ခင်ဗျား ကျရှုံးသွားတာလား
Vol. 1 Ch. 13
“ဒီနေ့လည်း စီးပွားရေး မကောင်းပြန်ဘူး”
လင်ကျဲ သက်ပြင်း တစ်ချက် ချလိုက်ရင်း လက်ဖက်ရည် တစ်ခွက်ကို ငှဲ့လိုက်၏။ ထို့နောက် စာအုပ်ဖတ်ဖို့ ပြင်လိုက်သည်။
ဖောက်သည် မလာသည့် နေ့ရက်များမှာ လင်ကျဲ၏ နေ့စဥ်ဘဝ၌ သာမန်ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။ ဝယ်လ်နှင့် သူဌေးသမီးလေးတို့ နှစ်ယောက် လာရောက်ပြီးနောက် သုံးရက်ကြာခဲ့ပြီ ဖြစ်သည်။ ဤကာလအတွင်း မည်သည့်ဖောက်သည်မျှ မရှိခဲ့ပေ။
အပြင်ဘက်တွင်တော့ မုန်းသက်မုန်တိုင်းများက ဆက်လက် တိုက်ခတ်နေဆဲ ဖြစ်သည်။ မြို့၏ လမ်းမများ အားလုံး နီးပါးမှာ ရေများဖြင့် ဖုံးလွှမ်း နေခဲ့သည်။ ယခုလို ရာသီဥတုမျိုး၌ အရံ စားသောက်ကုန်များ ဝယ်ယူဖို့ လူတစ်ချို့သာ အပြင်ဘက်သို့ ထွက်ကြပေလိမ့်မည်။
တိတ်ဆိတ်နေသည့် လမ်းမများတွင် မိုးစက်ကျသံများနှင့် ရေစီးသံတို့သာ ကြားနေရ၏။ တစ်ချို့သော လမ်းများထက်၌ ရေချိန်မှာ တစ်ဆယ် စင်တီမီတာလောက် အထိပင် မြင့်တက်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် ၂၃ လမ်းကတော့ အနည်းငယ် မြင့်သော နေရာ၌ တည်ရှိနေသည်။
နော်ဇင်မြို့ရှိ လမ်းပေါင်း သုံးဆယ်ကျော်မှ နေထိုင်သူများကို ယာယီ ရပ်ကွက်များသို့ ပြောင်းရွှေ့ထားပြီး ဖြစ်ကြောင်း သတင်းများအရ သိရှိရသည်။ ယခုလို ပုံမှန်မဟုတ်သည့် ရာသီဥတုမျိုးမှာ နော်ဇင်၏ သမိုင်းတွင် အကြိမ် အနည်းငယ်သာ ဖြစ်ဖူးသည်။
သို့သော်လည်း... လင်ကျဲအတွက်တော့ ဘဝမှာ ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေဆဲ ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ ပိုမို အေးမြသည့် ရာသီဥတုကြောင့် အပေါ်ထပ် ဂျာကင်ဝတ်ဆင်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။
လင်ကျဲ စားစရာအတွက် စိုးရိမ်ရန်လည်း မလိုအပ်ချေ။ သူ့ထံတွင် သုံးလစာ အရံ စားစရာများ ရှိပေသည်။ မီးစက် တစ်ခု ရှိခြင်းကြောင့်လည်း လျှပ်စစ်ဓာတ်အား အတွက် လင်ကျဲ စိတ်ပူစရာ မလိုပေ။
လင်ကျဲ အတွက် ပျင်းဖို့လည်း အချိန် မရှိချေ။ ဤနေရာမှာ ကမ္ဘာပေါ်ရှိ စာအုပ်အားလုံးကို စုဆောင်းထားသည့် သိုလှောင်ရုံ ဖြစ်သည်။ လင်ကျဲထံ၌ ကမ္ဘာ့ အမြန်ဆုံး စာဖတ်စွမ်းရည် ရှိလျှင်ပင် ၎င်းတို့ အားလုံးကို သုံးလအတွင်း ဖတ်ပြီးဖို့ ဘယ်လိုမှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ သူ့လို အသေးစိတ် ဖတ်၊ မှတ်၊ လေ့လာကာ မှတ်စုချရေးတတ်သူ အတွက် ဆိုလျှင်ပင် ပို၍ပင် မပြီးနိုင်ပေ။
လင်ကျဲမှာ စာဖတ် ရောဂါ စွဲကပ်နေသူ တစ်ဦး မဟုတ်သော်လည်း စာအုပ်များကို စုဆောင်းတတ်သည့် ဝါသနာက လွန်ခဲ့သည့် နှစ်များ တစ်လျှောက် သူ့ကို ဤအလေ့အကျင့် ဖြစ်ပေါ်စေခဲ့သည်။ ယခုလို ဘဝမျိုးမှာ လင်ကျဲလို အိမ်တွင်းအောင်းသူများ အတွက်တော့ နတ်ဘုံနတ်နန်း သဖွယ် ဖြစ်သည်။ ငွေမရှိခြင်းမှ လွဲ၍ အရာရာ ပြီးပြည့်စုံသည်။
‘အရမ်းကြီး မပြည့်စုံပေမဲ့ ငါ့ဘဝလေး ဒီလို အေးအေးချမ်းချမ်း နေနိုင်တာ ဟိုအသားမဲမဲနဲ့ ကောင်မလေး ကြောင့်ပဲ... သူသာ ငါ့ကို လုပ်ငန်း လိုင်စင်နဲ့ ယာယီ နေထိုင်ခွင့် ပါမစ်ရအောင် ကူညီ မပေးခဲ့ရင်၊ နောက်ပြီး ငါ့စာအုပ်ဆိုင်ကိုသာ ထောက်ပံ့ပေး မထားရင် ခုနေ ငါ ဘယ်ရောက်ဘယ်ပေါက်လို့ ဘာတွေ ဖြစ်နေမယ်တောင် မသိဘူး’
လင်ကျဲ တွေးရင်း စာအုပ်ကို ဖတ်လက်စ နေရာသို့ လှန်လိုက်၏။ ထို့နောက်... သူ စိတ်ပျက်လက်ပျက်ဖြင့် အနည်းငယ် တီးတိုး ရေရွတ်လိုက်သည်။
“သူ ဆိုင်ကို မလာတာ ကြာပြီ...”
သတိထားမိသလောက် သူ၏ ဖောက်သည်များ အားလုံးမှာ အလွန် အလုပ်များသော လူများ ဖြစ်သည်။ သူတို့မှာ ဆက်ဆံရေး ကောင်းမွန်သော်လည်း သူတို့၏ လာရောက်မှုများကြားတွင် အချိန်ကာလ ကြာမြင့်မှုများ ရှိသည်။ ဝယ်လ်ကဲ့သို့ မကြာခဏ လာရောက်သည့် ဖောက်သည်များ နည်းပါးသည်။
အကောင်းဆုံး ဥမာက သူ၏ ပထမဆုံးသော ဖောက်သည် ‘ချီလီ’ ဖြစ်သည်။ ချီလီမှာ နှင်းကဲ့သို့ ဖြူဆွတ်သည့် ဆံပင်များကို ပိုင်ဆိုင်ထားသည့် အသားမဲမဲ မိန်းမငယ်လေး တစ်ဦး ဖြစ်သည်။
သူ့ ဆိုင်သို့ ပထမဆုံး အခေါက် ရောက်စဉ် အခါတုန်းက ချီလီမှာ ကျောင်းတွင်း အနိုင်ကျင့် ခံရမှုများကြောင့် စိတ်ဓာတ်အတော်လေး ကျနေခဲ့သည်။ လင်ကျဲက သူမကို အကြံဉာဏ်တစ်ချို့ ပြောခဲ့ကာ “အကြမ်းမဖက် ပေါင်းသင်း ဆက်ဆံခြင်း” စာအုပ် တစ်အုပ်ကို အကြံပြုခဲ့သည်။ ထိုနှစ်ပိုင်းက စ၍ သူမမှာ တစ်ခါမှ ပြန်ပေါ် မလာခဲ့တော့ချေ။
ကြည့်ရသည်က ချီလီမှာ ပညာရေး ကိစ္စများနှင့် အလုပ်များနေသည့်ပုံ ပေါ်သည်။ သို့သော်လည်း သူ့ဆိုင် ချက်ချင်း မှတ်ပုံတင်နိုင်ခဲ့ကာ ငွေကြေး ထောက်ပံ့မှု အများအပြား ရရှိခဲ့ခြင်းကို ထောင့်ချင့်ရပါက သူမမှာ ကျိကျစ်ရှို့လို ချမ်းသာသည့် သခင်မလေး တစ်ဦး ဖြစ်ပုံ ရသည်။
လွန်ခဲ့သည့် သုံးရက်တာ ကာလ အတွင်း ဖောက်သည် တစ်ယောက်မှ မရှိခဲ့လေရာ လင်ကျဲ သူ့ အတိတ်လက်ရာများ အားလုံးကို ပြန်လည် ကြည့်ရှုခဲ့သည်။ ကိုယ်ပိုင် စာအုပ်များ ပြန့်ပွားစေရေး အတွက် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို စနစ်တကျ စဉ်းစားဖို့ လိုအပ်သည်။
သို့သော်လည်း ပညာရေး ဆိုင်ရာ စာအုပ်များကို အရောင်း မြှင့်တင်ဖို့က ခက်ခဲသည့် အလုပ် တစ်ခု ဖြစ်သည်။ ဤကမ္ဘာ၌ ဝယ်လ်လို ဘာသာရပ် အထူးပြု ပညာရှင်များ အလွန် နည်းပါးလွန်းသည်ဟု လင်ကျဲ စဉ်းစား လိုက်မိသည်။
ထိုအခိုက်တွင်ပင် တံခါးဝမှ ကြေးခေါင်းလောင်းလေးထံမှ သာယာသည့် မြည်သံများ ထွက်ပေါ်လာခဲ့၏။ လင်ကျဲ အတွေးနက်နေရာမှ နိုးထလာကာ ပေါ့ပေါ့ပါးပါး နှုတ်ခွန်းဆက် စကား ဆိုလိုက်၏။
“ကြိုဆိုပါတယ်”
သူ စာအုပ်ကို ပိတ်ရင်း မော့ကြည့်လိုက်၏။ ထိုအခါ လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ပထမဆုံး လာရောက်ခဲ့သည့် ကျိကျစ်ရှို့ ပြန်လည် ရောက်ရှိလာသည်ကို သတိပြုမိလိုက်သည်။ ပထမ၌ အနည်းငယ် တွေဝေသွားသော်လည်း သူ လျင်မြန်စွာပင် ပြုံးပြလိုက်သည်။
ပြောရင်းဆိုရင်းပင် ဒုတိယ အကြိမ်မြောက် လာသည့် ဖောက်သည် တစ်ယောက် ပေါ်လာခဲ့ပြီ ဖြစ်သည်။
‘ဒါပေမဲ့ သူ လာသွားတာ သုံးရက်ပဲ ရှိသေးတယ် မဟုတ်ဘူးလား... မဟုတ်မှ လွဲရော ငါ့ဆိုင်ရဲ့ စီးပွားရေးက ထိုးတက်လာတာလားဟ... ဘာပဲ ဖြစ်ဖြစ် ဒီမိန်းကလေးက လာဘ်ကောင်လေးပဲ... ငါ သေသေချာချာ ဂရုစိုက် ပေးရမယ်’
အသံတိတ် တွေးတောရင်း လင်ကျဲ၏ အပြုံးက ပိုမို တောက်ပလာ၏။
“သခင်မလေး ကျိရှို့ပဲကိုး... ကျွန်တော့်ရဲ့ ဆိုင်သေးသေးလေးကို သုံးရက် အတွင်း ဘယ်ဖောက်သည်မှ နှစ်ခါပြန် မလာဖူးဘူး... ခင်ဗျားက ပထမဆုံးပဲ”
ကျိကျစ်ရှို့က နှုတ်ခမ်းကို ကိုက်လိုက်၏။ သူမ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။ စာအုပ်ဆိုင် ပိုင်ရှင်ထံမှ လမ်းညွှန်မှု ရရှိပြီး နောက်ပိုင်းတွင်ပင် ကိစ္စတစ်ခုလုံးကို သူမ တစ်ချက်တည်း အပြတ် မဖြတ်နိုင်ခဲ့ချေ။ သူ့ထံ၌ အကူအညီ တောင်းခံရန် နောက်တစ်ကြိမ် ပြန်ပြေးလာခဲ့ရသည်။
‘ငါက သူ့ဖောက်သည်တွေထဲမှာ အသုံးမကျဆုံးလူလို့ ပြောလိုက်တာလား မသိဘူး...’
သို့သော်လည်း လင်ကျဲ၏ အမူအရာက လှောင်ပြောင်နေခြင်း မဟုတ်ကြောင်း သူမ ခံစားနိုင်သည်။ သူ၏ မျက်လုံးများက သူမ တစ်ခုခု ထိခိုက်သွားမည်ကို စိုးရိမ်နေသယောင်ပင် ရှိနေသည်။ ထိုအရာကပင် ကျိကျစ်ရှို့ကို ပို၍ပင် စိတ်မကောင်းဖြစ်စေပြီး ရှက်ရွံ့စေခဲ့သည်။
“ဆရာ့ကို စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်”
ကျိကျစ်ရှို့က ရှက်ရွံ့စွာ တီးတိုးပြောလိုက်ရင်း ကောင်တာသို့ သွားကာ ထိုင်လိုက်သည်။ သူမ၏ မျက်ဝန်းများက ကောင်တာပေါ်ရှိ ပန်းပုရုပ်ဆီသို့ ချက်ချင်း ရောက်သွားကာ ချက်ချင်း နောက်သို့ ခုန်ဆုတ်လုနီးပါး ဖြစ်သွားခဲ့သည်။
ဤသည်က ဂါဂွိုင်းလား...။
လွဲစရာ မရှိချေ။ ဤအနက်ရောင် နတ်ဆိုး ပန်းပုရုပ်မှာ အောက်လမ်းဆရာများ အသုံးပြုသည့် ဂါဂွိုင်း ဖြစ်သည်မှာ သေချာသည်။
စာအုပ်ဆိုင် ပိုင်ရှင်က လုံးဝ သာမန် မဟုတ်တာ ပို၍ပင် သေချာ သွားခဲ့ပြီ ဖြစ်သည်။
“ဘော့စ်... ဒါက ဘော့စ် ကျွန်တော့်ကို လိုက်ခဲ့စေချင်တဲ့ နေရာလား”
ရူအန်က တံခါးကို တွန်းဖွင့်၍ ဝင်လာကာ နေရာကို သံသယ မျက်လုံးများဖြင့် စူးစမ်းလိုက်သည်။
“စာအုပ်ဆိုင် တစ်ဆိုင်ပဲ...”
ထို့နောက် သူ၏ အကြည့်များမှာ ကောင်တာ နောက်၌ ထိုင်နေသည့် လင်ကျဲ ဆီသို့ ရောက်ရှိသွားသည်။
သာမန်လူတစ်ယောက်...။
သို့သော် ရူအန် အသံထွက် မပြောဘဲ သံသယကို စိတ်ထဲတွင်သာ သိမ်းဆည်းထားခဲ့သည်။ အဘယ်ကြောင့်နည်း။ စာအုပ်ဆိုင် ပိုင်ရှင် အပေါ် ကျိကျစ်ရှို့က လေးလေးစားစား ပြုမူနေသည်ကို သတိထားမိလိုက်သောကြောင့်ပင်။
လင်ကျဲ အံ့အားသင့်သွားခဲ့၏။ ဤမိန်းကလေးက အဖော် တစ်ယောက်ကို ခေါ်လာသည်လော။
သူ ကျိကျစ်ရှို့ကို ကြည့်ရင်း မေးလိုက်၏။
“သူက”
ကျိကျစ်ရှို့က ရူအန်ကို တိုးတိုးတိတ်တိတ် ပြုမူရန် စိုးရိမ်တကြီး လက်ဟန်ပြလိုက်၏။ စာအုပ်ဆိုင် ပိုင်ရှင်က သူမ အခြားလူ တစ်ဦးအား ခေါ်လာအပေါ် မကျေမနပ် ဖြစ်သွားသလားဟု စဉ်းစားလိုက်မိသည်။
“ဒါက ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတစ်ဦးပါ... စိတ်မပူပါနဲ့... သူက ကျွန်မအပေါ် လုံးဝ သစ္စာရှိပါတယ်”
မိန်းကလေးက အလျင်စလိုပင် ရှင်းပြလိုက်၏။
လင်ကျဲ ကျိကျစ်ရှို့ကို စာနာစွာ ကြည့်ရင်း ခေါင်းညိတ် ပြလိုက်မိသည်။
‘သနားစရာ ကောင်းလိုက်တဲ့ မိန်းကလေးပဲ... ရည်းစားရဲ့ သစ္စာဖောက်တာ ခံထားရတော့ စိတ်အခြေအနေက မလုံခြုံသေးဘူး ထင်ပါတယ်... လူတစ်ယောက်ကို မိတ်ဆက်တဲ့ နေရာမှာ သစ္စာရှိပါတယ် ဆိုတဲ့ စကားကြီးကို စွဲနေရောပဲ...
ခဏ... သူ့ပုံစံက နည်းနည်း ယုံကြည်မှု ကင်းမဲ့ နေသလိုပဲ... သစ္စာဖောက်သွားတဲ့လူကို လက်စားချေပြီးရင် ဒီလို ပုံစံမျိုး ရှိရမှာ မဟုတ်ဘူးလေ... နောက်ပြီး “စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်” လို့လည်း ပြောခဲ့တယ်...’
လင်ကျဲ ကျိကျစ်ရှို့ကို ပိုမို နီးကပ်စွာ အကဲခတ်လိုက်၏။ ထိုအခါ သူမ၏ မျက်ဝန်းများထဲမှ ရှက်ရွံ့မှုများကို သတိထားလိုက်မိသည်။
သူ လက်ကို ပိုက်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေ၏။
“ခင်ဗျား ကျရှုံးသွားတာလား...”
***