ ဖျက်ဆီးခြင်း အဆင့် အဆင့်အတန်းကတော့ ဘယ်သောအခါမှ မပြောင်းလဲခဲ့ပါချေ။
ဤနေရာတွင် သိထားသင့်သည့် အချက်တစ်ချက်က... နော်ဇင် မြို့တော် အထက်တန်း အလွှာ၌ ဖျက်ဆီးရေး အဆင့် ပုဂ္ဂိုလ် အရေအတွက် လက်ဆယ်ချောင်းပင် မပြည့်ခြင်း ဖြစ်သည်။ တကယ်တော့ အဇီး တစ်နိုင်ငံလုံးတွင်ပင် ဖျက်ဆီးခြင်း အဆင့် ပုဂ္ဂိုလ် တစ်ရာ မရှိချေ။
လွန်ခဲ့သည့် နှစ်ကာလများကတည်းက ပျောက်ကွယ်သွားခဲ့သည့် ရက်စက်ကြမ်းကြုတ်သော အောက်လမ်းဆရာမှာ အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာရသနည်း။ ထို့အပြင် သူက ထိုလူငယ်လေးနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးရှိပုံရသည်။
ကျိကျစ်ရှို့ အသက်ပြင်းပြင်း ရှူလိုက်ရင်း လျင်မြန်စွာ ထွက်ခွာသွားခဲ့၏။
စာအုပ် ဆိုင်ပိုင်ရှင်မှာ အမှန်တကယ်ပင် မယုံနိုင်လောက်အောင် အစွမ်းထက်ကာ လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာတစ်ဦးပင် ဖြစ်နိုင်သည်။ ဝယ်လ် နှင့် ဆင်တူစွာပင် သူသည်လည်း ဖျက်ဆီးခြင်း အဆင့် ဖြစ်နိုင်ပါသည်။ သည်တစ်ခါတော့ မှီခိုအားထားစရာ ကျောထောက်နောက်ခံ တစ်ခုကို သူမ ရှာတွေ့ခဲ့ပြီ ထင်သည်။
...
လင်ကျဲ “နှစ် ၁၀၀ အထီးကျန်ခြင်း” စာအုပ်ကို ယူ၍ စင်ပေါ်သို့ ပြန်တင်လိုက်သည်။
“အဘိုးဝယ်လ်... ဒီနေ့ ခင်ဗျားကို ကြည့်ရတာ နည်းနည်း စိတ်ဓာတ်ကျနေပုံရတယ်နော်”
ဝယ်လ်မှာ ဤဆိုင်ငယ်လေး၏ ပုံမှန်ဖောက်သည်တစ်ဦးဟု သတ်မှတ်နိုင်သည်။ လင်ကျဲ၏ ဟောင်းနွမ်းနေသည့် စာအုပ်ဆိုင် ကလေးမှာ ဖောက်သည်များ ဝင်ရောက်မှု နည်းပါးလှကာ ပုံမှန်ဖောက်သည် အရေအတွက်ကို လက်ချောင်းများဖြင့်ပင် လွယ်လွယ်ကူကူ ရေတွက်နိုင်သည်။
သို့သော်လည်း လင်ကျဲသည် သူတို့တစ်ဦးချင်းစီကို စိတ်ရင်းမှန်ဖြင့် ပေါင်းသင်းဆက်ဆံကာ နက်ရှိုင်းသော သံယောဇဉ်ကို တည်ဆောက်ခဲ့သည်။ ထိုမှတစ်ဆင့်... သူတို့ကို ပုံမှန် လာရောက်လည်ပတ်စေရန် တွန်းအားပေးခဲ့သည်။
ဝယ်လ်သည် လွန်ခဲ့သော နှစ်နှစ်က ဤစာအုပ်ဆိုင်လေးသို့ ပထမဆုံး ခြေချခဲ့သည်။ ထိုအချိန်မှစ၍ သူက စာအုပ်အသစ်များကို ငှားယမ်းရန် စုစုပေါင်း ငါးကြိမ် လာရောက်ခဲ့သည်။
လင်ကျဲနှင့် ဖောက်သည်များ၏ စကားဝိုင်းကို ဆန်းစစ်ရပါက ပုံမှန် ငှားရမ်းသည့် ကာလမှာ တစ်လ ဖြစ်သည်ကို သတိပြုမိပေလိမ့်မည်။ တစ်နည်းအားဖြင့် ဝယ်လ်သည် နှစ်နှစ်ကာလအတွင်း ၂၄ လအနက်မှ ၄ လကို ဤနေရာလေးတွင် မြှုပ်နှံထားခဲ့သည်။ ၎င်းက သူ၏ အချိန် ခြောက်ပုံတစ်ပုံနှင့် ညီမျှသည်။
စာအုပ်ဆိုင်လေးကို စတင် ဖွင့်လှစ်ခဲ့သည့် သုံးနှစ်အတွင်း ပထမနှစ်တွင် လင်ကျဲ အတွက် ဖောက်သည် မရခဲ့သလောက် ဖြစ်သည်။ ထို့ကြောင့် ဝယ်လ်ကို သူ့ ဆိုင်ငယ်လေး၏ ဝါရင့် ပုံမှန်ဖောက်သည်အဖြစ် သတ်မှတ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဆရာလေးလင် အဖြစ် လူအိုကြီးကို မကြာခဏ လမ်းညွှန်မှုနှင့် အကြံဉာဏ်များ ပေးခဲ့သူလည်း ဖြစ်သည်။
“ဟူး...”
လင်ကျဲ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ သက်ကြီးရွယ်အိုများ၊ အထူးသဖြင့် အဖော်နေသည့် လူအိုကြီးများမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပါက အမှန်တကယ်ပင် ထိခိုက်လွယ်သည်။
ဝယ်လ်မှာ ထိုသို့သော အဖော်မဲ့ လူအိုကြီး တစ်ဦး ဖြစ်သည်။
လင်ကျဲ ကြားသိခဲ့ရသလောက် အဘိုးဝယ်လ်တွင် ကွဲကွာနေသည့် သားသမီးနှစ်ဦးနှင့် ကွယ်လွန်သွားပြီ ဖြစ်သည့် ချစ်သူတစ်ဦးတို့ ရှိခဲ့သည်။ သူက လုပ်ဖော်ကိုင်ဖက်များ၏ ဖယ်ကျဉ်ခြင်းကို ခံခဲ့ရပြီး ထူးခြားသည့် ရုပ်ရည်ကြောင့်လည်း အခြားသူများ၏ ကြောက်ရွံ့ခြင်းကို ခံခဲ့ရသည်။ သူက နော်ဇင်မြို့ကြီးတွင် တစ်ကိုယ်တည်း ဘဝကို နေထိုင်ခဲ့ရသည်။
အဘိုးဝယ်လ်ထံတွင် စားဝတ်နေရေး ချို့တဲ့မှုမရှိသော်လည်း သူ၏ ဘဝ အတွက် အရေးကြီးသည့် စိတ်ပိုင်းဆိုင်ရာ ကဏ္ဍတွင်တော့ ကြီးမားသော လစ်ဟာမှုများ ရှိနေခဲ့သည်။
ထိုချို့တဲ့မှုမှာ မိတ်ဆွေများနှင့် မိသားစု၏ ဂရုစိုက်မှု မရှိခြင်း တစ်ခုတည်းကြောင့်သာ ဖြစ်ပေါ်လာခြင်း မဟုတ်ချေ။ အရေးအကြီးဆုံးမှာ ရွယ်တူများထံမှ အသိအမှတ်ပြုမှု ကင်းမဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
အဘိုးဝယ်လ်သည် ဘာသာဗေဒ ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်ပြီး ရှားပါးသော ဘာသာစကား အမျိုးအစားအားလုံးကို သုတေသနပြုရာတွင် အလွန်စိတ်ဝင်စားသည်။ ထိုကဲ့သို့ လူများမှာ နောက်ဆုံးတွင် တစ်ကိုယ်တည်းနေသားကျသွားကြသော်လည်း အခြားသူများ၏ မျှဝေ နားလည်မှု မရှိခြင်း ဝေဒနာကိုတော့ ခံနိုင်ရည်ရှိရန် ခက်ခဲနေဆဲ ဖြစ်သည်။
ထို့ကြောင့်ပင်... လင်ကျဲမှာ လူအိုကြီးကို ကူညီဖေးမ ပေးဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ပထမဆုံး တွေ့ဆုံချိန်မှစ၍ လင်ကျဲမှာ အဘိုးဝယ်လ်ကို မျက်လုံးချင်းဆုံ၍ လေးစားစွာ ဆက်ဆံခဲ့သည်။ ထို့အပြင် အဘိုးဝယ်လ် ရောင်းရန် ယူဆောင်လာသည့် စာအုပ်များထဲမှ အချက်အလက်အနည်းငယ်ကို သူ ခန့်မှန်းနိုင်ခဲ့သည်။
နောက်ဆုံး၌ သူက အဘိုးဝယ်လ်ကို “ဝင်ကျိုးဘာသာစကား” စာအုပ်ကို လေ့လာဖို့ ပေါ့ပေါ့ပါးပါး အကြံပြုခဲ့သည်။
“နတ်ဆိုး ဘာသာစကား” ဟု နာမည်ပြောင် ပေးထားခြင်း ခံရသည့် ဝင်ကျိုးဘာသာစကားကို တရုတ်နိုင်ငံတွင် အခက်ခဲဆုံး ဘာသာစကားများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသည်။ ဝင်ကျိုး စီရင်စုနယ် ကိုယ်တိုင်တွင်ပင် ထိုဘာသာစကား၏ ကွဲပြားသော ပုံစံ ၁၂ မျိုးကျော် ရှိသည်။ ထို့အပြင် စစ်ပွဲကာလအတွင်း ဝင်ကျိုးဘာသာစကားကို ရန်သူများ မည်သည့်နည်းနှင့်မျှ မဖော်ထုတ်နိုင်သည့် လျှို့ဝှက်ကုဒ်အဖြစ် အသုံးပြုခဲ့ဖူးသည်။
စာအုပ်ကို စတင် ဖတ်လိုက်သည်နှင့် အဘိုးဝယ်လ်၏ အမူအရာမှာ မျက်မှောင်ကြုတ်ခြင်းမှသည် သံသယ ဖြစ်ခြင်း၊ ထိုမှတစ်ဆင့် ကြောက်ရွံ့ခြင်း၊ နောက်ဆုံး၌...
“နတ်ဆိုး... ဒါက တကယ်ကို နတ်ဆိုးဆန်တယ်...”
ဟု ဝမ်းသာ အားရ ကြွေးကြော်မှု အထိ အမျိုးမျိုး ပြောင်းလဲ သွားခဲ့သည်။ ထိုသို့သော မြင်ကွင်းက လင်ကျဲအား လူ့ဘဝ အနှစ်သာရ၏ အရေးပါမှုကို ခံစားစေခဲ့သည်။
ဘဝ အတွက် အကြံပေးဆရာတစ်ဦး၏ ပျော်ရွှင်မှုမှာ ဤမျှရိုးရှင်းကာ ပျင်းရိဖွယ်ကောင်းနိုင်သည်။
သို့သော်လည်း... ဤအဇီး ဟုခေါ်သော တိုင်းပြည်၌ ဝင်ကျိုး စီရင်စုနယ် မရှိသလို တရုတ်နိုင်ငံလည်း မရှိလေရာ ထိုစာအုပ်မှာ ကာလ ကြာရှည်စွာ ပျောက်ဆုံးနေသည့် နေရာနှင့် အချိန်တို့မှ လာကြောင်းကိုသာ လင်ကျဲ ရှင်းပြနိုင်ခဲ့သည်။
မှန်ပေ၏။ လင်ကျဲမှာ ကမ္ဘာဟု ခေါ်သည့် ဂြိုဟ်ပြာပြာ ကလေးမှ နေ၍ ဤအဇီး အမည်ရှိ တိုင်းပြည်ထံ ကမ္ဘာ ကူးပြောင်းလာသူတစ်ဦးဖြစ်သည်။
အပြောကျယ်လှသည့် စကြဝဠာထဲတွင် အခြား ကမ္ဘာကူးပြောင်းလာသူများ အများအပြား ရှိသော်လည်း သူက တမူ ထူးခြားသူ ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဖြေက ရှင်းပေသည်။ သူ၏ ကမ္ဘာ ကူးပြောင်းမှုက တစ်စိတ်တစ်ပိုင်းအားဖြင့် ဆန္ဒအလျောက် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။
ဖြစ်ရပ် တစ်ခုလုံးမှာ သူ၏ ဝါသနာမှ အစပြုခဲ့ပေသည်။
ကမ္ဘာမြေမှာတုန်းက လင်ကျဲမှာ စာအုပ်များကို စွဲလမ်းစွာ စုဆောင်းနေသူ တစ်ဦး ဖြစ်သည်။ သူ၏ အကြီးမားဆုံးသော ဆန္ဒမှာ ကမ္ဘာပေါ်တွင် ရိုက်နှိပ်ထားသမျှ စာအုပ်အားလုံးကို စုဆောင်းရန်ဖြစ်သည်။
သူ ဖတ်နိုင်သည်ဖြစ်စေ၊ မဖတ်နိုင်သည်ဖြစ်စေ... စာအုပ်များ အားလုံးကို စင်များထက်တွင် သပ်သပ်ရပ်ရပ် စီထားသည်ကို မြင်ရခြင်းကပင် သူ့ကို စိတ်လှုပ်ရှားစေရန် လုံလောက်သည်။
သို့သော်လည်း... ဤမျှ ကြီးမားသော လုပ်ငန်းကို သူ့ တစ်ဦးတည်း ဆောင်ရွက်ရန် မဖြစ်နိုင်ပါချေ။ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းတွင်ပင် လေးငါးနှစ်တိုင်း စာအုပ်အသစ် ကိုးသောင်းကျော် ရိုက်နှိပ်နေသည်။ စာအုပ် တစ်အုပ်လျှင် ၄၅ ယွမ်ကျသည်ဟု ယူဆပါက အားလုံးဝယ်ယူရန်အတွက် ယွမ် ၄ သန်းလောက် လိုအပ်လိမ့်မည် ဖြစ်သည်။
ကမ္ဘာပေါ်ရှိ စာအုပ်အားလုံး မဆိုထားနှင့်...။ တရုတ်နိုင်ငံရှိ စာအုပ်အားလုံးကို စုဆောင်းရန် အတွက်ပင် ငွေကြေးအရ မဖြစ်နိုင်ပါချေ။
၎င်းမှာ ငွေကြေး ကဏ္ဍ တစ်ခုတည်း၌ ပြဿနာမျှသာ ဖြစ်သည်။
ထုတ်ဝေမှု ရပ်သွားသော စာအုပ်များ သို့မဟုတ် လုံးဝတားမြစ်ထားသော စာအုပ်များအား မရရှိနိုင်ခြင်းတို့ ကဲ့သို့ အခြားအတားအဆီးများလည်း ရှိသေးသည်။ စာအုပ်အားလုံးကို ရှာဖွေစုဆောင်းရန် အတွက် မဖြစ်နိုင်လောက်သည့် အချိန်နှင့် ကြိုးစားအားထုတ်မှုတို့ကို လိုအပ်မည်ဖြစ်သည်။
တစ်နည်းအားဖြင့် ၎င်းမှာ လင်ကျဲ ၏ အိပ်မက်မျှသာ ဖြစ်သည်။
သို့သော်လည်း... တစ်နေ့တွင် ‘ထိုက်သင့်သည့် တန်ဖိုးကို ပေးဆပ်သရွေ့ မည်သည့်ဆန္ဒမဆို ပြည့်ဝစေရမည့် စုပေါင်း ဆုတောင်းခြင်းအခမ်းအနား’ တစ်ခုကို လင်ကျဲ မထင်မှတ်ပဲ ရှာဖွေတွေ့ရှိခဲ့ပြီးသည့်နောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
ထိုအခမ်းအနားကို သံသယဝင်ခဲ့ကြောင်း လင်ကျဲ ဝန်ခံရပေမည်။ သို့သော်လည်း... စူးစမ်းလိုစိတ်ဖြင့် တက်ရောက်ခဲ့ကာ ကမ္ဘာပေါ်ရှိ စာအုပ်အားလုံးကို ရရှိရန် ဆန္ဒပြုခဲ့သည်။
ထိုကဲ့သို့ ဆန္ဒပြုလိုက်သည်နှင့် တစ်ပြိုင်နက် နားမလည်နိုင်သည့် တီးတိုးစကား တစ်ခုကို ဝါးတားတား သူ ကြားလိုက်ရသည်။ ခဏတာ မျက်တောင်ခတ်လိုက်သောအခိုက်၌... စွန့်ပစ်ထားသော စာအုပ်ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ရပ်နေသည့် သူ့ကိုယ်သူ ရုတ်တရက် တွေ့ရှိလိုက်သည်။
လင်းကျဲ၏ စိတ်ထဲတွင် နားမလည်နိုင်သည့် အတွေးတစ်ခု ပေါ်ပေါက်လာသည်။ အကယ်၍ စာအုပ်ဆိုင်ထဲသို့ ဝင်ရောက်လိုက်ပါက ကမ္ဘာပေါ်ရှိ စာအုပ်အားလုံးကို ရယူလိုသည့် သူ၏ အိပ်မက်မှာ ပြီးပြည့်စုံ သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... သူ ပေးဆပ်ရမည့် တန်ဖိုးကတော့ ကမ္ဘာမြေကို ဘယ်တော့မှ ပြန်မလာနိုင်ခြင်း ဖြစ်ပေသည်။
လင်ကျဲ အတွက်တော့ ၎င်းက အဖြေရှာရန် မလိုသည့် မေးခွန်းပင်။ အထီးကျန်နေသည့် လင်ကျဲသည် တွန့်ဆုတ်ခြင်း မရှိဘဲ စာအုပ်ဆိုင်၏ တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်သွားခဲ့တော့သည်။
***