ကြွက်ရူအန်
Vol. 2 Ch. 15
ကြွက်ရူအန်...
ကြွက်ရူအန် ဆိုသည်မှာ အခြားလူများ သူ့ကို ပေးထားသည့် နာမည်ပြောင် ဖြစ်သည်။
ဝံပုလွေဖြူ အဖွဲ့တွင် မုဆိုးများ အများဆုံး အသုံးပြုသည့် သွေးရည်ကြည်မှာ ခက်ထန် ကြမ်းတမ်းသည်ဟု လူသိများသည့် အိပ်မက်သားရဲ ကောင်းကင် ဝံပုလွေ စကိုင်းဝုဗ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထိုသို့သော နာမည်ပြောင်မှာ ဝံပုလွေဖြူများ အဖွဲ့ အတွင်း၌ သရော် လှောင်ပြောင် သကဲ့သို့ ဖြစ်နေသော်လည်း ရူအန်ကတော့ ၎င်းကို ဂုဏ်ယူသည်။
ကြောက်တတ်သည့် ကြွက်တစ်ကောင် ဖြစ်ခြင်းမှာ မှားယွင်းပါသလော။
ရူအန် အတွက်တော့ သစ္စာဖောက်ခြင်း၊ ကောက်ကျစ်ခြင်း၊ လောဘကြီးခြင်း စသည့် စကားလုံးများမှာ အပြုသဘော ဆောင်သည့် အဓိပ္ပာယ်များ ဖြစ်သည်။ ထိုသို့သော စရိုက်များရှိသူများသာ ပိုမိုရှည်ကြာစွာ အသက်ရှင်သန်နိုင်ကြသည်။
ထူးခြားစွာ အနံ့ခံနိုင်ခြင်းနှင့် အနာဂတ်ကို ကြိုမြင်နိုင်စွမ်းတို့မှာ ရူအန် အတွက် ကိုယ်ပိုင်အသက်ကို ထိန်းသိမ်းရန်အတွက် အလွန်အသုံးဝင်သော ကိရိယာများ ဖြစ်သည်။
အရွယ်ရောက်ခါစ အချိန်ကတည်းက စလို့ ရူအန် ထိုစွမ်းရည်များကို နှစ်ပေါင်းများစွာ လေ့ကျင့် ထားခဲ့သည်။ သူ သစ္စာခံခဲ့သည့် သခင်များမှာလည်း အတော်လေး များပြားခဲ့သည်။ ထိုအထဲမှ အချို့ကို သူ သစ္စာဖောက်ခဲ့သည်။ အချို့ကိုတော့ ကိုယ်ရေး အချက်အလက်များနှင့် အကြပ်ကိုင်ကာ အမြတ်ထုတ်ခဲ့သည်။
သူ့ကို မည်သူမျှ သတ်နိုင်ခြင်း မရှိသလို မည်သူမျှလည်း သတ်ဖို့ ဆန္ဒ မရှိကြချေ။ ကြွက်ရူအန်၏ ထောက်လှမ်းရေး ကွန်ယက်က မည်မျှ ကျယ်ပြန့်သည်ကို အတိအကျသိသူက သူ တစ်ဦးတည်းသာ ရှိသည်။
ဤတစ်ကြိမ်တွင်တော့ ရူအန်မှာ ကျိကျစ်ရှို့ကို သစ္စာခံဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုမိန်းကလေးမှာ ဝံပုလွေ သားရဲ အဖြစ် အသွင်ပြောင်းလဲနိုင်သည့် အပြင် လူသား အဖြစ်ကိုသာ ချောချောချူချူ ပြန်လည် ရောက်ရှိခဲ့သည်။ ထိုအရာက သူမမှာ သားရဲ အသွင်ပြောင်းခြင်း စွမ်းရည်ကို ထိန်းချုပ်နိုင်နေပြီဟု ဆိုလိုသည်။
ထိုမိန်းကလေးမှာ မုဆိုးလောက အတွက် တော်လှန်ရေး တစ်ခုကို ယူဆောင် လာပေလိမ့်မည်။
သို့သော်လည်း... သူမ ကျရှုံးခဲ့လျှင်ပင် ကြွက်ရူအန်ကတော့ ဘာမှ ဖြစ်လိမ့်မည် မဟုတ်ချေ။
ကျိမျိုးနွယ် မှော်ဆရာ၏ သစ္စာခံ တံဆိပ် အတွက်လား...။
၎င်းအား ပယ်ဖျက်ရန် နည်းလမ်းကို ရူအန် လျှို့ဝှက်စွာ ရယူထားပြီး ဖြစ်သည်။
သစ္စာဖောက်ခြင်းနှင့် အယောင်ဆောင် လက်နက်ချခြင်း စသည့် နည်းလမ်းများ အပေါ် မှီခိုအားထားကာ ရူအန် နှစ်ပေါင်းများစွာ လွယ်ကူစွာ အသက်ရှင်ခဲ့သည်။ သူ သစ္စာဖောက်ခဲ့သော သခင်များအားလုံးမှာလည်း မြေမှုန့်အဖြစ်သို့ ပြန်လည် ရောက်သွားခဲ့ပြီ ဖြစ်သည်။
သစ္စာတရားကို တန်ဖိုးထားသည့် တတိယခေါင်းဆောင် ကာဂျီ သေဆုံးသွားခြင်းက ပင်လျှင် ရူအန်၏ နည်းလမ်းများမှာ မှန်ကန်ကြောင်း ပိုမို ထောက်ခံနေသယောင် ရှိသည်။
ဝံပုလွေဖြူ အဖွဲ့တွင် အမှုထမ်းခဲ့စဉ် အခါက ရူအန်မှာ ဟေးရစ်လို လူမျိုးကိုပင် သူ့ကို ယုံကြည်အောင် လှည့်စားနိုင်ခဲ့သည်။
သို့ဖြစ်လေရာ ကျိကျစ်ရှို့လို ကောင်မလေး တစ်ယောက်ကို လှည့်ဖျားရသည်က သူ့ အတွက် အလွန် လွယ်ကူသည့် အလုပ်တစ်ခု ဖြစ်သည်။
ရူအန်တွင် ကိုယ်ပိုင် ရည်မှန်းချက်များ ရှိသည်။
ကျိကျစ်ရှို့ အသုံးပြုနေသည့် သားရဲ အသွင်ပြောင်းခြင်းအား ထိန်းချုပ်နိုင်သည့် နည်းလမ်းကိုသာ ရရှိခဲ့ပါက သူ့ဘဝ အကြီးအကျယ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။ ရေမြောင်းများ ကြားထဲ ပြေးလွှားနေရသည့် ကြွက်တစ်ကောင် ဘဝကို သူ အပြီးတိုင် စွန့်လွှတ်နိုင်ပေလိမ့်မည်။
သားရဲ အသွင်ပြောင်းခြင်း နည်းလမ်းအပြင် လောလောဆယ် ထိန်းချုပ်ထားသည့် ထောက်လှမ်းရေး ကွန်ယက်၏ အကူအညီဖြင့် ဆိုပါက နေ့ချင်းပင် ဘုရင် ဖြစ်နိုင်သည်ဟု ရူအန် ယုံကြည်ထားသည်။
ထိုအချိန်ရောက်လျှင် လူတိုင်း သူ့ကို လက်အောက်ခံရန် ဆန္ဒရှိလာကြလိမ့်မည် ဖြစ်သည်။
ရူအန်သည် ပတ်ဝန်းကျင်အား အကဲခတ်နေသည့် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းပြီး စာအုပ်ဆိုင်ပိုင်ရှင်ဘက်သို့ ပြန်လည် လှည့်လိုက်သည်။ သူ ဤလူငယ်ကို သတိထား၍ စစ်ဆေးကြည့်ရှုခဲ့ပြီး ဖြစ်သည်။ သူ မည်သူဖြစ်သည်ကို တိတိကျကျ ဆုံးဖြတ်ရန် ကြွက်တစ်ကောင် အဖြစ် ကျင်လည်ခဲ့သည့် အနှစ်လေးဆယ် အတွေ့အကြုံ အားလုံးကို အသုံးပြုခဲ့သည်။
နောက်ဆုံးတွင် သူ နိဂုံးတစ်ခုကို ရရှိခဲ့သည်။ ဤလူငယ်မှာ သာမန်လူတစ်ဦးသာ...။
ကောင်တာ စားပွဲပေါ်တွင် ကျောက်ဂါဂွိုင်းတစ်ခု ရှိသော်လည်း ၎င်းသည် ထူးခြားပုံ မပေါ်ပေ။ သာမန်အိမ် အလှဆင်ပစ္စည်းတစ်ခုထက် မပို ဟု ရူအန် စိတ်ထဲမှ တွေးလိုက်သည်။
သို့သော်လည်း...
ရူအန်၏ အကြည့်က ကျိကျစ်ရှို့ ထံသို့ ရောက်သွားသည်။ ထိုမိန်းကလေးမှာ တစ်ဖက်လူကို အခရာ အဆင့် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ကဲ့သို့ လုံးဝ လေးစားကြည်ညိုသည့် အကြည့်ကို ပြသနေခဲ့သည်။
ရူအန် စိတ်ရှုပ်ထွေးသွား၏။
‘ငါ အသက်ကြီးလာပြီလား... ငါ့ရဲ့ ကြွက်အာရုံတွေ ထုံထိုင်းသွားပြီလား...’
‘မဖြစ်နိုင်ပါဘူး... ဒီလို မဖြစ်သင့်ပါဘူး...’
ရူအန် သူ၏ အမြင်နှင့် အနံ့ခံ အာရုံ အပေါ် လုံးဝ ယုံကြည်မှုရှိသည်။ မကြာသေးမီကပင် ဟေးရစ်မှာ ကြီးကြီးမားမား လှုပ်ရှားမှုတစ်ခု ပြုလုပ်လိမ့်မည် ဟု သူ ခန့်မှန်းခဲ့သည်။ သူ သစ္စာစောင့်သိမှုကို လျင်မြန်စွာ ပြောင်းလဲခဲ့ပြီး လူသတ်ပွဲတစ်ခုကို ရှောင်ရှားနိုင်ခဲ့သည်။
နောက်ပိုင် ဖြစ်ရပ်များက သူ မှန်ကြောင်း သက်သေပြခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း ရူအန် ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ ဆုံးဖြတ်ထားသည်။
သို့သော်လည်း... ကျိကျစ်ရှို့၏ ထူးဆန်းနေသည့် အမူအရာများ အပြင် မွေးရာပါ သတိထားတတ်သည့် စိတ်ကြောင့် စာအုပ်ဆိုင် ပိုင်ရှင် လူငယ်က မည်ကဲ့သို့ အဖိုးမဖြတ်နိုင်သည့် အကြံဉာဏ်များကို ပေးမည်ကို အရင်ဆုံး စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
တစ်ချိန်တည်း၌ လင်ကျဲ၏ အတွေးများက ရိုးရှင်းပေသည်။ သူက ကျိကျစ်ရှို့၏ ခံစားချက်များကို တည်ငြိမ်စေရန် ကူညီပေးလိုပြီး ထိုလူယုတ်မာမှာ သူမ၏ ပြိုင်ဘက် မဟုတ်ကြောင်း သိစေလိုသည်။ အမှန်တကယ်အားဖြင့်... သူမ အောင်မြင်မှု ရရှိခဲ့ပြီး ဖြစ်သည်။ ထိုလူယုတ်မာမှာ သူမကို ကြောက်ရွံ့နေသည်။ မိန်းကလေး အနေဖြင့် လုပ်ဆောင်ရန် လိုအပ်သမျှက စောင့်ဆိုင်းရန်သာ ဖြစ်သည်။
“သိပ်လည်း စိတ်မပူပါနဲ့... အခြေအနေက ခင်ဗျား ထင်ထားတာထက် ပိုရိုးရှင်းပါတယ်... ခင်ဗျားရဲ့ ရန်သူက သူ မဟုတ်ဘူး... တခြားအရာတွေပါ... ခင်ဗျား သတိထားသင့်တာက ကိုယ်ကိုယ်တိုင်ရဲ့ ကြောက်ရွံ့မှုတွေပါပဲ... ဒါကြောင့် ခဏလောက် စောင့်လိုက်မယ် ဆိုရင် မကြာခင် သတင်းရပါလိမ့်မယ်”
ထိုမျှပဲလော...။
ဘာမှ မလုပ်ဘဲ စောင့်ဆိုင်းခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည် ဆိုလျှင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်နှင့် မုဆိုးများမှာ ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
ရူအန် မျက်မှောင် ကြုတ်သွား၏။ မျက်နှာပေါ်တွင် မည်သည့် စိတ်ခံစားမှုကိုမျှ မပြသသော်လည်း သူ ကြိတ်ကာ နှာခေါင်းရှုံ့ လိုက်မိသည်။
ကြီးကျယ်သော်လည်း အနှစ်သာရမရှိသည့် ပရမ်းပတာ စကားလုံးများ...
မရေမရာ ဖော်ပြချက်များ...
လိမ်လည်သူများ မကြာခဏ ဆိုသလို အသုံးပြုလေ့ ရှိသည့် ဤလှည့်ကွက်များကို ကြွက်တစ်ကောင် အနေဖြင့် ရူအန် အကျွမ်းကျင်ဆုံး ဖြစ်သည်။
ဤစာအုပ်ဆိုင်ပိုင်ရှင်မှာ လူလိမ် တစ်ယောက် ဖြစ်ကြောင်း ပို၍ပင် သေချာ လာခဲ့သည်။
သို့သော် သူ့ကို စိတ်ရှုပ်ထွေးစေသည့် အချက်က ကျိကျစ်ရှို့မှာ စာအုပ်ဆိုင်ပိုင်ရှင်၏ စကားများကို ရိုကျိုးစွာ နားထောင်နေခြင်း ဖြစ်သည်။
“ဆရာ့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်... ဆရာ ငှားပေးခဲ့တဲ့ စာအုပ်ကနေ ကျွန်မ အကျိုးကျေးဇူး အများကြီး ရခဲ့ပါတယ်... ဒါပေမဲ့ ဒီအခြေအနေက အများစုနဲ့ မတူပါဘူး... ကျွန်မ…”
“ဟင်း…”
ရူအန် စိတ်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သော်လည်း သူ၏ “ကြွက်” မာနက ထိုလူလိမ်ကို ကြမ်းပြင်ပေါ် လှဲချကာ ခြေထောက်ဖြင့် လိမ့်ပိတ်ကန်ပစ်လို နေခဲ့သည်။
‘ငါ တကယ်ပဲ အသက်ကြီးလာတာ ဖြစ်ရမယ်... ဒီလောက် အသုံးမကျတဲ့ သခင်မလေးကို ဘယ်လိုများ ရွေးချယ်မိပါလိမ့်... သူ့ မျက်လုံးတွေက ဒီလောက်ကြီး ထင်ရှားနေတဲ့ လူလိမ်ကို ဘယ်လိုတောင် မမြင်နိုင်တာလဲ...’
ကျိကျစ်ရှို့၏ စကား မဆုံးသေးခင်မှာပင် လင်ကျဲ၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားကာ လက်ဖက်ရည်ခွက်ကို ချရင်း ပြောလိုက်သည်။
“တောင်းပန်ပါတယ်... ကျွန်တော် လုပ်စရာလေး တစ်ခု ရှိလို့... ငါးမိနစ်လောက်အတွင်း ပြီးပါလိမ့်မယ်... ခဏလောက် စောင့်ပေးပါ”
‘ချီးပဲ... ငါ လက်ဖက်ရည် နည်းနည်းပဲ သောက်ခဲ့တာပါ... ဘာလို့ ခုကျမှ ရှူရှူး ပေါက်ချင်လာရတာလဲ...’
လင်ကျဲ စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ သူ ထိန်းထားနိုင်သေးသော်လည်း ၎င်းမှာ ခန္ဓာကိုယ်အတွက် မကောင်းပေ။ ထို့အပြင် ကျိကျစ်ရှို့မှာ သူ့ကို အပြစ်တင်မည် မဟုတ်ကြောင်း ယုံကြည်ထားသည်။
ကျိကျစ်ရှို့မှာ ခဏတာမျှ တွေဝေသွားသော်လည်း နာခံစွာ ခေါင်းညိတ်လိုက်သည်။
“ရပါတယ်... ဆရာ...”
လင်ကျဲ ထရပ်လိုက်လိုက်ရင်း လှေထားတစ်များမှ တစ်ဆင့် ဒုတိယထပ်သို့ တက်ကာ ပျောက်ကွယ် သွားခဲ့သည်။
***