အချစ်သည် စစ်မြေပြင်
Vol. 1 Ch. 14
“ခင်ဗျား ကျရှုံးသွားတာလား...”
လင်ကျဲက မိန်းကလေးကို စိုက်ကြည့်ရင်း မေးလိုက်၏။ သူ၏ အမူအရာက စိတ်ပျက်မှုနှင့် စာနာစိတ်များကို အချိုးကျကျ ပေါင်းစပ် ထားသကဲ့သို့ ရှိသည်။
ကျိကျစ်ရှို့ အသက်ကို ပြင်းပြင်း ရှူသွင်းရင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်... ကျွန်မ ကျရှုံးခဲ့ပါတယ်... သူ ထွက်ပြေးသွားတယ်... ခုထက်ထိ သူ့ရဲ့ လက်ရှိ တည်နေရာကို မသိရသေးပါဘူး... ကျွန်မ လူတွေ လွှတ်ပြီး ရှာခိုင်းထားပေမဲ့ ခုထိ ဘာသဲလွန်စမှ မတွေ့သေးပါဘူး...”
အခြေအနေက အတော်လေး ဆိုးရွားပုံ ရသည်ဟု လင်ကျဲ မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ကျိပိုတုန်းနှင့် သူ၏ မြေအောက်အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ အကြောင်းကို သူ အွန်လိုင်းမှ အထူးတလှယ် ရှာကြည့်ခဲ့သေးသည်။ လင်ကျဲ ထိုကုမ္ပဏီ အကြောင်းကို ယခင်ကတည်းက ကြားဖူးပြီးသား ဖြစ်သည်။ ၎င်းမှာ နော်ဇင်၏ အောက်ပိုင်း ခရိုင် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍကို လက်ဝါးကြီးအုပ်ထားသော ကုမ္ပဏီကြီး တစ်ခု ဖြစ်ကာ လက်ဝတ်ရတနာ၊ အလှကုန်နှင့် စားသောက်ကုန်များ အပါအဝင် လက်အောက်ခံ ကုန်အမှတ်တံဆိပ်များစွာကို ပိုင်ဆိုင်ထားကြောင်း သိရှိခဲ့သည်။
လေ့လာမှု အချို့ ပြုလုပ်ပြီး နောက်တွင်... ထိုကုမ္ပဏီကြီးမှာ နော်ဇင်၏ အုပ်ချုပ်ရေးပိုင်းနှင့် နီးကပ်သည့် ဆက်ဆံရေး အချို့ ရှိပုံရကြောင်း တွေ့ရှိခဲ့သည်။ ကုမ္ပဏီမှာ အောက်ပိုင်းခရိုင်၏ သယံဇာတများကို လက်ဝါးကြီးအုပ်ရုံသာမက အောက်ပိုင်းခရိုင်ရှိ လူများအား တစ်ဦးတည်း ခေါ်ယူခွင့်ကိုပါ ဆုပ်ကိုင်ထားသည်။
ဤကုမ္ပဏီမှလွဲ၍ အခြားလူများကို အောက်ပိုင်းခရိုင်ရှိ အမှုထမ်းများနှင့် ထိတွေ့ဆက်ဆံခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ ပြစ်မှုကျူးလွန်သူများအတွက် အကြီးမားဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်ပြီး သူတို့၏ မိသားစုများပင် ကပ်ဘေး ဘုရားကျောင်း၏ နောက်လိုက်များ ဖြစ်လာစေရန် နှင်ထုတ်ခြင်း ခံရသည်။
ဤအချက်အလက်များကို ထောက်ရှုခြင်းဖြင့်ပင် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၏ ထူးခြားမှုကို တွေ့မြင်နိုင်သည်။ ကျိပိုတုန်၏ တစ်ဦးတည်းသော သမီးလေး ဖြစ်သည့် ကျိကျစ်ရှို့မှာ သံသယ ဖြစ်စရာ မရှိအောင် ထိုကဲ့သို့ မျိုးရိုးမြင့် အသိုင်းအဝိုင်းမှ မင်းသမီးလေး ဖြစ်သည်။
လင်ကျဲ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ခမ်းနားသော နောက်ခံနှင့် ဝိုင်းဝိုင်လည်နေသည့် ချစ်သူခင်သူများ ရှိနေသည့် ကြားမှပင် ထိုမိန်းကလေးမှာ လူမိုက်တစ်ဦး၏ ဆိုးရွားစွာ လှည့်ဖျားခြင်းကို ခံခဲ့ရသည်။ ထို့အပြင်... ကျိကျစ်ရှို့မှာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ပျော့ညံ့သူ တစ်ဦးနှင့် မတူကြောင်း လင်ကျဲ အကဲခတ်မိသည်။
ထို့ကြောင့်ပင်... သူမကို လှည့်စား သစ္စာဖောက်ခဲ့သူမှာလည်း အဆင့်အတန်း၊ ရာထူးဂုဏ်ရှန် အတော်လေး မြင့်မားသူ တစ်ယောက် ဖြစ်ရမည်။ ထိုလူမှာ အခြားလူများနှင့် ပူးပေါင်းကာ ကျိကျစ်ရှို့ကို တစ်ခုခု အကောက်ကြံခဲ့ပေလိမ့်မည်။ ကျိကျစ်ရှို့က လက်စားချေဖို့ ပြန်လည် ရှာဖွေချိန်တွင်တော့ ထိုလူမှာ ထွက်ပြေးသွားခြင်း ဖြစ်နိုင်သည်။
သေချာပေါက် ရာဇဝတ်မှု တစ်ခုခုတော့ ပါဝင်နေလေပြီ...။
လင်ကျဲ၏ အမြင်အရ လူမိုက်မှာ မိန်းကလေး၏ ခံစားချက်များကိုသာ မက စည်းစိမ်း ဥစ္စာများကိုပါ လိမ်လည် ရယူဖို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ သူက သာမန် လူလိမ် တစ်ယောက် မဟုတ်နိုင်ချေ။
လင်ကျဲ နှစ်သိမ့်ဟန် ပြုံးလိုက်ရင်း လက်ဘက်ရည်ခွက်ကို ကျိကျစ်ရှို့ဘက် တိုးပေးလိုက်၏။
“စိတ်လျှော့ပါ ထားပါ... ဒီရက်တွေမှာ မင်း သူ့ကို ဘာတွေ လုပ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြပါဦး”
သူ၏ ရှေ့မှ ဤအမျိုးသမီးငယ်လေးမှာ စိတ်ဓာတ်ကျဆင်းမှု ခံစား နေခဲ့ရကာ မိမိကိုယ်ကို သံသယဝင်နေခဲ့သည်မှာ ထင်ရှားသည်။ ဤသည်က စကားလုံး မာမာနှင့် ဝေဖန်သင့်သည့် အချိန် မဟုတ်ကြောင်း လင်ကျဲ သိပေသည်။
ပထမ တစ်ကြိမ်တုန်းက လင်ကျဲ ကျိကျစ်ရှို့၏ လက်စားချေလိုစိတ်များကို တိုက်တွန်းရန် အတွက် မီးစာရှို့ ပေးခဲ့သည်။ သို့သော်လည်း... ဤတစ်ကြိမ်တွင်တော့ သူမကို နှစ်သိမ့် အားပေးခြင်းက အကောင်းဆုံးဟု သူ ခံစားရသည်။
လူမိုက် ထွက်ပြေးသွားခြင်းကို ထောက်ချင့်ရပါက ကျိကျစ်ရှို့၏ လက်စားချေမှုမှာ အတိုင်းအတာ တစ်ခု အထိ အောင်မြင်ခဲ့ကြောင်း ထင်ရှားသည်။ သို့သော်လည်း ၎င်းမှာ အလွန်စိုးရိမ်စရာ မဟုတ်ပေ။ ကျိမိသားစု၏ အင်အားကို ထောက်ရှုပါက ထိုလူမိုက် လုံးလုံးလျားလျား ပျောက်ကွယ်သွားဖို့ မဖြစ်နိုင်သလောက်ဖြစ်ပြီး လက်ရှိအခြေအနေက ယာယီသာ ဖြစ်သည်။
ကျိကျစ်ရှို့ သည် သူ့ထံမှ လမ်းညွှန်မှုကို ရှာဖွေရန် ရောက်လာခြင်းမှာ ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်ထားသကဲ့သို့ ဖြစ်သည်။ သို့သော် အခြားရှုထောင့်မှ ကြည့်လျှင် ၎င်းသည် ကောင်းသော အရာလည်း ဖြစ်သည်။
ထိုအရာက မိန်းကလေးမှာ သူ၏ လူ့ဘဝအနှစ်သာရများ အပေါ် မှီခိုအားထားလာပြီ ဖြစ်ကြောင်း ဆိုလိုသည်။ ၎င်းကို အနည်းငယ် ပိုမို လုပ်ဆောင်ပေးရုံဖြင့် ဤဖောက်သည်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို တည်ငြိမ်အောင် သူ ကူညီနိုင်မည်။
လင်ကျဲ အသုံးပြုနေသည့် နည်းဗျူဟာမှာ ကျိကျစ်ရှို့ကို သူမ၏ လက်စားချေရေး အစီအစဥ် အဆင့်တစ်ဆင့်ချင်းစီကို ပြန်လည် အမှတ်ရစေပြီး ထိုမှတစ်ဆင့် စိတ်ဆင်းရဲနေရမှုများကို တဖြည်းဖြည်း လျှော့ချကာ မိမိကိုယ်ကို ယုံကြည်မှုကို တစ်ဖန် ပြန်လည်ရရှိစေရန် ဖြစ်သည်။
ပထမ၌ လင်ကျဲ မျက်မှောင်ကြုတ်နေသည်ကို ကြည့်ရင်း ကျိကျစ်ရှို့ တစ်ယောက် ထိတ်လန့် နေခဲ့ခြင်း ဖြစ်သည်။
‘ဆရာလင်က ငါ ရှုံးနိမ့်သွားတာကို စိတ်ပျက်နေတာလား... သူက တခြားလူ တစ်ယောက်ကို ရွေးတော့မှာလား...’
ကံကောင်း ထောက်မစွာဖြင့်ပင် လင်ကျဲ၏ အပြုံးက မကြာခင်မှာပင် ပြန်ပေါ်လာကာ ယခင်ကကဲ့သို့ပင် သူမကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးခဲ့သည်။
သူမ စိတ်သက်သာရာ ရသွားကာ တိတ်တဆိတ် သက်ပြင်းချလိုက်၏။
‘ဒါက သူ ငါ့ကို ခွင့်လွှတ်လိုက်ပြီလို့ အချက်ပြလိုက်တာ ဖြစ်မယ်... သူက ငါ့ရဲ့ လုပ်ရပ်တွေ အကြောင်း အစီရင်ခံစာ တောင်းပြီး ကိုယ့်ဘာသာကိုယ် ဆင်ခြင်သုံးသပ်စေချင်တာ ဖြစ်နိုင်တယ်...’
ကျိကျစ်ရှို့ လက်ဖက်ရည်ခွက်ကို လက်ခံလိုက်သည်။ ထို့နောက်... ၎င်း၏ အညိုရောင် အရည်များကို ကြည့်ရင်း သူမ ပြောလိုက်သည်။
“ကျွန်မ သူ့ကို နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်... သူက အသာစီး ရနေပေမယ့် ဆရာ့ရဲ့ လမ်းညွှန်မှု ရပြီးနောက်မှာ ကျွန်မက အများကြီး ပိုသန်မာလာခဲ့ပြီး သူ့ကို ဆက်တိုက် ဆုတ်ခွာအောင် ရိုက်နှက်နိုင်ခဲ့ပါတယ်”
“မနေ့တုန်းက ငါးနာရီကျော်အောင် ကြာတဲ့ ရက်စက်တဲ့ တိုက်ပွဲ အပြီးမှာ ကျွန်မ သူ့ရဲ့ ဌာနချုပ်ကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့ပါတယ်… ဒါပေမဲ့...”
မိန်းကလေးက ခဏမျှ ရပ်လိုက်ကာ စိတ်ပျက်ဟန်ဖြင့် ဆက်ပြောလိုက်၏။
“အဲဒီအခါကျမှ သူဟာ ကျွန်မရဲ့ အင်အားကို မယှဥ်နိုင်တာကို သိတဲ့အတွက် သူရဲ့ အဖော်တွေကို စွန့်ပစ်ပြီး တစ်ယောက်တည်း ထွက်ပြေးသွားတယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့ပါတယ်... အခု ကျွန်မ သူ့ကို အကြီးအကျယ် လျှော့တွက်မိခဲ့တယ်ဆိုတာ သိလိုက်ပါပြီ... ကိစ္စတွေ ဒီလောက် ချောချောမွေ့မွေ့ ဖြစ်လာတာကိုက တစ်ခုခု မှားယွင်းနေတယ်ဆိုတဲ့ သတိပေးချက် ဖြစ်နေခဲ့တယ်”
မိန်းကလေးက နောင်တရသည့် မျက်နှာဖြင့် ခေါင်းမော့ရင်း လင်ကျဲကို ကြည့်လိုက်သည်။
“ဆရာလင် တောင်းပန်ပါတယ်.. ကျွန်မ ပေါ့ဆသွားခဲ့တယ်”
“မဟုတ်ဘူး... ရပါတယ်... ဒါ မင်းရဲ့ အပြစ်မဟုတ်ပါဘူး”
လင်ကျဲ အပြုံးမပျက်ပင် ပြောလိုက်၏။ သို့သော်လည်း... သူ၏ နှုတ်ခမ်းများပေါ်ရှိ အနည်းငယ် တွန့်လိမ်မှုကို ဖုံးကွယ်ရန် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
အဘယ်ကြောင့် တစ်ခုခု လွဲချော်နေသည်ဟု ခံစားနေရသနည်း။ သို့သော်လည်း... အချစ်က စီးပွားရေးနှင့် တူကာ စီးပွားရေး ဆိုတာက စစ်မြေပြင်လို့ ပြောကြသည်။ ရိုးရှင်းစွာ ညီမျှချင်း ချလိုက်ပါက အချစ်နှင့် စစ်မြေပြင်မှာ အတူတူပင် ဖြစ်သည်။
ထိုမိန်းမငယ်လေးမှာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ သမီး ပီသစွာပင် စီးပွားရေး အသုံးအနှုန်းများကို သုံးလေ့ ရှိသဖြင့် သူမ၏ ဖော်ပြပုံကို နည်းနည်း ထူးဆန်းသွားခြင်း ဖြစ်နိုင်သည်။
လင်ကျဲ စိတ်ထဲမှ တွေးလိုက်မိ၏။
နောက်ပြီး... ရူအန် ဆိုသူက သူမကို ဘော့စ်ဟု ခေါ်သည်။ ထိုလူကို ကြည့်ရသည်က မိုက်ကန်းကန်း... ကျိကျစ်ရှို့မှာ လူမိုက်အဖွဲ့ တစ်ခုကို ထူထောင်တားတာမျိုးလည်း ဖြစ်နိုင်သည်။ အင်အားကြီး မိသားစုများ၏ မျိုးဆက်များမှာ ထိုကဲ့သို့ လုပ်ရပ်များ လုပ်လေ့ ရှိသည်ဟု လင်ကျဲ ကြားဖူးသည်။
လင်ကျဲ ကျိကျစ်ရှို့၏ စကားလုံးများထဲမှ ပဟေဠိများကို အဖြေရှာဖို့ စတင်ကာ ကြိုးစားလိုက်၏။ သူမက ထိုလူယုတ်မာနှင့် သုံးရက်ကြာ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တရားရုံးမှာ တရား ရင်ဆိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်သလို လက်အောက်ငယ်သားများကို စေခိုင်း၍ ရိုက်နှက်ခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ထိုလူယုတ်မာတွင် ကိုယ်ပိုင် လက်ပါးစေများ ရှိရမည်။ သူက ထိုအပေါင်းအပါများ အားကိုးဖြင့် ကျိကျစ်ရှို့ကို လျစ်လျူခဲ့လိမ့်မည်။ သို့သော်လည်း... သူတို့ အားလုံး ကျိကျစ်ရှို့၏ အချစ်အတွက် လက်စားချေရေး စစ်မျက်နှာပြင်တွင် မိသွားခဲ့လိမ့်မည်။
သို့သော်လည်း... ကျိကျစ်ရှို့ မသိလိုက်သည့် အရာ တစ်ခုက ထိုလူယုတ်မာမှာ သူ့ကိုယ်သူ ကယ်တင်ဖို့ အတွက် ထွက်ပြေးဖို့ လမ်းကြောင်း တစ်ခု ရှာထားခြင်း ဖြစ်သည်။
ဒီလိုဆို အားလုံးက ရှင်းသွားခဲ့လေပြီ...။
လင်ကျဲ ခေါင်းညိတ်ရင်း လည်ချောင်းရှင်းလိုက်၏။
“အင်းပါလေ... ဒီလိုဆိုရင်တော့ ကျွန်တော် နားလည်နိုင်ပါတယ်”
ကျိကျစ်ရှို့ အနည်းငယ် ဝမ်းမြောက်သွားသော်လည်း မျက်နှာအမူအရာကို မပေါ်လွင်အောင် ထိန်းရင်း သတိထားကာ မေးလိုက်သည်။
“ဆရာ့မှာ အကြံဉာဏ် တစ်ခုခု ရှိလား”
သူတို့ နှစ်ဦး စကားပြောနေစဥ် ရူအန်ကတော့ ဘေးတွင် ရပ်နေကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ ပုံမှန် အလေ့အကျင့်အရ သူ စာအုပ်ဆိုင် တစ်ခုလုံးကို စူးစမ်း နေခဲ့၏။
ဤသည်မှာ သတင်း အရောင်းအဝယ် သမား အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် အလေ့အကျင့် တစ်ခု ဖြစ်သည်။ မုဆိုး တစ်ယောက် အနေဖြင့် အဖြူရောင် ဝံပုလွေ အဖွဲ့ကို ဝင်ရောက်ခဲ့ပြီး နောက်တွင် ရူအန်မှာ ဟေးရစ်ကို သတင်း အချက်အလက် စုဆောင်းခြင်းဖြင့် အထူးတလည် ကူညီပေးခဲ့သည်။
သူက တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သူ တစ်ယောက် မဟုတ်သော်လည်း ထောက်လှမ်းရေးတွင်တော့ ကျွမ်းကျင် ပညာရှင် တစ်ယောက် ဖြစ်သည်။ အမှန်တရား အသင်းတော် အတွင်း၌ပင် သူ၏ အဆက်အသွယ်များနှင့် မျက်လုံးများ ရှိသည်။
ရူအန်မှာ အမြဲတမ်း ရိုကျိုးသည့် သဘောထားကို လက်ခံကျင့်သုံးခဲ့သော်လည်း သူ၏ မာနက နှလုံးသား အတွင်း၌ အမြဲတမ်း တောက်လောင်နေသည်။ နော်ဇင်မြို့၌ သူ မသိသည့် အရာ မရှိချေ။
လူသိနည်းသည့် ထောက်လှမ်းရေး အစီရင်ခံစာတစ်ခုပင် သူ့ထံ၌ ရှိသည်။
၎င်းကား ‘မျက်နှာမဲ့ မဟူရာ အကြေးခွံပိုင်ရှင် ဝယ်လ်သည် လက်ရှိတွင် နော်ဇင်မြို့၌ ရှိနေသည်’ ဟူ၍...။
***