ကြိုဆိုပါတယ်
Vol. 1 Ch. 1
ပုံမှန် လုပ်နေကျအတိုင်းပင် လင်ကျဲ တစ်ယောက် စာအုပ်ဆိုင်၏ သစ်သားတံခါးအိုကြီးကို ဖွင့်လိုက်သည်။ ချိတ်ဆွဲထားသည့် ကြေးခေါင်းလောင်းလေးဆီမှ သာယာသည့် မြည်သံကလေး ထွက်ပေါ်လာ၏။ ရေစီးကြောင်း အချို့က တံခါးဘောင်ထက်တွင် ယိုစီးကျလာကာ ဖုန်အလိမ်းလိမ်းတက်နေသော မှန်ပြတင်းပေါက်ထက်တွင် ရေစရေနများကို ချန်ထားရစ်ခဲ့သည်။
ကောင်းကင်သည် မှုန်မှိုင်းနေ၏။ အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်။ မိုးရေစက်များနှင့် ရေခိုးရေငွေ့တို့ ပေါင်းစပ်ကာ မြူခိုး ကန့်လန့်ကာတစ်ခုကို ဖန်တီးထားသည်။
ဆိုင်အပြင်ဘက်တွင် ရေများအိုင်နေ၏။
“မိုးအတော်သည်းနေတာပဲ...”
လင်ကျဲ မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။ တံခါးပေါက်ဖွင့်ရင်း ပက်သည့် မိုးကြောင့် အင်္ကျီနှင့် ဘောင်းဘီများ စိုစွတ်သွားသည့်အတွက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသည်။
“မနေ့ညက စတင်ခဲ့တဲ့ ဒီမိုးသည်းထန်မှုဟာ တစ်ပတ်လောက် ဆက်ရှိနေဦးမှာပါ ဖြစ်ပါတယ်... မိုးလေဝသ ဌာနက အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပြီး အနီရောင်အဆင့်အထိ မြင့်တက်လာနိုင်ပါတယ်…”
ဘေးဆိုင်မှ လာသည့် ရုပ်မြင်သံကြားစက်မှ အသံမှာ မိုးသံကြောင့် လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့သည်။ ဒီလိုရာသီဥတုအောက်မှာ ဆိုလျှင် စာအုပ်ဆိုင်တွေ အတွက်တော့ စီးပွားဖြစ်ဖို့ လမ်းမမြင်ချေ။
“ဟူး...”
လင်ကျဲ သက်ပြင်းတစ်ချက် ချရင်း တံခါးနောက်ဘက်မှ သုံးချောင်းထောက် ခွေးခြေတစ်လုံးကို ဆွဲယူလိုက်သည်။ ထို့နောက် ၎င်းကို ဝင်ပေါက်နားသို့ ချလိုက်ရင်း ခြေနင်းခုံ အဖြစ် ထားလိုက်သည်။ တစ်ဆက်တည်းပင် သူက ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကို "ဆိုင်ဖွင့်သည်" ဆိုသည့် ဘက်ခြမ်းသို့ လှန်လိုက်သည်။
သို့သော်လည်း... သည်လို ရာသီဥတုမျိုးအောက်မှာ ဖောက်သည်များစွာ ရောက်လာဖို့တော့ မဖြစ်နိုင်ပေ။ ကြည့်ရသည်မှာ စာအုပ်ဆိုင်အတွက် တိတ်ဆိတ်သည့် နေ့တစ်နေ့ ဖြစ်ပေတော့မည်။
“ဒီလိုအချိန်မျိုးမှာ ဆိုင်ပိတ်ပြီး ဘာလို့ အိပ်မနေတာလဲ...”
ထိုအရာက လူအများစု တွေးမိမည့် အတွေး ဖြစ်ပါလိမ့်မည်။
“ဒါပေမဲ့ တကယ်လို့ တစ်ယောက်ယောက်က ထီးမပါဘဲ မိုးခိုဖို့ နေရာတစ်ခု လိုအပ်နေရင်ရော...”
လင်ကျဲ စာအုပ်စင်ထက်မှ စာအုပ်တစ်အုပ်ကို ယူလိုက်ရင်း ကောင်တာဘက်သို့ ဦးတည်လိုက်သည်။ လမ်း၌ သူက နွေးထွေးသော မီးအိမ် တစ်လုံးကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်ကာ မျက်နှာသုတ်ပုဝါတစ်ထည်ကို ဘေးတွင် ချထားလိုက်သည်။ ထို့နောက် ရေနွေးကြမ်းပူပူ နှစ်ခွက်ကို နှပ်ပြီးမှ နောက်ဆုံးတွင် ကောင်တာနောက်ဘက်၌ နေရာယူလိုက်သည်။
လင်းကျဲ စာအုပ်ကို နောက်ဆုံး ရပ်နားထားခဲ့သည့် စာမျက်နှာသို့ လှန်လိုက်၏။ ထို့နောက် ရေနွေးကြမ်း နှစ်ခွက်ထဲမှ တစ်ခွက်ကို ကောင်တာပေါ် တင်လိုက်သည်။ သူ၏ အမူအရာက အသိအကျွမ်း တစ်ခုကို ကမ်းပေးလိုက် သလိုပင်။
စာအုပ်တစ်အုပ်နှင့် ရေနွေးကြမ်း နွေးနွေးလေးတစ်ခွက်...
၎င်းတို့မှာ လမ်းပျောက်နေသူတစ်ဦး၏ စိတ်နှင့် ခန္ဓာကိုယ်ကို အနွေးဓာတ်ပေးဖို့ လုံလောက်ပေလိမ့်မည်။
လင်ကျဲ သူ၏ ခွက်မှ တစ်ငုံသောက်ရင်း ပြုံးလိုက်၏။
တကယ်တော့ သူက ထိုကဲ့သို့ ကြင်နာတတ်ပြီး စိတ်ကူးယဉ်ဆန်သည့် လူစားမျိုးပင်။ သာမန်လူတစ်ဦးသာ ဖြစ်သော်လည်း ဖောက်သည်များက သူ့ကို ရိုးသားသူ တစ်ဦးအဖြစ်လည်းကောင်း၊ ဘဝအတွက် အကြံပေးတတ်သူ တစ်ယောက် အဖြစ်လည်းကောင်း၊ လူ့ဘဝ၏ အနှစ်သာရကို ကောင်းစွာ နားလည်ထားသူ အဖြစ်လည်းကောင်း သိထားကြသည်။
ဘဝ ဆိုသည်မှာ အမြဲတမ်း မျှော်လင့်ချက်များနှင့် ပြည့်နှက် နေသင့်သည် မဟုတ်ပါလား။
...
ခရက်...
ကျိကျစ်ရှို့ လက်ချောင်းများကို လှည့်ရင်း ဖမ်းမိထားသူ၏ လည်ပင်းကို လိမ်ချိုးလိုက်သည်။ သို့သော် တိုက်ပွဲက မပြီးသေးပေ။ သူမ ချက်ချင်း နောက်သို့ လှည့်ကာ ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်ရင်း အခြားတစ်ယောက်၏ လည်ပင်းကိုပါ ဖြတ်တောက်ပစ်လိုက်သည်။
“ဘုတ်…”
ထိုလူ၏ ဦးခေါင်းမှာ မျက်လုံးများ ပြူးကျယ်လျက်ပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ကျိကျစ်ရှို့ ထိုနေရာကို ကျောခိုင်းကာ လမ်းကြားထဲမှ ထွက်လာခဲ့သည်။
သူမ နောက်ဖက်ကို မျှော်ကြည့်လိုက်မည် ဆိုပါက အရေအတွက်အားဖြင့် တစ်ဆယ်ကျော်နိုင်သည့် အလောင်းပုံ တစ်ခု ကျန်ရစ်နေခဲ့သည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။ ထိုအလောင်းများမှာ တဖြည်းဖြည်း မီးလောင်ကျွမ်းကာ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျိကျစ်ရှို့၏ အနက်ရောင်ဝတ်စုံမှ စိမ့်ထွက်နေသည့် သွေးများမှာ မြေပြင်ပေါ်သို့ တစက်စက် ကျကာ စိမ်းရွှင်ရွှင် အနံ့ရှိသည့် ရေငွေ့များ အငွေ့ပျံ သွားခဲ့၏။ ၎င်းတို့မှာလည်း သည်းထန်စွာ ရွာသွန်းနေသည့် မိုးရေ၏ ဆေးကြောမှုတွင် ချက်ချင်း ပျောက်ကွယ်သွားကြသည်။
မိန်းကလေး၏ ခန္ဓာကိုယ် အပူချိန်မှာ လျင်မြန်စွာ မြင့်တက်လာနေခဲ့၏။ ကြွက်သားများ လှုပ်ရှားလိုက်တိုင်း ဖြစ်ပေါ်လာသည့် နာကျင်မှုက သူမ၏ နံရုံးများ ဘယ်နှစ်ချောင်း ကျိုးသွားကြောင်း သတိပေး နေခဲ့သည်။
သို့သော်လည်း ထိုအရာက သူမအတွက် ပြဿနာမဟုတ်ပေ။ သွေးကြော အတွင်း ယုတ်ညံ့သည့် သွေးရည်ကြည်များ ထိုးသွင်းထားသည့် မုဆိုးတစ်ဦး အနေဖြင့် ထိုဒဏ်ရာများမှ အပြည့်အဝ ပြန်လည်သက်သာရန် သူမအတွက် တစ်နာရီသာ လိုအပ်သည်။
“အချိန်... ငါ အချိန်လိုတယ်...”
သူမ ရှေ့သို့ မျှော်ကြည့်လိုက်သည်။ မှန်ပြတင်းပေါက်များမှ မှိန်ဖျော့ဖျော့ အလင်းရောင် တစ်ခု ထိုးဖောက် ထွက်နေသည့် စာအုပ်ဆိုင်တစ်ဆိုင်ကို သည်းထန်စွာ ရွာသွန်းနေသည့် မိုးများ ကြားမှ သူမ တွေ့လိုက်ရသည်။ ပြတင်းပေါက်မှတစ်ဆင့် စာအုပ်စင်တန်းများကိုပင် မပီမပြင် မြင်နိုင်သည်။
ထိုစာအုပ်ဆိုင်မှလွဲ၍ ပတ်ဝန်းကျင်ရှိ အခြားအရာအားလုံးသည် မှောင်မိုက်နေခဲ့၏။
ပတ်ဝန်းကျင်တွင် ဆိုင်များစွာရှိသော်လည်း သည်းထန်စွာ ရွာသွန်းနေသော မိုးကြောင့် ဤဆိုင်တစ်ဆိုင်သာ ဆိုင်ဖွင့်ပေသည်။
ဝင်ပေါက်၌ ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်မှာလည်း “ဆိုင်ဖွင့်သည်” ဟု ပြသထားသည်။ ဝင်ထွက်ရလွယ်ကူစေရန် ဝင်ပေါက်၌ ရွက်ကြမ်းရည်ကြို ပြုလုပ်ထားသည့် ခြေနင်းခုံတစ်ခုံလည်း ရှိနေသည်။ ၎င်းမှာ ပတ်ဝန်းကျင်နှင့် ထူးထူးခြားခြား ဆန့်ကျင်ဘက်ဖြစ်နေသည်။
ပို၍ ထူးဆန်းသည်က ထိုစာအုပ်ဆိုင်ကလေးမှာ သူမ ထွက်လာသည့် လမ်းကြားနှင့် မျက်နှာချင်းဆိုင် တည့်တည့်၌ တည်ရှိနေခြင်းပင်။
“ဒါက တိုက်ဆိုင်မှုလား ဒါမှမဟုတ် ထောင်ချောက်လား”
ကျိကျစ်ရှို့ထံတွင် ရပ်တန့်ကာ အသေးစိတ် တွေးတောဖို့ အချိန် မရှိပါချေ။ မိုးသည်းထန်စွာ ရွာသွန်းနေစေကာမူ အဖော် မုဆိုးများမှာ သူမ၏ သွေးရနံ့ကို ပြင်းပြင်းကို ငါးမန်းများကဲ့သို့ ရှူရှိုက်မိပြီး လိုက်လာနေကြသည်ဟု သူမ ယုံကြည်ထားသည်။
ပုန်းအောင်းရန် နေရာတစ်ခုကို အလျှင်မြန်ဆုံး ရှာဖွေပြီး ဒဏ်ရာများ ပြန်လည်သက်သာစေရန် လုံလောက်သည့် အချိန် တစ်ခု ရယူဖို့ လိုအပ်သည်။
ရွှစ်...
သူမ၏လက်ထဲရှိ ဓားရှည်မှာ ပြန်လည်ကျုံ့ဝင်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သာမန်အနက်ရောင် သတ္တုကြိမ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျိကျစ်ရှို့သည် မိုးသည်းထဲတွင်ပင် ရွှံ့ဗွက်များကို နင်းရင်း စာအုပ်ဆိုင်ဆီသို့ လျှောက်လှမ်း သွားခဲ့၏။ ထို့နောက် တံခါးကို တွန်းဖွင့်လိုက်သည်။
စာအုပ်ဆိုင်၏ အတွင်းပိုင်းသည် အလွန်တိတ်ဆိတ်နေသည်။ သူမသည် ကြိမ်လုံးနှင့် အတူ အတွင်းသို့ လှမ်းဝင်လိုက်၏။ စာအုပ်ဆိုင်ပိုင်ရှင်ကို ရှာဖွေဖို့ အချိန်မယူလိုက်ရပါချေ။
သူက ကောင်တာနောက်တွင် ထိုင်နေသည့် လူငယ်လေး တစ်ဦးဖြစ်ပြီး စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ သူ ဝတ်ဆင်ထားသည့် အင်္ကျီနှင့် ဘောင်းဘီများမှာ တစ်ကိုယ်လုံး အနက်ရောင်ဖြစ်၏။
နက်မှောင်ကာ အနည်းငယ် ရှုပ်ပွနေပုံ ပေါ်သည့် ဆံပင်များနှင့် နှိုင်းယှဉ်လျှင် ထိုလူငယ်၏ အသားအရေက အတော်လေး ဖြူသည်။ သူ၏ သွယ်လျသော လက်ချောင်းများက လက်ဖက်ရည်ခွက် တစ်ခွက်ကို ကိုင်ထားကာ စာအုပ်၏ စာမျက်နှာများကိုလည်း ညင်သာစွာ လှန်နေ၏။
ကောင်တာထက်တွင် အငွေ့များ ထထောင်းထောင်း ထနေဆဲ ဖြစ်သည့် နောက်ထပ်ခွက်တစ်ခွက် ရှိနေသည်ကို တွေ့ရ၏။ သို့သော်လည်း ကောင်တာရှေ့ရှိ ကုလားထိုင် အမြင့်ပေါ်တွင် မည်သူမျှ မရှိပေ။
ထိုလက်ဖက်ရည်ခွက်နှင့် ထိုင်ခုံကို သူမအတွက် ပြင်ဆင်ထားသည် ဟူ၍ ကျိကျစ်ရှို့ တွေးလိုက်မိသည်။ အနည်းငယ် ထူးဆန်းသလို ခံစားရပြီးနောက် သူမက စာအုပ်ဆိုင်တစ်ခုလုံးကို အမြန်လှည့်ပတ် ကြည့်လိုက်သည်။
အခန်းက အတော်လေး ကျဉ်းမြောင်းကာ ပြည့်ကြပ်နေသည်။ ပြည့်လျှံနေသည့် စာအုပ်စင်များအပြင် စာအုပ်များစွာမှာ ကြမ်းပြင်တစ်လျှောက်၌ ပြန့်ကျဲနေသည်။ ဒုတိယထပ်သို့ တက်သည့် လှေကား၏ တစ်ဝက်ခန့် အထိကို စာအုပ်စင်များဖြင့် ပိတ်ဆို့ထားသည့် အပြင် ပြတင်းပေါက်အများစု၌ ဖုန်များ တက်နေခြင်းက ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။
ဤမှောင်မိုက် စိုစွတ် ထိုင်းမှိုင်းနေသည့် စာအုပ်ဆိုင်ရှိ တစ်ခုတည်းသော အလင်းရောင် ရင်းမြစ်မှာ ကောင်တာပေါ်တွင်ရှိနေသည့် မီးအိမ်ဖြစ်သည်။ ၎င်း၏ နောက်တွင် ထိုင်နေသည့် လူငယ်မှာ နက်နဲသလို သူမ ခံစားလိုက်ရ၏။
ကောင်တာထက်၌ မျက်နှာသုတ်ပုဝါတစ်ထည်လည်း ရှိနေသည်။
ဖျောက်... ဖျောက်...
တစ်ကိုယ်လုံး ရေစိုစွတ်နေလေရာ ရေများမှာ တစက်စက် စီးကျနေ၏။ ရေစိုနေသည့် ဆံပင်များမှ လည်ပင်း၌ပင် ကပ်နသေည်။ အနည်းငယ် ဟိုက်သည့် ဂါဝန်ကြောင့် သူမ၏ ဖွေးဥနေသော အသားအရေက သိသိသာသာ ပေါ်လွင်နေသည်။
“ကြိုဆိုပါတယ်”
***