← Chapters

အကောင်းကောင် ဝါးမြိုခြင်းဂိုဏ်း... ဓလေ့ထုံးထမ်းနှင့် အခမ်းအနားများ

Vol. 1 Ch. 8

အကောင်းကောင် ဝါးမြိုခြင်းဂိုဏ်း... ဓလေ့ထုံးထမ်းနှင့် အခမ်းအနားများ

Vol. 1 Ch. 8

“အာ... ဒါ… ဒါက ခင်ဗျား ရေးထားတာလား”

ဝယ်လ်၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ မူလကတည်းက စာအုပ်ကို ဂရုတစိုက် ကိုင်ထားသော်လည်း ယခုအခါ သူ၏ လက်ချောင်းများမှာ ပျက်စီးလွယ်သည့် ဖန်ခွက်တစ်ခွက်ကို ကိုင်တွယ်နေသကဲ့သို့ ပို၍ပင် နူးညံ့ သိမ်မွေ့နေသည်။

လင်ကျဲ ၏ နာမည်ကို စာအုပ် မျက်နှာဖုံးထက်တွင် ရှင်းလင်းစွာ ရိုက်နှိပ်ထားသည်။ ထို့အပြင်... နောက်ကြောင်း ပြန်ကြည့်လျှင် လင်ကျဲ ပြောသမျှ စကား အားလုံးကလည်း သူ၏ ကိုယ်ပိုင်လက်ရာ ဖြစ်ကြောင်း အကြံပြု နေပေသည်။

ဝယ်လ်က “အကောင်းကောင် ဝါးမြိုခြင်းဂိုဏ်း... ဓလေ့ထုံးထမ်းနှင့် အခမ်းအနားများ” ဟူသော ပုံနှိပ်ခေါင်းစဉ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းထောင်ကာ သတိထားရင်း မေးလိုက်သည်။

“ဒါက ခင်ဗျားရဲ့ သုတေသနနယ်ပယ်ပေါ့လေ... ဓလေ့ထုံးတမ်းများနှင့် အခမ်းအနားများ ဆိုတာက”

ဓလေ့ထုံးတမ်းများနှင့် အခမ်းအနားများကို နားလည်ရန် လွယ်ကူသော်လည်း အလောင်ကောင် ဝါးမြိုခြင်းဂိုဏ်း ဆိုသည့် စကားလုံးကတော့ ဘာသာရေးအဖွဲ့အစည်းတစ်ခုလိုပင်။ သို့သော်လည်း... ဝယ်လ် ထိုနာမည်ကို တစ်ခါမှ မကြားဖူးချေ။

အဇီး တွင် အဓိက ကိုးကွယ်ယုံကြည်မှု သုံးခု ရှိသည်။

• အသိပညာကို ယုံကြည်ချက်အဖြစ် ခံယူထားသည့် အမှန်တရား အသင်းတော်

• လကို ကိုးကွယ်သည့် အမိုးခုံး ဘုရားကျောင်း

• အကျဉ်းချ မြူခိုးကို ယုံကြည်သည့် ကပ်ဆိုး ဘုရားကျောင်း...

မရှင်းမလင်းနှင့် ပြန့်ကျဲနေသည့် အခြား ဘာသာတရားများလည်း ရှိသေးသည်။ အရပ်တကာ လှည့်လည် သွားလာပြီး အဖွဲ့အစည်း အမျိုးမျိုးနှင့် တိုက်ခိုက်ဖူးသည့် အောက်လမ်းဆရာ တစ်ဦး အနေဖြင့် ဝယ်လ်၏ ဗဟုသုတက မကြွယ်ဝလျှင်ပင် နိမ့်ပါးသည့် အဆင့်ထဲ၌ မပါချေ။ သို့သော်လည်း အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းကိုတော့ သူ တစ်ခါမှ မကြားခဲ့ဖူးချေ။

၎င်းက လူသားစားသည့် နတ်ဆိုးမျိုးနွယ် တစ်ခု၏ ဘာသာတရား တစ်ခုလိုပင် ဖြစ်သည်။ အကယ်၍ မဟုတ်ဘူးဆိုရင်တော့ ထိုအရာက...

နှလုံးခုန်သံက တဖြည်းဖြည်း ကျယ်လောင်လာနေသည်ကို ဝယ်လ်တစ်ယောက် ခံစားနေခဲ့မိ၏။ ပညာရှင်များမှာ များသောအားဖြင့် ဖြောင့်မတ်သော စရိုက်များ ရှိကြသည်။ လင်ကျဲမှာ အနည်းဆုံးတော့ ကြားနေဖြစ်လိမ့်မည်ဟု ဝယ်လ် အချိန်တိုင်း တွေးခဲ့သည်။ ထို့ကြောင့်ပင်... သူ၏ ကိုယ်ပိုင်လက္ခဏာကို အလွန်အကျွံ မထုတ်ဖော်ရဲခဲ့သလို အတိတ်အကြောင်းအရာများကို ပြောရန် မဝံ့ရဲခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ မြင့်မြတ်သည့် သတ္တဝါများ၏ ကရုဏာမှာ ပုံမှန်အားဖြင့် ယာယီသာဖြစ်သည်။ ဤစာအုပ်ဆိုင် ပိုင်ရှင်မှာ ပျင်းရိသောကြောင့် “အောက်လမ်း ပညာရှင် တစ်ဦးကို ကောင်းမွန်စွာ စကားပြောဆိုခြင်း“ ဟူသော စိန်ခေါ်မှုကို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုပင် သူ ထင်ခဲ့သည်။

ဤမြင့်မြတ်သည့် သတ္တဝါ၏ ဆန္ဒကို ဆန့်ကျင်ပါက စိတ်ကူးမယဉ်နိုင်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။

သို့သော်လည်း... လင်ကျဲ ရေးသားထားသည့် ဤစာအုပ်မှာ ဆိုးယုတ်သော ခံစားချက်များကို ပေးစွမ်းနေသည်။ သံသယဖြစ်စရာ မရှိအောင်ပင် စာရေးသူမှာ မကောင်းမှု ဒုစရိုက်များနှင့် သက်ဆိုင်နေသည်။

ကြောက်မက်ဖွယ် ကိစ္စရပ်များကို သုတေသနပြုသည့် ပညာရှင်တစ်ဦးမှာ ပင်မရေစီးကြောင်းမှ ဖယ်ရှားခံရရန် အလားအလာရှိသည်။ ထိုအရာကပင် သူ့ကို သူတော်စင် တစ်ပါး ဖြစ်လာစေခဲ့သည့် အကြောင်းရင်းလော။

ဝယ်လ် တစ်ယောက် ထိတ်လန့် ကြောက်ရွံ့စွာဖြင့် လင်ကျဲကို ကြည့်လိုက်၏။ သို့သော်လည်း လင်ကျဲကတော့ ထိုအကြည့်ကို သတိပြုမိဟန် မရချေ။ အတိတ်ကို ပြန်လည် အမှတ်တရရင်း နူးညံ့စွာသာ ပြုံးလိုက်သည်။

“ဟုတ်ပါတယ်... ဒါက ကျွန်တော့်ရဲ့ သုတေသနလုပ်ငန်းတွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ကျွန်တော့် ကံကြမ္မာကိုပါ ပြောင်းလဲစေခဲ့ပါတယ်…”

“ထားလိုက်ပါတော့...အချိန်အတော်ကြာခဲ့ပြီပဲ... အဲဒါကို ပြန်တူးဆွစရာ အကြောင်းမရှိတော့ပါဘူး”

လင်ကျဲ သက်ပြင်းချလိုက်၏။

သို့သော်လည်း ဝယ်လ်ကတော့ ရင်ခုန်သံများ မြန်ပြီးရင်း မြန်လာနေခဲ့၏။ အချိန်အတော်ကြာပြီလား။ ကံကြမ္မာ ပြောင်းလဲသွားပြီလား။

ဝယ်လ်၏ စိတ်ထဲ၌ ဆိုးဆိုးရွားရွား ထင်မြင် ယူဆချက်တစ်ခု ပေါ်လာသည်။ သို့သော်လည်း... လင်ကျဲ ၏ မျက်နှာအမူအရာကို သတိပြုမိပြီးနောက် သူ အာရုံကို ရွက်ကြမ်းရေကြို စာအုပ်အဖုံးဆီသို့ ပြန်ပို့လိုက်သည်။

“ဒီစာအုပ်က လက်နဲ့ချုပ်ထားပုံရတယ်”

သူ မှတ်ချက်ချလိုက်၏။

လင်ကျဲ ခေါင်းညိတ်လိုက်သည်။

“အဲဒီတုန်းက မထင်မှတ်ထားတဲ့ အခြေအနေတွေကြောင့် ကျွန်တော် ပုံနှိပ်ထုတ်ဝေဖို့ မတတ်နိုင်ခဲ့ဘူး ဆိုပါတော့လေ... ဒါကြောင့် ကျွန်တော် ကိုယ်တိုင် လက်နဲ့ ပုံနှိပ်ထားတဲ့ ဒီစာအုပ်ကိုပဲ သိမ်းထားနိုင်ခဲ့တယ်... ကျွန်တော်တို့ နှစ်ယောက်က စိတ်တူကိုယ်တူ ဖြစ်တာကြောင့် ဒီစာအုပ် ခင်ဗျားကို ငှားဖို့ ဆုံးဖြတ်လိုက်တာပဲ... ခင်ဗျား ကျွန်တော့်ကို မယုံဘူးဆိုရင် တခြားစာအုပ်တွေကိုလည်း အကြံပြုပေးလို့ ရပါတယ်”

ကမ္ဘာ မကူးပြောင်းခင်က လင်ကျဲမှာ ယဉ်ကျေးမှုဆိုင်ရာ ပါရဂူ ကျောင်းသားတစ်ဦး ဖြစ်သည်။ ထို့အပြင်... ကထိကတစ်ဦးလည်း ဖြစ်ခဲ့သည်။ “ဆရာလင်” ဆိုသည့် ဘွဲ့နောက်ကွယ်တွင် သမိုင်းကြောင်း ရှိပေသည်။ ထို့အပြင် ဘဝအကြံဉာဏ်ပေးခြင်းနှင့် လူ့ဘဝအနှစ်သာရကို ဝေငှခြင်းတို့မှာ တစ်ညတည်းနှင့် သင်ယူ ရရှိခဲ့သည့် အရာများ မဟုတ်ပေ။

ထိုအချိန်က ကမ္ဘာ ကူးပြောင်းရန် လင်ကျဲ မရွေးချယ်ခဲ့ပါက ယခုအချိန်၌ တွဲဖက်ပါမောက္ခတစ်ဦးပင် ဖြစ်နေနိုင်သည်။ လူကြိုက်များခဲ့သည့် ဓလေ့ထုံးတမ်းများဆိုင်ရာ စာအုပ်များ၏ ဆဋ္ဌမမြောက် အတွဲကိုလည်း ထုတ်ဝေခဲ့ပြီး ဖြစ်ဖွယ်ရှိသည်။

အသက် အငယ်ဆုံး တွဲဖက်ပါမောက္ခများ နှင့် ပါရမီရှင် ကျောင်းသားများ အလွန် ပေါပြားလှသည့် ကမ္ဘာမြေတွင် လင်ကျဲမှာ အထူးခြားဆုံး မဟုတ်သော်လည်း သူ၏ အထူးပြု ဘာသာရပ်ကိုတော့ အလွန် ယုံကြည် စိတ်ချခဲ့သည်။

“ကျေးဇူးတင်ပါတယ်... ခင်ဗျားရဲ့ လက်ရာကို ဖတ်ရတာ ကျွန်တော့်အတွက် အကြီးမားဆုံး ဂုဏ်ယူစရာပါပဲ”

ဝယ်လ်က အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဒီလို အရေးကြီးတဲ့ စာအုပ်ရဲ့ တစ်ခုတည်းသော မူရင်းကို ကျုပ်လို အဘိုးကြီး တစ်ယောက် လက်ထဲမှာ ထားရတာကတော့ စိတ်မသက်မသာ ဖြစ်မိတယ်”

ကောက်ကျစ်သည့် အောက်လမ်း ပညာရှင် လူအိုကြီးတစ်ဦး အနေဖြင့် ဝယ်လ်သည် ထိုစာအုပ် ပျောက်ဆုံးသွားမည်ကို မပူပန်ပါချေ။ သို့သော်လည်း ၎င်းမှာ ပုံနှိပ် ထုတ်ဝေခြင်း မရှိသေးသည့် စာအုပ် တစ်အုပ်ဖြစ်ကာ အတွင်း၌ မှတ်တမ်းတင်ထားသမျှအားလုံးမှာလည်း စမ်းသပ်မှု သဘော၌သာ ရှိသည်ဟု ဆိုလိုသည်။

၎င်းကို လေ့လာခြင်းကြောင့် မည်သို့သော ထူးခြားအံ့ဖွယ် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို အဘယ်သူ သိနိုင်မည်နည်း။

ကြည့်ရတာ လင်ကျဲက သူ့ကို စမ်းသပ်ခံ သတ္တဝါတစ်ကောင် အဖြစ် သဘောထားပုံရသည်…

“အဘိုးဝယ်လ်... စိတ်ပူစရာ ဘာမှမရှိပါဘူး... ခင်ဗျားက ဒီစာအုပ်ကို ပိုပြီး တန်ဖိုးရှိလာအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်... သုတေသန ဆိုတာက တခြားသူတွေ မြင်တဲ့အခါမှပဲ တန်ဖိုးရှိတာ မဟုတ်ဘူးလား”

“တစ်စုံတည်းသော မူရင်းမိတ္တူ ဖြစ်နေရင်တောင် ကျွန်တော့်အတွက် အရေးမကြီးတော့ပါဘူး...”

လင်ကျဲက ပြုံးလိုက်ရင်း သူ့နောက်ဘက်မှ စာအုပ်စင်ကို လက်ဟန်ပြလိုက်သည်။

“ကျွန်တော့်မှာ အခု သစ်တောကြီး တစ်ခုလုံး ရှိနေပြီ... ဒါ့အပြင် အချိန်မရွေး အစားထိုးတစ်ခုကို ကျွန်တော် အလွယ်တကူ လုပ်နိုင်ပါတယ်... ဂုဏ်သတင်းနဲ့ စည်းစိမ်တွေကိုသာ ယူသွားချင် သွားလို့ ရမယ်... လူတစ်ယောက်ရဲ့ စိတ်ထဲက အသိပညာကိုတော့ ခိုးယူလို့ မရပါဘူး... ကျွန်တော့်အမြင်အရတော့ အဲဒါတွေက အနှစ်သာရမရှိတဲ့ အရာတွေပါပဲ”

လင်ကျဲက ဝယ်လ် ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ လက်ခံလိုက်ပါ ဝယ်လ်... ဒါက ကျုပ် လူ့ဘဝမှာ ရှင်သန်ခဲ့တဲ့ အနှစ်သာရရဲ့ နောက်ဆုံးအပိုင်းပါပဲ...

လင်ကျဲသည် သူ၏ သုတေသနအပေါ် ဝယ်လ်၏ စိုးရိမ်ပူပန်မှုကို ခံစားနိုင်ခဲ့၏။ သို့သော်လည်း... အမှန်တကယ်အားဖြင့် ဝယ်လ် စိုးရိမ် ပူပန်သည်က သူ ထင်နေသလိုမျိုး ပညာရပ် နယ်ပယ် မဟုတ်ပါချေ။ ၎င်းကို လေ့လာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်အရာများကို ပူပန်ခြင်း ဖြစ်သည်။

လင်ကျဲ၏ အမြင်၌ တစ်ကိုယ်တည်း လူအိုကြီး တစ်ယောက် အနေဖြင့် ဝယ်လ်သည် ဖော်ရွေပုံရသော်လည်း မောက်မာပြီး အထီးကျန် ဆန်နေသည့် စိတ်ထားကပင် သူ့ကို မိတ်ဆွေများနှင့် မိသားစုထံမှ ဝေးကွာ သွားစေခဲ့ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သူသည် ပညာရပ်များကို အလွန်အမင်း အရေးကြီးသည်ဟု မှတ်ယူသည်။ နှလုံးသားထဲမှ လစ်ဟာမှုကို ဖြည့်ဆည်းရန်အတွက် ဤကဏ္ဍ၌ အောင်မြင်မှု၊ ကျော်ကြားမှုနှင့် စည်းစိမ်ကို သူ လိုအပ်ခဲ့သည်။

သို့သော် ၎င်းကပင် အစွဲအလမ်းကြီးသည့် စိတ်နေသဘောထားမျိုးကို မွေးမြူကာ သူ့ကိုယ်သူ လူ့အဖွဲ့အစည်းနှင့် ပိုမို ဝေးကွာသွားစေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လင်ကျဲမှာ လူအိုကြီးဝယ်လ် အခြားသူများထံမှ ဂရုစိုက်မှုကို တစ်ဖန် ပြန်လည် ခံစားရစေရန် လမ်းညွှန်ပေးဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဝယ်လ်က လင်ကျဲ၏ အကြည့်ကို ခံစားလိုက်မိရာ ခဏတာ အံ့အားသင့်သွားခဲ့၏။ သူက သူ၏ ဦးထုပ်ကို ချွတ်လိုက်ရင်း...

“ဆရာလေးလင်ရဲ့ အကြံဉာဏ်ကနေ ကျွန်တော် အကျိုးကျေးဇူးတွေ ရခဲ့ပါတယ်”

ဟု တလေးတစား ပြောလိုက်သည်။ ဦးထုပ်ကို ကိုင်ထားသည့် သူ၏ လက်ချောင်းများမှာ အနည်းငယ် တုန်ယင်နေ၏။

‘ဂုဏ်သတင်းနဲ့ စည်းစိမ်က အနှစ်သာရမရှိဘူး… ဒါက ဒီအချက်အလက်တွေကို တခြားသူတွေဆီ မထုတ်ဖော်ဖို့ သတိပေးနေတာလား... သူ ဘယ်သူလဲ ဆိုတာ ငါ သိနေတဲ့ အကြောင်း သူ ရိပ်မိသွားပြီ ထင်တယ်...’

အောက်လမ်း ဆရာ၏ နှလုံးသားက ပိုမို လေးလံလာခဲ့၏။

ထိုအခိုက်တွင်ပင် လင်ကျဲက ဆက်ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ်လေ... ခုနက ကိစ္စကို ပြန်သွားရအောင်... ခင်ဗျားဟာ နတ်ဆိုးရဲ့ ဘာသာစကားကို နားလည်နိုင်တယ်ဆိုရင်... အဟမ်း... ဒီစာအုပ်ကို နားလည်နိုင်လိမ့်မယ်... ပြီးတော့ ကောင်းတယ်လို့ ယူဆပြီး တခြားသူတွေကို အကြံပြုပေးမယ် ဆိုရင် ကျွန်တော် ပျော်ရွှင်မိမှာပါ”

သူသည် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များဖြင့် ပြည့်နေပုံရသည့် ယဉ်ကျေးသော အပြုံးကို ပြုံးပြလိုက်သည်။

လက်ထဲရှိ စာအုပ်ကို ငုံ့ကြည့်ရင်း ဝယ်လ် ခေါင်းညိတ်လိုက်သည်။

“နားလည်ပါတယ်... ကျွန်တော် အစွမ်းကုန် လုပ်ဆောင်ပါ့မယ်...”

ကြည့်ရတာ သူရဲ့ လက်ရာ ပြန့်ပွားအောင် ငါ့ကို ကူညီစေချင်နေပုံရတယ်... ဒါက ငါ ပြန်ပြီး ပေးဆပ်ရမယ့် တန်ဖိုးပဲ ဖြစ်ရမယ်...

ဝယ်လ် စိတ်သက်သာရာရသွား၏။ နောက်ဆုံးတွင်တော့ ပေးဆပ်ရမည့် တန်ဖိုးကို သူ သိရှိခဲ့ရပြီ ဖြစ်သည်။ ဤကမ္ဘာတွင် အခမဲ့ နေ့လယ်စာ မရှိပေ။

***

All Chapters