← Chapters

ဝံပုလွေဖြူ အဖွဲ့၏ ကံကြမ္မာ

Vol. 1 Ch. 12

ဝံပုလွေဖြူ အဖွဲ့၏ ကံကြမ္မာ

Vol. 1 Ch. 12

အလွန် ကြီးမားလှသည့် စွန့်ပစ်ခံ ဘုရားကျောင်းတစ်ခုရှေ့တွင် ကျိကျစ်ရှို့မှာ ကြိမ်လုံးကို ကိုင်ကာ ရပ်နေခဲ့သည်။ သူမ၏ အနက်ရောင် လေကာအင်္ကျီမှာ လေပြင်းနှင့် အတူ ပြင်းထန်စွာ လှုပ်ခတ်နေ၏။ သူမမှာ ဘုရားကျောင်း၏ ပြတင်းပေါက် မှန်ဝိုင်းများမှတစ်ဆင့် ထွက်ပေါ်လာနေသည့် မီးတောက်များကို ငေးကြည့်နေခဲ့သည်။

ပြတင်းပေါက်မှန်များ ဆက်တိုက် ကွဲအက်နေသည်နှင့်အမျှ နာကျင်စွာ အော်ဟစ်သံများနှင့် ညည်းညူသံများမှာ အတွင်းမှ ထွက်ပေါ်လာနေခဲ့သည်။ ထိုဝန်းကျင်၌ အီသာ စွမ်းအင်များမှာ ရှုပ်ထွေးစွာ လှုပ်ရှားနေသည်။

ကွဲကြေနေသည့် မှန်စများက မီးတောက်များ အောက်တွင် တလက်လက် တောက်ပနေ၏။ နီနီရဲရဲ သွေးစိမ်း ရှင်ရှင်များကတော့ ဘုရားကျောင်း နံရံများတစ်လျှောက်တွင် နွယ်ပင်များကဲ့သို့ ပက်ဖြန်းထားခဲ့သည်။ အလောင်းများစွာမှာ ဟိုသည် ပြန့်ကျဲ နေခဲ့ကာ အလျင်အမြန်ပင် ကာဗွန်အဖြစ် ပြောင်းလဲကာ ပြာများ အဖြစ် ပျောက်ကွယ်သွားခဲ့လေသည်။

ကျိကျစ်ရှို့၏ နောက်ကွယ်တွင် သူမ၏ သစ္စာရှိ လက်အောက်ငယ်သားများဖြစ်သော ခိုင်ယီ၊ မားကပ်စ်နှင့် ရူအန်တို့ ရှိနေသည်။

“ဝံပုလွေဖြူ” မုဆိုး အဖွဲ့၏ ဒုတိယခေါင်းဆောင်အနေဖြင့် ကျိကျစ်ရှို့၏ လက်အောက်ငယ်သားများမှာ မူလက သုံးဦးထက် ပိုများခဲ့သည်။ သို့သော်လည်း... ခွင့်လွှတ်၍ မရနိုင်သည့် သစ္စာဖောက်မှုကို ခံစားခဲ့ရပြီး နောက်တွင်တော့ ဤသုံးဦးမှလွဲ၍ ကျန်သူများ အားလုံးမှာ အလောင်းများ ဖြစ်သွားခဲ့ကြပြီ ဖြစ်လေသည်။

လန်စီ မှော်ကြေးမုံသည် စတင် ဖွံ့ဖြိုးခြင်း မရှိသေးသည့် သန္ဓေသားလောင်း အခြေအနေတွင်ပင် လူတစ်ဦးကို လှည့်စားနိုင်သည့် စွမ်းရည် ရှိပြီး ဆိုးရွားသည့် တပ်မက်မှု အတွေးများကို စိုက်ထည့်ပေးသည်။

(လန်စီ = သန္ဓေသားလောင်း မဖြစ်သေးသည့် မျိုးဥ)

ပထမဆုံး စိတ်ကယောင်ကတမ်း ဖြစ်မိသည်နှင့် ပြန်ပြင်လို့ မရနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။ ယခုအခါ နော်ဇင်၏ မိုးတိတ်ရာ ရပ်ဝန်းတိုင်းမှာ မုဆိုးများ၏ တိုက်ခိုက်ရေးနယ်မြေ ဖြစ်လာခဲ့သည်။

ခိုင်ယီနှင့် မာကပ်စ်တို့မှာ ကျိကျစ်ရှို့၏ လက်အောက်ငယ်သားများ ဖြစ်သည့် အပြင် သူမ ဖခင်ဖြစ်သူ၏ နောက်လိုက်များလည်း ဖြစ်ခဲ့ကြသည်။ သူတို့၏ အသိစိတ်ကို မိသားစု အထက်လမ်း ဆရာ တစ်ယောက်က ကိုယ်ပိုင် အမှတ်အသားဖြင့် ချည်နှောင်ထားလေရာ လန်စီ မှော်ကြေးမုံ၏ ဝါးမြိုမှုကို ဆန့်ကျင်ရင်း စိတ်ပိုင်းဆိုင်ရာ ကြည်လင်မှုကို ဆက်လက် ထိန်းသိမ်း ထားနိုင်စေခဲ့သည်။

အခြားတစ်ဖက်၌ ရူအန်ကတော့ မကြာသေးမီကမှ အညံ့ခံခဲ့သူ ဖြစ်ကာ ကိုယ်ပိုင် တံဆိပ်ကို အပ်နှင်းခြင်းဖြင့် ကျိကျစ်ရှို့ လက်အောက်သို့ ဝင်ခဲ့သည်။ “ဝံပုလွေဖြူ” အဖွဲ့မှာတုန်းက ရူအန်မှာ ပထမခေါင်းဆောင် ဟေးရစ်၏ လက်အောက်ငယ်သား ဖြစ်ခဲ့သည်။

ရူအန် အညံ့ခံခဲ့ရသည့် အကြောင်းရင်းကတော့ ရိုးရှင်းသည်။ ကျိကျစ်ရှို့ကို ကြောက်သောကြောင့် ဖြစ်သည်။ ထိုမိန်းမမှာ “သားရဲ အသွင်ပြောင်းခြင်း” အခြေအနေသို့ ဝင်ရောက်နိုင်ကာ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများနှင့် အလောင်းများပုံသည် အထိ သတ်ဖြတ်ခဲ့သည်။

“သခင်မလေး... လန်စီ မှော်ကြေးမုံက ဟေးရစ်ရဲ့ လက်ထဲမှာ ရှိနေပြီဆိုတာကို ကျွန်တော်တို့ သတင်း အတိအကျ ရပြီးပါပြီ... သူက တကယ့်ကို ရူးသွားပြီ... မှော်ကြေးမုံကို သိမ်းပိုက်ပြီးတဲ့နောက် မုဆိုးအဖွဲ့ထဲ လူသတ်ပွဲတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်”

ခိုင်ယီက ခပ်တိုးတိုးလေး အစီရင် ခံလိုက်၏။

မဟူရာ နှင်းဆီ ဟူသော နာမည်ပြောင်ကို လိုက်ခံ ရရှိထားသည့် ခိုင်ယီမှာ အရပ်ရှည်ရှည် သွယ်သွယ်လျလျနှင့် လှပသည့် ရုပ်ရည် ရှိသည့် မိန်းကလေး တစ်ဦး ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ဘလောက် အင်္ကျီ၊ ခပ်ကြပ်ကြပ် ဘောင်းဘီရှည်နှင့် ဒူးအထိမြင့်သည့် ဘွတ်ဖိနပ်တို့ဖြင့် ပေါ်လွင်နေသည်။ နားထက်တွင် နားကြပ် တစ်စုံနှင့် နှုတ်ခမ်း၌ ခပ်ပျစ်ပျစ် နှုတ်ခမ်းဆိုးဆေး အနက်ရောင် ဆိုးထားသည့် သူမမှာ ဖက်ရှင်ကျသည့် ဆယ်ကျော်သက်တစ်ဦးနှင့်ပင် တူနေသေးသည်။

သို့သော်လည်း... သူမ၏ လက်ထဲရှိ သွေးများ တလက်လက် တောက်ပနေသည့် ခွေးသွားစိပ်ဓားကတော့ ဆန့်ကျင်ဘက်ကို ပြောပြနေသည်။ သူမက အိပ်မက်သားရဲများကို အမဲလိုက်သည့် မုဆိုးတစ်ဦးအပြင် သွေးအေး လူသတ်သမား တစ်ယောက်လည်း ဖြစ်သည်။

ခိုင်ယီက စိုးရိမ်သော မျက်ဝန်းများဖြင့် ဘုရားကျောင်းကို စူးစမ်းလိုက်၏။

“ဟေးရစ် က တတိယခေါင်းဆောင် ကာဂျီနဲ့ ပူးပေါင်းလိုက်ပြီ... ကျွန်မတို့မှာ လုံလောက်တဲ့ ခွန်အား မရှိဘူး... ဒီတိုက်ပွဲက မအောင်မြင်ဘဲ အဆုံးသတ်မှာကို ကျွန်မ ကြောက်မိတယ်”

မားကပ်စ် ခေါင်းညိတ်ရင်း ဝင်ရောက် ပြောဆိုလိုက်သည်။

“ဟေးရစ်က အတော်လေး သန်မာတယ်။ သူက ကျွန်တော်တို့ ဝံပုလွေဖြူတွေထဲမှာ ငရဲဘုံ အဆင့်နဲ့ အနီးစပ်ဆုံးပဲ... ကာဂျီ က နည်းနည်း ပိုအားနည်းပေမယ့် အဖွဲ့ထဲမှာ ရှိတဲ့ မုဆိုးတွေရဲ့ တစ်ဝက်နီးပါးကို သူ လေ့ကျင့်ပေးခဲ့တာ... ဟေးရစ်ရဲ့ ရူးသွပ်တဲ့ စိတ်သဘောထားကြောင့် အဖွဲ့ဝင်ဆီမှာ သစ္စာဖောက်ဖို့ အတွေးရှိခဲ့ရင်တောင် သူတို့နောက်ကို လိုက်မယ့်သူတွေ အများကြီး ရှိသေးတယ်... ကျွန်တော်တို့ အောင်မြင်ဖို့ အခွင့်အရေး နည်းပါတယ်”

ရူအန်က ကျိကျစ်ရှို့ကို ကြောက်ရွံ့စွာ ကြည့်လိုက်ပြီးနောက် မြှောက်ပင့်သော အပြုံးတစ်ခုကို ပြုံးလိုက်၏။

“ခေါင်းဆောင်ရဲ့… အဲလေ ဟေးရစ်ရဲ့ အဖွဲ့က အစွမ်းထက်ပေမယ့် ငါတို့ရဲ့ ဘော့စ်ကလည်း သာမန်မှ မဟုတ်တာ... ဟေးရစ်က ငရဲဘုံ အဆင့်နဲ့ နီးစပ်ရုံပဲ ရှိသေးတာလေ... ငါတို့ရဲ့ ဘော့စ်က အဲဒီ အဆင့်ကို ရောက်နေပြီ... သားရဲ အသွင် ပြောင်းလဲခြင်းကို အသုံးပြုနိုင်သရွေ့ ဟေးရစ်နဲ့ ကာဂျီတို့ နှစ်ယောက်လုံး ဘော့စ်ရဲ့ ဓားအောက်မှာ ကျဆုံးသွားလိမ့်မယ်”

ရူအန်သည် ကျိကျစ်ရှို့မည်သည့် အဆင့်တွင် ရှိသည်ကို အမှန်တကယ် မသိသော်လည်း မြှောက်ပင့်ပြောဆိုခြင်းမှာ မဖြစ်မနေ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။

သားရဲ အသွင် ပြောင်းလဲခြင်း စွမ်းအားကို အသုံးပြုရာ၌ ကျိကျစ်ရှို့ သူမ၏ ဆင်ခြင်တုံတရားအား မည်ကဲ့သို့ ထိန်းသိမ်းနိုင်သည်ကို သူ မသိချေ။ သို့သော်လည်း ခွန်အားက ခွန်အားပင် ဖြစ်သည်။ သူက အခွင့်အရေး သမား တစ်ယောက် ဖြစ်ကာ အစွမ်းအထက်ဆုံးသူ၏ ဘက်တွင်သာ ရပ်တည်သူဖြစ်ကြောင်း ဝန်ခံရပေမည်။ ဤသည်က လောကဓံပင်။

တစ်နေ့၌ သူသည်လည်း ညစ်ညမ်းသည့် သွေးများအား ထိန်းချုပ်နိုင်သည့် နည်းလမ်း ရလျှင် ဘယ်လောက် ကောင်းလိုက်မည်နည်း။

ရွှင်း...

ကျိကျစ်ရှို့က ကြိမ်လုံးကို လှုပ်ယမ်းရင်း ချွန်ထက်သည့် ဓားတစ်စင်းကို ဖော်ထုတ်လိုက်၏။

“မုဆိုးတွေက ဘယ်တော့မှ နောက်မဆုတ်ဘူး... လာ... ဝင်ကြစို့... ဒါက နောက်ဆုံးတိုက်ပွဲ ဖြစ်လိမ့်မယ်”

ဤစွန့်ပစ်ခံ ဘုရားကျောင်းကို ကပ်ဘေး ဘုရားကျောင်းမှ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ကပ်ဘေး ဘုရားကျောင်းသည် တစ်ချိန်က အဇီး၏ ထိပ်တန်း ကိုးကွယ်ယုံကြည်မှု ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း... အမှန်တရား အသင်းတော် လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး နောက်တွင် ထိုရာထူးကို သိမ်းပိုက်လိုက်သဖြင့် ကပ်ဘေး ဘုရားကျောင်းများစွာမှာ စွန့်ပစ်ခံခဲ့ရသည်။

ဘုရားကျောင်းအတွင်းရှိ တိုက်ပွဲမှာ နိဂုံးချုပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ မုဆိုးများ၏ အကြွင်းအကျန်များမှာ နေရာအနှံ့ ပျံ့နှံ့နေ၏။ ကျိကျစ်ရှို့က သတိထားရင်း ပင်မခန်းမ အတွင်း ဝင်ရောက်လာခဲ့၏။

ရောင်စုံ မှန်များများမှ ထိုးကျနေသည့် ခုနစ်ရောင်ခြယ် အလင်းရောင် အောက်တွင် ခန်းမမှာ မှိန်ဖျော့ဖျော့ တောက်ပ နေခဲ့သည်။ ဝံပုလွေဖြူများ၏ တတိယခေါင်းဆောင် ကာဂျီမှာ ခန်းမ အလယ်တွင် မတ်တပ်ရပ် နေခဲ့၏။ သူက အရပ်ရှည်ရှည် အမျိုးသား တစ်ဦးဖြစ်ပြီး အနက်ရောင် ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ နောက်ကျောဘက်တွင် ဓားရှည် တစ်စင်း ကပ်လျှက် ရှိနေသည်ကို တွေ့ရ၏။ သူက ဆုတောင်းနေသကဲ့သို့ ခေါင်းငုံ့ထားခဲ့သည်။

စွန့်ပစ်ထားခဲ့သည်မှာ အချိန် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် အတွက် မျက်နှာကျက်တွင် မိုးရေများ ယိုစီးကျနေ၏။ ကြမ်းပြင်မှာ ရေများဖြင့် အိုင်နေ၏။

“ဟေးရစ် ဘယ်မှာလဲ”

မားကပ်စ်က မေးလိုက်၏။

“ဂစ်… ဂစ်…”

ကာဂျီ၏ ခေါင်းက အနည်းငယ် စောင်းသွားကာ သွေးပွက်သံများ ထွက်ပေါ်လာ၏။

“တစ်ခုခု မှားနေပြီ”

ကျိကျစ်ရှို့၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ရှေ့သို့ အလျင်အမြန် ရွေ့လျား သွားခဲ့၏။ ထို့နောက်… သူ့ ပခုံးကို တွန်းလိုက်သည်။

ကာဂျီ၏ ခေါင်းမှာ နောက်သို့ လိမ်စောင်း သွားခဲ့သည်။ သူ၏ မျက်နှာက နာကျင်စွာ တွန့်လိမ်နေကာ လည်ပင်းထက်တွင် ကြီးမားသော ဓားဒဏ်ရာ တစ်ခု ရှိနေခဲ့သည်။ သွေးများမှာ အဆက်မပြတ် ယိုစီးကျနေခဲ့၏။

ကျန်သူများ အားလုံး အသက်ရှူမှားသွားကြသည်။ ဓားရှည်မှာ သူ၏ ကျောဘက်တွင် ကပ်နေခြင်း မဟုတ်ချေ။ ခန္ဓာကိုယ်ကို ဖြတ်၍ ကြမ်းပြင်၌ ငုတ်သဖွယ် စိုက်ထားခြင်း ဖြစ်သည်။

“ဆေးထိုးအပ်… မြန်မြန်… ”

ကျိကျစ်ရှို့အော်လိုက်၏။

“ဟုတ်ကဲ့…”

မာကပ်စ်က သွေးကြည်ရည်များ ဖြည့်ထားသည့် ဆေးထိုးအပ်ကို အလျင်အမြန် ကမ်းပေးလိုက်သည်။

ကျိကျစ်ရှို့က ၎င်းကို ယူလိုက်ရင်း ကာဂျီ၏ နှလုံးကို စိုက်ကာ သွေးရည်ကြည် အားလုံးကို ထိုးသွင်းလိုက်သည်။

သွေးရည်ကြည်များက ချက်ချင်းပင် အကျိုးသက်ရောက်လာကာ ကာဂျီ၏ လည်ပင်းဒဏ်ရာက တွန့်လိမ်၍ ကျုံ့ဝင်လာ၏။ တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးများက ရူးသွပ်စွာပင် မျက်ဖြူလန် သွားခဲ့ပြီး နောက်ဆုံး၌ သားရဲမျက်လုံးများအဖြစ် ပြောင်းလဲ သွားခဲ့သည်။

“အား…”

ကာဂျီမှာ နာကျင်စွာ အော်ဟစ်လိုက်၏။ သူ၏ သွားများက ချွန်ထက်လာကာ လက်သည်းများမှာလည်း ရှည်လျားလာခဲ့သည်။ အမွေးအမျှင်များမှာ သူ၏ ခန္ဓာကိုယ်တစ်လျှောက်၌ ထူထပ် များပြားစွာ ပေါက်လာခဲ့၏။

“ကာဂျီ… ကာဂျီ… ဟေးရစ် ဘယ်မှာလဲ… လန်စီ မှော်ကြေးမုံနဲ့ ထွက်သွားပြီလား”

ကျိကျစ်ရှို့က ကာဂျီ၏ မျက်လုံးများကို စိုက်ကြည့်ရင်း အော်လိုက်၏။

ကာဂျီ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ခေါင်းကို အပေါ်သို့ မော့လိုက်ရင်း ရယ်မောလိုက်သည်။

“သူ ဆင်းသက်လာလိမ့်မယ်…”

ထို့နောက် သူ၏ မျက်လုံးများမှာ မျက်ဖြူလန်သွားကာ မလှုပ်မယှက် ငြိမ်သက် သွားခဲ့၏။ သူ၏ ခန္ဓာကိုယ် အသွင်ပြောင်းခြင်းကလည်း ရပ်တန့်သွားကာ မူလပုံစံကို ပြန်လည် ပြောင်းလဲ သွားခဲ့လေတော့သည်။

“တောက်...”

ကျိကျစ်ရှို့ တောက်တစ်ချက် ခေါက်ရင်း နံရံကို လက်သီးဖြင့် ထိုးလိုက်၏။ ထို့နောက် ရှုပ်ပွနေသည့် ပင်မ ခန်းမကို စိုက်ကြည့်လိုက်သည်။

“သခင်မလေး.. မစ္စတာ ဟေးဝုဒ်ကို သွားတွေ့မယ် ဆိုရင်ရော... သူက မိသားစုရဲ့ ထောက်ပံ့မှု ရထားတဲ့အတွက် အကူအညီပေးဖို့ ငြင်းဆန်မှာ မဟုတ်ပါဘူး”

မားကပ်စ်က အကြံပြုလိုက်၏။

“မလိုဘူး... နင်တို့ နှစ်ယောက် ရှာဖွေရေး ဆက်လုပ်ကြ...”

ကျိကျစ်ရှို့အ သက်ပြင်းပြင်း ရှူလိုက်၏။

“ရူအန်... နင် ငါနဲ့ လိုက်ခဲ့”

ရူအန် အနည်းငယ် အံ့အားသင့်သွားကာ စိုးရိမ်စွာဖြင့် မေးလိုက်သည်။

“ဘယ်… ဘယ်ကိုလဲ... သခင်မလေး”

“၂၃ လမ်းကို”

***

All Chapters