← Chapters

ဂါဂွိုင်း

Vol. 1 Ch. 9

ဂါဂွိုင်း

Vol. 1 Ch. 9

အကယ်၍ လင်ကျဲသာ ဆက်လက် ရက်ရောနေပါက ဝယ်လ် ပိုမို၍ပင် ထိတ်လန့် လာလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆုလာဒ်က ပိုမို၍ ရက်ရောလေလေ အနာဂတ်တွင် ပေးဆပ်ရမည့် တန်ဖိုးက ပိုမို၍ လေးလံလာလေလေ ဖြစ်လာလိမ့်မည် ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ အသက်ကိုပင် ပေးဆပ်ရနိုင်ပေသည်။

ထိုစာအုပ် အတွင်းရှိ အကြောင်းအရာများက ပြန်ပွားရမည် ဖြစ်သည်။ သို့သော်လည်း စာရေးသူ၏ ကိုယ်ပိုင် လက္ခဏာများကိုတော့ ဘယ်တော့မှ ထုတ်ဖော် ပြသလို့ မရပါချေ။ ၎င်းကို စတင်လေ့လာပြီး နောက်မှ တခြားလူများကို နှုတ်ဖြင့် ပို့ချဖို့က တစ်ခုတည်းသော နည်းလမ်းဖြစ်ပုံရသည်။ ။

‘ငါ သေချာ သတိထားရမယ်...’

ဝယ်လ် တွေးလိုက်မိ၏။

“ဒါဆိုရင် ကျွန်တော် သွားသင့်ပြီ...”

ဝယ်လ် သူ၏ ဦးထုပ်ကို ပြန်ဆောင်းလိုက်၏။ ခဏတာမှ တုန့်ဆိုင်းသွားပြီးနောက် သူ ရင်ဘတ်အိတ်ကပ်ထဲမှ အနက်ရောင် ကျောက်ရုပ်တုတစ်ခုကို ထုတ်ယူကာ ကောင်တာပေါ်တွင် တင်လိုက်သည်။

“ကျွန်တော့်ကို အချိန်တိုင်း လမ်းညွှန်မှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒီ တန်ဖိုးမရှိတဲ့ အမှတ်တရလက်ဆောင်လေးကိုတော့ လက်ခံပေးပါ…”

“ဒါက ဂါဂွိုင်းရုပ်လား...”

လင်ကျဲ ပန်းပုရုပ်ကို ကောက်ယူကာ ကြည့်ရှုလိုက်သည်။ ထိုကျောက်ပန်းပုရုပ်မှာ အမြင့် ၃၀ စင်တီမီတာခန့်နှင့် အကျယ် ၁၀ စင်တီမီတာခန့် ရှိသည်။ ပန်းပု၏ သုံးပုံတစ်ပုံမှာ ပလ္လင်ဖြစ်ပြီး ကျန်အပိုင်းမှာ ဂါဂွိုင်းရုပ်၏ ကိုယ်ထည် ဖြစ်သည်။ ၎င်းမှာ လူတစ်ပိုင်း သားရဲတစ်ပိုင်း သတ္တဝါဖြစ်ကာ ဦးခေါင်းပေါ်တွင် ဦးချိုနှစ်ချောင်း၊ ချွန်ထက်သည့် အမြီးနှင့် လင်းနို့နှင့်တူသည့် အတောင်ပံ တစ်စုံတို့ကြောင့် နတ်ဆိုး၏ မျိုးဆက်ကဲ့သို့ ခံစားရသည်။

‘ဝယ်လ်က ဒီလောက်ကြီးတဲ့ ပစ္စည်းကို ဘယ်လိုလုပ်ပြီး အင်္ကျီထဲ ဝှက်ယူလာတာလဲဟ...’

လင်ကျဲ တွေးလိုက်မိသည်။ မည်သို့ပင် ဆိုစေ... အသေးစိတ်ပြီး လက်ရာမြောက်သည့် လက်မှုပညာကို ကြည့်ခြင်းအားဖြင့် ဤပန်းပု၏ တန်ဖိုးက မနည်းကြောင်း သူ ပြောနိုင်ပေသည်။ လင်းကျဲ ၎င်းကို လှည့်ပတ်ကြည့်လိုက်၏။ ထိုအခါ မျက်လုံးများ အတွင်းတွင် ထူးဆန်းသည့် အနီရောင် အလင်းတစ်ခု တောက်ပနေသည်ကို တွေ့လိုက်ရသည်။ ၎င်းက အချိန်မရွေး အသက်ဝင်လာတော့မည့်အလား ထင်ရသည်။

လင်ကျဲ၏ နှလုံးသားက တဒိတ်ဒိတ် တုန်သွားကာ တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။

ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သနည်း။

ကံကောင်းစွာပင်... ကျောက်သား၏ ကြမ်းတမ်းသော အသွင်အပြင်က ၎င်းမှာ ပန်းပုမျှသာဖြစ်ကြောင်း လင်ကျဲ ကို ပြန်လည် သတိဝင်စေခဲ့သည်။

“ဟုတ်ပါတယ်”

ဝယ်လ်က ခေါင်းညိတ်လိုက်၏။

“ဒါက တန်ဖိုးကြီးတဲ့ ပစ္စည်း မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်... ခင်ဗျား ကျွန်တော့်ကို ပေးခဲ့တဲ့ အကူအညီတွေနဲ့ ယှဉ်လို့မရပါဘူး... ဒါပေမဲ့ ဒါကို ကျွန်တော့်ရဲ့ ကျေးဇူးတင်ကြောင်း သင်္ကေတအဖြစ် လက်ခံပေးပါ... နောက်တစ်ကြိမ် ပြန်လာတဲ့အခါ ပိုပြီး တန်ဖိုးရှိတဲ့ လက်ဆောင်ကို ယူလာပါ့မယ်”

လင်ကျဲ၏ ပထမဆုံး အတွေးမှာ အလေ့အကျင့်အရ လက်ဆောင်ကို ငြင်းပယ်ရန် ဖြစ်သည်။ သို့သော်လည်း အနည်းငယ် စဉ်းစားပြီးနောက် အာရှသားတို့၏ အားနာမှုက ဤနေရာတွင် မသင့်လျော်ကြောင်း သဘောပေါက်လိုက်သည်။ ဝယ်လ်က သူ့ကို ထိုလက်ဆောင် ပေးချင်နေကြောင်း သိသာလှသည်။ ၎င်းကို ငြင်းပယ်ပါက သူတို့ နှစ်ဦး သိပ်မရင်းနှီးသေးသလို ဖြစ်စေလိမ့်မည်။

ထို့အပြင် ဂါးဂွိုင်းလ်သည် ဘေးဥပဒ်များကို ကာကွယ်ပေးသည့် ကမ္ဘာမြေမှ အဆောင် ကျောက်ပြားများနှင့် ဆင်တူသည်။ ၎င်းက ဝယ်လ် ၏ ကောင်းချီးများနှင့် ကြင်နာသော ရည်ရွယ်ချက်များကို သူ့ထံ ပေးပို့နေသည်။

၎င်းကို ငြင်းပယ်ရန် အကြောင်းပြချက်မရှိလေရာ ထို “ဒေသထွက် အထူးပစ္စည်း” ကို လက်ခံရန် လင်ကျဲ ဆုံးဖြတ်လိုက်သည်။ သူက ၎င်းကို ကောင်တာပေါ်သို့ တင်လိုက်ရင်း ပြုံးပြလိုက်၏။

“ပြောင်မြောက်တဲ့ အနုပညာလက်ရာ တစ်ခုပဲ... ကျွန်တော် သဘောကျပါတယ်... နောက်တစ်ကြိမ် ခင်ဗျား ဘာယူလာပေးမလဲဆိုတာကို တကယ်ပဲ စောင့်မျှော်နေပါတယ်”

ဝယ်လ် သက်ပြင်းချလိုက်သည်။ သူ ဤဂါဂွိုင်းလ်ကို နှစ်ပေါင်းများစွာ တိုင်အောင် ကိုယ်နှင့်မကွာ ဆောင်ထားခဲ့သည်။ ၎င်းမှာ ဆရာ့ထံမှ ပညာသင်ယူ ပြီးချိန် သူ၏ ဘွဲ့နှင်းသဘင် လက်ရာလည်း ဖြစ်သည်။ ဝယ်လ်ဖန်တီးဖူးခဲ့သမျှထဲတွင် ဤဂါဂွိုင်းမှ အကောင်းဆုံး လက်ရာ ဖြစ်သည်။ ၎င်းကို ရှေးဟောင်းခေတ် ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည့် ဂိုဏ်းတစ်ခု၏ အကြွင်းအကျန်များကို ကုန်ကြမ်း အဖြစ် အသုံးပြု ထုဆစ်ထားခြင်း ဖြစ်ကာ လူပေါင်း ၉၉၀ ၏ အသက်၊ သွေး၊ ဝိညာဉ်စွမ်းအားတို့ကို ထည့်သွင်းထား၏။

ဓားလှံများ မထိုးဖောက်နိုင်သည့် အခွံမာ၊ လူတစ်ဦးကို အပိုင်းပိုင်း အစစ ဖြစ်အောင် ကိုက်ဖြတ်နိုင်သည့် သွားနှင့် လက်သည်းများ၊ အံ့မခန်း အမြန်နှုန်းနှင့် လျင်မြန်မှုကို ပေးစွမ်းနိုင်သည့် အတောင်ပံတို့ကြောင့် ဂါဂွိုင်းမှာ ပေါ့ပေါ့တန်တန် သဘောထားလို့ ရသည့် သတ္တဝါ တစ်ကောင် မဟုတ်သည်မှာ သေချာသည်။ ၎င်းထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုမှု ရည်ရွယ်ချက်များကိုပင် ခံစားနိုင်၏။ ယေဘုယျအားဖြင့် ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာ ငရဲဘုံ အဆင့် စစ်သည်တော်တစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ဝယ်လ်သည် မှော်ပစ္စည်းများ ဖန်တီးရာတွင် အလွန် မြင့်မားသည့် အဆင့်တစ်ခုကို ရောက်ရှိခဲ့သည်။ အစပထမ၌ လင်ကျဲအား သူ၏ လက်ရာ ပြသရန် အခွင့်အရေးရသည့်အတွက် ဝမ်းသာနေသေးသော်လည်း “အနုပညာလက်ရာ” ဟူသော စကားကို ကြားသောအခါ သူ၏ ဝမ်းမြောက်မှုများက လုံးဝ ပျောက်ကွယ်သွားပြီး လက်တွေ့သို့ ပြန်ရောက်လာခဲ့သည်။

တကယ်တော့ ၎င်းမှာ ငရဲဘုံ အဆင့် ဂါဂွိုင်းလေးမျှသာ ဖြစ်သည်။ လင်ကျဲ၏ စင်ထက်၌ ရှိနေသည့် ဘယ်စာအုပ်မဆို အလားတူ ဂါဂွိုင်း ထောင်ပေါင်းများစွာထက် ပိုမို တန်ဖိုး ရှိသည်။

‘အင်းလေ... ငါ့ရဲ့ ဂုဏ်အယူရဆုံး လက်ရာက သူ့လို မွန်းစတား တစ်ယောက်ရဲ့ မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူးပေါ့... ဟူး... ဆရာလေးလင်က တကယ့်ကို ကြင်နာ တတ်တာပဲ... ငါ့ရဲ့ ခံစားချက်တွေကို ထည့်စဉ်းစားပြီးတော့ အခြား ရှုထောင့်ကနေ ချီးမွမ်းပေးနေတယ်... ဘာပဲ ဖြစ်ဖြစ်... အဆင်ပြေပါတယ်လေ’

တကယ်တမ်းအားဖြင့် ဝယ်လ် နောက်ထပ် လက်ဆောင် တစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်သည်။ ၎င်းမှာ အလွန် တန်ဖိုး ရှိသည့် ရတနာ တစ်ခု ဖြစ်ကာ အခရာ အဆင့် မွန်းစတား တစ်ယောက်ကပင် တန်ဖိုးထားလိမ့်မည်ဟု ယုံကြည်သည်။

“ဆရာလေး သဘောကျစေရပါမယ်...”

အဘိုးကြီး၏ မျက်လုံးများက အရောင် တဖိတ်ဖိတ် တောက်ပလာကာ ဆိုလိုက်၏။ ထို့နောက် သူက ဦးညွှတ် အရိုအသေပြုကာ စာအုပ်ဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။

လင်ကျဲက သူ့ကို လက်ပြ နှုတ်ဆက်ရင်း သက်ပြင်းချ လိုက်၏။

‘ကြည့်ရတာ ဒီနေ့ စီးပွားရေးကတော့ ဒီလောက်ပဲ ထင်တယ်...’

အပြင်ဘက်၌ သည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်သည့် မိုးကို ကြည့်ရင်း လင်ကျဲ တွေးလိုက်မိသည်။ ယခုလို ဆိုးရွားသည့် ရာသီဥတုမျိုးတွင် ဖောက်သည် နှစ်ဦး ရောက်ရှိလာသည်မှာပင် ရှားပါးသည့် ကိစ္စ ဖြစ်သည်။ သူ ထိုထက် ပိုမို၍ မျှော်လင့် မထားတော့ချေ။

“စိတ်ကောင်း နှလုံးကောင်းထားရင် ကံကောင်းခြင်းက အလိုလို ရောက်လာတတ်တယ်...”

လင်ကျဲ သက်ပြင်းတစ်ချက် ချရင်း တီးတိုး ရေရွတ်လိုက်ရင်း လက်ဘက်ရည်ကို တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူ ဂါဂွိုင်းကို ကောက်ယူကာ ခဏတာမျှ ဆော့ကစားလိုက်ပြီးနောက် ကောင်တာပေါ်သို့ ပြန်တင်လိုက်သည်။

မှုန်မှိုင်းနေသည့် အလင်းရောင်အောက်တွင် ပလ္လင်ထက်၌ ထိုင်နေသည့် နတ်ဆိုးပန်းပုမှာ အချိန်မရွေး အတောင်ပံဖြန့်ကာ အမဲလိုက်ရန် အသင့်ဖြစ်နေပုံရသည်။

ထူးဆန်းစွာပင် ဤကျောက်ဂါဂွိုင်းမှာ စာအုပ်ဆိုင်နှင့် တော်တော်လေး အံဝင်ခွင်ကျ ဖြစ်နေသည်။ လင်ကျဲ ထိုကဲ့သို့ တွေးတောရင်း အနီရောင် အလင်းများ ထွက်နေသည့် ဂါဂွိုင်း၏ မျက်လုံးများကို ဆိုင်ဝင်ပေါက်ဖက်သို့ မျက်နှာမူစေလိုက်၏။ နေ့ခင်းကြောင်တောင် ဖြစ်နေလျှင်ပင် စာအုပ်ဆိုင်ထဲကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားသူတိုင်း ၎င်းကြောင့် ကြောက်လန့်တကြား ဖြစ်သွားမှာ သေချာသည်။

‘သူခိုး ကာကွယ်ရေး စက်ပေါ့လေ... မဆိုဘူး’

လင်ကျဲ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ကောင်တာကို သပ်ရပ်အောင် စတင်ရှင်းလင်းလိုက်သည်။ လက်ဖက်ရည်ခွက်များကို သိမ်းဆည်းနေစဥ် ရုတ်တရက် လင်ကျဲ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

သစ်သားစားပွဲပေါ်၌ စီးကျနေသည့် ရေစက်များမှာ သူတို့ဘာသာ အလိုအလျောက် ရွေ့လျား သွားခဲ့ကာ စာလုံး တစ်လုံး အဖြစ် ဖွဲ့စည်းသွားကြောင်း သတိပြုလိုက်မိသည်။

“အချိန်တောင် အတော်ကြာသွားပြီပဲ...”

လင်ကျဲ ထိတ်လန့်တုန်လှုပ်စွာ ထရပ်လိုက်၏။ သူ၏ မျက်လုံးများ စားပွဲပေါ်တွင် ခိုင်မာစွာ စွဲမြဲနေဆဲဖြစ်သည်။ ရင်းနှီးနေသည့် ခံစားချက် တစ်ခုက သူ့ကို လွှမ်းခြုံသွားခဲ့၏။ ၎င်းမှာ လွန်ခဲ့သော သုံးနှစ်ခန့်က စာအုပ်ဆိုင်ရှေ့သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည့်နေ့က ခံစားမှုနှင့် အတူတူပင် ဖြစ်သည်။

လင်ကျဲ ချက်ချင်း နားလည်လိုက်သည်။ သူ့ကို ဤကမ္ဘာသို့ ပို့ဆောင်ခဲ့သော လျှို့ဝှက်လက်သည်မှာ သုံးနှစ်အကြာတွင် တစ်ဖန် ပြန်ပေါ်လာပြီဖြစ်သည်။

“ခင်ဗျားကိုး...”

***

All Chapters