← Chapters

ကျိကျစ်ရှို့

Vol. 1 Ch. 2

ကျိကျစ်ရှို့

Vol. 1 Ch. 2

“ကြိုဆိုပါတယ်”

လင်ကျဲက မော့ကြည့်ရင်း ပြောလိုက်၏။ သူ၏ အနက်ရောင် မျက်ဝန်းအိမ်များထဲ၌ နွေးထွေးသည့် အဝါရောင် အလင်းများက ညင်သာစွာပင် ရောင်ပြန်ဟပ်နေခဲ့သည်။

သူက ပြုံးပြရင်း လက်ဖက်ရည်ပူပူ တစ်ခွက်ကို ကျိကျစ်ရှို့ ဘက်သို့ တွန်းပို့လိုက်သည်။

“ကြည့်ရတာ အချိန် အကြာကြီး စောင့်ခဲ့ရပေမဲ့ စောင့်ရကျိုး နပ်သွားပြီ ထင်ပါတယ်... ဒီမိုးက လှပတဲ့ ဧည့်သည်တော် တစ်ယောက်ကို ကျွန်တော့်ရဲ့ ဒီဆိုင်ငယ်လေးဆီ ဆိုက်ဆိုက်မြိုက်မြိုက် ပို့ပေးလိုက်ပြီလေ”

ဖောက်သည် တစ်ယောက်၏ အလှအပကို ချီးကျူးဂုဏ်ပြုခြင်းမှာ ကောင်းမွန်သည့် ဝန်ဆောင်မှု၏ အစိတ်အပိုင်းတစ်ခုပင်။

သို့သော်လည်း လင်ကျဲ၏ ရှေ့တွင် ရပ်နေသူမှာ အမှန်တကယ်ပင် ငြင်းပယ်၍ မရနိုင်သည့် အလှပဂေး တစ်ဦးဖြစ်၏။ တစ်ကိုယ်လုံး စိုစွတ်နေသော်လည်း ပန်းပုထုထားသကဲ့သို့ နူးညံ့သိမ်မွေ့လှသည့် သူမ၏ မျက်နှာအသွင်အပြင်နှင့် ဆင်စွယ်ရောင် အသားအရေမှာ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် မပီမပြင် ပေါ်လွင်နေခဲ့သည်။

စောင့်ဆိုင်းမှုက အကျိုးရှိသည်ဟု လင်ကျဲ ခံစားရသည်။

ထို့အပြင်... ဖောက်သည်မှာ ရင်ဖွင့်စကား ပြောဆိုဖို့ လိုအပ်နေပုံ ပေါ်သည်။ ဤနေ့တွင် သူ မိတ်ဆွေသစ် တစ်ယောက် ရရှိတော့မည်လော။ သူမက အမြဲတမ်း ဖောက်သည် တစ်ယောက် ဖြစ်လာလိမ့်မည်လော။

ထိုအရာက လောဘကြီးသည့် စီးပွားရေးသမား တစ်ယောက်၏ အတွေးမဟုတ်ချေ။ သူ၏ စစ်မှန်သည့် ဂရုစိုက်မှုနဲ့ စိတ်ရင်းတို့ ဖြစ်သည်။

ကျိကျစ်ရှို့ သူမရှေ့မှ လက်ဖက်ရည်ခွက်ကို မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်၏။

‘အချိန်အကြာကြီး စောင့်ခဲ့ရပေမဲ့ စောင့်ရကျိုး နပ်တယ်...’

ဤလူငယ်မှာ သူမ ရောက်ရှိလာမည်ကို ကြိုတင် သိရှိထားပြီ ဖြစ်သလော။ သူမကို ရည်ရွယ်ချက် ရှိရှိ စောင့်နေသည်လော။ သို့မဟုတ်... သူ့တွင် အခြား မည်သည့် ရည်ရွယ်ချက်များ ရှိနေသနည်း။

မည်သို့ပင်ဆိုစေ... ဤစာအုပ်ဆိုင်သည် ထူးဆန်းမှုများနှင့် ပြည့်နေသည်။ အချိန်၏ အတိအကျ တိုက်ဆိုင်မှုနှင့် ဤလူငယ်၏ စိတ်အေးလက်အေး မျက်နှာထားတို့က အရာရာတိုင်းမှာ မရိုးရှင်းကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။

လျှို့ဝှက် ဓမ္မ ထုံးတမ်း မျှော်စင်လော...။ သို့မဟုတ် အမှန်တရား အသင်းတော်လော။ ဝါးပူဂါ အဆက်အနွယ် များလော။

ကျိကျစ်ရှို့ ယခင်ကထက် ပိုမို သတိရှိလာခဲ့သည်။ သူမ မဟူရာ ကြိမ်လုံး၏ ခလုတ်ထံ လက်ချောင်းများကို မသိမသာ ရွှေ့လိုက်သည်။

ဤလူငယ် တစ်စုံတစ်ရာ လှုပ်ရှားဖို့ ကြိုးစားသည်နှင့် ကြိမ်လုံးမှာ သူ့ ဦးခေါင်းခွံကို ထိုးဖောက်မည့် ဓားအဖြစ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။

“ရှင် ကျွန်မကို စောင့်နေတာလား”

မုဆိုး မိန်းကလေးက စူးစမ်းဟန်ဖြင့် မေးမြန်းလိုက်သည်။

လင်ကျဲကကြင်နာစွာ ပြုံးရင်း ပြန်ဖြေလိုက်၏။

“ဟုတ်ပါတယ်ဗျာ... ခင်ဗျား သိလား ကံကြမ္မာက အံ့ဩစရာ ကောင်းတယ် လို့ ကျုပ် အမြဲတမ်း တွေးခဲ့တာ... လုံးဝ မသိတဲ့ သူစိမ်း နှစ်ယောက်ကို မထင်မှတ်ထားတဲ့ပုံစံနဲ့ ဘယ်လို ဆုံတွေ့စေလဲဆိုတာပေါ့လေ...”

သူက ကောင်တာဘက်သို့ လက်ဟန်ပြကာ ဆက်ပြောလိုက်သည်။

“အဲဒီက မျက်နှာသုတ်ပုဝါကို လွတ်လွတ်လပ်လပ် သုံးပြီး ခင်ဗျားကိုယ်ကို သုတ်လိုက်ပါ... စိတ်မပူပါနဲ့... အသစ်ပါ... ကျွန်တော် အပူပေးစက်ရော ဖွင့်ပေးရမလား”

ကျိကျစ်ရှို့က တုံ့ဆိုင်းစွာ မျက်နှာသုတ်ပုဝါကို ကောက်ယူလိုက်ရင်း ခေါင်းခါပြသည်။

“ကျွန်မ အဆင်ပြေပါတယ်”

ဖောက်သည်ကို အနီးကပ်ကြည့်လိုက်မိသော အခိုက်၌ လင်ကျဲမှာ သူမ၏ မလိုမကျ ဖြစ်နေပုံ ရသည့် မျက်ခုံးများကို သတိပြုမိလိုက်သည်။ အတိတ်မှ အတွေ့အကြုံများအရ ထိုမိန်းကလေးမှာ ဘေးဒုက္ခတစ်ခုခုနှင့် ရင်ဆိုင်နေရသည်ဟု ကောက်ချက်ချလိုက်သည်။

ထို့ကြောင့်ပင် သူက လည်ချောင်းကို ရှင်းလိုက်ရင်း စကားစလိုက်လေ၏။

“ကြည့်ရတာ ခင်ဗျားမှာ ပြဿနာတစ်ခုခု ကြုံနေရသလိုပဲ...”

နှစ်ပေါင်းများစွာ ကြာအောင် ဖောက်သည်အမျိုးမျိုးနှင့် လင်းကျဲ စကားပြောဆိုခဲ့ဖူးသည်။ လေ့လာ စောင့်ကြည့်မှု၊ ကိုယ်တိုင် ကြိုးစား သင်ယူမှုများနှင့် အတူ ဆက်သွယ်ပြောဆိုမှု စွမ်းရည်အချို့ကို သူ နားလည်ခဲ့သည်။

‘မင်းမှာ ပြဿနာတစ်ခုခု ကြုံနေရသလိုပဲ’ ဟူသော စကားတွင် အဓိပ္ပာယ် သတ်သတ်မှတ်မှတ် မရှိချေ။ ဗေဒင်ဆရာများ ပြောလေ့ ရှိသည့် ‘မင်းဘေးမှာ မကောင်းတဲ့ အငွေ့အသက်တေ ဝဲနေတယ်’ ဆိုသော စကားလိုမျိုး စိတ်ပိုင်းဆိုင်ရာ အကြံပြုချက် တစ်ခုမျှသာ ဖြစ်သည်။

အကယ်၍ အခြေအနေများ တိုက်ဆိုင်လျှင် စကားဝိုင်း၏ ဒုတိယပိုင်းမှာ ဆက်လက် လိုက်ပါလာမည် ဖြစ်သည်။

လူများမှာ “ပြဿနာ” ဆိုသည့် စကားလုံးကို ကြားကြသည့် အခါ မကြာသေးမီက ပြဿနာတစ်ခုခုနှင့် တကယ် ကြုံတွေ့ခဲ့ရသလား ဟု မသိစိတ်ကနေ တွေးတောမိတတ်ကြသည်။ လူအများစု၏ ဘဝများက လုံးဝ အဆင်ပြေ ချောမွေ့နေတာ မကြောင်းကိုတော့ သီးခြား ပြောပြစရာပင် လိုလိမ့်မည် မထင်ချေ။

ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ... ပြဿနာများက ပြဿနာများပင် ဖြစ်သည်။

ဖောက်သည်တစ်ဦး စတင်ညည်းညူသည်နှင့်တစ်ပြိုင်နက် ဆရာလေးလင်မှာ လူ့ဘဝ၏ အနှစ်သာရကို စတင် ပို့ချပေးတော့မည် ဖြစ်သည်။ ထိုအရာက သူတို့ကြားမှ ခြားနားမှုကို လျှော့ချရမည့် အချိန်ပင် ဖြစ်သည်။ သို့သော်လည်း ယခုလို ခန့်မှန်းချက်များကို အသုံးပြုရာတွင် မအောင်မြင်နိုင်သည့် အခွင့်အရေးများလည်း ရှိခဲ့သည်။

ဥပမာအားဖြင့်.. တစ်ချို့လူများမှာ သူတို့၏ ဘဝတစ်လျှောက်လုံး ထူခြားသော ကံကောင်းခြင်းများနှင့် ပြည့်နှက် နေတတ်သည်။ အချို့လူများမှာလည်း သူစိမ်းများကို သတိထားတတ်ကြလေရာ ဆက်သွယ်ရန် ခက်ခဲခြင်းမျိုး ဖြစ်နိုင်သည်။

သို့သော်လည်း ဤမိန်းကလေးကိုတော့ ဖွင့်ဟပြောဆိုလာအောင် လုပ်နိုင်သည်ဟု လင်းကျဲ အလွန် ယုံကြည်နေခဲ့သည်။ အဘယ်ကြောင့်နည်း။ တစ်ကိုယ်လုံး မိုးရေများ စိုရွှဲနေသည့် ထိုအမျိုးသမီးမှာ အလွန်ဆိုးရွားသော ဒုက္ခတစ်ခုနှင့် တကယ်ပင် ရင်ဆိုင်နေရသောကြောင့် ဖြစ်သည်။

ကျိကျစ်ရှို့ ရေစိုများကို သုတ်နေရင်းမှ ရုတ်တရက် ရပ်တန့်လိုက်ကာ ကောင်တာနောက်မှ ပြုံးနေသည့် လူငယ်ကို လှမ်းကြည့်လိုက်သည်။

“ဟုတ်တယ်... စိတ်ရှုပ်စရာ ပြဿနာတစ်ခုနဲ့ ကျွန်မ ရင်ဆိုင်နေရတယ်”

ဤလူက မိတ်ဆွေလား ရန်သူလားဆိုတာ သူမ မသိချေ။ သို့သော်လည်း... သူက ရန်သူပင် ဖြစ်နေဦးတော့။ လက်ရှိလို အားနည်းနေသည့် အခြေအနေမျိုးတွင် နက်နဲဆန်းကြယ်ပုံရသည့် ထိုလူငယ်၏ လက်မှ သူမ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

သူက အရာရာကို မလိုအပ်ဘဲ ရှုပ်ထွေးအောင် လုပ်နေလေရာ သူမသည်လည်း လိုက်လျောညီထွေ ပြုမူရုံသာ ရှိတော့သည်။ ဤလူ၏ ရည်ရွယ်ချက်ကို ဖော်ထုတ်ကာ သူ မည်မျှအထိ နတ်ဘုရားဆန်သည်ကို ကြည့်ရှုဖို့ သူမ ဆုံးဖြတ်ထားသည်။

မိတ်ဆွေဆိုလျှင် အံ့ဩဝမ်းသာစရာ ဖြစ်ပြီး ရန်သူဖြစ်ပါက အနားယူရန် အချိန်ပို၍ ရယူရုံသာ ရှိပေသည်။

မိန်းကလေး တွေးနေသည့် တစ်ချိန်တည်းတွင်ပင် လင်ကျဲမှာ သူမ၏ မျက်လုံးများက အနက်ရောင်မဟုတ်ဘဲ သံမီးခိုးရောင် ရှိသည်ကို သတိပြုလိုက်မိသည်။ သူငယ်အိမ်များ အတွင်းတွင်တော့ လှပစွာ ခြယ်သထားသယောင် ထင်ရသည့် ကျောက်မျက်ရတနာများလို အစက်အပြောက်များ ရှိနေ၏။ သူမ၏ နားရွက်ထိပ်တွင်လည်း သုံးစင်တီမီတာခန့်ရှိသည့် ပြတ်ရှရာတစ်ခုရှိကာ သွေးများဖြင့် တလက်လက် တောက်ပနေသည်။

ဘယ်လိုပဲကြည့်ကြည့်... ထိုမိန်းကလေးမှာ ဝေမျှဖို့ ဇာတ်လမ်းများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်သည်။

“ခင်ဗျား လူမှု ဆက်ဆံရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာလား...”

မိုးသည်းထန်မှုအကြောင်းကို ယခုချိန်ထိ ညည်းညူခြင်း မရှိသေးသည်ကို ထောက်ချင့်ရပါက သူမလို အသက်အရွယ် မိန်းကလေးများ အတွက် နောက်ထပ် ဖြစ်နိုင်ခြေအရှိဆုံး ပြဿနာကတော့ လူမှု ဆက်ဆံရေးကိစ္စတွေသာ ဖြစ်သည်။

ခေါင်းစဉ်ကို အချစ်ရေး၊ ခင်မင်ရင်းနှီးမှုနှင့် မိသားစုများထဲ၌ ကန့်သတ်ထားလို့ မရပါချေ။ ထို့ကြောင့် သူက လူမှု ဆက်ဆံရေး ဆိုသည့် စကားလုံးကို ရွေးလိုက်ခြင်း ဖြစ်သည်။

လူလိမ်များ၊ ဗေဒင်ဆရာများနှင့် ဆရာလေးလင်တို့ အသုံးပြုသည့် ဘုံနည်းဗျူဟာ တစ်ခုက အမှားအယွင်း နည်းဖို့ အတွက် မသေချာ မရေရာသည့် တစ်ခုခုကို ထုတ်ဖော် ပြောလိုက်ခြင်းပင် ဖြစ်သည်။

***

All Chapters