← Chapters

သစ္စာဖောက်တို့ သွားရာလမ်း

Vol. 2 Ch. 16

သစ္စာဖောက်တို့ သွားရာလမ်း

Vol. 2 Ch. 16

ကျိကျစ်ရှို့ တစ်ယောက် စာအုပ်ဆိုင်ပိုင်ရှင် ပြောခဲ့သည်များကို ပြန်လည် စဥ်းစားနေခဲ့၏။ ထိုအခိုက်တွင်ပင် ရူအန်က သူမထံသို့ လျှောက်လာကာ အံကို ကြိတ်ရင်း ပြောလိုက်သည်။

“ဘော့စ်... ဘာတွေ လျှောက်လုပ်နေတာလဲ”

ကျိကျစ်ရှို့၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အေးစက်စွာပင် ပြောလိုက်သည်။

“နင့်ကို အရမ်း ယုံကြည်လို့ ဒီနေရာကို ခေါ်လာတာ မဟုတ်ဘူး... နင့်ရဲ့ အချက်အလက်တွေ အပေါ် နားလည်မှုက ဒီနေရာမှာ အသုံးဝင်လိမ့်မယ်လို့ ထင်လို့ ခေါ်လာတာ... ဘယ်တုန်းက နင့်မှာ ဒီလို လေသံနဲ့ စကား ပြောဖို့ အခွင့်အရေး ရှိနေတာလဲ”

“မေ့နေရင် နင့်ရဲ့ လည်ပင်းပေါ်က တံဆိပ်ကို လက်နဲ့ ပြန်စမ်း... နင်က အခု ငါတို့ မိသားစုရဲ့ လက်ပါးစေ ဖြစ်နေပြီ... ရေမြောင်းထဲက ကြွက် မဟုတ်တော့ဘူး ဆိုတာ မမေ့နဲ့... စည်းမျဉ်းတွေကို နားလည်ထားစမ်း”

ရူအန်၏ မျက်နှာကက အနည်းငယ် တွန့်ရှုံ့သွားကာ စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

“သူက လူလိမ်... အသေအချာကို လူလိမ်ပဲ... ဟုတ်တယ်... ဝန်ခံတယ်.. ကျုပ် စည်းမျဉ်းတွေကို မလိုက်နာခဲ့ဘူး... ဒါပေမဲ့ ဒါကိုတော့ ကျုပ် သေချာ သိတယ်... သူ့ရဲ့ လှည့်ကွက်တွေက ပြည့်စုံ သလို ထင်ရပေမယ့် နော်ဇင်မြို့ထဲမှာတောင် သူ့လို လူတွေ အများကြီး ရှာလို့ ရတယ်”

ကျိကျစ်ရှို့၏ အမူအရာက ပိုမို၍ တောင့်တင်း သွား၏။

“ပါးစပ်ပိတ်ထားစမ်း... တကယ်ဆို နင့်ကို ဒီကို ခေါ်မလာသင့်ဘူး... အမြင်ကျဉ်းတဲ့ လူတွေက တစ်ဖက်ပိတ်တယ် ဆိုတာ တကယ်ပဲ... နင့်ဆီမှာ အသုံးဝင်နေသေးတဲ့ အချက်တွေ ရှိလို့ပေါ့... မဟုတ်ရင် ငါ အခုပဲ နင့်ကို သတ်ပစ်လိုက်ပြီ”

သူမ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

“ဒီမယ်... သခင်မလေး.. ကျုပ်က ခင်ဗျားအပေါ် လုံးဝ သစ္စာရှိတယ်... ခဏနေရင် ကျုပ် ခင်ဗျားကို သက်သေပြမယ်…”

ရူအန်က အဆိပ်အပ် တစ်ခုကို တိတ်တဆိတ် ထုတ်ယူထားလိုက်၏။ ထို့နောက် မျက်လုံးများ အတွင်းရှိ လူသတ်လိုသည့် ရည်ရွယ်ချက်များကို ဖုံးကွယ်ရင်း တီးတိုး ပြောလိုက်သည်။

“ခဏနေ သူ ဆင်းလာတဲ့အခါ ကျုပ် သခင်မလေးကို သက်သေပြပါ့မယ်”

ဟီး... ဟီး...

ထိုအခိုက်တွင်ပင် ဆွေးဆာနေသည့် အော်မြည်သံ တစ်ခုမှာ စာအုပ်ဆိုင် အတွင်း ပဲ့တင်ထပ်ကာ မြည်ဟီး လာခဲ့၏။

ရူအန်နှင့် ကျိကျစ်ရှို့ နှစ်ဦးစလုံး ထိတ်လန့်သွားကာ ကောင်တာဘက်သို့ ချက်ချင်း ကြည့်လိုက်ကြသည်။

ဂါဂွိုင်း ပန်းပုမှာ လျင်မြန်စွာ ကြီးမားလာကာ ရှည်လျားလှသည့် အမြီးကို လွှဲယမ်းရင်း ငရဲဘုံမှ အရိပ်တစ်ခုလိုမျိုး ဧရာမ နတ်ဆိုး အတောင်ပံများကို ဖြန့်ကျက်လိုက်သည်။

၎င်း၏ မျက်လုံးများ အတွင်းမှ မကောင်းဆိုးဝါး အနီရောင် အလင်းတန်းများက ပိုမို၍ တောက်ပလာကာ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များအား ပြသခဲ့သည့် ရူအန်ကို စိုက်ကြည့်လိုက်သည်။

ဘုန်း...

အတောင်ပံကို တစ်ချက် ခတ်လိုက်ရုံဖြင့်ပင် ဂါဂွိုင်းမှာ အံ့ဩဖွယ် အမြန်နှုန်းဖြင့် ရှေ့သို့ တိုးလာခဲ့သည်။ ထို့နောက် ရူအန်၏ မယုံကြည်နိုင်မှုနှင့် ရုန်းကန်မှုများကို လျစ်လျူရင်း လက်သည်းများကို အသုံးပြု၍ သူ၏ ခေါင်းကို ဆုတ်ဖြဲရင်း မျိုချလိုက်သည်။

ထို့နောက် ရူအန်၏ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများကိုပါ စက္ကန့်ပိုင်းအတွင်း ဝါးမြိုလိုက်ပြီးနောက် ရှည်လျားသော လျှာကို အသုံးပြု၍ ကြမ်းပြင်နှင့် စင်များထက်မှ သွေးများကို လျက်ကာ သန့်စင် လိုက်သည်။

ထို့နောက် ဂါဂွိုင်းမှာ ကောင်တာ စားပွဲပေါ်သို့ ပြန်သွားကာ မူလ ကျောက်ပန်းပု ပုံသဏ္ဌာန်သို့ ပြန်လည် ပြောင်းလဲ သွားခဲ့၏။

ခဏကြာပြီးနောက် လင်ကျဲ အောက်ထပ်သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။ ထိုအခါ ကျိကျစ်ရှို့မှာ ကောင်တာရှေ့တွင် ရပ်နေပြီး ကြမ်းပြင်ကို မှင်တက်စွာ စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။

အနည်းငယ် ထူးဆန်းနေသည်ဟု တွေးလိုက်ရင်း လင်ကျဲက မေးလိုက်သည်။

“သခင်မလေးကျိ... ခင်ဗျားရဲ့ နောက်လိုက်ရော ဘယ်ရောက်သွားတာလဲ....”

ကျိကျစ်ရှို့မှာ လက်တွေ့သို့ ပြန်လည် ရောက်ရှိ လာ၏။ မျက်နှာက ဖြူဖျော့နေသော်လည်း သူမ လင်ကျဲကို ကြည့်က အားတင်းရင်း ပြုံးပြလိုက်သည်။

“သူ… သူ အရေးတကြီး ကိစ္စတစ်ခု ရှိလို့ပါ”

ကျိကျစ်ရှို့ ထိုင်ခုံပေါ် ပြန်ထိုင်လိုက်သော်လည်း ဆူးခက်များပေါ်တွင် ထိုင်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ လက်မှာ ကိုင်ထားသည့် လက်ဖက်ရည်ခွက်နှင့် အတူ တုန်ယင်နေခဲ့ကာ ကျောက်ဂါဂွိုင်းကို စိုးရိမ်တကြီး စိုက်ကြည့်နေခဲ့၏။

လူတစ်ယောက်လုံးကို ရက်စက်စွာ ဝါးမြိုခဲ့သည့် နတ်ဆိုး သတ္တဝါမှာ မလှုပ်မယှက် ပန်းပုရုပ်အဖြစ်သို့ ပြန်လည် ပြောင်းသွားခဲ့ကာ ဘာမှ မဖြစ်ခဲ့သကဲ့သို့ တံခါးဝကို မျက်နှာမူကာ မူရင်းနေရာတွင် ပြန်ရှိနေသည်။

ကျိကျစ်ရှို့ တစ်ယောက် သူမ ထင်ယောင်ထင်မှား ဖြစ်နေခြင်း ရှိ၊ မရှိ မသိသော်လည်း ဂါဂွိုင်း၏ သွေးနီရောင် မျက်လုံးများမှာ ယခင်ကထက် ပိုမိုတောက်ပနေပုံရသည်။

ဤသည်မှာ ဆိုင်ပိုင်ရှင်ထံမှ သတိပေးချက် ဖြစ်ရမည်ဟု ကျိကျစ်ရှို့ တွေးလိုက်မိသည်။

လင်ကျဲမှာ ရူအန်ထံမှ သံသယများနှင့် မလေးစားမှုများကို မြင်ခဲ့ဟန် ရသည်။ သို့သော်လည်း... သူနှင့် ဖက်၍ ပြောဆိုရန် အဖက်မတန်ဟု ယူဆကာ ထိုအသိဉာဏ်ကင်းမဲ့သူကို ဖယ်ရှားဖို့ ဂါဂွိုင်းကို ခိုင်းစေခဲ့ခြင်း ဖြစ်ရမည်။

သူက ရူအန်၏ ဆိုးရွားသည့် သေဆုံးခြင်း ဝေဒနာကိုပင် မမြင်လိုဘဲ အကြောင်းပြချက်တစ်ခု ရှာပြီး ထွက်ခွာ သွားခဲ့သည်။

မဟုတ်သေး...။ သူ အကြောင်းပြချက် မသုံးခဲ့ချေ။ လုပ်စရာ တစ်ခု ရှိ၍ ငါးမိနစ်အတွင်း ပြန်လာမည်ဟုသာ ပြောခဲ့သည်။ ထိုအရာက ရူအန်ကို သတ်ဖို့ အတွက် ရှောင်ထွက် သွားခဲ့သည့် အချိန်အကြောင်းကို ပြောနေတာပင် မဟုတ်လော။

ထိုအရာက အောက်လမ်းဆရာများ လုပ်လေ့ လုပ်ထရှိသည့် အရာပင်။ သူတို့၏ မာနတရားမှာ မှောင်မိုက်သည့် ရက်စက်မှုများနှင့် ရောနှောနေသည်။ ၎င်းမှာ မုဆိုးများ ကျင့်သုံးနေသည့် နည်းလမ်းများထက် အများကြီး ပိုမို ကြမ်းတမ်းသည်။

မျက်နှာမဲ့ မဟူရာ အကြေးခွံပိုင်ရှင် ဤဆိုင်ကို ရောက်လာခဲ့တာ အံ့ဩစရာ မရှိတော့ချေ။

လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း နာမည်ပျက် အရှိဆုံး ဖျက်ဆီးခြင်း အဆင့် အောက်လမ်းဆရာ ဖရန့်ဝယ်လ်မှာ ဤစာအုပ်ဆိုင် ပိုင်ရှင်နှင့် သူငယ်ချင်းကောင်းများ ဖြစ်ရမည်။

“အားမနာပါနဲ့... ခုနက ခင်ဗျား ဘာပြောမလို့လဲ ဆက်ပြောလေ... ကျွန်တော် အတတ်နိုင်ဆုံး ကူညီဖို့ ကြိုးစားပေးပါ့မယ်”

လင်ကျဲက ကြင်နာသည့် အပြုံးဖြင့် ပြောလိုက်ရင်း ထိုင်ခုံ၌ ပြန်ထိုင်လိုက်သည်။ ကျိကျစ်ရှို့ ကျောက်ဂါဂွိုင်းထံမှ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်၏။ သူမ၏ ကျောရိုးများကတော့ အေးစိမ့်နေဆဲ ဖြစ်သည်။

“ဘာ... ဘာမှ မဟုတ်ပါဘူး ဆရာ... ကျွန်မ စာအုပ်လေး တစ်အုပ်လောက် ထပ်ငှားချင်လို့ပါ... စောနက ကျွန်မရဲ့ လက်အောက်ငယ်သား ရိုင်းပြခဲ့တဲ့အတွက် တောင်းပန်ပါတယ်... ဒါပေမဲ့ ကျေးဇူးပြုပြီး ယုံပေးပါ... ဒါက ကျွန်မရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး”

ထိုအခိုက်၌ ကျိကျစ်ရှို့မှာ ဘာဆိုဘာမှ မသိသည့် ကလေးမလေးလို လုံးဝ စိတ်ရှုပ်ထွေး ထိတ်လန့်နေပုံ ပေါ်သည်။ သူမမှာ ဝံပုလွေဖြူများ၏ ဌာနချုပ်ကို ဖျက်ဆီးပစ်ခဲ့သည့် သွေးအေး မုဆိုး တစ်ယောက်နှင့် မတူတော့ချေ။

သူမနှင့် စောစောကလေးတင် စကားပြောနေသူတစ်ဦး သဲလွန်စပင် မကျန်ဘဲ သေဆုံးသွားသည်ကို မျက်မြင်တွေ့လိုက်ရခြင်းက သူမကို အသည်းရော အူရော လှုပ်ခါသွားစေခဲ့သည်။

ကျိကျစ်ရှို့ကို ပိုမို၍ ထိတ်လန့်စေသည့် အရာက ရူအန် မည်သည့် ခုခံမှုမျှ မပြုလုပ်နိုင်ဘဲ သေဆုံးသွားသည့် အခိုက်၌ သူမကိုယ်တိုင်လည်း တုံ့ပြန်နိုင်စွမ်း ကင်းမဲ့နေခြင်းပင် ဖြစ်သည်။

တစ်နည်းအားဖြင့်... ရူအန် နေရာတွင် သူမသာ ဆိုပါကလည်း ယခုလောက်ဆို ကျောက် ဂါဂွိုင်း၏ ဝမ်းဗိုက် အတွင်း လူမသိ သူမသိ သေဆုံး သွားလောက်ပြီ ဖြစ်သည်။

လင်ကျဲက ရယ်မောလိုက်၏။

“ရပါတယ်ဗျာ... အဲဒီကိစ္စနဲ့ ဘာနဲ့မှ မဆိုင်ပါဘူး... ဒါက စာအုပ်ဆိုင်ပဲလေ... ခင်ဗျား ငှားချင်ရင် ကြိုက်တာ ရွေးယူပါဗျာ... ဒီစင်တွေပေါ်က စာအုပ်တွေကို ကြည့်ချင်လား”

“လူတိုင်းဟာ သူတို့ရဲ့ နာမည်နဲ့ စာအုပ်သုံးအုပ် ငှားနိုင်ပါတယ်... စာအုပ်တွေ ဝယ်ချင်ရင်တော့ စျေးနှုန်းက နည်းနည်း ပိုများပါတယ်... နောက်ပြီး သခင်မလေးရဲ့ နောက်ဖက်စင်တွေက စာအုပ်တွေကိုပဲ ဝယ်နိုင်ပါတယ်”

လင်ကျဲက ကျိကျစ်ရှို့ နောက်ဖက်ရှိ စင်သုံးခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ ထိုစင်များပေါ်ရှိ စာအုပ်များမှာ သူ ဖတ်ရှုပြီးနောက် မိတ္တူပွားထားသည့် စာအုပ်များ ဖြစ်သည်။

ကျိကျစ်ရှို့ ခေါင်းခါလိုက်၏။ အဆုံးမဲ့ နက်ရှိုင်းမှုများ ပြည့်နှက်နေသည့် စာအုပ်ဆိုင်ထဲတွင် သူမ မည်ကဲ့သို့ စိတ်လွတ်ကိုယ်လွတ် စပ်စုဝံ့ပါမည်နည်း။ ယခင်စာအုပ်ဖြစ်သည့် သားရဲ ပြောင်းလဲခြင်း ပင်လျှင် ‘သွေးနှင့် သားရဲ၏ နိဒါန်း’ အခန်း၌သာ ရပ်တန့်နေသေးသည်။

ယခုလို တားမြစ် အသိပညာများအား ပိုမိုနက်ရှိုင်းစွာ စူးစမ်းခြင်းဖြင့် ရူးသွပ်သွားမည်ကို သူမ ကြောက်လန့် နေခဲ့သည်။ ကိုယ်ပိုင် စွမ်းရည် တိုးတက်လာသည် အထိ စောင့်ဆိုင်းပြီးမှသာ ဆက်လက်လုပ်ဆောင် သင့်ပေသည်။

“ဆရာကပဲ ကျွန်မ သင့်တော်တဲ့ စာအုပ်တစ်အုပ်ကို အကြံပြုပေးနိုင်မလား.. ကျွန်မရဲ့ စိတ်စွမ်းအားက တကယ်ပဲ အားနည်းပါတယ်”

***

All Chapters