← Chapters

အခမ်းအနားများနှင့် ဓလေ့ထုံးတမ်းများ

Vol. 1 Ch. 7

အခမ်းအနားများနှင့် ဓလေ့ထုံးတမ်းများ

Vol. 1 Ch. 7

သုံးနှစ်...

သုံးနှစ်ကြာသွားခဲ့ပြီ ဖြစ်သည်။ လင်ကျဲတစ်ယောက် နော်ဇင် မြို့တွင် နေထိုင်ရတာ အသားကျလာနေခဲ့ပြီ ဖြစ်သည်။

ဤကမ္ဘာပေါ်ရှိ နည်းပညာမှာ ကမ္ဘာမြေ၏ ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များနှင့် ဆင်တူလေရာ လင်ကျဲ အတွက် အကျွမ်းတဝင်ရှိဖို့ အချိန်များစွာ မယူလိုက်ရချေ။ သမိုင်းကြောင်းအရ အင်္ဂလိပ်နှင့် တရုတ်စာလုံးနှစ်မျိုးလုံးကို ဤနေရာတွင် အသုံးပြုကြသည်။ ထို့ကြောင့်ပင်... ဘာသာစကားသည်လည်း ကြီးမားသော အတားအဆီး မဟုတ်ပေ။

သို့သော်လည်း... ဤနေရာတွင် ထူးဆန်းသော အမည်များနှင့် ပုံမှန် မဟုတ်သည့် ဆံပင် အရောင်များကဲ့သို့သော ခြားနားချက်အချို့တော့ ရှိနေသေးသည်။ ထို့အပြင် ‘အတွင်းပိုင်း ကမ္ဘာ’ နှင့် ‘ထူးခြားသော သတ္တဝါများ’ ရှိနေကြောင်း ကောလာဟလများကိုလည်း ကြားသိခဲ့ရသည်။ သို့သော်လည်း... ယခုအချိန်အထိတော့ လင်ကျဲ တစ်ခုမျှ မမြင်တွေ့ရသေးပေ။

အမှန်တကယ်အားဖြင့်... ယခုအချိန်အထိ သူ၏ ဆန္ဒအတွက် ပေးဆပ်ရမည့် တန်ဖိုးကိုပင် လင်ကျဲ အမှန်တကယ် မခံစားရသေးပေ။

မည်သို့ပင် ဆိုစေ... ဤအရာအားလုံးမှာ လင်ကျဲ အတွက် အရေးမကြီးပေ။ အဘယ်ကြောင့်နည်း။ သူက လက်ရှိဘဝကို ကျေနပ်နေသောကြောင့် ဖြစ်သည်။

စာအုပ်စင်များမှာ နေ့စဉ်နေ့တိုင်း အသစ်သစ်သော စာအုပ်များနှင့် ပြည့်နှက် နေလိမ့်မည် ဖြစ်ကာ သူ ကိုယ်တိုင် ရှာဖွေ၍ အသစ်ပြန်လည် ဖြည့်ခြင်းများကိုလည်း လွယ်ကူစွာ လုပ်ဆောင်နိုင်ပေသည်။ ဖတ်စရာ စာအုပ်များက အဆုံးအစ မရှိလှချေ။ ထို့အပြင်... သူ ဆရာကြီး လုပ်၍ လူ့ဘဝအနှစ်သာရကို ပေးနိုင်သည့် ဖောက်သည်များလည်း ရှိနေလေရာ သူ့အတွက် အခြား တောင်းဆိုစရာ ဘာမျှ မရှိတော့ပေ။

“ကျွန်တော့် သုတေသနမှာ ပိတ်ဆို့မှုတစ်ချို့နဲ့ ကြုံတွေ့နေရတယ်ဗျ...”

ဝယ်လ်က အက်ရှရှ အသံဖြင့် ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်က ဆရာလေး ငှားပေးတဲ့ နတ်ဆိုးဘာသာစကားရဲ့ ကျေးဇူးနဲ့ လမ်းကြောင်းသစ်တစ်ခုကို ကျွန်တော် ရှာတွေ့ခဲ့တယ်... ဒါပေမဲ့ အဲဒီ ဘာသာစကားနဲ့ ပတ်သက်တဲ့ သဲလွန်စတွေနဲ့ မှတ်တမ်းတွေကို ပိုလိုအပ်ပါတယ်”

အချို့ စာအုပ်များကို နတ်ဆိုးဘာသာစကား လို့ ခေါ်တာက ပညာရှင်တွေ ကြားက စနောက် စကား တစ်မျိုးလား ဟု လင်ကျဲ တွေးလိုက်ရင်း ကောင်တာထံသို့ လျှောက်သွားကာ ကော်လံတစ်ခုတွင် “ပြန်အပ်ပြီး” ဟူသော စာလုံးကို ရေးလိုက်သည်။

“ခင်ဗျားက ပုံစံတူ စာအုပ်မျိုး ငှားချင်တာလား...”

လင်ကျဲက ဘောပင်ဖြင့် ကောင်တာကို တဒေါက်ဒေါက် ခေါက်ရင်း မေးလိုက်၏။

“အရင်စာအုပ်က ကျွန်တော့်အတွက် အရမ်းနက်နဲလွန်းတယ်... အဲဒါက တစ်ခုလုံးရဲ့ အစိတ်အပိုင်းလေး တစ်ခုလိုပဲ... ဆရာလေးမှာ ပိုပြီး အသေးစိတ်တဲ့ စာအုပ်များ ရှိမလား… အဲဒီဘာသာစကားရဲ့ ပတ်ဝန်းကျင် အကြောင်းအရာတွေပါ ပါရင်တော့ အကောင်းဆုံးပါပဲ... အရင်စာအုပ်မှာက တခြား ဘာသာစကားတွေနဲ့ ဓလေ့ထုံးတမ်း လွှမ်းမိုးမှုတွေ အရမ်းများလွန်းလို့ အတော်လေး ရှုပ်ထွေးတယ်... ကျွန်တော့်အတွက် အထဲမှာ ရှိတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို ပိုနားလည်ဖို့ လိုအပ်ပါတယ်...”

ဝယ်လ်က တိုးတိုးလေး ပြောသည်။ နှစ်နှစ်ကြာပြီးနောက်၌... သူ ထိုစာအုပ်ထဲမှ တားမြစ် ကျိန်စာများနှင့် ပတ်သက်သည့် သဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းက သူ့အား အခရာ အဆင့်ကို ပို့ဆောင်ပေးမည့် အခွင့်အရေးဖြစ်နိုင်သည်။

မှော်ဆရာများသည် ဘာသာစကားများနှင့် စကားလုံးများ၏ စွမ်းအားမှတစ်ဆင့် အစီအရင်များကို ဖန်တီးရာတွင် ကျွမ်းကျင်ကြသည်။

မှော်ဆရာများထဲ၌ အောက်လမ်း ပညာရှင် (မှော်နက် ပညာရှင်) များသည် ကျိန်စာ ရွတ်ဆိုခြင်းတွင် စကားပြော ဘာသာစကားများကို အသုံးပြုကြသည်။ အထက်လမ်း ပညာရှင် (သန့်ရှင်းသည့် မှော်ပညာရှင်) များကတော့ မှောသင်္ကေတများကို ထွင်းထုရန် စာလုံးများကို အသုံးပြုကြသည်။

ထိပ်တန်း အောက်လမ်း ပညာရှင် တစ်ဦး အနေဖြင့် ဝယ်လ်သည် အခြေခံ မန္တာန် အများစုကို ကျွမ်းကျင်ပြီးသား ဖြစ်သည်။ ယခု သူလိုအပ်သည်မှာ အတွင်း စိတ်ဝိညာဉ်၏ အလားအလာကို ဆွဲထုတ်ရန်ဖြစ်သည်။ တစ်နည်းအားဖြင့် ကိုယ်ပိုင်ဝိညာဉ်ထံမှ အသံကို ရှာဖွေဖို့ သူ လိုအပ်သည်။

အောက်လမ်း ပညာရှင် တစ်ဦး၏ နောက်ဆုံးပန်းတိုင်မှာ သူ တစ်ဦးတည်းပိုင်ဆိုင်သော ဘာသာစကားကို ဖန်တီးရန် ဖြစ်ပေသည်။

မှန်ပေ၏။ ၎င်းက အမြင့်ဆုံး အဆင့်သို့ ရောက်ရှိရန် သူ လျှောက်လှမ်းရမည့် လမ်းကြောင်းပင် ဖြစ်သည်။

“ဟုတ်လား… ဒါဆိုရင် ခဏစောင့်ပါဦး... ခင်ဗျားနဲ့ သင့်တော်မယ့် တစ်ခုခုကို ကျုပ် ရှာပေးမယ်”

လင်းကျဲက ညင်သာစွာပင် ပြောလိုက်ရင်း နောက်ဖက်မှ စာအုပ်စင်များကို လှည့်ပတ်ကြည့်ရှုရန် ထွက်သွားခဲ့လေသည်။

ဝယ်လ်၏ တောင်းဆိုချက်က အဓိပ္ပာယ်ရှိသည်။ ဤကမ္ဘာရှိ ဘာသာစကားများမှာ ကမ္ဘာမြေမှ ဘာသာစကားနှင့် ဆင်တူသော်လည်း ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကတော့ ကြီးမားစွာ ကွာဟပေသည်။ ထိုအရာကပင် ကမ္ဘာ နှစ်ခုကြား ကြီးမားသည့် ကွဲပြားမှုများကို ဖြစ်ပေါ်စေသည်။ သူ့အနေဖြင့် ကမ္ဘာမြေမှ ယဉ်ကျေးမှု တစ်ခုကို စေ့စေ့စပ်စပ် နားလည်ဖို့ ခက်ခဲပေလိမ့်မည်။ သူ့အတွက် ပိုမို၍ ယေဘုယျဆန်ပြီး သုတေသနနယ်ပယ်နှင့် ကိုက်ညီသည့် စာအုပ်အချို့ကို ရှာပေးသင့်သည်။

လင်ကျဲ၏ လက်ညိုးက စာအုပ်စင်ကို ဖြည်းညင်းစွာ ပွတ်ဆွဲ သွားခဲ့၏။ ထို့နောက်... ရုတ်တရက် ရပ်တန့် သွားခဲ့၏။

လင်ကျဲ စာအုပ် ရွေးချယ်နေစဉ်တွင် ဝယ်လ်ကတော့ အတိတ်ကအကြောင်းများကို တွေးတောရင်း ဆိုင်အပြင်ဘက်မှ မိုးသည်းကို ငေးကြည့်နေမိသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က ဂျိုးဇက်၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ပြီး သူ ထွက်ပြေးနေစဥ်တွင် ဤစာအုပ်ဆိုင်လေးသို့ မတော်တဆ ရောက်ရှိခဲ့ပြီး လင်ကျဲ နှင့် ဆုံတွေ့ခဲ့သည်။ လင်ကျဲ က သူ့ကို လမ်းညွှန်မှုပေးခဲ့ကာ အခြားလမ်းကြောင်းတစ်ခုကို ညွှန်ပြခဲ့သည်။

ယနေ့တိုင်အောင်ပင်... နတ်ဆိုး ဘာသာစကား စာအုပ် အတွင်း စိမ့်ဝင်နေသည့် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် စွမ်းအားတို့ကို တွေးလိုက်မိတိုင်း သူ၏ နှလုံးခုန်နှုန်းမှာ မြန်ဆန်နေဆဲ၊ ခန္ဓာကိုယ်မှာ တုန်ရီနေဆဲ ဖြစ်သည်။

အချစ်ဦးနှင့် ဆင်တူသည့် ခံစးချက် တစ်ရပ်ပင်။

ထိုစာအုပ်မှာ သူ ကျောင်းသားဘဝတုန်းက မှော်ဆရာတစ်ဦး၏ စွမ်းအားကို ပထမဆုံး မြင်တွေ့ခဲ့ရသည့် အချိန်ကို သတိရစေသည်။

“သေ...”

စကားလုံး တစ်လုံးတည်း ပြောလိုက်ရုံဖြင့်ပင် ထိုမှော်ဆရာမှာ ကောင်းကင်၌ ပျံဝဲနေသည့် လှပသည့် ငှက်တစ်ကောင်၏ အသက်ကို ငြိမ်းသတ်ပစ်ခဲ့သည်။ ထိုအချိန်မှ စ၍ အောက်လမ်း ပညာရှင် တစ်ယောက် ဖြစ်လာရန်မှာ ဝယ်လ်၏ ပန်းတိုင်နှင့် ရည်မှန်းချက်တို့ ဖြစ်လာခဲ့သည်။

သို့သော်လည်း... လက်ရှိ ဝယ်လ်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က အတ္တကြီးသည့် ဝယ်လ်နှင့် အတော်လေး ခြားနားပေသည်။ ဤအပြောင်းအလဲကို အရာရာအား သိမြင်နိုင်စွမ်း ရှိသည့် ကိုယ်ကျိုးမဖက် စာအုပ်ဆိုင်ပိုင်ရှင်က ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။

ဝယ်လ်သည် လင်ကျဲ ၏ အတိတ် သို့မဟုတ် ကိုယ်ပိုင်လက္ခဏာများ အကြောင်း မည်သည့်အခါမျှ မမေးခဲ့ချေ။ အမှန်တကယ်တော့ သူ့ နှလုံးသားထဲတွင် အဖြေတစ်ခု ရရှိထားပြီး ဖြစ်သည်။

ဤပုဂ္ဂိုလ်မှာ အမှန်တရား အသင်းတော်၏ အေးအေးဆေးဆေး နေတတ်သည့် ပညာရှင် တစ်ဦး ဖြစ်ရပေမည်။ သူ အမှန်တရား ဗိမာန်သော့ကို ကိုင်ဆောင်ထားသည့် ဒဏ္ဍာရီလာ အခရာ အဆင့် သူတော်စင် တစ်ပါးပင် ဖြစ်နိုင်သည်ဟု ဝယ်လ် သံသယရှိသည်။

သို့သော်လည်း... ၎င်းမှာ သူ ထုတ်ဖော်ခဲ့သည့် ထင်မြင်ယူဆချက်မျှသာ ဖြစ်သည်။ လင်ကျဲထံမှ ထူးခြားသည့် အပြောင်းအလဲမျိုးကိုမှ သူ တစ်ခါမှ မခံစားခဲ့မိချေ။

မကြာခင်မှာပင် လူငယ်လေးမှာ စာအုပ်စင်ထဲမှ စာအုပ် တစ်အုပ်အား ဆွဲထုတ်လိုက်သည်ကို ဝယ်လ် တွေ့လိုက်ရ၏။ သူ၏ အတွေးများကလည်း ရပ်တန့် သွားခဲ့သည်။

“တွေ့ပြီ...”

လင်ကျဲက လည်ချောင်းရှင်းလိုက်ရင်း ပြုံးကာ စာအုပ်ကို ကမ်းပေးလိုက်သည်။

“ကြားရတာ ထူးဆန်းနေမလားတော့ မသိဘူး... ဒီစာအုပ်က ခင်ဗျားအတွက် သင့်တော်တယ်လို့ ကျွန်တော့်ရဲ့ မသိစိတ်က ပြောပြနေတယ်ဗျ... ရိုးရိုးသားသားပြောရရင် ဒီနယ်ပယ် အတွက် ကျွန်တော့်ရဲ့ ကိုယ်ပိုင် သုတေသန လုပ်ငန်းစဉ်ကို ကျွန်တော် ယုံကြည်ပါတယ်…”

“...”

အနည်းငယ် ရှက်ရွံ့သလို ဖြစ်နေသည့် လင်းကျဲ၏ အမူအရာက ဝယ်လ်ကို ဒွိဟ ဖြစ်သွားစေခဲ့သည်။ သူ လင်ကျဲထံမှ စာအုပ်ကို လက်ခံယူလိုက်ရင်း အဖုံးကို တစ်ချက်ကြည့်လိုက်သည်။ လင်ကျဲ၏ မျက်လုံးများကလည်း ဝယ်လ်၏ အကြည့်အတိုင်း လိုက်ကာ ပုံနှိပ်ထားသော ခေါင်းစဉ်နှင့် စာရေးသူကို ကြည့်လိုက်သည်။

‘အခမ်းအနားများနှင့် ဓလေ့ထုံးတမ်းများ’

‘လင်ကျဲ’

***

All Chapters