← Chapters

ကျိကျစ်ရှို့ (၂)

Vol. 1 Ch. 3

ကျိကျစ်ရှို့ (၂)

Vol. 1 Ch. 3

တစ်ဖက်တွင် ကျိကျစ်ရှို့သည် ထိုစကားများကို ကြားလိုက်သောအခါ ရင်ထဲ၌ ရုတ်တရက် လေးလံသွားခဲ့၏။ လွန်ခဲ့သည့် မိနစ် ၂၀ ခန့်ကပင် သူမသည် လျှို့ဝှက်နယ်မြေတစ်ခု၌ မုဆိုးအဖွဲ့၏ သစ္စာဖောက်ခြင်း ခံခဲ့ရသည်။ သူမကို လိုက်လံရှာဖွေနေသူများမှာလည်း အရင် ရဲဘော်ဟောင်းများမှလွဲ၍ အခြားသူများ မဟုတ်ပေ။

လောဘက သူတို့၏ မျက်လုံးကို ကွယ်စေခဲ့ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် လင်ကျဲ ပြောဆိုခဲ့သည့် လူမှု ဆက်ဆံရေး ပြဿနာများ ရင်ဆိုင်နေရသည်ဟူသော စကားမှာ မှားယွင်းခြင်း မရှိပေ။

ကျိကျစ်ရှို့အံ့အားသင့်သွား၏။ အပြင်လူတစ်ဦးက ဤကိစ္စကို မိနစ် ၂၀ အတွင်းမှာပင် အတိုချုံး သိရှိနေခဲ့ပြီ ဖြစ်သည်။ ထိုသို့သော ပြန့်ပွားမှုနှုန်းသည် သာမန် မဟုတ်ပါချေ။

ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိနိုင်၏။

ပထမ တစ်ခု... သူမ၏ မုဆိုးအဖွဲ့အတွင်း၌ သတင်းပေးများ ရှိနေခြင်း ဖြစ်ရမည်။ ကိစ္စဖြစ်ပွားပြီးနောက် ထိုသတင်းပေးများက ချက်ချင်းပင် သူ့ကို သတင်းပေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယ တစ်ခု... သူမရှေ့တွင် ရှိနေသည့် လူငယ်ထံ၌ အရာရာကို သိမြင်နိုင်သော စွမ်းရည် တစ်မျိုးမျိုး ရှိခြင်းပင်။

အနီရောင်ရင့်ရင့် သွေးများ စိမ့်ဝင်နေသည့် မျက်နှာသုတ်ပုဝါ တဖြည်းဖြည်း အငွေ့ပျံသွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်ရင်း ကျိကျစ်ရှို့ တစ်ယောက် နောက်ဆုံးတွင် ကောင်တာဘေး၌ နေရာယူလိုက်သည်။ ထို့နောက် ရှေ့မှ လက်ဖက်ရည်ခွက်ကို လက်ချောင်းများဖြင့် ပေါ့ပေါ့ပါးပါး တို့ထိလိုက်၏။

“ကျွန်မ သစ္စာဖောက်ခံခဲ့ရပါတယ်”

မိန်းကလေးက ညင်သာစွာ ပြောလိုက်သည်။

‘အံ့အားသင့်စရာပဲ...’

လင်ကျဲ မျက်ခုံးပင့်လိုက်၏။ ဤကိစ္စက သူထင်ထားတာထက် ပို၍ ဒရာမာဆန်နေသည်။ ထိုမိန်းကလေး၏ ရည်းစားက နောက်ကွယ်တွင် ဖောက်ပြန်နေသလော။ သို့မဟုတ်... ရင်းနှီးသည့် မိတ်ဆွေ တစ်ဦးက နောက်ကြောကို ဓားဖြင့် ထိုးလိုက်သည်လော။

ဤသည်က ထိပ်တန်း အတင်းအဖျင်း စကားဝိုင်း ဖြစ်လာတော့မှာ သံသယ ဖြစ်စရာ မလိုတော့ချေ။ သို့သော်လည်း ဆရာလေးလင်မှာ သက်လတ်ပိုင်း အဒေါ်ကြီးများလို သူများနောက်ကွယ်မှာ ပြောတတ်သူမဟုတ်ချေ။ သူက ကိုယ့်ကိုယ်ကို ဘဝအကြံပေးဆရာ တစ်ယောက် အဖြစ်သာ ခံယူထားသည်။ မည်သို့ပင် ဆိုစေ... ဤဒရာမာ၌ သူ ရှာဖွေစရာ အကြောင်းများ ရှိနေခဲ့ပြီ ဖြစ်သည်။

“ဒီလောကမှာ ရှိတဲ့ ဘယ်အရာမှာ မဆို မျက်နှာ နှစ်ဖက်စီ ရှိတတ်ကြပါတယ်... ခင်ဗျား သစ္စာဖောက်ခံရတာ ဖြစ်နိုင်ပေမဲ့ အဲဒါက သူတို့ဟာ ဘယ်လိုလူစားမျိုးတွေလဲဆိုတာကို ခင်ဗျား သိမြင်နိုင်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်တယ်”

လင်ကျဲက လက်ဖက်ရည်အိုးကို မြှောက်လိုက်ရင်း သူမ၏ ခွက်ထဲသို့ ရေနွေးကြမ်းပူပူများ ထပ်ဖြည့်ပေးလိုက်၏။ ထို့နောက် သူက ရိုးသားစွာ ဆက်ပြောလိုက်သည်။

“ထွက်သွားဖို့ ရွေးချယ်ထားတဲ့သူတွေက နောက်ဆုံးမှာ ထွက်သွားကြမှာပဲ... သူတို့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ အဲဒီ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း သက်သေပြဖို့ အကြောင်းပြချက် ထောင်ပေါင်းများစွာကို ဖန်တီးနိုင်ပါတယ်”

ကျိကျစ်ရှို့မှာ ထိုစကားလုံးများကို နက်နဲစွာ တွေးလိုက်မိ၏။ လန်စီ မှော်ကြေးမုံမှာ သူတို့၏ လောဘကို မီးထိုးပေးလိုက်သည့် မီးစာတစ်ခုမျှသာ ဖြစ်သည်။ ၎င်းအတွက် မဟုတ်လျှင်ပင် ယနေ့ သူတို့ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်မျိုး ချမှတ်မည့်နေ့က နောက်ဆုံးတွင် ရောက်လာဦးမှာ ဖြစ်သည်။

အကြောင်းပြချက်များ ကွဲပြား ခြားနားလျှင်ပင် အဖြေက အတူတူပ ဖြစ်နေလိမ့်ဦးမည် ဖြစ်သည်။

ကျိကျစ်ရှို့က အေးစက်စက် လက်ချောင်းများဖြင့် ခွက်ကို ပွတ်သပ်လိုက်ရင်း ကိုယ့်ကိုယ်ကို အပြစ်တင်သည့် ပုံစံဖြင့်...

“ဒီက ဆရာပြောတာ လုံးဝမှန်ပါတယ်... ဒါပေမဲ့ ဒီသစ္စာဖောက်မှုကနေ ကျွန်မ လိုအပ်တာထက် အများကြီး ပိုဆုံးရှုံးခဲ့ပြီးပါပြီ... အခု သူတို့ ဘယ်လို လူတွေလဲ ဆိုတာကို မြင်နိုင်ရင်တောင် ကျွန်မအတွက် ဘာအကျိုးရှိတော့မှာလဲ”

‘အများကြီး ဆုံးရှုံးခဲ့ရတယ်…’

ကြည့်ရသည်က ဤမိန်းကလေးမှာ လူယုတ်မာတစ်ယောက်ကြောင့် ရင်ကွဲခဲ့ရတာ ဖြစ်နိုင်သည်။ ဘယ်လောက်တောင် သနားစရာကောင်းလိုက်သနည်း။

လင်ကျဲ သူမကို စာနာမိသည်။

ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို လွယ်လွယ်ကုသနိုင်လျှင်ပင် နှလုံးသားထဲက ဒဏ်ရာတွေကတော့ သက်သာပျောက်ကင်းဖို့ အချိန်ကြာမြင့်စွာ ယူရသည်။ ယခုလိုအချိန်မျိုးတွင် သူ့ထံမှ ထူးခြားသည့် အကြံဉာဏ်များမှာ အလိုအပ်ဆုံးပင် ဖြစ်သည်။

လင်ကျဲ ကျိကျစ်ရှို့ကို အနီးကပ် စစ်ဆေးကြည့်ရှုရင်း မေးစေ့ကို လက်ဖြင့် ပွတ်လိုက်၏။ ခဏအကြာ၌ သူက ခိုင်မာသည့် လေသံဖြင့် ပြောလိုက်သည်။

“အကျိုးရှိမှာပါ... လူတစ်ယောက်ရဲ့ မျက်နှာအစစ်အမှန် နဲ့ ရည်ရွယ်ချက်တွေကို ခွဲခြားသိမြင်ဖို့ ခင်ဗျား သင်ယူခဲ့ပြီးပြီ... ခင်ဗျားကို နာကျင်စေခဲ့တဲ့သူတွေကို အတိတ်က ဆက်ဆံရေးကြောင့် ခင်ဗျား ဘယ်တော့မှ သနားတော့မှာ မဟုတ်ဘူး... ခင်ဗျား အခု ခံစားနေရတဲ့ နာကျင်မှုက ခင်ဗျားကို အရင်ကထက် ပိုမို ဉာဏ်ပညာရှိစေမှာပါ”

ထိုစကားလုံးများသည် အားကောင်းကာ ပဲ့တင်ထပ် နေသယောင် ထင်ရ၏။

ကျိကျစ်ရှို့ တစ်ယောက် မည်းနက်ပြီး ဟာလာဟင်းလင်းဖြစ်နေသည့် လင်ကျဲ၏ မျက်လုံးများကို စိုက်ကြည့်နေခဲ့မိသည်။ သူမ၏ အသက်ရှူသံက မသိမသာ ပိုလေးပင်လာ၏။

မှိန်ပျပျနှင့် နွေးထွေးသော အလင်းရောင်အောက်တွင် ထိုလူငယ်၏ မျက်လုံးများမှာ သူမကို ဆွဲဆောင်နိုင်သည့် လျှို့ဝှက်ဆန်းကြယ် မှော်စွမ်းအင် တစ်မျိုးမျိုးကို သယ်ဆောင်ထားပုံရသည်။ သက်ရှိအားလုံးကို ဂရုဏာ တရားနှင့် ပွေ့ဖက်ရင်း လူသားများအား မှန်ကန်သည့် လမ်းကြောင်းထံ ပို့ဆောင်ပေးနိုင်သည့် မြင့်မြတ်သော သတ္တဝါတစ်ဦး လိုမျိုး လူငယ်ထံမှ စာနာမှုတို့ကို သူမ ခံစားနိုင်သည်။

ကျိကျစ်ရှို့ တစ်ယောက် တွေဝေမှုမှ ရုန်းထွက်ရန် အချိန်အနည်းငယ် ယူလိုက်ရပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။

ထိုလူငယ်ထံတွင် သူမကို ချဉ်းကပ်ရန် ရည်ရွယ်ချက်တစ်ခုခု ရှိနေသည်ဟု ခံစားမိသည်။ သို့သော်လည်း... သူက ရန်သူ မဟုတ်ဟု သူမ နှလုံးသားထဲမှ ခံစားနိုင်သည်။ သူက မုဆိုးအဖွဲ့ကို ကူညီ ကိုင်တွယ်ဖြေရှင်းပေးလိုသည့် မဟာမိတ် တစ်ယောက်လိုပင်။

ဤကမ္ဘာ၌ ဖြောင့်မတ်သည့် မှော်ဆရာများမှာ အိပ်မက်သားရဲများ၏ ညစ်ညမ်းသော သွေးကို စွမ်းအင် အရင်းအမြစ် အဖြစ် အသုံးပြုသည့် မုဆိုးများကို ဆိုးယုတ်သူများဟု သတ်မှတ်ထားသည်။ ဤပုဂ္ဂိုလ်သည် သူမ ခန့်မှန်းခဲ့သည့် ဂိုဏ်းသုံးခုထဲမှ တစ်ခုမဟုတ်ဘဲ မုဆိုးများကို မုန်းတီးသည့် အဆင့်မြင့် မှော်ဆရာ တစ်ဦးဖြစ်နိုင်သည်ဟု ကျိကျစ်ရှို့ ကောက်ချက်ချလိုက်သည်။

ထိုလူဆိုးများမှာ ဘာသာစကားနှင့် စကားလုံးများကို ပင်ကိုဗီဇအရ ကျွမ်းကျင်သူများ ဖြစ်သည်။

“ဒါဆိုရင်…”

ကျိကျစ်ရှို့ တစ်ယောက် စိတ်ထဲမှ ဆုံးဖြတ်ရင်း အသက်ပြင်းပြင်း ရှူသွင်း လိုက်သည်။

“ကျွန်မ ဘာလုပ်သင့်သလဲ”

“သူတို့က လူမဆန်စွာ ပြုမူခဲ့တယ် ဆိုရင် ကိုယ်ကလည်း သူတို့ကို ယဉ်ကျေးသိမ်မွေ့နေဖို့ မလိုအပ်ပါဘူး... သူတို့ ခင်ဗျားကို လုပ်ခဲ့တဲ့အတိုင်း အတိအကျ ပြန်လုပ်လို့ ရပါတယ်... သွားအတွက် သွားတစ်ချောင်း... မျက်လုံးအတွက် မျက်လုံးတစ်လုံးပေါ့”

လင်ကျဲ က ပြန်ဖြေလိုက်၏။ စိတ်ဝိညာဉ်ကို ထုံကျင်သွားစေမည့် ပုံမှန် ငြိမ်းချမ်းရေး တရားမျိုး သူ မဟောလိုချေ။ ထိုကဲ့သို့ ဆိုလျှင် သူမ လမ်းမှားရောက်သွားပြီး ပုံမှန်ဧည့်သည်အဖြစ် ထိန်းထားဖို့ ခက်ခဲသွားလိမ့်မည်။

လူယုတ်မာများနှင့် ရင်ဆိုင်ရသည့်အခါ ပြင်းထန်သော ထိုးနှက်ချက်ဖြင့်သာ ပြန်လည် တုံ့ပြန်သင့်သည်။

ဖောက်သည်မှာ လက်ရှိတွင် တွေဝေသည့် အခြေအနေ တစ်ခုတွင် ရှိနေပုံရသော်လည်း လမ်းကြောင်းတစ်ခုကို ညွှန်ပြပေးနိုင်သရွေ့ သူမမှာ စိတ်ရှုပ်ထွေးမှုမှ လွတ်မြောက်ကာ လှုပ်ရှား ဆောင်ရွက်နိုင်ပေလိမ့်မည်။

‘တကယ့်ကို မှော်ဆရာတစ်ယောက်ရဲ့ စိတ်နေစိတ်ထားပဲ...’

ကျိကျစ်ရှို့ စားပွဲအောက်တွင် ဝှက်ထားသည့် သူမ၏ လက်ဖဝါးတစ်ဖက်ကို ဖွင့်လိုက်သည်။ ၎င်းမှာ သွေးများဖြင့် ဖုံးလွှမ်းနေ၏။ သူမ၏ နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားသွားသည်။

‘… ငါ့ရဲ့ လူသားဆန်မှုကို ဖယ်ထုတ်ပစ်လိုက်ရမလား...’

သူမ ထိုအထိ သွားရန် ပြင်ဆင်ထားခြင်း၊ ဆုံးဖြတ်ထားခြင်း မရှိသေးချေ။

လက်ရှိ အချိန်အထိ အတွေးနက်နေဆဲ ဖြစ်သည့် မိန်းကလေးကို လင်ကျဲ ပြုံးကာ ကြည့်လိုက်၏။

“အရင်ဆုံး ခင်ဗျားရဲ့ အတွေးတွေနဲ့ ရည်ရွယ်ချက်တွေကို သေချာဆုံးဖြတ်ဖို့ လိုပါတယ်... အဲဒီအခါမှသာ ခင်ဗျား ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် ပြင်ဆင်နိုင်မှာပါ”

“ကျွန်တော် ထင်တယ် ခင်ဗျား ဒီစာအုပ်ကို လိုအပ်လိမ့်မယ်”

လက်ထဲက အရာကို ပြသဖို့ လင်ကျဲ အတွက် အချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူက စကားဝိုင်းကို ရောင်းကုန်ထံ ချောမွေ့စွာ ဦးတည်လိုက်၏။

အခြေအနေအရ... နောက်ဘက် စင်များထက်မှ စာအုပ်တစ်အုပ်ကို ရွေးချယ်ဖို့ မသင့်တော်ပါချေ။ ထိုသို့ ပြုလုပ်လိုက်ပါက စာအုပ်ရောင်းချင်နေသည့် သူ၏ ရည်ရွယ်ချက်မှာ အလွန်အမင်း ထင်ရှားသွားလိမ့်မည်။

ထို့ကြောင့်ပင်... သူ ဖတ်နေသည့် “ဝန်ခံချက်များ” ဟူသည့် စာအုပ်ကို လျှောထိုးပေးလိုက်သည်။

ကျိကျစ်ရှို့က မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ မပေါ်လွင်စေပဲ စာအုပ်ကို လက်ခံလိုက်သည်။ အဖုံးပေါ်တွင် “သွေးနှင့် သားရဲ” ဟူသော စကားလုံး သုံးလုံးကို ရေးထားသည်။

သူမ၏ ဘဝတစ်လျှောက်လုံး စာအုပ်များစွာ ဖတ်ခဲ့ဖူးသော်လည်း ဤစာအုပ်ကိုတော့ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

၎င်းကို အမည်မသိ စာရေးဆရာတစ်ဦးက ရေးသားထားသည်လော။ ထို့အပြင် လူငယ်က သူမကို အဘယ်ကြောင့် ထိုစာအုပ် ပေးရသနည်း။

လင်းကျစ်ရှို့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း စာအုပ်ကို တုံ့ဆိုင်းစွာ ဖွင့်ဖတ်လိုက်သည်။ ခဏအကြာတွင် သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ မျက်နှာ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့သည်။

စာမျက်နှာ တစ်ခုလုံးမှာ ရှေးဟောင်း စာလုံးများဖြင့် ထူထပ်စွာ ပြည့်နေသည်။ ထို့အပြင်... အဆိုပါ ရှေးဟောင်း စာလုံးများမှာ အချိန်တိုင်း ရွေ့လျား၊ ပေါင်းစပ်၊ ပြောင်းလဲနေသည်။ စာနှစ်ကြောင်းသည် တစ်ထပ်တည်း မတူညီသော်လည်း အဓိပ္ပာယ်ရှိသည့် ဝါကျများအဖြစ် ပေါင်းစည်းထားသည်။ စာလုံး တစ်လုံးချင်းစီတိုင်းသည် စကားလုံး ထောင်ပေါင်းများစွာကို ဖန်တီးနိုင်သည်။

‘ဒါ… ဒါ... တားမြစ်ထားတဲ့ အသိပညာတွေပဲ...’

မုဆိုး မိန်းကလေး၏ မျက်နှာက ဖြူရော်သွားကာ ခန္ဓာကိုယ်မှာ တုန်ရီ လာခဲ့၏။ အတွင်းတွင်ပါဝင်သော အချက်အလက်များသည် ကြောက်မက်ဖွယ်ကောင်းပြီး သူမကိုပင် ပျို့တက်လာစေခဲ့သည်။

သူမ စာအုပ်ကို ချက်ချင်း ပြန်ပိတ်လိုက်ရင်း အသက်ရှူနှုန်းကို ထိန်းညှိဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း စကားလုံး တစ်လုံးက သူမ၏ စိတ်ထဲ၌ ရေးထွင်းထားခဲ့ပြီး ဖြစ်သည်။

သားရဲ ဗီဇပြောင်းလဲခြင်း...

***

All Chapters